Tuesday, January 27, 2026

အနာဂတ် မဲ့နေသည့် လူငယ်တွေကို အိမ်မက်အကောင်အထည်ဖော်ပေးနေတဲ့ Integrated Development Institute

ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှာ လက်ရှိ ဖွင့်လှစ်ထားတဲ့ Integrated Development Institute အကြောင်း နဲ့ ပတ်သက်ပြီး လူငယ်တွေအတွက် ဘယ်လို ပညာရေး အခွင့်အလမ်းရှိပြီး ပညာဆက်လက်သင်ယူနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှ ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း ဒါရိုက်တာ နန်းဝါနု ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းကို ဘယ်တုန်းက စတင်တည်ထောင်ခဲ့ပါသလဲ။

ဖြေ။ ။ ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းကို ၂၀၁၀ တုန်းက စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၁၀ ကနေ ၂၀၂၀ ခုနှစ်တွေအတွင်းမှာတော့ လွိုင်လင်ခရိုင်မှာ တရားမျှတရေး နှင့် ငြိမ်းချမ်းရေး၊ တောင်သူလယ်သမားများနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများအတွက် Smart Climate Change Agriculture ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကွန်ယက်ချိတ်ဆက်ပြီး ဒီကဏ္ဍ ၄ ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။

Photo – Credit ( သင်တန်းသားများကို ဒီပလိုမာလက်မှတ်‌ ပေးအပ်)

မေး။ ။ အခုဖွင့်လှစ်တဲ့ Integrated Development Institute အင်စတီကျု့အကြောင်း ပြောပြပေးပါဦး။

ဖြေ။ ။ အရင်တုန်းက သင်ပေးခဲ့တာကတော့ တိုင်းရင်းသားလူငယ်တွေအနေနဲ့ လူ့အသိုင်းအဝိုင်းမှာ ခေါင်းဆောင်ဖြစ်လာဖို့၊ နိုင်ငံရေးဘက်မှာဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေအထိ ဖြစ်လာဖို့ လေ့ကျင့်သင်ကြားပေးတာပေါ့။ သူတို့တွေကို စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် နဲ့ သျှမ်းပြည်မှာရှိတဲ့ တိုင်းရင်းသားအရေး နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ လေ့ကျင့်ပေးခဲ့ပါတယ်။

ဒီလိုတွေ လေ့ကျင့်သင်ကြားပေးခဲ့ပေမယ့် အာဏာသိမ်းမှု ဖြစ်လာတဲ့အခါ သူတို့ဘာလုပ်ချင်တယ် ဘာလုပ်ရမယ် မသိတော့ဘဲ လမ်းပျောက်ကုန်တယ်။ တချို့လဲ တက္ကသိုလ်ဆက်မတက်ချင်တော့တာ၊ တချို့ကလဲ မျိုးစုံဒုက္ခရောက်တော့ ဘယ်မှ သွားလို့ မရတာတွေ ဖြစ်လာတယ်။ သူတို့တွေကို လက်ခံပြီးတော့ ကျွန်မတို့က Integrated Development Institute ဆိုပြီး ကျောင်းဖွင့်ပေးဖြစ်ပါတယ်။

မေး။ ။ အောက်တိုဘာ ၁၅ ရက် တုန်းက ပြုလုပ်ခဲ့တဲ့ ဒီပလိုမာလက်မှတ်ပေးအပ်ပွဲ အခမ်းအနားနဲ့ ပတ်သက်ပြီး ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဒီဟာကတော့ ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းကနေ ၂၀၂၁ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ The Salween School – Integrated Development Institute ကနေပြီးတော့ ပညာသင်ကြားခွင့် ရပ်တန့်နေတဲ့လူငယ်တွေ၊ ဒေသအသီးသီးက စစ်ဘေးရှောင်နေရတဲ့ လူငယ်တွေ စုစုပေါင်း ၂၅ ယောက်ကို လက်ခံသင်ကြားခဲ့ပါတယ်။ သျှမ်းလူငယ်တွေအတွက် အဆင့်မြင့် ပညာရေးကို လက်လှမ်းမှီဖို့၊ အရည်အချင်းရှိတဲ့ လူငယ်တွေ ဖြစ်လာဖို့၊ ပညာ နဲ့ အသက်မွေးဝမ်းကြောင်းပြုနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ အင်စတီကျု့ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ ကျောင်းသား/သူ ၂၅ ယောက်ကို လက်ခံသင်ကြားပေးခဲ့ပါတယ်။

ဒီကျောင်းကို ကချင်ပြည်နယ်နဲ့ သျှမ်းပြည်တဝှမ်းက လူငယ်တွေ လာတက်ကြပါတယ်။ သင်ကြားပေးတဲ့ ဘာသာရပ်တွေကတော့ နိုင်ငံရေးသိပ္ပံ (Political Sciences)၊ လူမှုရေးသိပ္ပံ (Social Sciences)၊ ဉပဒေမှာ ဆိုရင် ပြည်တွင်းဉပဒေ၊ နိုင်ငံတကာဉပဒေ ၊ သုတေသန၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာ စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။

Photo – Credit ( သင်တန်းသားများကို ဒီပလိုမာလက်မှတ်‌ ပေးအပ်)

ကျောင်းမှာ ၉ လတာ စာတွေ့ လေ့လာရပြီး ၃လကိုတော့ အလုပ်သင်အဖြစ် စိုက်ပျိုးရေး မွေးမြူရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီ၊ ပရဟိတအဖွဲ့တွေမှာ ကိုယ့်ဝါသနာအလိုက် အလုပ်ဆင်းရပါတယ်။ အလုပ်သင် ၃ လတာ ပြီးမြောက်တဲ့အခါ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံတွေ၊ သုတေသနတွေကို အစီရင်ခံစာ ပြန်တင်ရပါတယ်။ သူတို့ရဲ့ အရည်အချင်းတွေကို စစ်ဆေးပြီးတဲ့အချိန်မှာတော့ ဒီပလိုမာလက်မှတ် ပေးအပ်ပါတယ်။

သူတို့တွေကို ဒီပလိုမာလက်မှတ်‌ ပေးအပ်ပြီးတဲ့နောက်မှာတော့ ကုမ္ပဏီတွေ၊ ပရဟိတအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေမှာ အလုပ်ဝင်နိုင်ဖို့ ချိတ်ဆက်ပေးပါတယ်။ NESI University တို့လို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့လဲ ချိတ်ဆက်ထားပါတယ်။

ပညာအရည်အချင်းအားဖြင့် ၉ တန်းအောင်ဆိုရင် လက်ခံသင်ကြားပေးပါတယ်။ ထူးချွန်တဲ့ ကျောင်းသားတွေအတွက် ထိုင်းနိုင်ငံက သက်မွေးပညာကျောင်းတွေ၊ နိုင်ငံတကာကျောင်းတွေနဲ့လဲ ချိတ်ဆက်ထားပြီး စကောလားရှစ်နဲ့ သွားတက်နိုင်ပါတယ်။ အဲ့လိုမဟုတ်ဘဲ ပြည်တွင်းမှာပဲ အလုပ်လုပ်ချင်တယ်ဆိုရင်လဲ အလုပ်အကိုင်ရရှိအောင် ကူညီဆက်သွယ်ပေးပါတယ်။ မနေ့တုန်းကတော့ ပထမအသုတ် သင်တန်းသား ၂၅ ယောက်ကို ဒီပလိုမာလက်မှတ် အပ်နှင်းပေးခဲ့ပါတယ်။

မေး။ ။ ဘယ်မှာ ကျင်းပပြုလုပ်ခဲ့တာလဲ။ ဘယ်သူတွေ တက်ရောက်ခဲ့ပါသလဲ။

ဖြေ။ ။ သျှမ်းပြည်ဗုဒ္ဓတက္ကသိုလ်မှာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး လွိုင်လင်မြို့မှ ဓာတ်တော်ကျောင်းတိုက်ဆရာတော်၊ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဓမ္မသာမိတို့ ဦးဆောင်တဲ့ လဲချား၊ မိုးနဲ၊ မိုင်းပန်၊ ကျောက်မဲ၊ သီပေါမြို့က သံဃာတော်တွေ ကြွရောက်ကြပါတယ်။ ကျောင်းသားမိဘတွေနဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေလဲ တက်ရောက်လာကြတယ်။ RCSS တပ်ဖွဲ့နဲ့ ပန်လျန်းဆိုင်အဖွဲ့တို့က လူကြီးမင်းတွေလဲ တက်ရောက် အားပေးကြပါတယ်။

မေး။ ။ ကျောင်းသားတွေအနေနဲ့ ဘယ်မှာ ကျောင်းတက်ရလဲ။

ဖြေ။ ။ တောင်ကြီးမြို့မှာ Integrated Development Institute ဆိုပြီး ကျောင်းဖွင့်ထားပါတယ်။ အဲ့မှာ ကျောင်းတက်ရပါတယ်။

မေး။ ။ အခု ဒီသင်တန်းကျောင်းဟာ သျှမ်းလူငယ်တွေအတွက် အခွင့်အလမ်းတွေ လမ်းဖွင့်ပေးထားတော့ ထူးချွန်တဲ့လူငယ်တွေ ရှိလာပေမယ့်လဲ တချို့လူငယ်တွေက အခွင့်အရေး မရတာတွေလဲ ရှိနေပါတယ်။ ပီဝါနုအနေ နဲ့ လူငယ်တွေကိုယ်တိုင် နားလည်သဘောပေါက်ပြီး သင်တန်းကျောင်းကို လာတက်ဖို့ ဘာတွေများ ပြောချင်ပါသလဲ။

ဖြေ။ ။ ကိုယ့်အရည်အချင်းကို တိုးတက်လိုစိတ်ရှိတဲ့ တိုင်းရင်းသားလူငယ်တိုင်း ဒီသင်တန်းကျောင်းကို လာတက်ကြပါတယ်။ အဓိက ကတော့ ကိုယ့်သျှမ်းလူမျိုးတွေကို များများလေ့ကျင့်ပေးချင်တာပေါ့။ တချို့သော သျှမ်းလူငယ်တွေကလဲ လမ်းပျောက်ကြတာမျိုးတွေ ရှိလာတော့ ဒီသင်တန်းကျောင်းကို လာတက်ပါ။ ကိုယ့်ရဲ့ အရည်အချင်းတွေ မြှင့်တင်ဖို့ ပညာသင်ရုံတင်မကပဲ အခြားတိုင်းရင်းသားလူငယ်တွေနဲ့လဲ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ရရှိမှာမလို့ သျှမ်းလူငယ်တွေကို ဖိတ်ခေါ်ပါတယ်။

သျှမ်းလူငယ်တွေကို မှာချင်တာကတော့ ပညာရေးကို မမေ့ကြဖို့၊ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်အတွက် ပညာရေးက အရမ်းအရေးကြီးပါတယ်။ ကိုယ်က ပညာတတ်ဖြစ်ရင် ပညာနဲ့ ငွေအများကြီး ပိုရှာနိုင်ပါတယ်။ ပညာမတတ်ရင်ကော ငွေရှာလို့ မရဘူးလားဆိုရင် ရှာလို့တော့ ရမယ်၊ သူတပါးရဲ့ အလိမ်အညာတွေ ခံရရင် မဖြေရှင်းနိုင်ဘဲ ဖြစ်တတ်တယ်။ ဒီမှာက ဖွံဖြိုးရေးဘာသာရပ်တွေ၊ ဉပဒေ ပညာရပ်တွေကိုပါ သင်ပေးပါတယ်။ 

မေး။ ။ အခမ်းအနားမှာ ပွဲတက်ရောက်သူ ဘယ်နှယောက်ရှိပါသလဲ။

ဖြေ။ ။ ပွဲတက်လာသူ ၅၀၀ ကျော် ရှိပါတယ်။

မေး။ ။ မအားလပ်တဲ့ကြားထဲက အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေ။ ။ အောခ၊ ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News