အာဏာသိမ်းစစ်အုပ်စု၏ အန်စီအေ လှုပ်ရှားမှု

နိဒါန်း

လာမည့် အောက်တိုဘာ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း (၈) နှစ်ပြည့်သောနေ့ ဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်သွားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို NCA အရ အာဏာသိမ်းစစ်အုပ်စုမှ အလေးအနက် ဖက်တွယ်ထားသကဲ့သို့ NCA စာချုပ်ကို ဆုတ်ကိုင်ကာ အာဏာသိမ်းစစ်အုပ်စုနှင့် သွားရောက်တွေ့ဆုံနေကြသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့(ERO) တချို့လည်း ရှိနေပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ERO (၈)ဖွဲ့နှင့် စတင် လက်မှတ်ရေးထိုးခဲ့သည့် (၈)နှစ်ပြည့် အန်စီအေ NCA နေ့ အခမ်းအနား ပြုလုပ်နိုင်ရေးအတွက် အာဏာသိမ်း စစ်အုပ်စု၏ လှုပ်ရှားမှုများကို လေ့လာတင်ပြသွားပါမည်။

NCA ဟူသည် …

“The Nationwide Ceasefire Agreement” ဟူသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EROs) အကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်ပြီး ၎င်းစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံတော်သမ္မတဦးဆောင် သည့် အစိုးရကိုယ်လှယ် (၉) ဦးနှင့် ERO (၈) ဖွဲ့မှ ကိုယ်စားလှယ် ၂၄ ဦးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် ပြည်တွင်းအသိသက်သေ (၂၁) ဦးနှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ်များက နိုင်ငံတကာအသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည်။ အမေရိကန်၊ ယူကေ၊ နော်ဝေ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် စသော နိုင်ငံပေါင်း ၃၀ ကျော် မှ သံအမတ်များကလည်း တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြပါသည်။

NCA စာချုပ် မူကြမ်းအား တရားဝင်ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (NCCT) အဖွဲ့ဝင် ERO (၁၆) ဖွဲ့ အနက်မှ (၇) ဖွဲ့၊ NCCT အဖွဲ့ဝင်မဟုတ်သော ERO တစ်ဖွဲ့ စုစုပေါင်း ERO (၈) ဖွဲ့နှင့် အစိုးရအကြား လက်မှတ်ရေးထိုးခဲ့သည့် NCA ကို “8CA”သာ ဖြစ်ကြောင်း ဝေဖန်မှုများ ရှိခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဖေ‌ဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင်တော့ နောက်ထပ် ERO နှစ်ဖွဲ့နှင့် အစိုးရအကြား NCA အတွက် လက်မှတ်ရေးထိုးခဲ့သဖြင့် NCA လက်မှတ်ရေးထိုး သည့် ERO (၁၀) ဖွဲ့ အထိ ရှိလာခဲ့သည်။

အခန်း (၇) ခန်း၊ အပိုဒ် (၃၃) ပိုဒ်ပါဝင်သည့် NCA စာချုပ်သည် “ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဦးတည်သည်” ဟု နိဒါန်းချီထားပြီး နိုင်ငံရေးဆိုင်ရာ အချက်အလက် (၃၅) ချက်၊ စစ်ဘက်ဆိုင်ရာ အချက်အလက် (၅၅) ချက်၊ လူမှုစီးပွားဘဝနှင့် သက်ဆိုင်သည့် အချက်အလက် (၂၃) ချက် ပါဝင်သည်ကို တွေ့ရှိရသည်။

NCA လမ်းကြောင်းအရ ဖြစ်တည်လာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပြည်‌ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံအစည်းအဝေးများ ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ခု အထိ ရရှိကာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် အတည်ပြုနိုင်ခဲ့သည်။ ထိုမှတဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ဖြည့်စွက်ရေးသို့ ဦးတည်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ အလွန် NCA ဦးတည်ရာ …

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၉ ရက်မှ ၂၃ ရက်၊ စစ်အာဏာမသိမ်းခင် နောက်ဆုံးအကြိမ်ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး (၃)ရပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုခဲ့ပါသည်။

“၂၀၂၀ အလွန် ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး ပထမလုပ်ငန်းစဉ်ကတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှစ်ရပ်ကို ဒွန်တွဲဖော်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။

ဒုတိယလုပ်ငန်းစဉ်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်နှစ်ရပ်ကို ပူးတွဲဖော်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။

တတိယလုပ်ငန်းစဉ်ကတော့ ပထမလုပ်ငန်းစဉ်နဲ့ ဒုတိယလုပ်ငန်းစဉ်တွေ ကနေ ထွက်ပေါ် လာတဲ့သဘောတူညီချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်”။

ပထမလုပ်ငန်းစဉ်အဖြစ် NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အ စည်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်များ ရရှိရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ပြီး NCA လက်မှတ်ရေးထိုးပြီးသား အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန်အပြင် ရရှိထားသည့် ပြည်ထောင်စုသဘောတူစာချုပ်ပါ အခြေခံမူများနှင့်အညီ တိုင်းရင်းသားအခွင့်အရေးများ မြှင့်တင်ပေးနိုင်ရေး၊ ဖက်ဒရယ်ကို ဦးတည်သော ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများ၊ တန်းတူရေးကို ရှေးရှုသော အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမည် ဖြစ်သည်။

ဒုတိယလုပ်ငန်းစဉ်အဖြစ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ များကို ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး အားလုံးသဘောတူလက်ခံသည့် ပြည်နယ်များ၏ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ကို ရှာဖွေကြရမည်ဖြစ်သည်။

ထို့ပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ် တည်ဆောက်ရေးဖော်ဆောင်ရာတွင် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော်နိုင်မည့်အစီအစဉ်များ၊ ယန္တရားများနှင့် လက်တွေ့ကျကျအကောင် အထည်ဖော် နိုင်ရေးကို ဆွေးနွေးညှိနှိုင်းကြရမည် ဖြစ်သည်။

တတိယလုပ်ငန်းစဉ်တွင်တော့ နိုင်ငံရေးအရ သဘောတူညီမှုများကို လုပ်ငန်းအဆင့်ဆင့်တွင် တတ်သိပညာရှင်များ ပါဝင်စေပြီး NCA ပါ လမ်းပြမြေပုံနှင့် အညီ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်သွားရမည် ဖြစ်သည်။

စစ်အုပ်စု၏ NCA လှုပ်ရှားမှု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်၊ စစ်အာဏာသိမ်းမှု စတင်စဉ်ကတည်းက အထက်ဖော်ပြပါ NCA နှင့် NCA အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လုံးဝရပ်တန့်သွားခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေသည့် NCA လက်မှတ်ထိုးထားသည့် အပစ်ရပ်အဖွဲ့များ၏ ခေါင်းဆောင်များ ကိုယ်တိုင်သည်ပင် ၎င်းတို့နှင့် စစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးမှုများသည် NCA လုပ်ငန်းစဉ်အရ တွေ့ဆုံဆွေးနွေးနေကြခြင်း မဟုတ်ကြောင်း ပြောဆိုရှင်းလင်းထားကြပါသည်။

သို့သော် အာဏာသိမ်းစစ်အုပ်စုကမူ ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟု ထည့်သွင်းဖော်ပြကာ အပစ်ရပ် ERO များအပြင် NCA လက်မှတ် ရေးထိုးထားခြင်းမရှိသည့် ERO တချို့ကိုပါ တွေ့ဆုံဆွေး‌နွေးမှုများ ပြုလုပ်နေပါသည်။

NCA (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ကျင်းပရေးဦးစီးကော်မတီဥက္ကဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တာဝန်ယူထားပြီး “၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အဓိပ္ပာယ်ရှိရှိ အနှစ်သာရ ပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း” စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦး‌ဆောင်သော အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) အကြား တွေ့ဆုံကာ NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပနိုင်ရေးကိစ္စအပေါ် အလေးအနက်ထားဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

၂၀၂၃ ခုနှစ် သြဂုတ်လ (၃၀)ရက်၊ အပစ်ရပ် ERO (၅) ဖွဲ့နှင့် NSPNC အကြား တွေ့ဆုံမှုတွင်လည်း “NCA (၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ရေး” ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါသည်။

အဆိုပါအပစ်ရပ်အဖွဲ့ (၅)ဖွဲ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ငြိမ်းချမ်းရေးကောင်စီ (KPC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) တို့ ပါဝင်ကြောင်း သိရပါသည်။

အာဏာသိမ်းစစ်အုပ်စုသည် NCA (၈)ပြည့်အခမ်းအနားကို ဖိတ်စာ (၃)မျိုးဖြင့် ဖိတ်ကြားထားပြီး NCA လက်မှတ်ရေးထိုးခဲ့သည့် လူပုဂ္ဂိုလ်များ၊ NCA လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့အစည်းများမှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် (၅) ဦးစီနှင့် အခမ်းအနားပြီးလျှင် ပြုလုပ်မည့် အလုပ်ရုံဆွေး‌နွေးပွဲအတွက် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များမှ တစ်ဖွဲ့လျှင် (၃) ဦးစီ တက်ရောက်ရန်ဟုဆိုကာ ဖိတ်ကြားထားသည်ဟု ဆိုပါသည်။

သုံးသပ်တင်ပြချက်

အာဏာသိမ်းစစ်အုပ်စုမှ ဦးဆောင်ပြုလုပ်မည့် NCA (၈)နှစ် ပြည့် အခမ်းအနားတွင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် NCA လက်မှတ်ရေးထိုးစဉ်က ဦးသိန်းစိန်အပါအဝင် အစိုးရကိုယ်စားလှယ်များနှင့် ERO (၈) ဖွဲ့မှ လက်မှတ်ရေးထိုးခဲ့သူများကို မြင်တွေ့ရနိုင်သည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရလက်ထက်အတွင်း NCA လက်မှတ်ရေးထိုးခဲ့သည့် အစိုးရကိုယ်စားလှယ်၊ အထူးသဖြင့် ‌ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ကို ဦးဆောင်သူ ဒေါက်တာတင်မျိုးဝင်းတို့ကိုမူ မြင်တွေ့ရနိုင်ချေနည်းသည်ဟု ဆိုရပါမည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သော ERO အစုအဖွဲ့များကို ချဉ်းကပ်ရာတွင် အဖွဲ့အစည်းလိုက် စည်းရုံး၍မရရှိပါက လူပုဂ္ဂိုလ်အလိုက် ချဉ်းကပ်လေ့ရှိသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) (ဥက္ကဌဟောင်း) စောမူတူးစေးဖိုးအား တွေ့ဆုံကာ NCA လက်မှတ်ရေးထိုးခဲ့သည့် “ကရင်တိုင်းရင်းသားခေါင်းဆောင်” ဟု ဆိုကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုကို သတင်းထုတ်ပြန် ခဲ့ပါသည်။

ဆိုရသော် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းနေမှုအား အောင်မြင်ရေး အတွက် NCA စာချုပ်အား ဗန်းပြကာ လက်မှတ်ရေးထိုးထားသည့် ERO များကို ထိန်းချုပ်ထားရန် ကြိုးပမ်းနေသကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကဲ့သို့သော လူကြိုက်များသည့် သည်းချေကြိုက်စကားလုံးများကို အသုံးပြုကာ NCA လက်မှတ် မထိုးထားသော ERO များကို စည်းရုံးသိမ်းသွင်းလျက် ရှိသည်။

လာမည့် အောက်တိုဘာ ၁၅ ရက်၊ စစ်အုပ်စု၏ NCA (၈) နှစ်ပြည့် အခမ်းအနားတွင် မြင်တွေ့ရမည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းကိုယ်စားလှယ်များ စသည်တို့၏ ပုံရိပ်များသည် အာဏာသိမ်းစစ်အုပ်စု၏ NCA လှုပ်ရှားမှု တစိတ်တဒေသမျှသာ ဖြစ်နိုင်ပြီး နွေဦးတော်လှန်ရေး၏ ဦးတည်ရာဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သက်ရောက်မှုတစုံတရာ ရှိနိုင်မည် မဟုတ်ကြောင်း ရှုမြင်သုံးသပ်ရပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၂၄ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...