Wednesday, January 28, 2026

အာဏာသိမ်းစစ်အုပ်စု၏ အန်စီအေ လှုပ်ရှားမှု

နိဒါန်း

လာမည့် အောက်တိုဘာ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း (၈) နှစ်ပြည့်သောနေ့ ဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်သွားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို NCA အရ အာဏာသိမ်းစစ်အုပ်စုမှ အလေးအနက် ဖက်တွယ်ထားသကဲ့သို့ NCA စာချုပ်ကို ဆုတ်ကိုင်ကာ အာဏာသိမ်းစစ်အုပ်စုနှင့် သွားရောက်တွေ့ဆုံနေကြသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့(ERO) တချို့လည်း ရှိနေပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ERO (၈)ဖွဲ့နှင့် စတင် လက်မှတ်ရေးထိုးခဲ့သည့် (၈)နှစ်ပြည့် အန်စီအေ NCA နေ့ အခမ်းအနား ပြုလုပ်နိုင်ရေးအတွက် အာဏာသိမ်း စစ်အုပ်စု၏ လှုပ်ရှားမှုများကို လေ့လာတင်ပြသွားပါမည်။

NCA ဟူသည် …

“The Nationwide Ceasefire Agreement” ဟူသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EROs) အကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်ပြီး ၎င်းစာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံတော်သမ္မတဦးဆောင် သည့် အစိုးရကိုယ်လှယ် (၉) ဦးနှင့် ERO (၈) ဖွဲ့မှ ကိုယ်စားလှယ် ၂၄ ဦးတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် ပြည်တွင်းအသိသက်သေ (၂၁) ဦးနှင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ်များက နိုင်ငံတကာအသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည်။ အမေရိကန်၊ ယူကေ၊ နော်ဝေ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် စသော နိုင်ငံပေါင်း ၃၀ ကျော် မှ သံအမတ်များကလည်း တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြပါသည်။

NCA စာချုပ် မူကြမ်းအား တရားဝင်ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (NCCT) အဖွဲ့ဝင် ERO (၁၆) ဖွဲ့ အနက်မှ (၇) ဖွဲ့၊ NCCT အဖွဲ့ဝင်မဟုတ်သော ERO တစ်ဖွဲ့ စုစုပေါင်း ERO (၈) ဖွဲ့နှင့် အစိုးရအကြား လက်မှတ်ရေးထိုးခဲ့သည့် NCA ကို “8CA”သာ ဖြစ်ကြောင်း ဝေဖန်မှုများ ရှိခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဖေ‌ဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင်တော့ နောက်ထပ် ERO နှစ်ဖွဲ့နှင့် အစိုးရအကြား NCA အတွက် လက်မှတ်ရေးထိုးခဲ့သဖြင့် NCA လက်မှတ်ရေးထိုး သည့် ERO (၁၀) ဖွဲ့ အထိ ရှိလာခဲ့သည်။

အခန်း (၇) ခန်း၊ အပိုဒ် (၃၃) ပိုဒ်ပါဝင်သည့် NCA စာချုပ်သည် “ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဦးတည်သည်” ဟု နိဒါန်းချီထားပြီး နိုင်ငံရေးဆိုင်ရာ အချက်အလက် (၃၅) ချက်၊ စစ်ဘက်ဆိုင်ရာ အချက်အလက် (၅၅) ချက်၊ လူမှုစီးပွားဘဝနှင့် သက်ဆိုင်သည့် အချက်အလက် (၂၃) ချက် ပါဝင်သည်ကို တွေ့ရှိရသည်။

NCA လမ်းကြောင်းအရ ဖြစ်တည်လာသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပြည်‌ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံအစည်းအဝေးများ ကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ခု အထိ ရရှိကာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် အတည်ပြုနိုင်ခဲ့သည်။ ထိုမှတဆင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ ဖြည့်စွက်ရေးသို့ ဦးတည်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ အလွန် NCA ဦးတည်ရာ …

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၉ ရက်မှ ၂၃ ရက်၊ စစ်အာဏာမသိမ်းခင် နောက်ဆုံးအကြိမ်ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး (၃)ရပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြောဆိုခဲ့ပါသည်။

“၂၀၂၀ အလွန် ရှေ့ဆက်မယ့် ငြိမ်းချမ်းရေး ပထမလုပ်ငန်းစဉ်ကတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှစ်ရပ်ကို ဒွန်တွဲဖော်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။

ဒုတိယလုပ်ငန်းစဉ်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်နှစ်ရပ်ကို ပူးတွဲဖော်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။

တတိယလုပ်ငန်းစဉ်ကတော့ ပထမလုပ်ငန်းစဉ်နဲ့ ဒုတိယလုပ်ငန်းစဉ်တွေ ကနေ ထွက်ပေါ် လာတဲ့သဘောတူညီချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်”။

ပထမလုပ်ငန်းစဉ်အဖြစ် NCA လက်မှတ် မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အ စည်းများနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်များ ရရှိရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ပြီး NCA လက်မှတ်ရေးထိုးပြီးသား အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာစေရန်အပြင် ရရှိထားသည့် ပြည်ထောင်စုသဘောတူစာချုပ်ပါ အခြေခံမူများနှင့်အညီ တိုင်းရင်းသားအခွင့်အရေးများ မြှင့်တင်ပေးနိုင်ရေး၊ ဖက်ဒရယ်ကို ဦးတည်သော ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများ၊ တန်းတူရေးကို ရှေးရှုသော အုပ်ချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရမည် ဖြစ်သည်။

ဒုတိယလုပ်ငန်းစဉ်အဖြစ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ များကို ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး အားလုံးသဘောတူလက်ခံသည့် ပြည်နယ်များ၏ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ရပ်ကို ရှာဖွေကြရမည်ဖြစ်သည်။

ထို့ပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ် တည်ဆောက်ရေးဖော်ဆောင်ရာတွင် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော်နိုင်မည့်အစီအစဉ်များ၊ ယန္တရားများနှင့် လက်တွေ့ကျကျအကောင် အထည်ဖော် နိုင်ရေးကို ဆွေးနွေးညှိနှိုင်းကြရမည် ဖြစ်သည်။

တတိယလုပ်ငန်းစဉ်တွင်တော့ နိုင်ငံရေးအရ သဘောတူညီမှုများကို လုပ်ငန်းအဆင့်ဆင့်တွင် တတ်သိပညာရှင်များ ပါဝင်စေပြီး NCA ပါ လမ်းပြမြေပုံနှင့် အညီ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်သွားရမည် ဖြစ်သည်။

စစ်အုပ်စု၏ NCA လှုပ်ရှားမှု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်၊ စစ်အာဏာသိမ်းမှု စတင်စဉ်ကတည်းက အထက်ဖော်ပြပါ NCA နှင့် NCA အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် လုံးဝရပ်တန့်သွားခဲ့သည်။ အာဏာသိမ်းစစ်အုပ်စုနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေသည့် NCA လက်မှတ်ထိုးထားသည့် အပစ်ရပ်အဖွဲ့များ၏ ခေါင်းဆောင်များ ကိုယ်တိုင်သည်ပင် ၎င်းတို့နှင့် စစ်ကောင်စီအကြား တွေ့ဆုံဆွေးနွေးမှုများသည် NCA လုပ်ငန်းစဉ်အရ တွေ့ဆုံဆွေးနွေးနေကြခြင်း မဟုတ်ကြောင်း ပြောဆိုရှင်းလင်းထားကြပါသည်။

သို့သော် အာဏာသိမ်းစစ်အုပ်စုကမူ ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်”ဟု ထည့်သွင်းဖော်ပြကာ အပစ်ရပ် ERO များအပြင် NCA လက်မှတ် ရေးထိုးထားခြင်းမရှိသည့် ERO တချို့ကိုပါ တွေ့ဆုံဆွေး‌နွေးမှုများ ပြုလုပ်နေပါသည်။

NCA (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ကျင်းပရေးဦးစီးကော်မတီဥက္ကဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တာဝန်ယူထားပြီး “၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အဓိပ္ပာယ်ရှိရှိ အနှစ်သာရ ပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း” စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦး‌ဆောင်သော အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) အကြား တွေ့ဆုံကာ NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပနိုင်ရေးကိစ္စအပေါ် အလေးအနက်ထားဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

၂၀၂၃ ခုနှစ် သြဂုတ်လ (၃၀)ရက်၊ အပစ်ရပ် ERO (၅) ဖွဲ့နှင့် NSPNC အကြား တွေ့ဆုံမှုတွင်လည်း “NCA (၈) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးအဓိပ္ပာယ်ပြည့်ဝစွာ ကျင်းပနိုင်ရေး” ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါသည်။

အဆိုပါအပစ်ရပ်အဖွဲ့ (၅)ဖွဲ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ငြိမ်းချမ်းရေးကောင်စီ (KPC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) တို့ ပါဝင်ကြောင်း သိရပါသည်။

အာဏာသိမ်းစစ်အုပ်စုသည် NCA (၈)ပြည့်အခမ်းအနားကို ဖိတ်စာ (၃)မျိုးဖြင့် ဖိတ်ကြားထားပြီး NCA လက်မှတ်ရေးထိုးခဲ့သည့် လူပုဂ္ဂိုလ်များ၊ NCA လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့အစည်းများမှ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် (၅) ဦးစီနှင့် အခမ်းအနားပြီးလျှင် ပြုလုပ်မည့် အလုပ်ရုံဆွေး‌နွေးပွဲအတွက် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များမှ တစ်ဖွဲ့လျှင် (၃) ဦးစီ တက်ရောက်ရန်ဟုဆိုကာ ဖိတ်ကြားထားသည်ဟု ဆိုပါသည်။

သုံးသပ်တင်ပြချက်

အာဏာသိမ်းစစ်အုပ်စုမှ ဦးဆောင်ပြုလုပ်မည့် NCA (၈)နှစ် ပြည့် အခမ်းအနားတွင် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် NCA လက်မှတ်ရေးထိုးစဉ်က ဦးသိန်းစိန်အပါအဝင် အစိုးရကိုယ်စားလှယ်များနှင့် ERO (၈) ဖွဲ့မှ လက်မှတ်ရေးထိုးခဲ့သူများကို မြင်တွေ့ရနိုင်သည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရလက်ထက်အတွင်း NCA လက်မှတ်ရေးထိုးခဲ့သည့် အစိုးရကိုယ်စားလှယ်၊ အထူးသဖြင့် ‌ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ကို ဦးဆောင်သူ ဒေါက်တာတင်မျိုးဝင်းတို့ကိုမူ မြင်တွေ့ရနိုင်ချေနည်းသည်ဟု ဆိုရပါမည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သော ERO အစုအဖွဲ့များကို ချဉ်းကပ်ရာတွင် အဖွဲ့အစည်းလိုက် စည်းရုံး၍မရရှိပါက လူပုဂ္ဂိုလ်အလိုက် ချဉ်းကပ်လေ့ရှိသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) (ဥက္ကဌဟောင်း) စောမူတူးစေးဖိုးအား တွေ့ဆုံကာ NCA လက်မှတ်ရေးထိုးခဲ့သည့် “ကရင်တိုင်းရင်းသားခေါင်းဆောင်” ဟု ဆိုကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုကို သတင်းထုတ်ပြန် ခဲ့ပါသည်။

ဆိုရသော် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းနေမှုအား အောင်မြင်ရေး အတွက် NCA စာချုပ်အား ဗန်းပြကာ လက်မှတ်ရေးထိုးထားသည့် ERO များကို ထိန်းချုပ်ထားရန် ကြိုးပမ်းနေသကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကဲ့သို့သော လူကြိုက်များသည့် သည်းချေကြိုက်စကားလုံးများကို အသုံးပြုကာ NCA လက်မှတ် မထိုးထားသော ERO များကို စည်းရုံးသိမ်းသွင်းလျက် ရှိသည်။

လာမည့် အောက်တိုဘာ ၁၅ ရက်၊ စစ်အုပ်စု၏ NCA (၈) နှစ်ပြည့် အခမ်းအနားတွင် မြင်တွေ့ရမည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းကိုယ်စားလှယ်များ စသည်တို့၏ ပုံရိပ်များသည် အာဏာသိမ်းစစ်အုပ်စု၏ NCA လှုပ်ရှားမှု တစိတ်တဒေသမျှသာ ဖြစ်နိုင်ပြီး နွေဦးတော်လှန်ရေး၏ ဦးတည်ရာဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သက်ရောက်မှုတစုံတရာ ရှိနိုင်မည် မဟုတ်ကြောင်း ရှုမြင်သုံးသပ်ရပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၂၄ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...