တရုတ်၊ ရုရှား၊ မြောက်ကိုးရီးယား အကူအညီဖြင့် အာဏာသိမ်း စစ်အုပ်စု၏ နျူကလီးယားအိပ်မက်

နိဒါန်း

နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမည်ဟု ထုတ်ဖော်ပြောဆိုထားသည့် အာဏာသိမ်းစစ်အုပ်စု သည် နျူကလီးယားစစ်လက်နက်အား မကြာခဏထုတ်ဖော်စမ်းသပ်နေတတ်သော မြောက်ကိုးရီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးလမ်းကြောင်းကိုပါ ထုတ်ဖော်ပြသလာပြီဖြစ်သည်။ နျူကလီယားစွမ်းအင်အတွက် ရုရှား သမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မကြာမီကာလအတွင်း နျူကလီးယားစွမ်အင်အား အသုံးချနိုင်ရန် ကြိုးပမ်းနေကြောင်း ပြောဆိုထားပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် တရုတ်၊ ရုရှားနှင့် မြောက်ကိုးရီးယားအစိုးရတို့၏ အကူအညီဖြင့် နျူကလီးယားစွမ်းအင်အသုံးချနိုင်ရေး စိတ်ကူးယဉ်နေသည့် အာဏာသိမ်းစစ်အုပ်စု၏ လှုပ်ရှားဆောင်ရွက်မှုများကို လေ့လာတင်ပြသွားပါမည်။

ဖြစ်စဉ်ဖြစ်ရပ်များ

၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်၊ တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ပြုလုပ်သော ဒုတိယအကြိမ်မြောက် အာဆီယံ – တရုတ် နျူကလီးယားနည်းပညာအား ငြိမ်းချမ်းစွာ အသုံးပြုခြင်းဖိုရမ်တွင် ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီမှ အာဏာကုန်လွှဲအပ်ခြင်းခံထားရသူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေက နျူကလီးယားနည်းပညာနှင့်ပတ်သက်ပြီး အဆင့်မြင့်နေပြီဖြစ်သည့် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအား နျူကလီးယားအဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး လေ့ကျင့်ပေးစေလိုကြောင်း ၎င်း၏မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်ဟု ဆိုပါသည်။[1]

ဦးတင်မောင်ဆွေသည် စစ်အာဏာသိမ်းကာလ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင်မှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခံရသူဖြစ်သည်။ ထူးခြားချက်အဖြစ် အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြောက်ကိုးရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ယခုနှစ် (၂၀၂၃) စက်တင်ဘာ ၁၁ ရက်တွင် ဦးတင်မောင်ဆွေကို အာဏာသိမ်းစစ်ကောင်စီက ပူးတွဲတာဝန်ပေးအပ်လိုက်ခြင်း ဖြစ်ပါသည်။

မြောက်ကိုးရီးယားအစိုးရနှင့် သံတမန်ဆက်ဆံရေးတိုးချဲ့နေကြောင်း စစ်ကောင်စီ၏ ကြိုးပမ်းနေမှုကို ၂၀၂၂ ခုနှစ်၊ နှစ်ဆန်းပိုင်းကတည်းက သတင်းများပေါ်ခဲ့သော်လည်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “စိတ်ကူးယဉ်ပြီး ရေးနေတာ” ဟု တုံ့ပြန်ငြင်းဆိုခဲ့သည်။ သက်တော်ရှည် အာဏာရှင်နိုင်ငံတစ်ခုဖြစ်သည့် မြောက်ကိုးရီးယားနှင့် ဆက်ဆံရေးသည် ၂၀၀၇ ခုနှစ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှစပြီး စစ်လက်နက်ပစ္စည်းဆိုင်ရာ ရောင်းဝယ်ဖောက်ကားမှုများ ရှိနေခဲ့သော်လည်း အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ ငြိုငြင်ဖယ်ကြဉ်မှုကို ရှောင်လွှဲနိုင်ရန်အတွက် မြန်မာစစ်အုပ်စုသည် အစဉ်အမြဲ ဖုံးကွယ်ထားရန် ကြိုးပမ်းလေ့ရှိပါသည်။ ယခုတွင်မူ နျူကလီးယားစစ်လက်နက်ပိုင်ရှင် မြောက်ကိုးရီးယားနှင့် ဆက်ဆံရန်အတွက် သံအမတ်တာဝန် ခန့်အပ်ခြင်းကိုပင် ကြေညာခဲ့ရပြီဖြစ်သည်။

နျူကလီးယားစွမ်းအင်အတွက် ရုရှားနိုင်ငံနှင့် စစ်ကောင်စီအကြား ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည့်တိုင် တရုတ်အစိုးရနှင့် မြောက်ကိုးရီးယားအစိုးရတို့၏ အကူအညီများ လိုအပ်နေကြောင်းကို ဆိုခဲ့ပါဖြစ်စဉ်ဖြစ်ရပ် များက သက်သေပြနေပါသည်။

နျူအိပ်မက်အတွက် ရုရှားဘာလုပ်ပေးနေသလဲ

ယူကရိန်းနိုင်ငံအား ကျူးကျော်စစ်ဆင်နွှဲနေသည့် သမ္မတဗလာဒီမာပူတင်သည် စစ်အာဏာသိမ်းကာလ အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့သည့် အာဆီယံဒေသတွင်းပြင်ပမှ တဦးတည်းသော နိုင်ငံတော်အဆင့်အကြီးအကဲဖြစ်ပါသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်၊ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ရှိ သမ္မတပူတင်နှင့် အာဏာသိမ်း စစ်ခေါင်းဆောင်တို့၏ တွေ့ဆုံမှုအတွင်း “သံတမန်ဆက်ဆံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသနှင့် ဂြိုလ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယားစွမ်းအင် အသုံးချနိုင်ရေးအပါအဝင်  ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့အပြင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ပထမအပတ်အတွင်း ပြုလုပ်သော သတ္တမအကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (7th Eastern Economic Forum-EEF) ကာလအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့်  ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” တို့ အကြား ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးလမ်းပြမြေပုံကို လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင်တော့ ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်း “နျူကလီးယားနည်းပညာ သတင်း အချက်အလက်စင်တာ” ဖွင့်ပွဲ ပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို အသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ကူညီထောက်ပံ့ပေးမှုများ အတွက် ရုရှားနိုင်ငံပိုင် ROSATOM အဖွဲ့အစည်းကို ကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပြီး ယခုကဲ့သို့ “နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ” ဖွင့်လှစ်နိုင်ခဲ့ခြင်းသည် ၂၀၁၅ ခုနှစ် ဇွန်လ (၁၈) ရက်က လက်မှတ်ရေးထိုးခဲသည့် နားလည်မှုစာချွန်လွှာက အစပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ရုရှားအစိုးရ နှင့် ၎င်းတို့အကြား နျူကလီးယားနည်းပညာအသုံးချနယ်ပယ် (၁၄) ခုတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုပါသည်။[4]

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးကို ပထမဦးဆုံးအနေဖြင့် လုပ်ဆောင်သွားမည့်အကြောင်းနှင့် နှစ်ပိုင်းအတွင်း ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဆိုရသော် နျူကလီးယားစွမ်းအင် ထုတ်လုပ်အသုံးချရေးအတွက် ရုရှားအစိုးရနှင့် စစ်ကောင်စီအကြားပူးပေါင်း ဆောင်ရွက်မှုသည် အားကောင်းနေသည်ဟုဆိုနိုင်သော်လည်း တရုတ်အစိုးရထံ နျူကလီးယားအဆင့်မြင့် နည်းပညာလေ့ကျင်ပေးရေး တောင်းဆိုမှုနှင့် မြောက်ကိုးရီးယားနိုင်ငံဘက်သို့ သံခင်းတမန်ခင်းလမ်း ဖောက်ရန် ကြိုးပမ်းလာခြင်းသည် ထူးခြားနေသည်ဟု ဆိုရပါမည်။

သုံးသပ်တင်ပြချက်

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်၊ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများချုပ်ဆိုပွဲ အခမ်းအနား (2018 Treaty Event) သို့ တက်ရောက်ခဲ့ပြီး နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons-TPNW) တွင် မြန်မာနိုင်ငံတော်အစိုးရကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် “ငြိမ်းချမ်းစွာ အသုံးပြုခြင်း” အရေးဆိုကာ နျူကလီယားစွမ်းအင် ထုတ်လုပ်အသုံးချနိုင်ရေးကို ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေး ရှင်း “ROSATOM” နှင့် ပြောင်းပြောင်းတင်းတင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ တဖက်တွင်လည်း တရုတ်အစိုးရထံ နျူကလီးယားအဆင့်မြင့်နည်းပညာအတွက် လေ့ကျင့်ပေးရန် တောင်းဆိုနေပြန်သည်။

ထို့အပြင် စစ်အာဏာသိမ်းရန် ကြိုးပမ်းနေသည့်လပေါင်း ၃၀ ကျော် အတွင်း တရုတ်၊ ရုရှား မှအပ မည်သည့်နိုင်ငံကမျှ အလေးတယူဆက်ဆံခြင်းမခံရသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စုသည် နျူကလီးယားလက်နက်ပိုင်ရှင် မြောက်ကိုးရီးယားနိုင်ငံနှင့် သံခင်းတမန်ခင်း ဖောက်လုပ်ရန် ပြင်ဆင်လာခဲ့ပြီဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စု၏ နျူကလီးယားအိပ်မက်အတွက် အကူအညီရယူမှုကို လေ့လာကြည့်ပါက ရုရှားနှင့် တရုတ်အပြင် မြောက်ကိုးရီးယားနိုင်ငံသို့ပါ ခြေလှမ်းပြင်နေသည့်အတွက် “နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုခြင်း” စကားရပ်သည် သံသယဖြစ်ဖွယ်ရှိနေပါသည်။

အာဏာသိမ်းစစ်အုပ်စု၏ နျူကလီယားအိပ်မက်သည် အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံမှသည် နျူကလီးယားလက်နက်နှင့် စစ်ရေးရည်မှန်းချက်များဆီသို့ ဦးတည်မသွားနိုင်ဟု မည်သူမျှ အာမခံနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာအစိုးရများနှင့် နွေဦးတော်လှန်ရေးအင်အားစုများ အနေဖြင့် အာဏာသိမ်းစစ်အုပ်စု၏ နျူကလီးယားအိပ်မက်ကို မျက်ခြေမပျက်စောင့်ကြည့်ရန် လိုအပ်လာပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၂၂ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)


 

 

 

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

တရုတ်နှင့် စာချုပ်ထားသည့် မာရီဂိုးလ်စိုက်သူများ အရှုံးပေါ်လျှင် တရုတ်ကို လျော်ကြေးပေးရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်နှင့် ကလောမြို့နယ်ဘက်တွင် တောင်သူအများစုသည် တရုတ်နှင့် စာချုပ်ချုုပ်၍ မာရီဂိုးလ်ပန်းများ စိုက်ပျိုးလာကြပြီး အရှုံးပေါ်လျှင် ပြန်လည်လျှော် ပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းတောင်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသဖြစ်ပြီး ပြောင်း၊ မုန့်ညင်း၊ ဂေါ်ဖီနှင့် တခြားသော ေရတိုသီးနှံများကို အများဆုံးစိုက်ပျိုးကြသည်။ ထိုသို့ ရေတိုသီးနှံများအပြင် တရုတ်ပွဲစားများက...

ပင်းပက်စက်ရုံကြောင့် ဒေသခံများ ရေဆိုးဒဏ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့အနီးရှိ အရှုံးပေါ်နေသည့် ပင်းပက်သံမဏိစီမံကိန်းကို စစ်ကော်မရှင်က ရုရှားနည်းပညာရှင်များ အကူအညီဖြင့် အမြန်ဆုံးပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ဧက ၅ သောင်းကျော် ကျယ်ဝန်းသည့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင် ရုရှားသို့ ထွက်ခွာ

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရပိုင်းမှ ထိပ်သီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း...