Thursday, May 2, 2024

အမေရိကန် အေးရှားဖေါင်ဒေးရှင်း ရဲ့ ငြိမ်းချမ်းရေးစေတမာန်ဖြစ်လာတဲ့ သျှမ်းအမျိုးသမီးငယ်

Must read

ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ William P. Fuller Fellows အတွက် အမေရိကန် အခြေစိုက် The Asia Foundation က နေ ရွေးချယ်မှုမှာ မြန်မာနိုင်ငံက ပထမဆုံး နဲ့ တစ်ဦးတည်းသော အမျိုးသမီးအဖြစ် သျှမ်းတိုင်းရင်းသူ နန်းစံနွယ် က ရွေးချယ်ခံထားရပါတယ်။

.

နန်းစံနွယ်ဟာ သျှမ်းတိုင်းရင်းသူ အမျိုးသမီးဖြစ်တဲ့အပြင် ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခဆိုင်ရာ လုပ်ငန်းစဥ်တွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အတူ အစဥ်တစိုက် လက်တွဲလုပ်ကိုင်ခဲ့သူ ဖြစ်ပြီးတော့ လက်ရှိမှာလည်း  ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ အထူးပြု လေ့လာနေသူ ဖြစ်ပါတယ်။

Fellowship အတွက် ဘယ်လိုကြောင့် ရွေးချယ်ခံရလဲ၊ သျှမ်းပြည်ရဲ့ နှစ်ပေါင်း (၇၀) ကျော် တော်လှန်ရေး နဲ့ မြန်မာပြည် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်နဲ့ အလားအလာတွေအပေါ် တိုင်းရင်းသား လူငယ်တဦးရဲ့ အမြင်တွေကို ဘယ်လိုရှိလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး နန်းစံနွယ်ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

သျှမ်းတိုင်းရင်းသူ နန်းစံနွယ်

မေး ။     ။ ၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ William P. Fuller Fellows အတွက် အမေရိကန် အခြေစိုက် The Asia Foundation ကနေ အမကို ရွေးချယ်လိုက်တာနဲ့ ပတ်သက်ပြီး ဘယ်ကနေ ဘယ်လို ရွေးချယ်ခံရလဲ ဆိုတာလေး ရှင်းပြပေးပါအုံးရှင့်။

ဖြေ ။     ။ ဟုတ်ကဲ့ပါ။ ဒီအစီအစဥ်ရဲ့ နာမည်ကတော့ William P. Fuller Fellows in Peace Building/ Conflict Resolution ပေါ့နော်။ ဒါကတော့ အမေရိကန် အခြေစိုက် Asia Foundation ကနေပေးတာ ဟုတ်တယ်။ ဒီတစ်ခေါက် သူတို့ ပေးတာကတော့ ၃ ယောက် ပေါ့နော်။ မြန်မာနိုင်ငံ က တစ်ယောက်၊ နောက်နှစ်ယောက်ကတော့ သီရိလင်္ကာ နဲ့ Afghanistan ကပေါ့နော်။ အခုလို ၃ ယောက်တည်း ရွေးတဲ့ခါမှာ မြန်မာနိုင်ငံကနေ ကျမတစ်ယောက် တည်းပဲပါခဲ့တာပေါ့။ ဒါကိုလည်း ဂုဏ်ယူဝမ်းမြောက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုရင်တော့ လျှောက်တဲ့သူတွေကလည်း ရာနဲ့ချီရှိခဲ့တယ်။

အကြောင်းရင်းကတော့ (၂) ပိုင်းရှိမယ်။ ပထမတစ်ပိုင်းကတော့ ကျမဘာကြောင့် လျှောက်လိုက်လဲ ဆိုတဲ့ဟာပေါ့နော်။ နောက်တစ်ပိုင်းကတော့ သူတို့ ဘာကြောင့် ကိုယ့်ကိုရွေးသွားလဲ ဆိုတဲ့ဟာလေးပေါ့။ ပထမပိုင်းကို ပြောရမယ် ဆိုရင် ဘာကြောင့် ဒီအစီအစဥ်ကို လျှောက်ဖြစ်လဲဆိုရင်တော့ ဒီအစီအစဥ်နာမည်ကိုက  Peace Building/Conflict Resolution ဖြစ်တယ်။ ဒါက ကျမ စိတ်ဝင်စားတဲ့ ဘာသာရပ် တစ်ခုဖြစ်တယ်။ ဘာဖြစ်လို့ လဲဆိုရင် လက်ရှိမှာလည်း အဖွဲ့အစည်းတစ်ခုမှာ ဒီ  Peace Building/Conflict Resolution နဲ့ ပတ်သက်တဲ့ Research လေးတစ်ခုကို ကျမ ရေးထားတယ်။ အဲ့ဒါကတော့ Conflict Transformation  နဲ့ ပတ်သက်တာပေါ့။ အဲ့ဒီအပိုင်းကို ပိုပြီး စိတ်ဝင်စားတယ်၊ ဒီနှစ်နှစ်အတွင်းမှာလည်း အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ပိုလေ့လာဖြစ်တယ်။ နောက်တစ်ခုက ဒီ Master Degree ကိုလည်း ဒီ  Peace and Conflict Studies နဲ့ ပြီးထားတယ်။ ပြီးတော့ အရင်တုန်းကလည်း Conflict-sensitivity ဆိုတဲ့ ပဋိပက္ခတွေကို အကဲဆက်ခြင်း ဆိုတဲ့ အပိုင်းတွေမှာ တချို့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေ ဒါမှမဟုတ်လည်း ဒီကျန်းမာရေး နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာ လုပ်ခဲ့ဖူးတယ်။

ပြီးတော့ အရင်တုန်းက သျှမ်းပြည် မြောက်ပိုင်းဘက်ကိုလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ နဲ့ ဒီ ပဋိပက္ခဒဏ်ခံနေရတဲ့ သျှမ်းမြောက်ပိုင်းတစ်လျှောက်မှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ဖူးတော့ အရင်ကတည်းက အတွေ့အကြုံရှိခဲ့တယ်။

ကိုယ်ကိုယ်တိုင် ကလည်း စိတ်ဝင်စားတယ်ဆိုတော့ ဒီအစီအစဥ်ကို လျှောက်လိုက်တာပေါ့နော်။ အထူးသဖြင့် Networking နဲ့ Capacity Building ပေါ့နော်။ လက်ရှိမှာ ကိုယ်ကလည်း ဒီ Conflict Transformation  နဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်နေတယ်ဆိုတော့ ဒီအပိုင်းတွေမှာ ၊ ဒီစွမ်းဆောင်ရည်တွေ မြင့်လာဖို့၊ The Asia Foundation ကနေလည်း ပဋိပက္ခနဲ့ ပတ်သက်ပြီး သူတို့ လုပ်နေတာ အများကြီးရှိတယ်။ Resources တွေ၊ အရင်းအမြစ်တွေ အများကြီး ရှိတယ် ဆိုတော့ အဲ့ဒီအရင်းအမြစ်တွေနဲ့ ချိတ်ဆက်ပေးချင်တဲ့ သဘောလည်းပါတယ်။ ပြီးတော့ ဒီ Fellow က Peace Building အပိုင်းမှာ ထဲထဲဝင်ဝင် လုပ်နေကြတဲ့ လူငယ်များကြားထဲမှာ  အချိတ်အဆက်တွေ ရသွားအောင်ဆိုပြီးတော့မှ ဒီအစီအစဥ်ကို ပေးတာဖြစ်တော့ ဒါက ကိုယ်လုပ်ချင်တဲ့ဟာနဲ့ လုပ်နေတဲ့ဟာနဲ့ ကိုက်နေတာဆိုတော့ လျှောက်ဖြစ်တာပေါ့နော်။

 သူတို့ သတ်မှတ်ထားတဲ့ Criteria နဲ့ ကိုက်ညီနေတာပေါ့။ ဒီအစီအစဥ်ရဲ့ ရည်ရွယ်ချက်ကလည်း Asia Region ထဲမှာ ရှိတဲ့ ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခဆိုင်ရာတွေမှာပါနေတဲ့ Emerging Generation တွေ ၊ Leaders တွေ၊ လူငယ် နဲ့ လူလတ်ပိုင်း ခေါင်းဆောင်တွေကို Professional Development  အပိုင်းတွေမှာ ပံ့ပိုးဖို့ ရည်ရွယ်တဲ့ အစီအစဥ်ဖြစ်တယ်။

မြန်မာနိုင်ငံမှာကလည်း အခုလောလောဆယ် အာဏာသိမ်းပြီးနောက်ပိုင်းပဲ ပြောပြော အရင်ကတည်းက ဒီပဋိပက္ခတွေက အမြဲတမ်းရှိနေတာဆိုတော့ Asia Region ထဲမှာ နိုင်ငံတစ်ခုလည်း ဖြစ်တဲ့ အတွက်ကြောင့်မလို့ သူရဲ့ Criteria နဲ့လည်း ကိုက်ညီနေတယ်၊ ပြီးတော့ မြန်မာနိုင်ငံကလည်း ၂၀၂၁ နောက်ပိုင်းဆိုရင် Ethnic Conflict ပဋိပက္ခတွေလည်း ဖြစ်နေတယ်ဆိုတော့ မြန်မာနိုင်ငံကို တစ်စုံတစ်ရာ ပံ့ပိုးကူညီချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးလိုက်တာလည်း ပါတယ်။ မြန်မာနိုင်ငံကို အရင်တုန်းက သူတို့လည်း မပေးဖူးဘူးဆိုတော့လေ။ ၂၀၁၄ ခုနှစ်ကတည်းက စခဲ့ပေမဲ့ မြန်မာနိုင်ငံကို တခါမှ မပေးဖူးဘူးဆိုတော့ ဒီနှစ်မှာက မြန်မာနိုင်ငံက တစ်ယောက်ကိုလည်း သူတို့ရွေးလိုက်တယ်လို့ပဲ ထင်ပါတယ်။

မေး ။     ။ အဲ့ဆိုရင် William P. Fuller Fellows အတွက် မြန်မာနိုင်ငံကနေ ရွေးချယ်ခံရတဲ့ ပထမဆုံး နဲ့ တစ်ဦးတည်းသော အမျိုးသမီးဖြစ်တယ်လို့ ပြောလို့ရတာပေါ့နော်။

ဖြေ ။.    ။ ဟုတ်ပါတယ်။ အဲ့လို ပြောလို့ရပါတယ်။

မေး ။     ။ အခုလိုမျိုး ရွေးချယ်ခံရတော့ လုပ်ဆောင်ရမယ့် အစီအစဥ်တွေ ကရော ဘယ်လို ရှိလဲ။

ဖြေ။      ။  အစီအစဥ်ကတော့ သူက (၃) ပိုင်းရှိပါတယ်။ လေ့လာရေး ခရီးစဥ်အဖြစ် US ကို (၁၂) ရက်တာသွားဖို့ရှိတယ်။ ပြီးတော့ ဆန်ဖရန်စ္စကိုမှာ ရှိတဲ့ The Asia Foundation ရုံးချုပ်ရှိရာ ကို နှစ်ရက် / သုံးရက်လောက်သွားမယ်။ ပြီးတော့ ဝါရှင်တန် ဒီစီမှာ ရှိတဲ့ ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခ ဖြေရှင်းခြင်းဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစီအစဥ်ရှိတယ်။ ပြီးတော့မှ နယူးယောက် ကို လည်းသွားဖို့ရှိပါတယ်။ အဲ့ကို မသွားခင် ခုကတည်းကလည်း ဒီ အွန်လိုင်းကနေ Conference တွေတက်ရတယ်။ Conference အစီအစဥ်က (၃) ခုရှိတယ်။ အခု တက်နေရတဲ့ Conference မှာလည်း သူတို့ကနေ ပြီးတော့ တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးရတယ်၊ ကိုယ်သိချင်တာတွေကိုလည်း မေးလို့ရတယ်။ နောက်တစ်ခုကတော့ Fellow အချင်းချင်းကြားထဲမှာ အတွေ့အကြုံတွေကို ဖလှယ်ကြတဲ့ဟာပေါ့။ တတိယ ကတော့ သူတို့ Grant အဖြစ် ဒေါ်လာ (၅၀၀၀)  ပေးဖို့ရှိတယ်။ အဲ့ဟာကို ကိုယ်စိတ်ဝင်စားတဲ့ အပိုင်းတွေမှာ ကိုယ်သုံးလို့ရတယ်။ ပရောဂျက် တစ်ခုခုလုပ်မလား၊ သင်တန်းတခုခု ဆက်တက်ချင်လား အဲ့လိုမျိုးတွေပေါ့။ အဲ့အစီစဥ်လည်း ရှိတယ်။ ဆိုတော့ လောလောဆယ်မှာက အွန်လိုင်းကနေ Conference တက်တဲ့ ကာလပဲ။ လူကိုယ်တိုင် သွားတဲ့ဟာကတော့ နောက်လထဲမှာမှ ရှိမှာပါ။

မေး။      ။  အမေရိကန်ပြည်ထောင်စုရဲ့ ၁၂ ရက်တာ ခရီးစဥ်မှာ ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး လူကိုယ်တိုင် ဆွေးနွေးဖို့လည်း ရှိနေတယ်ဆိုတော့ အဲ့နေရာမှာ သျှမ်းပြည်အကြောင်း၊   မြန်မာနိုင်ငံအကြောင်း နဲ့ ပတ်သက်ပြီး ဘာတွေဆွေးနွေး ဖို့ရှိပါသလဲ။ ဘယ်အကြောင်း အရာကို အဓိက ဦးတည် ဆွေးနွေးမလဲ။

ဖြေ ။     ။ အဓိက ကတော့ ဒီအစီအစဥ်ရဲ့ ရည်ရွယ်ချက်အတိုင်း ကိုယ်ကတော့ လေ့လာဖို့ ပေါ့နော်။ အထူးသဖြင့်ကတော့ Conflict Transformation  နဲ့ ပတ်သက်ပြီး တခြားနိုင်ငံမှာက ဘယ်လိုမျိုး အဖြေရှာကြလဲ အဲ့လိုမျိုးတွေပေါ့။ နောက်ထပ် Fellow နှစ်ယောက်လည်း အတွေ့အကြုံရှိပြီးသား လူတွေပဲ ဆိုတော့ သူတို့ဆီက အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဆွေးနွေးမယ်ပေါ့။ ပြီးတော့ ကိုယ်တွေဆီမှာ ဖြစ်နေတဲ့ အခြေအနေ အကြောင်းအရာကို တင်ပြပြီး အပြန်အလှန် ဖလှယ်ကြမယ်ပေါ့ အဲ့လိုတော့ စဥ်းစားထားတယ်။ အခုလည်း Conference မှာလည်း စဆွေးနွေးနေကြပါပြီ။ လူကိုယ်တိုင်ရောက်သွားတဲ့ အခါကျတော့ အဲ့ဒီက Practitioner ပညာရှင်တွေနဲ့လည်း တွေ့ဖို့ရှိတယ်။ ပြီးတော့ ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခ ဖြေရှင်းရေး အဖြေရှာရေး ဆိုင်ရာ Institutions တွေနဲ့လည်း တွေ့ဖို့ရှိတယ် ဆိုတော့ အဲ့ဒီနေရာမှာ မြန်မာအရေးပဲ ပြောပြော၊ သျှမ်းပြည်အရေးပဲ ပြောပြော အပြန်အလှန် ပြောဆိုဆွေးနွေးပြီး သူတို့ဆီက အကြံဉာဏ်တွေလည်း တောင်းလို့ရမယ်လို့ မျှော်လင့်တာပေါ့နော်။ ပြီးတော့ Fellows ကလည်း ၃ ယောက်ပဲ ဆိုတော့ အချိန်ကတော့ အများကြီးရှိတယ်၊ အများကြီး ဖလှယ်လို့ရတယ်။

ပြီးတော့ နောက်တစ်ခုကတော့ တိုက်တွန်း တောင်းဆိုတဲ့ အပိုင်းပေါ့နော်။ ဘာလဲဆိုရင် Asia Foundation ဆိုတာတွေက ဒီ ပဋိပက္ခ နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အရင် ကတည်းက ကူညီပံ့ပိုးပေးတာ ရှိခဲ့တယ်ဆိုတော့ ပိုပြီးမှ ထဲထဲဝင်ဝင် ဝင်ရောက်နိုင်ဖို့၊ ပိုပြီးတော့မှ ထိရောက်စွာ ပံ့ပိုးကူညီနိုင်ဖို့ စသဖြင့် ပြောဆို တိုက်တွန်းမယ်။ နောက်ပြီးတော့ Bottom – up ပေါ့နော်။ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ အားလုံး ပါဝင်တဲ့ ချဥ်းကပ်ဖို့ ဆိုတဲ့ ပုံစံမျိုးဖြစ်စေဖို့ကိုလည်း တိုက်တွန်းပြောဆိုဖို့ စဥ်းစားထားတယ်။

မေး ။     ။ စစ်ရေးတွေနဲ့ ရှုပ်ထွေးတဲ့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးကိစ္စ ဖော်ဆောင်ဖို့အတွက် ဘယ်လိုတွေ ဆောင်ရွက်ဖို့ လိုအပ်လဲ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီလို ကာလမှာ ငြိမ်းချမ်းရေးထက် စစ်ရေးပဋိပက္ခကို ပိုဦးတည်တာရော ဘယ်လိုမြင်လဲ သုံးသပ်ပေးပါ။

ဖြေ ။     ။ အမှန်က ငြိမ်းချမ်းရေးလို့ ဆိုလိုက်ရင် Ceasefire ဆိုတဲ့ အပစ်အခတ်ရပ်စဲ ဖြစ်စဥ်ကိုပဲ ပြောတာ မဟုတ်ဘူး၊ ကျမတို့ ပြောတဲ့ ငြိမ်းချမ်ရေး ဆိုတာက တရားမျှတမှု ရှိတယ်။ ပြီးတော့မှ အကြမ်းဖက်မှုတွေ အနည်းဆုံးဖြစ်တဲ့ အခြေအနေပေါ့နော်။ အကြမ်းဖက် မှုဆိုတာက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပါတယ်။ ပြီးတော့ အတွေး အခေါ်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံခံတာတို့ပေါ့နော်။ မြန်မာနိုင်ငံမှာကျတော့ အပစ်ခတ် ရပ်စဲရေးလို့ ပြောလိုက်ရင် ခေါင်းဆောင်တွေကြားထဲမှာ လက်ဆွဲနှုတ်ဆက်တာ၊ အပစ်အခတ် ရပ်စဲတာ အဲ့ဒီလို ဖြစ်စဥ်တွေကို ပြေးပြေးမြင် ကြတာများတယ်။ ကျမ နားလည်ထားတဲ့ အဓိပ္ပာယ်နဲ့ ပြောရမယ်ဆိုလို့ရှိရင် အဲ့တာတွေက ငြိမ်းချမ်းရေး လို့တောင် ခေါ်လို့တောင် မရတဲ့ အခြေအနေပါ။

ဘာဖြစ်လို့လဲဆိုရင် သူရဲ့ ချဥ်းကပ်တဲ့ ပုံစံက လွဲမှားနေတာပေါ့။ ကျမတို့ မြန်မာနိုင်ငံရဲ့ အဓိက ပြဿနာက အဓိက အရင်းခံကို မဖြေရှင်းတဲ့ ပြဿနာပေါ့။ အပေးအယူနဲ့ပဲ ပြီးသွားကြတယ်။ ခေါင်းဆောင်တွေ ဆွေးနွေးရင်း နဲ့ပဲ ပြီးသွားကြတယ်။ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲလည်း မဟုတ်ဘူးပေါ့။ ပြီးတော့ လူမျိုးကြီးဝါဒ ပြဿနာရှိနေတယ်ဆိုတာကို အသိအမှတ် မပြုကြဘူး။ နောက်ပြီးတော့ ဖိုဝါဒ ကြီးစိုးတဲ့ ပြဿနာနဲ့ စစ်ဝါဒီ အားကြီးတဲ့ ပြဿနာပေါ့။ ဒါတွေကို ကျမတို့ ပြောင်းရမယ်၊ ပြီးတော့ အားလုံး အလွှာတိုင်းပါဝင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဥ် အဖြစ် ချဥ်းကပ်ပုံတွေက အစ ပြောင်းလဲရမယ်။ ကျမကတော့ ဒီလိုမြင်ပါတယ်။

မေး ။     ။ အမျိုးသမီး လူငယ်တစ်ယောက်ဖြစ်ပြီး ဘာကြောင့် ဒီ ငြိမ်းချမ်းရေး ကိစ္စကို ထဲထဲဝင်ဝင် စိတ်ဝင်စားပါသလဲ။

ဖြေ ။      ။နှစ်ပိုင်း ရှိပါတယ်။ ပထမ တစ်ပိုင်းကတော့ ခုနက ပြောသွားသလိုပေါ့။ ကိုယ့်ရဲ့ စိတ်ဝင်စားမှုနဲ့ ဆက်စပ်နေတဲ့ ကိုယ့်ရဲ့ အတွေ့အကြုံပေါ့။ ပြီးတော့ ကိုယ်ကိုယ်၌က သျှမ်းတိုင်းရင်းသူ အမျိုးသမီးဖြစ်တယ်၊ ကိုယ့်မိဘ ဘိုးဘွားတွေကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ဒီပဋိပက္ခဒဏ်သင့်တဲ့ အတွေ့အကြုံတွေက ရှိခဲ့တယ်။ ပြီးတော့ ကိုယ်တို့ နိုင်ငံမှာက နှစ်ပေါင်း ၇၀ ကျော်အတွင်း ပဋိပက္ခတွေက မပြီးမပြတ်နိုင်ဘဲ တစ်ပတ် ပြန်ပြန်လည် နေတာပေါ့၊ အဲ့ဒီအခြေအနေမှာ ကိုယ်က တစ်ထောင့်တစ်နေရာကနေ အထောက်အကူ ပြုချင်တယ်။ နောက်တစ်ခုကတော့ ဒီ Peace and Conflict ဘာသာရပ်ကို စိတ်ဝင်စားတယ်၊ အဲ့ဒါကြောင့် ဒီဘာသာရပ် နဲ့ ကျောင်းသွားတက်ပြီး ပြန်လာတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့  Conflict-sensitivity တွေကို လုပ်ခဲ့တယ်။ ပြီးတော့ Conflict Analysis တွေကို ဖတ်တဲ့ အခါမှာဆိုလည်း နိုင်ငံခြားသားတွေ ဖြစ်ကြတာ တွေ့ရတယ်။ ပြီးတော့ သျှမ်းပြည် ပဋိပက္ခနဲ့ပတ်သက်ပြီး သုံးသပ်ချက်တွေကို ကြည့်မယ်ဆိုရင်လည်း သျှမ်းပြည် သူ / Shan Local မဟုတ်ဘဲနဲ့ ဗမာလူမျိုး ဖြစ်နေမလား၊ နိုင်ငံခြားသား ဖြစ်နေမလား ဆိုတာတွေ ဖြစ်နေတယ်၊ ပြီးတော့ အများစုက နိုင်ငံခြားသား ဖြစ်နေတယ်။ ပြောချင်တာက ကိုယ့်သျှမ်းပြည်က အခြေအနေ၊ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး သုံးသပ်တဲ့ သူတွေက ကိုယ်ကိုယ်တိုင် မဟုတ်ဘူး၊ ကိုယ့်အရေးကို သုံးသပ်တဲ့သူတွေက တခြားသူတွေ ဖြစ်နေတာမျိုး တွေ့ရတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ ကိုယ့်အရေး ကိစ္စတွေကို ကိုယ်ကပဲ သုံးသပ်တဲ့ ကိုယ်ကပဲ နားလည်တဲ့သူ ဖြစ်ချင်တယ်။ တချို့က သုံးသပ်ထားတာက အရမ်းကောင်းနေတာလည်း မြင်ရတယ်။ ဒါပေမဲ့ တချို့ကလည်း လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ကိုယ်က ထင်တယ်။ ဒါကြောင့် ကျမက ကိုယ့်ရဲ့ အရေးကိစ္စတွေ၊ ကိုယ်ကိုယ်တိုင်က Expert ဖြစ်ချင်တယ်။ အဓိက ကတော့ အဲ့တာတွေကြောင့်နဲ့လည်း ကိုယ်က ဒီက အရေးကိစ္စတွေမှာ စိတ်ဝင်စားလာတာ။ ပြီးတော့ ဒါကလည်း လိုအပ်တယ်လို့ ကိုယ်က ထင်တယ်။ အထူးသဖြင့် ဒီအရေးနဲ့ ပတ်သက်ပြီး အမျိုးသမီး ပညာရှင်တွေက နည်းတဲ့အတွက် ဒီ Peace and Conflict မှာ တိုင်းရင်းသူ အမျိုးသမီးက ပိုပြီးနည်းတယ်ဆိုတော့ ကိုယ်က သျှမ်းတိုင်းရင်းသူ အမျိုးသမီး တစ်ယောက်အနေနဲ့ ကိုယ့်အရေးကိစ္စတွေကို ကိုယ်က အဖြေရှာတဲ့သူ ဖြစ်ချင်တယ်။ အဲ့ဒီ စိတ်တွေကို အရင်းခံပြီးတော့ ဒီအပိုင်းကို စိတ်ဝင်စားတာ ဖြစ်တယ်၊ ပြီးတော့ လုပ်ဖြစ်လာတာပေါ့။

မေး ။     ။ ငြိမ်းချမ်းရေး တည်ဆောက်မှု နဲ့ ပတ်သက်ပြီး လူငယ်မျိုးဆက်သစ်တွေကို ဘာတွေပြောချင်ပါသလဲ။

ဖြေ ။     ။ လူငယ်တွေအတွက် တစ်ခုက ငြိမ်းချမ်းတဲ့ အခြေအနေဆိုတာက တရားမျှတပြီး လွတ်လပ်တဲ့ လူမှု အသိုင်းအဝိုင်းကို ဆိုလိုတာ။ အဲ့ဒီလို လိုလားတဲ့ အခါမှာလည်း လူငယ်မျိုးဆက်သစ်တွေက လွတ်လပ်မှုကို ပိုပြီးတော့ လိုလားကြတယ်။ ပြီးတော့ ဒီနွေဦးတော်လှန်ရေးမှာဆိုရင်လည်း လူငယ်တွေကပဲ တက်တက်ကြွကြွ နဲ့ ရှေ့တန်းကနေပြီးတော့ လုပ်ဆောင်နေကြတာ တွေ့ရတယ်။

ပြီးတော့ အနာဂတ်ကို ပြောရမယ်ဆိုရင်လည်း လူကြီးတွေထက် စာရင် လက်ရှိ ကျမတို့ လူငယ်တွေနဲ့ပဲ သက်ဆိုင်တာပေါ့လေ။ ဒါကြောင့် လူငယ်တွေကို အားပေးချင်တာကတော့ ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်တဲ့ အခါမှာ ကိုယ်ကိုယ်တိုင် ပါဝင်မှရမယ်၊ ပြီးတော့ အာဏာရှင်တွေကနေ ပြည်သူတွေ အမျိုးမျိုး ဖိနှိပ်ခဲ့တာကို လူငယ် အနေနဲ့ တော်လှန်ရမယ်၊ ဖယ်ဒရယ် အရေးပဲ ပြောပြော၊ နိုင်ငံရေးပဲ ပြောပြော ကိုယ်လိုချင်တဲ့ အရာကို ကိုယ်ကိုယ်တိုင် သိဖို့လိုတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ထဲထဲဝင်ဝင် တက်တက်ကြွကြွ ပါဖို့လိုတယ်။ လူငယ်တွေ အနေနဲ့ ကိုယ့်စွမ်းဆောင်ရည်ကို မြင့်တင်ဖို့လိုတယ်ပေါ့။ အဲ့ဒါမှလည်း ကိုယ်လိုချင်တဲ့ ငြိမ်းချမ်းတဲ့၊ လွတ်လပ်တဲ့ အနာဂတ်ကို ရရှိမှာ ဖြစ်တယ်။ လူမှုအသိုင်းအဝိုင်းကို ပြောင်းလဲမှုမှာ ပါဝင်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

မေး။      ။ သျှမ်းပြည်ရဲ့ နှစ်ပေါင်း ၇၀ ကျော် တော်လှန်ရေး ခရီးစဥ်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေ နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်မိလဲ၊ လူငယ် တစ်ယောက်အနေနဲ့ အနာဂတ် သျှမ်းပြည်ကို ဘယ်လိုမျိုးဖြစ်စေချင်လဲ။

ဖြေ ။     ။ တချို့က ပြောကြတာရှိတယ်၊ ဒီသျှမ်းပြည် အရေးကိစ္စကိုသာ ဖြေရှင်းနိုင်မယ်ဆိုရင် မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ အကျပ်အတည်း ကိစ္စတွေကို တစ်ဝက်လောက် ဖြေရှင်းနိုင်ပြီလို့ ပြောကြတယ်။ ပြောချင်တာက ဒီသျှမ်းပြည် အခြေအနေက မြန်မာတစ်နိုင်ငံလုံးနဲ့ စာလို့ရှိရင် လူဦးရေ အရရော စီးပွားရေးကုန်သွယ်ရေးအရရော အချက်အချာ ကျတယ်လို့ ပြောလို့ရတယ်။

နောက်တစ်ခုကလည်း လက်နက်ကိုင် အင်အားစုတွေကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ဒီသျှမ်းပြည်က အများဆုံးပေါ့၊ တခြားသော မူးယစ်ဆေးလို ပြဿနာတွေကလည်း သျှမ်းပြည်နယ်မှာ အများဆုံး ဖြစ်နေတယ်။ ထိုင်းတို့ ၊ တရုတ်တို့နဲ့လည်း ဆက်စပ်နေတော့ လူမှုစီးပွားရေးအရ အချက်အချာ ကျတဲ့နေရာဖြစ်တယ်။ သျှမ်းပြည်က အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာရော၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာရော ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေ ရှိပေမဲ့ တိုက်ပွဲတွေက ရှိနေဆဲ ဖြစ်တယ်။ အခုလည်း ရှုပ်ထွေးနေတယ် ဆိုတော့ ကျမအမြင်အရဆိုရင် ပါးပါးနပ်နပ် ကိုင်တွယ်တတ်ဖို့ လိုတယ်။ ပြီးတော့ သျှမ်းပြည်က တခြားပြည်နယ်တွေထက်စာရင် စုံလင်များပြားတဲ့ လူမျိုး၊ အဖွဲ့အစည်းတွေကြား လက်ခံနိုင်တဲ့ ဓလေ့ကို ကျမတို့ ပိုပြီးတော့ ကျင့်သုံးရမယ် ဆိုတော့ သျှမ်းပြည်မှာကတော့ စုံလင်ကွဲပြားမှုကနေ အတူယှဥ်တွဲ နေထိုင်ရေးမူကိုပဲ အခြေခံပြီး သွားမှရမယ်လို့  ပိုပြီး အဆင်ပြေမယ်လို့ မြင်မိပါတယ်။

မေး ။    ။  ထပ်မံဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါအုံး။

ဖြေ ။    ။  မရှိတော့ပါဘူး။

Leave a Comments

- Advertisement -spot_img

Latest article