Sunday, May 5, 2024

ခုခံတော်လှန်စစ်ကြေညာခြင်း (၂)နှစ်ပြည့်၊ စစ်ရေး အဟုန်၊ နိုင်ငံရေး အရွေ့

Must read

နိဒါန်း

စက်တင်ဘာ ၇ ရက်သည် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်ကြေညာခြင်း (၂)နှစ်ပြည့်နေ့ဖြစ်သည်။ တနိုင်ငံလုံး “လှည်းနေလှေအောင်း မြင်းစောင်းမကျန်” ခုခံတော်လှန်စစ်ဆင်နွှဲကြရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက် အထိ (၂) နှစ်တာအတွင်း ခုခံတော်လှန်စစ်၏ အဟုန်နှင့် ရွေ့ပြောင်းကျယ်ဝန်း လာသော စစ်ရေး အပြန့်သည် ပီပြင်ထင်ရှားလာပြီဟု ဆိုရပါမည်။ တဆက်တည်းတွင် အာဏာသိမ်း စစ်အုပ်စုအား တစည်းတလုံးတည်း တွန်းလှန်တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအင်အားစု အချင်းချင်းအကြား ပွတ်တိုက်မှုများ၊ အငြင်းပွားမှုများကလည်း ခုခံတော်လှန်စစ်၏ အရှိန်အဟုန်နှင့် နိုင်ငံရေးအရွေ့ကို နှောင့်နှေးလေးဖင့်စေသည်ကို တွေ့ ရသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ခုခံတော်လှန်စစ် ကြေညာခြင်း (၂)နှစ်ပြည့်ကာလအတွင်း စစ်ရေးအဟုန်၊ နိုင်ငံရေးအရွေ့အတွက် NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းနှင့် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ခုခံတော်လှန်စစ် (၂)နှစ်ပြည့် အစီရင်ခံစာပါ အကြောင်းအချက်များကို အခြေပြုကာ လေ့လာတင်ပြသွားပါမည်။

ယာယီသမ္မတ၏ နိုင်ငံတော်အခြေပြမိန့်ခွန်း

ပြည်သူ့ခုခံတော်လှန်စစ်အတွက် စစ်ဒေသ (၃)ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းကာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးမဟာမိတ်အင်အားစုများနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါသည်။ စိုးမိုးထိန်းချုပ်နယ်မြေများအတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် လူထုဝန်‌ဆောင်မှုလုပ်ငန်းများကိုလည်း စနစ်တကျ ဆောင်ရွက်လာနိုင်ပြီဟုလည်း ဆိုပါသည်။

လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အင်အားစုများနှင့် NUG အကြား စစ်ရေး၊ နိုင်ငံရေးအရ လက်တွဲပူးပေါင်းဆောင်ရွက်မှု၊ ဘဏ္ဍာငွေ မျှဝေသုံးစွဲမှု စသော စုစည်းညီညွတ်မှု၊ နားလည်ယုံကြည်မှုနှင့် လက်တွဲဆောင်ရွက်မှုအခြေအနေများသည် အရှိန်ရနေသလို အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ကြေကြေလည်လည် ဆွေးနွေးနေကြပြီဖြစ်ကြောင်း ယာယီသမ္မတက ရှင်းပြသည်။

သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွင်း တာဝန်ထမ်းဆောင်နေသူများအား ယခုလိုသတိပေး တိုက်တွန်းထားပါသည်။

“အစိုးရဆိုတာ လူထုကို ဝန်ဆောင်မှုပေးရတာဖြစ်တဲ့အတွက် လူထုကို အလေးထားမျက်နှာမူပြီး လူထုအသံကို အမြဲမပြတ် နားထောင်နေရမှာ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကလည်း ပိုပြီး စနစ်တကျရှိဖို့ အရေးကြီးပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တရားရေးကဏ္ဍပိုင်းမှာ တာဝန်ယူ လုပ်ဆောင်နေကြတဲ့ ရဲဘော်များကို တိုက်တွန်းချင်တာက ရဲဘော်တို့အနေနဲ့ လူထုအသံကို အနီးကပ်ဆုံး နားထောင်ကြပါ”။

ပြည်သူလူထုအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် လုပ်ရပ်များကို မလုပ်မိစေဖို့နှင့် ပြည်သူလူထုထိခိုက်နစ်နာ အောင် မလုပ်ကြဖို့ ယာယီသမ္မတက အထူးသတိပေးတိုက်တွန်းထားသည်။

တဆက်တည်းတွင် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-LDF) များကိုလည်း ၎င်းတို့၏ NUG လက်အောက်ခံ PDF တပ်ဖွဲ့တပ်ရင်းများ၊ မဟာမိတ်အင်အားစုများနှင့် စုဖွဲ့တည်ဆောက်ထားသည့် စစ်ရေးအရ စနစ်တကျအဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှု(Chain of Command)အောက်တွင် ပူးပေါင်းပါဝင် ပေးကြရန် မေတ္တာ ရပ်ခံထားပါသည်။ ယခုလိုလည်း သတိပေးထားပါသည်။

“တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်မြေပြင်မှာ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ (code of conduct) ကို အမြဲဦးပန်လျက် လိုက်နာစောင့်ထိန်းကြဖို့ ထပ်မံအလေးအနက်ထား သတိပေးလိုပါတယ်။ တော်လှန်ရေး ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းရွက်နေကြသူတွေကို ကျွန်တော့်အနေနဲ့ အထူးသတိပေးလိုတာက စစ်အာဏာရှင်ကို ဆန့်ကျင်နေပါလျက်နဲ့ ကျွန်တော်တို့ကိုယ်တိုင်က စစ်အာဏာရှင်များရဲ့ အမူအကျင့်၊ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို မလုပ်ဆောင်မိကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီလို စစ်အာဏာရှင်ရဲ့ အမှုအကျင့်တွေ၊ အတွေးအခေါ်တွေ ရှိလာရင်လည်း ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ၊ ပြတ်ပြတ်သားသား ဖယ်ထုတ်ရမှာပဲ ဖြစ်ပါတယ်”။

NUG – MOD ၏ ပြည်သူ့ခုခံတော်လှန်စစ် (၂) နှစ်ပြည့် အစီရင်ခံစာ

နိုင်ငံတဝှမ်း PDF တပ်ရင်းပေါင်း ၂၉၃ ရင်းကို စုဖွဲ့တည်ဆောက်ထားပြီး တပ်ရင်းအဖြစ် အသိအမှတ်ပြုရန် စီစစ်ဆဲ တပ်ရင်း (၆၈) ရင်း ရှိနေသည်ဟု NUG လက်အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD)က ဆိုပါ သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကိုလည်း မြို့နယ်‌ပေါင်း ၂၅၀ ကျော်တွင် ဖွဲ့စည်းထားသည်ဟုဆို ပါသည်။

ခုခံတော်လှန်စစ် (၂)နှစ်တာအတွင်း လက်နက်ငယ်၊ လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်ပစ် စက်သေနတ်ကြီး(Anti-Aircraft Gun) များကိုလည်း စစ်ရေးဆိုင်ရာမဟာဗျူဟာနှင့်အညီ ဒေသအလိုက် အတိုင်းအတာတခု အထိ တပ်ဆင်နိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း(ERO)များနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအဖြစ် စစ်ဒေသများ ဖွဲ့စည်းမှု၊ ပူးပေါင်းစစ်ကြောင်းများ ဖွဲ့စည်းမှု၊ ဗျူဟာမြောက်ပူးပေါင်းစစ်ဆင်မှုများကို ဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည်။

စစ်ကိုင်း၊ ချင်း၊ ကရင်နီ(ကယား)၊ ကရင်နှင့် မကွေးတိုင်းမြောက်ပိုင်းတို့တွင် နယ်မြေစိုးမိုးမှု အားကောင်းရန် ဆောင်ရွက်ခဲ့ပြီး တနင်္သာရီ၊ မန္တလေး၊ ပဲခူး၊ မွန်၊ မကွေး(တောင်ပိုင်း)နှင့် နေပြည်တော်နယ်မြေ တို့တွင်လည်း စစ်ဆင်ရေးနယ်မြေများသတ်မှတ်ကာ စစ်မျက်နှာတိုးချဲ့ ဖော်ဆောင်နေကြောင်း NUG-MOD က အစီရင်ခံထားပါသည်။ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း ပကဖနှင့် PDF တပ်ရင်းများ ဖွဲ့စည်းထားပြီ ဟု ဆိုပါသည်။

ခုခံတော်လှန်စစ် ပထမနှစ်အတွင်း စစ်ကောင်စီတပ်စခန်း ၂၈ ခုသာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း ခုခံ တော်လှန်စစ် ဒုတိယနှစ်အတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၁၀၇ ခုအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် အတွက် တစ်နှစ်အတွင်း စခန်းသိမ်းတိုက်ပွဲ (၃)ဆကျော်အထိ တိုးမြှင့်လှုပ်ရှားနိုင်ခဲ့သည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်အုပ်စု လက်အောက်ရှိ ရေတပ်စခန်းနှင့် ရဟတ်ယာဉ်ကွင်းများ၊ ကားကွယ်ရေး ပစ္စည်းစက်ရုံများ၊ တိုင်း စစ်ဌာနချုပ်နှင့် တပ်မ ဌာနချုပ်များ၊ စစ်ကောင်စီတပ်၏ အထိုင်နှင့် နောက်တန်း စခန်းများ၊ ရဲစခန်းများနှင့် ပျူ စောထီးစခန်းများ၊ စစ်ကောင်စီတပ် စစ်ကြောင်းများ စသည်တို့ကို ခုခံတော်လှန်စစ်၏ စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ထားကြောင်း NUG – MOD ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

NUG – MOD ၏ ပြည်သူ့ခုခံတော်လှန်စစ် (၂)နှစ်ပြည့် အစီရင်ခံစာအရ နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်သည် “ကျေးလက်ကို အခြေခံ၊ မြို့ပြကို ဝိုင်း” ပြောက်ကျားစစ်နည်းဗျူဟာဖြင့် ကျေးလက်ဒေသအမြောက်အများကို ထိန်းချူပ်ထားကြောင်းနှင့် မဟာဗျူဟာကျသော လမ်းမကြီးများအား စိုးမိုးထိန်းချုပ်ကာ ဝန်းရံပိတ်ဆို့ ထားပြီဟုလည်း ဆိုပါသည်။

ထို့အပြင် “လမ်းအားလုံး..နေပြည်တော်သို့” စစ်ရေးစီမံချက်ဖြင့်လည်း စစ်ကောင်စီတပ်၏ စိုးမိုးနယ်မြေများအတွင်း ထိုးဖောက်လှုပ်ရှားလျက်ရှိသည်ဟု ဆိုပါသည်။ NUG ကာကွယ်ရေးဝန်ကြီး ဌာနအနေဖြင့် တစ်ခုတည်းသော မဟာဗျူဟာ၊ တစ်ခုတည်းသော အမိန့်ပေးကွပ်ကဲမှုစနစ် (One Strategy – One Command) အောက်တွင် မဟာဗျူဟာမြောက် ထိုးစစ်ဆင်နိုင်ရေးအတွက် “ထုအင်အား” တည်ဆောက် ပြင်ဆင်လျက်ရှိကြောင်း အစီရင်ခံစာက ဆိုပါသည်။

ဆက်စပ်တွေ့ရှိချက်များ

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၆ ရက်အထိ ခုခံတော်လှန်စစ်ကြေညာခြင်း ပထမတစ်နှစ်တာနှင့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက် မှ ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၉ ရက်အထိ ခုခံတော်လှန်စစ်ကြေညာခြင်း ဒုတိယတစ်နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်နှင့် PDF-LDF ၊ ERO များအကြား တိုက်ပွားဖြစ်ပွားမှုအခြေအနေကို နှိုင်းယှဉ်ကြည့်ပါကာ တိုက်ပွဲဖြစ်ပွားမှုရက်ပေါင်း ၃၆၀ ကျော် ပိုမိုများပြားလာသည်ကို တွေ့ရသည်။ (မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှုများကို ရက်ဖြင့်သာ မှတ်တမ်းပြုထားသည့်အတွက် အကြိမ်ရေအားဖြင့်မူ ယခုထက်ပိုမိုများပြားနိုင်ပါသည်)

ခုခံတော်လှန်စစ် (၂) နှစ်တာအတွင်း လအလိုက် တိုက်ပွဲဖြစ်ပွားမှုအခြေအနေများကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် နိုဝင်ဘာလသည် တိုက်ပွဲဖြစ်ပွားမှု အများဆုံးလအဖြစ် တွေ့ရပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလနှင့် ၂၀၂၃ ခုနှစ် ဇူလိုင်လတို့သည် တိုက်ပွဲဖြစ်ပွားမှု ဒုတိယအများဆုံးလများ ဖြစ်ခဲ့ပါသည်။ ဖော်ပြပါ လအလိုက် တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေ ဂရပ်ဖစ်ကို လေ့လာကြည့်ပါက ခုခံတော်လှန်စစ် ကြေညာခဲ့ပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် မတ်လမှ စကာ လစဉ်တိုက်ပွဲဖြစ်ပွားမှု တစ်ရာအထက်တွင် ရှိနေသည်ဟု ဆိုရပါမည်။

အာဏာသိမ်းစစ်ကောင်စီတပ်အား ခုခံတော်လှန်စစ်ဆင်နွှဲမှုအခြေအနေကို ဒေသအလိုက် လေ့လာကြည့်ပါက စစ်ကိုင်းတိုင်းသည် တိုက်ပွဲဖြစ်ပွားမှုရက်ပေါင်း ၇၆၀ ကျော်အထိ ရှိကာ အခြားသော တိုင်းနှင့် ပြည်နယ်များ အတွင်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေများထက် အရှိန်အဟုန်အပြင်းထန်ဆုံးဟု ဆိုရပါမည်။

ဖော်ပြပါ ဒေသအလိုက်တိုက်ပွဲဖြစ်ပွားမှုဂရပ်ဖစ်ကို လေ့လာကြည့်ပါက ဒုတိယမြောက် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဒေသ မကွေးတိုင်းပြီးလျှင် ရှမ်းပြည်နယ်သည် တတိယမြောက် တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဖြစ်နေသည်ကို တွေ့ရသည်။

အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲများတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(TNLA) တို့နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဖြစ်ခဲ့သည်ကို တွေ့ရပါသည်။

ထို့ပြင် ရှမ်းပြည်နယ်သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO) အချင်းချင်းအကြား တိုက်ပွဲ ဖြစ်ပွားမှု အများဆုံးဒေသအဖြစ် BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ တွေ့ရှိရသည်။

အထူးသဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) သည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဝပြည်သွေစည်းညီ ညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့(KIA , MNDAA, TNLA, AA တို့ပါဝင်သည်)၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ပအိုဝ့်အ မျိုးသားအဖွဲ့ချုပ်(PNLO/PNLO) တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။

ဆိုရသော် ERO အချင်းချင်းအကြားတွင် ဖြစ်စေ၊ NUG – MOD အောက်ရှိ PDF တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ နှင့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-LDF) များအကြားတွင်ဖြစ်စေ ပဋိပက္ခတိုက်ပွဲများ၊ အငြင်းပွားမှုများ၊ ထိတွေ့ပွတ်တိုက်မှုများသည် အာဏာသိမ်းစစ်အုပ်စု ပြုတ်ကျရေးအတွက် ဦးတည်လျှောက် လှမ်းနေသော စစ်ရေးအဟုန်၊ နိုင်ငံရေးအရွေ့အတွက် တစုံတရာ အားပျော့လေးဖင့်စေနိုင်ကြောင်း သတိပြုရ ပေလိမ့်မည်။

သုံးသပ်တင်ပြချက်

ခုခံတော်လှန်စစ်ကြေညာခြင်းသည် (၂) နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်မှန် သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဦးတည်လျှောက်လှမ်းနေ ကြသော နွေဦးတော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရှိန်အဟုန်နှင့် နိုင်ငံရေးအရွေ့အပြောင်းများသည် ပေါ်လွင်ထင်ရှားလာနေသည်မှာ ငြင်းဖွယ်ရှိမည်မဟုတ်ပေ။

သို့သော် လူထုအင်အားကို မျှယူအားပြု နေကြရသည့် ခုခံတော်လှန်ရေးအင်အားစုအချင်းချင်းအကြား အငြင်းပွားမှုများ၊ ပဋိပက္ခများကို အချိန်မီလျော့ချနိုင်ဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်သည်။
အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများ အောက်ရှိ PDF တပ်ရင်းတပ်ဖွဲ့များ၊ ပကဖနှင့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-LDF) များ အကြား ဖြစ်ပေါ်နေသော အငြင်းပွားမှုများ၊ ပွတ်တိုက်မှုများအပေါ် ယာယီသမ္မတဒူဝါလရှီးလနှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ကိုင်တွယ်ဖြေရှင်းမှုမျိုး လိုအပ်နေပါသည်။

ယာယီသမ္မတ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းကို လေ့လာကြည့်ပါက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့အား အလေးအနက်သတိပေးထားသကဲ့သို့ စစ်ရေးအရ စနစ်တကျ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain of Command) ကို အထူးပြုပြောဆိုသွားသည်ကို တွေ့ရသည်။

လူထုအင်အားကို မျှယူအားပြုနေကြရသည့် နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်ရေးအင်အားစုအချင်းချင်း အကြား သဘောထားကြီးမှု၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို လက်ကိုင်ထား ကာ စည်းရုံးခြင်း၊ စုစည်းခြင်းတို့ကို ညီညွတ်မှု “ထုအင်အား”ကို တည်ဆောက်ရပေလိမ့်မည်။

တနိုင်ငံလုံး “လှည်းနေလှေအောင်း မြင်းစောင်းမကျန်” ခုခံတော်လှန်စစ်ဆင်နွှဲနေကြသည့် ခုခံတော်လှန်စစ် သည် ထိုးစစ်အကြိုကာလသို့ ရောက်ရှိနေပြီ ဆိုခြင်းကြောင့် တစ်ခုတည်းသော မဟာဗျူဟာ၊ တစ်ခုတည်းသော အမိန့်ပေးကွပ်ကဲမှုစနစ် (One Strategy – One Command) အောက်တွင် မဟာဗျူဟာမြောက် ထိုးစစ်ဆင်နိုင်ရေးအတွက် စစ်ရေးအဟုန်၊ နိုင်ငံရေးအရွေ့ကို အားပျော့လေးဖင့်စေမည့် အရေးအရာ ကိစ္စရပ်များကို အချိန်မီ ဖြေရှင်းရမည်ဖြစ်ကြောင်း ရှုမြင်သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၁၂၀ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

- Advertisement -spot_img

Latest article