“သတင်းလုပ်ငန်းကို လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့မရဘူး။လုံခြုံတယ်လို့ ခံစားရတဲ့ နေရာမျိုးမှာပဲ ပုန်းခိုပြီး သတင်းလုပ်ကိုင်ရတယ်” ဒီစကားကို သျှမ်းပြည်မြောက်ပိုင်းက ပြည်တွင်းသတင်းထောက် မသူဇာ (အမည်လွှဲ) က လုံခြုံတဲ့နေရာတစ်ခုမှ နေပြီး ပြန်ပြောပြနေတာ ဖြစ်ပါတယ်။
.
သျှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များစွာရှိပြီး သူတို့ရဲ့ရန်ကိုလည်း ကြောက်ရွံ့နေရတာ ဖြစ်ပါတယ်။
မသူဇာက “ဒါကြောင့် ခါတိုင်းထက် အစစအရာရာ သတိထားပြီး သတင်းလုပ်ငန်းတွေ လုပ်ကိုင်နေရပါတယ်ရှင့်” လို့ပြောပါတယ်။
လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် သတင်းသမားများရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ခံနေရကြပြီး၊ နေ့စဉ် ဖမ်းဆီးမှုများနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ အများစုမှာ ကိုယ့်ကိုကိုယ် သတင်းထောက်လို့ မပြောဆိုရဲကြတော့ပဲ သာမာန်ဘဝနဲ့သာ ဇာတ်မြှုပ်နေထိုင်နေကြရတာ ဖြစ်ပါတယ်။
မသူဇာက “ သတင်းသမားတွေ နှိမ်နင်းခံနေရတယ်၊ ဖမ်းဆီးခံရတယ်၊ ဖမ်းဝရမ်း တွေထုတ်ခံရတယ်၊ ပြေးရတယ် လွှားရတယ် ကိုယ့်ကိုယ်ကို သတင်းသမားလို့ မမိတ်ဆက်ရဲဘူး အဲလိုမျိုး ဖြစ်နေတာဆိုတော့ သတင်းလွတ်လပ်ခွင့်ဆိုတာ မရှိဘူးလို့ပဲ ပြောချင်တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစပြီး ပြည်တွင်းသတင်း မီဒီယာလွတ်လပ်ခွင့်မှာ တစ်စထက်တစ်စ ကျဆင်းယိုယွင်းလာခဲ့တာ ဖြစ်ပါတယ်။ Committee to Protect Journalists (CPJ) (သတင်းသမားများ ကာကွယ်ရေး ကော်မတီ) အဖွဲ့ရဲ့ ထုတ်ပြန်ချက်များအရ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်များကို ထောင်ဒဏ်ချမှတ်ရာမှာ မြန်မာနိုင်ငံဟာ တတိယ အဆိုးရွားဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒီလို သတင်းထောက်များကို စစ်ကောင်စီမှ ဖမ်းဆီးနှိပ်စက်မှုကြောင့် ပြည်တွင်းသတင်းသမားများမှာ မှောင်ခိုဖြင့် သတင်းအလုပ်ကို လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။
ပြည်တွင်းမှ သတင်းထောက် အလုပ်ကိုလုပ်နေသူ ကိုရှမ်းလေး (အမည်လွှဲ) က “ ကိုယ့်ကိုယ် သတိထားပြီး နေနေရတာပေါ့။ အလုပ်လည်း ခိုးပြီး လုပ်ကိုင်နေရတာပေါ့။ ခရီးတစ်ခု သွားရင်လည်း ဖုန်းထဲက ဒေတာတွေ ဖျက်သွားရတယ်။ လုံခြုံမှုတော့ မရှိဘူးပေါ့။ ဘယ်သွားသွား သတိနဲ့ပဲ သွားလာပြီး သတင်းတွေ အမြဲနားထောင်နေရတာ” လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် သတင်းသမားများဟာ သတင်းယူရန် အခက်ခဲများစွာရှိပြီး လမ်းခရီး အသွားအလာများ၊ မြို့တွင်းသတင်းယူမှုများ၊ ဖုန်းခေါ်ဆိုမှုများ စတဲ့နည်းတွေနဲ့ သတင်းယူရာတွင်လဲ အန္တရာယ်များ ကြုံတွေ့နေကြရတာဖြစ်တယ်လို့ မသူဇာက ဆက်ပြောပါတယ်။
“မသက်သာလို့ အခြေနေ အကြောင်းကြောင့် မြို့တွေထဲသွားမယ်ဆိုရင် ယုံကြည်ရလောက်တဲ့ သူတွေကို လမ်းခရီးအခြေအနေတွေ အရင်စုံစမ်းခိုင်းပြီးမှပဲ သွားတယ်။ ခရီးထွက်ရင်တော့ အရမ်းဒုက္ခ ရောက်ရပါတယ်။ ဘာလို့ဆို ဖုန်းထဲက အချက်အလက်တွေ သိမ်းရပြုရနဲ့ အလုပ်အရမ်း ရှုပ်ရပါတယ်။ ဖုန်းတစ်လုံးပဲ ကိုင်တော့ ဖျက်ရဝှက်ရ အဲ့အတွက်နဲ့တင် အချိန်တော်တော်ပေးရတယ်” ကိုယ်ပိုင်သုံး Social Media အကောင့်များကိုလည်း လုံခြုံအောင် လုပ်ထားရပြီး၊ အချက်အလက်များကိုလည်း ခရီးမသွားခင် ရှင်းလင်းမှုများ အမြဲလိုလိုလုပ်ဆောင်နေကြရတာဖြစ်ပါတယ်။
ဖမ်းဆီးမှုများကြောင့် သတင်းသမားများရဲ့ ဘဝဟာ လုံခြုံမှု မရှိတော့ဘဲ နေထိုင်မှုအထိ သက်ရောက်မှုတွေ ကြုံတွေ့နေပါတယ်။ အခြေအနေ အမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရနိုင်ပြီး ပြည်တွင်းသတင်းထောက်များဟာ လွှတ်ရာပြေးဖို့အတွက် အမြဲအဆင်သင့် ဖြစ်အောင် ပြင်ဆင်နေကြရတာဖြစ်ပါတယ်။ ကိုရှမ်းလေးက“ အဲ့လိုကိုယ့်အတွက် လုံခြုံမှုလုံးဝ မရှိဘူး။ သွားဖို့လာဖို့ကော သတင်းယူဖို့အတွက်လဲ တော်တော်ကို ခက်ခဲတယ်။ ပြီးတော့ နေဖို့ထိုင်ဖို့လဲ လုံခြုံမှုမရှိဘူးပေါ့နော်။ တော်တော်လေးလဲ သတိထားရတယ်။ နေ့ကောညပါ မနက်ကစ ညအဆုံး အကုန်လုံး သတိထားပြီးသွားလာ နေထိုင်ရတယ်”လို့ပြောပါတယ်။
အာဏာမသိမ်းခင်မှာ စကစဖက်က တိုင်းရင်းသားဒေသတွေမှာ အမျိုးစုံ ဖိနှိပ်နေတာတွေရှိပေမဲ့ အာဏာသိမ်း ပြီးနောက်ပိုင်းမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မတရား ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ ပိုများလာပါတယ်။
ကိုရှမ်းလေးကလည်း “ဘာလို့ ဒီအလုပ်ကိုဆက်လုပ်နေသေးတာလဲဆိုတော့ ရှင်းရှင်းပြောရရင် ပြည်သူလူထုကို ကျနော်ချစ်တယ် အဲ့လိုမျိုး ဒီမီဒီယာတွေ မရှိတော့ရင် လူ့အခွင့်ရေးချိုးဖောက် တာတွေလဲပိုများလာမယ်။ ပြည်သူရဲ့ အသံ တိုင်းရင်းသားတွေရဲ့အသံ တွေက တယောက်ချင်းစီပဲ ထွက်မယ်ဆိုရင် အကျိုးသက် ရောက်မှုကမရှိဘူး။ အဲ့တော့ ပြည်သူလူထုရဲ့ အသံကို ကိုယ်စားပြုအောင် ဆက်လက်ပြီးတော့ လုပ်နေတာပါဗျ။” လို့ပြောပါတယ်။
CPJ (သတင်းသမားများ ကာကွယ်ရေး ကော်မတီ) ထုတ်ပြန်ချက်အရမှာ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတဝန်း သတင်းထောက် ထောင်ချခံရသည့် အရေအတွက်သည် စံချိန်မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင်း သတင်းသမား ၁၅၀ ကျော် ဖမ်းဆီးခံရပြီး ၃ ဦး သတ်ဖြတ်ခံထားရပြီး သတင်းတိုက် ၁၀ ခုကျော် လည်း ပိတ်သိမ်းခံထား ရကြောင်း ထုတ်ဖော်ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် သတင်းမီဒီယာတွေ ပျောက်ကွယ်သွားမယ်ဆိုရင် အရင်ခေတ် ကလိုမျိုး ပြည်သူများ သတင်းအမှောင်ခေတ်ကို ပြန်ရောက်သွားမှာ ဖြစ်တဲ့အတွက် သတင်းသမားများဟာ မိမိအသက်ကို ပဓာန မထားဘဲ ပြည်သူ့အကျိုးအတွက် အသက်အန္တရာယ်ကြားက သတင်းများ ဆက်လက်ရေးသား ဖော်ပြနေကြပါတယ်။
ဒါကြောင့် မီဒီယာဟာ အရေးပါတဲ့ စတုတ္ထမဏ္ဍိုင် တစ်ခုဖြစ်နေဆဲဖြစ်ပြီး ဖိနှိပ်ခံရမှုတွေ မတရားဖမ်းဆီးမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ဖော်ထုတ်ရာမှာ အရေးပါတဲ့ နေရာမှာရှိပါတယ်။
ဖမ်းဆီးမှုတွေ ရှိနေပေမယ့် သတင်းသမားအလုပ်ကို မကြောက်ဘဲ ဆက်လက်လုပ်ကိုင်လိုကြောင်း မသူဇာကပြောပါတယ်။
“ဒါကြောင့်မို့ ကျွန်မတို့ဒေသ ကျွန်မတို့ လူမျိုး ကျွန်မတို့ မိတ်ဆွေတွေ ဒီလို မတရားဖိနှိပ်ခံရတဲ့ ဘဝကနေ လွတ်မြောက်ဖို့အတွက်ဆိုရင် ကျွန်မတို့မှာ တာဝန်ရှိတယ်လို့ ခံစားရတယ် ဒါကြောင့် အသက် အန္တရာယ်ကြား စိန်ခေါ်မှုများစွာကြားကနေပဲ ဒီအလုပ်ကို ဆက်လုပ်နေတာပေါ့”
ဆောင်းပါးရှင် – လင်းလင်း