Sunday, May 5, 2024

လူမျိုးတိုင်းရဲ့ ရှေးဟောင်းအမွေအနှစ်ကို တန်ဖိုးထားပါ

Must read

စစ်ယူနီဖောင်း အစိမ်းရောင် ဝတ်ဆင်ထားသည့် လူတစ်စုဟာ မြေထိုးကားလို့ လူအများသိသည့် ဘူဒိုဇာကားကို အသုံးပြုပြီး တူးဖော် မြေဖို့လုပ်ဆောင်နေသည်။

.

ထိုဖြစ်ရပ်က ယခုလဆန်းပိုင်း သြဂုတ် ၇ ရက် ညနေ ၄ နာရီဝန်းကျင်က ဖြစ်ခဲ့ပါသည်။ ဖြစ်သည့်နေရာကတော့ သျှမ်းပြည် မူဆယ်ခရိုင် မူဆယ် – နမ့်ခမ်းလမ်းကြား တခေတ်တချိန်ခါက သျှမ်းဧကရာဇ် စဝ်ဆေခန်ဖ စံမြန်း နန်းတည်ခဲ့သည့် စယ်လန့်ကျေးရွာရှိ မြို့ရိုးကို ဖြိုဖျက်နေသည့် မြင်ကွင်းပါပဲဖြစ်ပါသည်။

TNLA မှ မြို့ရိုးကို မြေလာဖို့စဥ်။

စစ်ယူနီဖောင်း အစိမ်းရောင်ဝတ်ဆင်သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က သျှမ်းဧရာဇ် စဝ်ဆေခန်ဖ စံမြန်းနန်းတည်ခဲ့သည့် မြို့ရိုးကို ဘူဒိုဇာ နှင့် မြေဖို့လုပ်နေကြသည့် ကိစ္စဟာ လူမျိုးရေး ပဋိပက္ခ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။

နှစ်ပေါင်းများစွာ တအာင်း နှင့် သျှမ်းလူမျိုးများသည် အတူယှဥ်တွဲနေထိုင်လာခဲ့ကြပြီး ယခုလို TNLA ဘက်က စယ်လန့် ဒေသခံများကို တစုံတရာ အကြောင်းကြားမှုမရှိ မပြောဆိုဘဲ ပြုလုပ်ခဲ့ခြင်းဟာ ရုပ်ဆိုးအကျည်းတန်မှု လုပ်ရပ်ပါ။

စဝ်ဆေခန်ဖ က သျှမ်းသက္ကရာဇ် ၁၃၃၁ ခုနှစ် တတိယ သျှမ်းပြည်ထောင်စု နိုင်ငံတော် စုစည်းတည်ထောင်နိုင်ခဲ့သူဖြစ်ပြီး၊ သူတည်ထောင် စံမြန်းနေထိုင်ခဲ့သည့် စယ်လန့်ကျေးရွာ က ယနေ့ချိန်ထိ တည်ရှိနေဆဲပါ။

ဒေသခံများတည်ထားကိုးကွယ်တဲ့ စဝ်ဆေခန်ဖ နတ်နန်း

ထို့အပြင် မြေပြို၍ သမိုင်းမပျောက်ဆိုခဲ့သလို နိုင်ငံရေးဒဏ်၊ စစ်ရေးဒဏ် နှင့် အချိန်နှစ်လများ ကြာမြင့်ခဲ့သောကြောင့် ဧကရာဇ် စံမြန်းခဲ့သည့် နန်းတော်ဆောင် မရှိခဲ့သော်လည်း ဧကရာဇ်ကိုယ်တိုင်ဦးဆောင် တည်ဆောက်ခဲ့သည့် သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် မြို့ရိုးကတော့ ရှိနေဆဲဖြစ်သည်။

အဆိုပါ မြို့ရိုးသည် တခေတ်တချိန်က တတိယ သျှမ်းပြည်ထောင်စု ဖြစ်ပေါ်စေရေးအတွက် ၊ နန်းတော် အတွင်းသို့ ပြင်ပရန်သူများ အလွယ်တကူ မရောက်စေရေးအတွက် သမိုင်းတွင်ခဲ့သည့် ရှေးဟောင်း အမွေအနှစ် မြို့ရိုးဖြစ်သည်။

TNLA တပ်ဖွဲ့မှ မည်သူဆီ အကြောင်းကြားချက်မရှိဘဲ မြေဖို့သွားသည့် စဝ်ဆေခန်ဖ၏ မြို့ရိုး ဘောင် နေရာသည် စယ်လန့်စော်ဘွား အနွယ်တော် နှင့် ဒေသခံများ၊ သျှမ်းပြည်သူများအတွက် သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် နေရာဖြစ်ကြောင်းလည်း သိရသည်။

TNLA မှ မြို့ရိုးကို မြေလာဖို့စဥ်။

ယင်းကဲ့သို့ ရှေးဟောင်းအမွေအနှစ် စဝ်ဆေခန်ဖ၏ မြို့ရိုး ဘောင်နေရာကို TNLA တပ်မှ မြေဖို့နေစဥ် ညနေပိုင်း ၇ နာရီဝန်းကျင်တွင် SSPP ၏ ဒေသအာဏာပိုင် တပ်ဖွဲ့သည် ဆက်မလုပ်ရန်သွားရောက် တားမြစ်ပြောဆိုခဲ့ကြောင်း SSPP မြေပြင် အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ မြေဖို့နေတယ်ဆိုတဲ့ သတင်းသိ ရရချင်း ကျနော်တို့ တာဝန်ရှိပုဂ္ဂိုလ်တွေ သွားစစ်ဆေးခဲ့ပါတယ်။ အမှန်တော့ သူတို့မြေဖို့နေတဲ့ နေရာက အရင် ကျနော်တို့ တပ်နေရာဟောင်းဖြစ်တယ်၊ ဒါပေမဲ့ အခု ကျနော်တို့ မနေတော့ပါဘူး။ ဘယ်လိုပဲပြောပြော ရှေးဟောင်း အမွေအနှစ်နေရာဖြစ်လို့ သူတို့ မလုပ်သင့်ပါဘူး” ဟု SSPP မြေပြင် အရာရှိတစ်ဦးက ပြောသည်။

သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင်လည်း SSPP ၏ ဒေသအာဏာပိုင်များ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ နှင့် ဒေသခံ စုစုပေါင်း (၃၀) နီးပါးသည် TNLA တပ်ဖွဲ့ မြေဖို့ သွားသည့် မြို့ရိုးဘောင် အကျယ်အဝန်းကို သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။

မြို့ရိုးတည်ရှိရာ မြေပုံ

ယင်းကဲ့သို့ စဝ်ဆေခန်ဖ မြို့ရိုးဘောင်ကို TNLA တပ်မှ မြေဖို့ခြင်း နှင့် ပတ်သက်ပြီး သမိုင်းဝင် ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်လို ဖျက်ဆီးလုပ်လိုသည့် သဘောမျိုးဆောင်တာကြောင့် မည်သည့်အကြောင်းမျိုးဖြင့် လက်ခံနိုင်စရာ မရှိသလို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမှ ပြုလုပ်တာကိုမှ လက်သင့်ခံမှာ မဟုတ်ကြောင်းလည်း သြဂုတ်လ ၁၃ ရက်နေ့က SSPP/SSA ထုတ်ပြန်ပြောဆိုထားသည်။

ထို့အပြင် ဒေသခံများ ကျေနပ်ကျေအေးမှုရှိသည်အထိ သက်ဆိုင်ရာ တာဝန်ရှိ တာဝန်သိမှုဖြင့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ရှင်းလင်းပေးရန်လည်း SSPP/SSA ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

လက်ရှိဖြစ်သွားခဲ့သည့် TNLA တပ်မှ ရှေးဟောင်းမြို့ရိုးဘောင်ကို မြေဖို့ခြင်းလုပ်ရပ်နှင့် ပတ်သက်ပြီး သျှမ်းလူထုအကြား ကယက်ရိုက်ခတ်မှု ဖြစ်ပွားသည့် အပြင် စယ်လန့်ဒေသခံများ၏ အလေးထားသည့် နေရာတစ်ခုလည်း ဖြစ်နေကြောင်း သိရသည်။

TNLA မှ မြို့ရိုးကို မြေလာဖို့စဥ်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သမိုင်းအစဥ်အလာအရ မြို့ရိုးသည် ရန်သူတွေကို ကာကွယ်ရန် တည်ဆောက်ခဲ့သည့်အတွက် စယ်လန့်ဒေသခံများ အဆက်ဆက်က အလေးထားခဲ့ကြောင်း ထုန့်မောဝ် ဒေသ အသက် (၂၀) ကျော် သျှမ်းအမျိုးသား လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သမိုင်းအစဉ်အလာအရ ဒီမြို့ရိုးက ရန်သူတွေရဲ့ ရန်ကို ကာကွယ်ဖို့ဆိုပြီး တည်ဆောက်ခဲ့တဲ့ အတွက်ကြောင့် စယ်လန့် ရွာသူ/ရွာသားတွေရဲ့ အလေးထားတဲ့ နေရာဖြစ်တယ်၊ ပြီးတော့ ဒီနေရာတွေမှာက သျှမ်းနဲ့ တအောင်းလူမျိုးတွေ ငြိမ်းချမ်းစွာ အတူတကွ ပူးပေါင်းနေထိုင်ခဲ့ဖူးတဲ့ ဒေသဖြစ်နေတဲ့ အတွက် ကြောင့် ဒီလုပ်ရပ်ကြောင့်နဲ့ သျှမ်း နဲ့ တအောင်း အကြား လူမျိုးရေး ပြဿနာတွေ ပိုမို ဖြစ်ပေါ် လာစေတဲ့ လုပ်ရပ်လို့ မြင်မိတယ်” ဟု ထုန့်မောဝ်ဒေသခံ အမျိုးသား လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA အနေဖြင့် ယခုလို သျှမ်းသမိုင်းဝင်နေရာကို အတင်းအဓမ္မ ပြုလုပ်ခြင်းဟာ လူမျိုးရေး ရန်စခြင်းဖြစ်ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာက တစုံတရာ တုန့်ပြန်မှုမရှိတာကလည်း တဘက်လူမျိုးကို မလေးစားရာရောက်သည်ဟု အသက် ၃၀ ကျော် လူငယ် တစ်ဦးက မှတ်ချက်ပြုလိုက်သည်။

TNLA

“အခု သူတို့လုပ်ရက် က တမြင်ရန်စတာပဲ။ ကျနော်တို့ သျှမ်းတွေ သူတို့ (ပလောင်) တွေ သမိုင်းတခုခုဖျောက်ကြည့်ပါလား။ အခု TNLA ဘက်က ဘာလို့ ဒီလိုလုပ်လဲဆိုတာ စဥ်းစားလို့ မရဘူး။ လူမျိုးအချင်းချင်းကြား ပဋိပက္ခဖြစ်စေချင်တဲ့ သဘောလား စဥ်းစားစရာပဲ” ဟု အထက်ပါ လူငယ်က ဆိုပြန်သည်။

စဝ်ဆေခန်ဖ စယ်လန့် နန်းတက်နေစဥ် ကာလအတွင်း ပြင်ပ ရန်သူများ မြို့တွင်းသို့ အလွယ်တကူ မဝင်နိုင်စေရန်တွက် မြို့ရိုးကို စည်းသုံးထပ်ဖြင့် တည်ဆောက် ကာထားပြီး စစ်ရေးအရ၊ လုံခြုံရေးအရ အရေးပါခဲ့သည့် မြို့ရိုးဖြစ်ခဲ့ကြောင်း သမိုင်းအရ သိရသည်။

စယ်လန့် ရှေးဟောင်း အမွေအနှစ် မြို့ရိုးနေရာအနီး မြေဖို့နေသည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့အနေဖြင့် အပြန်အလှန် လေးစားမှု ရှိသင့်ကြောင်းလည်း ဒေသခံ များက ပြောဆို နေကြသည်။

ဒေသခံများတည်ထားကိုးကွယ်တဲ့ စဝ်ဆေခန်ဖ နတ်နန်း

“ပြောရရင် ဒီလိုကိစ္စရပ်က ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးရာရောက်တယ်၊ သက်ဆိုင်ရာ အဖွဲအစည်းတွေ ထိထိရောက်ရောက် အရေးယူပေးစေချင်တယ်၊ ဒါပေမဲ့ ဖြစ်ပြီးသွားတာကို ပြန်ယူလို့ မရတော့တဲ့အတွက် အခု မြို့ရိုးကို ထိခိုက်မှု မရှိအောင် ဝိုင်းဝန်းကူညီပေးစေချင်တယ်။ တအာင်း နဲ့ သျှမ်းလူမျိုး နှစ်ပေါင်း ၃၀ ကျော် ဒီနယ်ထဲမှာ ငြိမ်းချမ်းစွာ အတူတူ နေထိုင်ခဲ့သလို TNLA ဘက်ကလည်း ပြည်သူတွေရဲ့ အလေးထားမှုကို လေးစားမှု ပေးသင့်ပါတယ်” ဟု ထုန့်မောဝ်ဒေသက လူငယ်က ဆက်ဆိုသည်။

လက်ရှိ TNLA တပ်ဖွဲ့မှ မြေဖို့သွားသည့် မြို့ရိုးဘောင်သည် ဧရိယာ အကျယ်အဝန်း ပေ ၁၀၀ ဝန်းကျင် ရှိနေပြီး မြို့ရိုး၏ စုစုပေါင်း ဧရိယာသည် မိုင်ပေါင်း ၄ မိုင် နီးပါး ရှိနိုင်ကြောင်းလည်း ဒေသခံများက ပြောသည်။

TNLA မှ မြို့ရိုးကို မြေလာဖို့စဥ်။

မြို့ရိုးကို မြေဖို့သည့် လုပ်ရပ်ကို ဆန့်ကျင် ရှုံ့ချကြောင်း ပြည်သူလူထုများ နှင့် SSPP/SSA တို့၏ ထုတ်ပြန် ပြောဆိုချက်များ နှင့် ပတ်သက်ပြီး PSLF/TNLA ဘက်မှ တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုမှုကို မတွေ့ရသေးပေ။

PSLF / TNLA ၏ ပြန်ကြားရေး ဌာနထံသို့ ဖုန်း နှင့် ဆက်သွယ်မေးမြန်းသည့် အချိန်မှာတော့ “ယခုကိစ္စ အထက်လူကြီးကို တင်ပြထားပါတယ်။ လူကြီးက အကြောင်းမပြန်သေးတဲ့အတွက် ဘာမှပြောပိုင်ခွင့် မရှိသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို အကြောင်းပြန်သည်။

သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်များ၊ စာပေယဥ်ကျေးမှု နှင့် ထုံးတမ်းစဥ်လာများ၊ သက်ဝင်ယုံကြည်မှုများကို တမင် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းဖြစ်သည် သာမက နိုင်ငံတကာ ကြေညာထားသည့် United Nations Declaration on the Right of Indigenous Peoples (UNDRIP) ကမ္ဘာ့ ကုလသမဂ္ဂ ဌာနေ တိုင်းရင်းသားများအခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း အပိုဒ် (၃၀) ကို ဖောက်ဖျက်ရာကျသည် ဟု သျှမ်းလူမှု့ အဖွဲ့အစည်းများက သြဂုတ် ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

Photo- Credit စယ်လန့်ဟော်နန်း

စစ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် သာသာရေး အဆောက်အဦး ၊ ရှေးဟောင်း သမိုင်းဝင်နေရာများကို သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်း နှင့် ပျက်စီးစေခြင်း မပြုလုပ်ရဘဲ အထူးကာကွယ်စောင့်ရှောက်ပေးသော ဇုန်နယ်မြေ အဖြစ် “ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ဥပဒေ” International Humanitarian Law (IHL) တွင် လည်း ပြဌာန်းထားသည်။

TNLA ဦးဆောင်သူများအနေဖြင့် စယ်လန့်ရှိ သမိုင်းဝင် ရှေးဟောင်းမြို့ရိုးကို ဘူဒိုဇာ မြေထိုးစက်ဖြင့် ဖြိုချ ဖျက်ဆီး အမိန့်ပေးစေခိုင်းသူ နှင့် ဖြိုချ ဖျက်ဆီးသူတို့ကို ပြည်သူများ၏ ရှေ့မှောက်တွင် လျန်မြန်ထိရောက်စွာ အရေးယူပေးရန် သျှမ်းလူမှုအဖွဲ့အစည်း (၄၀) ကျော် က ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာမှ ဒေသသန္တရစည်းကမ်း ချက်တွင် စယ်လန့်ကျေးရွာရှိ ရှေးဟောင်းမြို့ရိုး မပျက်စီးစေရေးအတွက် မြို့ရိုးနှင့် ပေ (၃၀) အကွာ တွင် နေအိမ်ဆောက်လုပ်ခြင်းများ မပြုလုပ်ရန်လည်း စည်းကမ်းချက် သတ်မှတ် ထုတ်ဝေထားကြောင်း သိရသည်။

မည်သို့ပင်ဆိုစေကာမူ တစ်ခေတ်တစ်ခါက တရုတ်ပြည်၏ တစ်စိတ်တစ်ဒေသအထိ အင်ပါယာ အာဏာစက် ကျယ်ပြန့်ခဲ့သည့် စဝ်ဆေခန်ဖ၏ သမိုင်းဝင် အမွေအနှစ်များကို ဖျက်လိုဖျက်ဆီးလုပ်ရမည့် အစား ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သင့်ကြောင်းလည်း ပြောဆိုနေကြသည်။

Leave a Comments

- Advertisement -spot_img

Latest article