Tuesday, April 30, 2024

“မိုးဗြဲ – ပင်လောင်းတွေဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ချေရှိတယ်”

Must read

သျှမ်း – ကရင်နီ နယ်စပ်မှာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ တိုက်ပွဲပြင်းထန်နေပြီး လက်ရှိ ကရင်နီ မယ်စဲ့မြို့ ၊ ဘောလခဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ကရင်နီပြည်တွင်း တိုက်ပွဲ အခြေနေ ဘယ်လိုရှိနေလဲ။ သျှမ်းပြည် ဖယ်ခုံမြို့နယ် နဲ့ ပင်လောင်းမြို့နယ်ဘက်မှာကော တိုက်ပွဲတွေ ဘယ်လို ဆက်ဖြစ်လာနိုင်မလဲ။ မြို့ပြ နဲ့ ပြည်သူတွေရဲ့ အခြေနေ ဘယ်လိုရှိနေလဲဆိုတာကို ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေး (IEC) အတွင်းရေးမှူး ၂ ဗညားခွန်အောင်ကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေး (IEC) အတွင်းရေးမှူး ၂ ဗညားခွန်အောင်

မေး ။ ။ လက်ရှိ ကရင်နီပြည် နဲ့ သျှမ်းပြည် နယ်စပ်ကြား တိုက်ပွဲအခြေနေ ဘယ်လိုရှိနေပါသလဲ။

ဖြေ။ ။ လောလောဆယ် တိုက်ပွဲကတော့ ဘယ်နားများလဲဆိုရင်တော့ ထိုင်း – ကရင်နီ နယ်စပ်မှာ တိုက်ပွဲတွေကတော့ အချိန်အားလျော်စွာ တိုက်ပွဲဖြစ်နေတာ ရှိတယ်။ နောက်ပြီးတော့ ပိုပြီးတော့ ပြင်းထန်တာကတော့ မယ်စဲ့ဘက်မှာပေါ့။ မယ်စဲ့ နဲ့ ဘောလခဲ တွေဘက်မှာ။ အထူးသဖြင့် ရွာသစ်တွေဘက်မှာပေါ့။ အဲ့ဒီဘက်မှာတွေတော့ စစ်ရေးအရတော့ ရှိတယ်။ တင်းမာမှုတွေ ရှိတယ်။ တိုက်ပွဲတွေ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့မှ တိုက်ပွဲတော့ မရှိဘူး။ သို့ပေမဲ့လည်း စစ်တပ်ကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတာကတော့ ရှိတယ်။

အထူးသဖြင့် ဘောလခဲမြို့ပေါ်ကနေ ရမ်းသမ်းပြီးတော့မှ ရွာတွေဘက်ကို လှမ်းထုတာတော့ အခုထိ နေ့တိုင်းရှိတယ်။ နောက်ပြီးတော့မှ သံလွင်မြစ် အရှေ့ဘက်ခြမ်းကို ဦးတည်ပြီးတော့ ပစ်ခတ်တာတွေကတော့ ရက်တိုင်းရှိတယ်ပေါ့။ လေယာဉ်ကတော့ အခါအားလျော်စွာ နေ့တိုင်းနီးပါး ဗုံးကြဲတာတွေ ၊ ကင်းလှည့်တာတွေ ရှိတယ်။ လောလောဆယ် ဒီးမော့ဆို ဘက်မှာတော့ အသံ နည်းနည်းတိတ်နေသေးတယ်။ ဖရူဆိုဘက်လည်း နည်းနည်း ငြိမ်နေသေးတယ်။ အခုတော့ ဘောလခဲဘက်တော့ တိုက်ပွဲတွေ ပုံမှန်တော့ ရှိနေတာပေါ့။ မိုးဗြဲဘက်မှာတော့ ငြိမ်နေတယ်။ ဒါမဲ့ သျှမ်း – ကရင်နီ နယ်စပ် ယာဒိုဘက်မှာ ဒီရက်ထိ တိုက်ပွဲဆက်ပြီးတော့မှ တိုက်ခိုက်နေတာ ရှိတယ်။ လူဦးရေပေါင်း ၂ ထောင် ဝန်းကျင်လောက်က နေရာ တော်တော်များများကို ပြန့်နှံ့ပြီးတော့မှ ရွှေ့ပြောင်းသွားတာတော့ ရှိပါတယ်။ ဒါကတော့ စစ်အခြေနေပေါ့။ နောက်ပြီးတော့ တစ်ခြားတစ်ဖက်မှာကတော့ စစ်ကောင်စီဘက်ကနေ စစ်အင်အားတွေ ဖြည့်လာတာတော့ ရှိပါတယ်။

မေး။ ။ စစ်အင်အား ဖြည့်လာတယ်ဆိုတာက ဘယ်တပ်ရင်းဘက်ကနေ စစ်အင်အားတွေ ဖြည့်လာတာလဲ။

ဖြေ ။ ။ ကျနော်တို့ သိသလောက်တော့ သျှမ်းပြည်ထဲမှာရှိတဲ့ တပ်မ တွေက အဓိထားပြီး ကရင်နီဘက်ကို ရောက်လာတာပေါ့။ တပ်မ ၇၇ ၊ ၅၅၊ ၄၄ တို့ နောက် စကခ ၂ ၊ ၁၄ တို့ သျှမ်းပြည်အရှေ့က တစ်ချို့တပ်ရင်းတွေတောင်မှ ကျနော်တို့ ဒီဘက်ခြမ်းထိ ရောက်လာပြီ။ သျှမ်းတောင်ထဲက တပ်ရင်းတွေကလည်း ကျနော်တို့ ကရင်နီပြည်ထဲကို ဝင်လာပြီ။ ဝင်လာတဲ့ လမ်းကြောင်းကတော့ ၂ ကြောင်းရှိတာပေါ့။ ပထမ တစ်ကြောင်းကတော့ ပင်လောင်း – ဖယ်ခုံ – မိုးဗြဲကနေ လွိုင်ကော် ဝင်လာတာက တစ်ကြောင်း ၊ နောက်တစ်ကြောင်းကတော့ တောင်ကြီး ကနေ ဆီဆိုင် -လွိုင်လင် လွိုင်ကော် ဆိုပြီးတော့မှ ဝင်လာတာရှိတယ်။

မေး။ ။ ရှေ့ဆက်ပြီးတော့ ကရင်နီပြည် နဲ့ သျှမ်းပြည် နယ်စပ်တွေမှာ စစ်ရေးအခြေအနေ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ။

ဖြေ။ ။ သျှမ်း – ကရင်နီ နယ်စပ်ကို ကျနော် သေချာပြောနိုင်ဖို့တော့ ခက်တယ်။ အထူးသဖြင့်တော့ မိုးဗြဲတို့ တောင်စလုံး၊ မြောက်စလုံးတို့ ဘက်မှာကတော့ ကျနော်တို့ ထင်တာကတော့ စစ်ကောင်စီဘက်က အခြေနေ ကြည့်ပြီးတော့မှ စစ်ပြန်ထိုးဖို့ အခြေနေရှိပါတယ်။ အဓိက အခုက လွိုင်ကော်မြို့ပေါ်ကို ခုနက ပြောတဲ့ လမ်းကြောင်းတွေနဲ့အပြင် လေယာဉ်တွေနဲ့ လက်နက်ခဲယမ်းတွေကို တော်တော်လေး ပို့ထားတာ ရှိပါတယ်။ ဒီရက်ပိုင်းတွေကြားမှာ စစ်ကောင်စီက တစ်ခုခုလုပ်လိမ့်မယ်လို့တော့ ကျနော်တို့တော့ ခန့်မှန်းရတာပေါ့နော်။

ဒါပေမဲ့ သူတို့လိုချင်တဲ့ သူတို့လိုအပ်တဲ့ တပ်ရင်းတွေ လူအင်အားကတော့ လွိုင်ကော်မြို့ ပေါ်မှာ ရောက်နေပြီလိုတော့ အကြမ်းဖြင့်တော့ ကျနော်တို့ ပြောလို့ရတာပေါ့။ လက်ရှိ မယ်စဲ့ဘက်မှာ စစ်ရေးအရ တစ်စုံတစ်ရာ ငြိမ်သွားပြီဆိုရင် ဒီဘက် မိုးဗြဲ – ပင်လောင်းတွေဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ချေရှိတယ်။ အခုလည်း ယာဒိုဘက်မှာ တိုက်ပွဲဖြစ်တော့ နေပြည်တော်ဘက်ကနေ ယာဒိုကျေးရွာထဲကို စစ်ကြောင်းတွေ အများကြီး ထိုးလာတာတွေ ရှိတယ်။ စစ်မျက်နှာပြင်တော့ ပြောင်းနေတာတော့ ရှိပါတယ်။

မေး။ ။ ရှေ့ဆက်တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ပါသလား။ ဘာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်မလဲဆိုတာကို ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ။ ။ ကျနော်ထင်တာက အကြောင်းရင်း ၂ ခု ရှိလိမ့်မယ်။ တစ်ခုက ကျနော်တို့ ကရင်နီပြည်က လက်ရှိမှာ တိုင်း နဲ့ ပြည်နယ် အားလုံးတွေထဲမှာက ကျနော်တို့ အားလုံးရင်းပြီးတော့မှ ကျနော်တို့ တိုက်လိုက်ပြီ။ ကျနော်တို့ တိုက်ပွဲမရှိတဲ့ မြို့နယ် မရှိသလို၊ တိုက်ပွဲမရှိတဲ့ မြို့လည်း မရှိတော့ဘူးပေါ့။ ကျနော်တို့က ရင်းပြီးတော့မှ တိုက်လိုက်တော့ သူတို့ အတွက် အထိနာတာတွေ ရှိတယ်။ အဲ့ကြောင့်မလို့ ကျနော်တို့ မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်တဲ့ ပုံစံမျိုးဖြစ်သွားပြီးတော့မှ တစ်နေရာလေးပဲ စစ်ကောင်စီက ပိတ်မိနေတာပေါ့နော်။ ကျန်တဲ့နေရာတွေအားလုံး ကျနော်တို့ သိမ်းလိုက်ရတာတွေ ရှိတယ်။ အဲ့ကြောင့် သူတို့က တစ်ချို့နေရာတွေကို ပြန်လိုချင်တာပေါ့နော်။ သူတို့ ဒီလိုပြန်လိုချင်တဲ့ အတွက်ကြောင့်မလို့ စစ်ရေးအရှိန်ကို အပြင်းထန် ထိုးစစ်ဆင်တယ်။ နောက်တစ်ခြား တစ်ခုကလည်း ကျနော်တို့ ပြည်နယ်က တစ်ချို့ တိုင်းဒေသကြီး တစ်ချို့တွေ နဲ့ အတူ စစ်မျက်နှာပြင်တွေ အများဖွင့်လိုက်တဲ့အတွက်ကြောင့်မလို့ သူတို့ကလည်း အနိုင်ပိုင်းချင်တာပေါ့နော်။ အနိုင်ပိုင်းဖို့အတွက်က သူတို့မှာရှိနေတဲ့ တပ်အင်အား နဲ့ မနိုင်ဘူး။

အဲ့ကြောင့် ကျနော်တို့ ပြည်နယ် နဲ့ နီးစပ်တဲ့ တိုက်ပွဲမဖြစ်တဲ့ အထူးသဖြင့် သျှမ်းပြည်ကနေ သျှမ်းပြည် တောင်ပိုင်း နဲ့ သျှမ်းပြည် အရှေ့ပိုင်းဘက်က တပ်တွေကို ကျနော်တို့ ပြည်နယ်ထဲ အများကြီး ပို့တယ်။ အဲ့ကြောင့်မလို့ တိုက်ပွဲလည်း ပိုပြင်းထန်လာနိုင်တယ်။ တကယ်လို့များ သျှမ်းပြည်တွင်းလည်း တိုက်ပွဲတွေ ရှိမယ်ဆိုရင် သေချာတာတော့ သူတို့ တပ်အင်အားကို ကျနော်တို့ ပြည်နယ်ထဲ လွတ်လို့ မရဘူး။ ဒါဆိုရင် ကျနော်တို့က မြို့ပြတိုက်ပွဲတွေကို ကျနော်တို့ ဆင်နိုင်မယ်။ တစ်ချို့ ဧရိယာတွေမှာတော့ တိုက်ပွဲဖြစ်မှုက ရပ်သွားနိုင်တယ်ပေါ့။ ဒါမဲ့ အခုက အဲ့လိုမျိုး မဟုတ်ပဲနဲ့ ကျနော်တို့ရဲ့ အနီးနား ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် တိုက်ပွဲ မဖြစ်တဲ့ ဧရိယာတွေ များနေတယ်။ အဲ့ဒီကနေ တပ်တွေကို ကျနော်တို့ထဲ တအားပို့လာတဲ့အတွက်ကြောင့်မလို့ ကျနော်တို့မှာ တိုက်ပွဲ ပြင်းထန်တယ်လို့လည်း ကျနော်တို့ ပြောလို့ရပါတယ်။

မေး ။ ။ လက်ရှိမှာ IEC အဖွဲ့လည်းရှိလာပြီဆိုတော့ အခုတိုက်ပွဲက ကရင်နီပြည်နယ်ကို ပြန်တိုက်ယူတဲ့ တိုက်ပွဲ လို့ ပြောနိုင်ပါသလား။

ဖြေ။ ။ ကျနော်တို့က ယုံကြည်ချက် ရှိထားပြီးသား။ ကျနော်တို့ ကရင်နီပြည် တစ်ပြည်နယ်ထဲ လွတ်မြောက်ရင်လည်း မြန်မာနိုင်ငံမှာ လွတ်မြောက်မှာ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့ ကရင်နီပြည်နယ် တစ်ပြည်နယ်ထဲပဲ တိုက်နေရင်လည်း မြန်မာနိုင်ငံထဲက လွတ်မြောက်မှာ မဟုတ်ဘူး။ အားလုံးဝိုင်းတိုက်မှ ဝိုင်းရွှေ့မှသာလျှင် ရွှေ့မှာမလို့ပါ။ ကျနော်တို့ IEC ကလည်း အစကတည်းက ရည်ရွယ်ချက် ရှိထားပြီးသားပါ။ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ကို ကျနော်တို့ ထူထောင်မယ်။ ဖယ်ဒရယ် ရဲ့ အရေးကြီးတဲ့ ယူနစ်ဖြစ်တဲ့ ကျနော်တို့ ပြည်နယ်တွေရဲ့ အုပ်ချုပ်ရေး ယန္တာရားတွေကို အထူးသဖြင့် လူထုဝန်ဆောင်မှု လုပ်ငန်းတွေကို ပိုပြီး စနစ်တကျ ဖြစ်အောင်၊ ပိုပြီးတော့မှ အားကောင်းတဲ့ တော်လှန်ရေးမှ စနစ်တကျ ပိုပါဝင်လာနိုင်တဲ့ အချက်ဖြစ်ပါတယ်။

ကျနော်တို့ ပြည်နယ်ကို ပြန်တိုက်ယူတာထက်စာရင် အားလုံးတိုက်ယူမှ ရမဲ့ အခင်းကျဉ်းဖြစ်တဲ့ အတွက်ကြောင့်မလို့ ကျနော်တို့ဘက် ဝန်ဆောင်မှု ပိုအားကောင်းအောင် လက်နက်ကိုင် အုပ်ချုပ်ဖွဲ့တွေကြားမှာ ဒေသန္တရ အုပ်ချုပ်ရေးတွေမှာ ပိုပြီးတော့မှ အားကောင်းမှု နဲ့ လူမှုရေး ၊ စီးပွားရေး ၊ လုပ်ငန်းတွေမှာပိုပြီး အားကောင်းလာအောင်ဆိုတဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။ တစ်ခြားတစ်ဖက်မှာလည်း ကျနော်တို့ ဖယ်ဒရယ် ပြည်ထောင်စုကို အတူတကွ ချီတက်ဖို့အတွက် ကျနော်တို့ရဲ့ ရည်စူးတိုက်ပွဲဝင်ခြင်း ဖြစ်ပါတယ်။

မေး။ ။ တိုက်ပွဲကြောင့် လက်ရှိ မြို့ပြ နဲ့ ပြည်သူတွေ ရဲ့ အခြေနေတွေကကော ဘယ်လိုရှိနေပါသလဲ။

ဖြေ။ ။ အခုဆိုရင် မြို့တော်တော်များများက ယန္တာရား လည်ပတ်မှုက ရပ်ကုန်ပြီ။ အထူးသဖြင့် စစ်ကောင်စီရဲ့ ယန္တရားတွေလည်း တော်တော်လေး ရပ်ကုန်ပြီ။ လွိုင်ကော်မြို့ တစ်မြို့ကလွဲရင်ပေါ့။ လွိုင်ကော်မှာတော့ တစ်ချို့ဘဏ်တွေ ပြန်ဖွင့်တယ်။ ကျောင်းတွေ လည်ပတ်မှုတွေရှိတယ်။ ဆေးရုံတွေ လည်ပတ်တာတွေ ရှိတယ်။ ဒါပေမဲ့လည်း ကျောင်းတွေရဲ့ လည်ပတ်မှုကတော့ မမှန်ဘူး။ သူ့ရဲ့ ရပ်ကွက်အလိုက်မှာရှိတဲ့ကျောင်းမှာ ကျောင်းတက်ရတယ်။ ရပ်ကွက်ထဲက ရှိတဲ့ဆရာ ၊ ဆရာမကပဲ အဲ့ဒီ ရပ်ကွက်ကျောင်းမှာ စာသွားသင်ရတာပေါ့။ အဲ့တာတွေက မှန်တဲ့ ကျနော်တို့ရဲ့ ပြည်နယ်စနစ်မဟုတ်ဘူး။ တကယ် လက်တွေ့သင်ကြားနိုင်မှု ပမာဏလည်း မကောင်းဘူးပေါ့။ ဖြစ်လည်းမဖြစ်နေဘူးဆိုတာ ကျနော်တို့ တွေ့ရတယ်။

အဲ့တာကလွဲလို့ ကျန်တဲ့ တစ်ခြားမြို့တွေက လည်ပတ်တာတွေ မရှိတော့ဘူး။ စစ်ကောင်စီ အထိုင်ရှိရုံကလွဲရင် ဘာမှမရှိတော့ဘူး။ လူဦးရေကလည်း ထက်ဝက်ကျော်က မရှိတော့ဘူး။ ရာဂဏန်းပဲ ကျန်တော့တယ်။ အခုဆိုရင် ဒီးမော့ဆို နဲ့ ဖရူဆိုကတော့ ဘာယန္တာရားမှ မရှိတော့ဘူး။ တကယ် စစ်မျက်နှာပြင် ဖြစ်သွားတယ်။ နောက်ပြီးတော့ ဘောလခဲမှာဆိုရင်လည်း ကျနော်တို့ လူဦးရေက ၂ ထောင်ကျော်ကျော်ရှိတဲ့အထဲမှာ အခုက ၁ ထောင်ဝန်းကျင်ပဲ ကျန်တော့တယ်။ ၁ ထောင်ဝန်းကျင်ကလည်း တပ်ပိုင်းဆိုင်ရာ တစ်ဝက်ရှိတယ်။ နောက်ကျန်တဲ့ တစ်ဝက်တော့ ပြည်သူလူထုတွေရှိတယ်။ လူဦးရေ ၅၀ ရာခိုင်နှုန်းက မြို့ပေါ်မှာ မရှိတော့ဘူး။ အဲ့ဒီရှိတဲ့ ၅၀ ရာခိုင်နှုန်းတောင်မှ နောက်ထက် ၂၅ ရာခိုင်နှုန်းက တပ်မိသားစုဝင်တွေ ဖြစ်တယ်။ ကျန်တဲ့လူထုတွေက နည်းနည်းလေးပဲ ကျန်တော့တယ်။ ကျနော်တို့ ဒီဘောလခဲမှာလည်း ဘာယန္တာရားမှ မလည်ပတ်တော့ဘူး။

ဆေးရုံတွေတောင် စစ်ဆေးရုံပဲ ကျန်တော့တယ်။ ဒါတောင်မှ စစ်ဆေးရုံမှာ ဆေးရုံတက်နိုင်ဖို့က ထောက်ခံစာတွေ ရေးရတယ်။ ထောက်ခံစာပါမှပဲ ဆေးရုံသွားလို့ ရတာမျိုးဖြစ်သွားတယ်။ ကျောင်းကတော့ ပြောစရာမလိုတော့ဘူး။ ဘောလခဲက လူထုလည်း ပြေးတာကြာပြီ။ အရင်လကတည်းက စပြေးသွားကြတယ်။ အခုဆေးရုံလည်း ပိတ်လိုက်ပြီ။ ကျောင်းလည်း ပိတ်လိုက်ပြီ။ လူတွေကလည်း ရှောင်ပြေးကုန်ကြပြီ။ နောက်ဆုံး ကျနော်တို့ မြို့ဖြစ်တဲ့ မယ်စဲ့မြို့ဆိုလည်း ကျနော်တို့ သိမ်းထားတာပေါ့။ အဲ့မှာလည်း ယန္တာရား မရှိတော့ဘူး။ ဆိုတော့ ကျနော်တို့ ပြည်နယ်မှာ ဘယ်မြို့ဖြစ်ဖြစ် ဘာမှ ယန္တာရား မရှိတော့ဘူးပေါ့နော်။ ကျနော်တို့ကလည်း မလည်ပတ်နိုင်သလို ၊ စစ်ကောင်စီကလည်း မလည်ပတ်နိုင်တော့ဘူး။ မယ်စဲ့တစ်မြို့နယ်လုံးကို ကျနော်တို့ သိမ်းထားလိုက်ပါပြီ။ အခုတော့ မယ်စဲ့မှာ နယ်ခြားစောင့်တပ်စခန်းလောက်ပဲ ကျန်ပါတယ်။ ကျန်တာတော့ ကျနော်တို့ လူထုတော်လှန်ရေး အင်အားစုထဲမှာ ရှိနေတာပေါ့။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများ ထပ်ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ ။ ။ ကျနော်ကတော့ စစ်ရေးထက်စာရင် လူသားချင်းစာနာထောက်ထားမှု အပိုင်းကိုတော့ နည်းနည်းပြောချင်ပါတယ်။ ကျနော်တို့ ပြည်နယ်က လူဦးရေ ၄ သိန်းခွဲ ဝန်းကျင်လောက်ရှိတယ်။ အဲ့ထဲ ၂ သိန်း ၇ သောင်းလောက်ကတော့ စစ်ဘေးရှောင် ဘဝကို ရောက်သွားပြီ။ အများစုက ပြည်နယ်ထဲမှာ ရှိတယ်။ ထိုင်းနိုင်ငံထဲမှာ ၉ ထောင် ဝန်းကျင်လောက် ရောက်သွားတယ်။ အထူးသဖြင့် သျှမ်းပြည် တောင်ကြီးခရိုင်ထဲက ပင်လောင်း ၊ ဆီဆိုင်တို့ ၊ အင်းလေးဘက်တွေမှာ ကျနော်တို့ ကရင်နီပြည်နယ်က ပြည်သူ ၊ ပြည်သားတွေ သွားရောက် ခိုလှုံကြတယ်ပေါ့။ အဲ့ကြောင့် ကျနော်တို့ တောင်းဆိုချင်တာက သျှမ်းပြည်မှာရှိတဲ့ ညီအကို မောင်နှမတွေလည်း အတတ်နိုင်ဆုံး ကျနော်တို့ ကရင်နီပြည်ကနေ ရွှေ့ပြောင်းလာတဲ့ စစ်ဘေးရှောင်တွေကို နိုင်တဲ့ဘက်ခြမ်းကနေ ဝိုင်းဝန်း ကူညီပေးဖို့ အတွက်ပေါ့နော်။

အခုကလည်း UN တွေဆီကနေ စားနပ်ရိက္ခာ ပံ့ပိုးမှု မရှိတော့ဘူးဆိုတာ ကြားလိုက်ရတယ်။ နောက်ပြီးတော့မှ အခက်ခဲတွေ အများရှိတယ်ဆိုတာ ကြားလိုက်ရတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း အဲ့ဒီဘက်သွားပြီးတော့မှ ကူညီပေးနိုင်တဲ့ အနေထား မရှိတဲ့ အတွက်ကြောင့်မလို့ ကျနော်တို့ ဘယ်လိုပဲပြောပြော သျှမ်း – ကယား နယ်စပ် သျှမ်းပြည်တွေနဲ့လည်း သမိုင်းရှိထားတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ပြည်နယ်က စစ်ဘေးရှောင်တွေကို ကူညီ ထောက်ပံ့ပေးဖို့ ပိုပြီးတော့မှ ကျနော်တို့ ပြည်ထောင်စု စိတ်ဓာတ် နဲ့ ရှိသမျှ တိုင်းရင်းသားအားလုံးနဲ့အတူတကွ တိုက်ပွဲတွေမှာ မပါဝင်နိုင်သေးရင်တောင်မှ လူထုတွေရဲ့ စားဝတ်နေရေးတွေကို ပံ့ပိုးပေးဖို့အတွက်ပေါ့။ ကျနော်တို့ ပြည်နယ်က လူမှုရေး၊ စီးပွားရေးတွေ ပျက်စီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့ကို ကူညီပေးဖို့အတွက် အဓိက တောင်းဆိုလိုပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article