ကုန်စျေးနှုန်းကြား အိမ်ရှင်မတွေရဲ့ သောက

မနက်အစောချိန် စျေးခြင်းတောင်းကို လက်ကနေဆွဲပြီး လိုအပ်တဲ့ စားသောက်ကုန် ပစ္စည်းတွေကို တွေးတောကာ စျေးထဲ ကုန်စုံဆိုင်သို့ နန်းခမ်းလျန်း တယောက် ဦးတည်သွားနေပါတယ်။

ကုန်စုံဆိုင်

နန်းခမ်းလျန်း တယောက်ဟာ အသက် (၇၀) ကျော် မိခင်အမေအို နဲ့ အတူနေထိုင်တဲ့ သူဖြစ်တဲ့အလျောက် အမေအိုရဲ့ အာဟာရ ဖြည့်စွက်စာ ကုန်နေတာကို သတိထားကြည့်ပြီး ဝယ်ယူဖို့အတွက် စာရင်းထဲ ထည့်လိုက်ပါတယ်။

ဒါ့ကြောင့် ကုန်စုံဆိုင်သို့ ရောက်သွားတဲ့အချိန်မှာ “နို့မှုန့် Ensure ဘယ်လောက်လဲ” လို့ မေးမြန်းချိန် ဆိုင်ရှင်အမက “ တဗူး ၆၅,၀၀၀ (ခြောက်သောင်းငါးထောင်)ကျပ်” လို့ လှမ်းပြီး အော်ပြောလိုက်ပါတယ်။

အဲ့ဒီ စျေးနှုန်းကို ကြားလိုက်ရတဲ့ နန်းခမ်းလျန်းကတော့ ထိတ်လန့်မှု ဖြစ်ခဲ့ရပါတယ်။ သူမဟာ လွန်ခဲ့တဲ့ လပိုင်းတုန်းက တဗူးကို ၅၃,၀၀၀ ကျပ် (ငါးသောင်း သုံးထောင်ကျပ်) သာပေးဝယ်ခဲ့ရာ အခုလမှာတော့ ကျပ်ငွေ တသောင်းကျော် ခုန်တက်သွားတဲ့အတွက် သူမဟာ မျက်နှာငယ် နဲ့ ဆိုင်ကနေ လှည့်ထွက်လာခဲ့ရပါတယ်။

သျှမ်းပြည်တွင်း စျေး

“အမေသောက်နေကျ နို့မှုန့်က အရင်က ၅၃,၀၀၀ ကျပ်လောက်ပဲ ရှိတယ်။ အခုက ၆၅,၀၀၀ ကျပ်လောက် ရှိသွားပြီ။ အဲ့လို ဈေးတက်သွားလို့ ဆက်မဝယ်ဖို့ ဆုံးဖြတ်လိုက်ရတော့ အခုအမေ့ကိုတောင် အဲ့နို့မှုန့် ဝယ်မတိုက်နိုင်တာ ၃ လကျော် ၄ လလောက် ရှိတော့မယ် “ ဟု နန်းခမ်းလျန်းက ပြောပြနေပါတယ်။

နန်းခမ်းလျန်း နေတဲ့ မြန်မာ – တရုတ်နယ်စပ် သျှမ်းပြည် မူဆယ်မြို့မှာ တရုတ်ငွေစျေး အတက်အကျကြောင့် ကုန်စျေးနှုန်းတွေကလည်း လိုက်တက်လာတဲ့အတွက် အခက်အခဲ မျိုးစုံရင်ဆိုင်နေရပါတယ်။

“ဒီမှာက တရုတ်ငွေစျေး တက်ရင်လည်း ကုန်စျေးနှုန်းက တက်တယ်။ ထိုင်းက ပစ္စည်းတွေဆိုရင်လည်း အဆင့်ဆင့် ပို့တော့ စျေးတက်တယ်။ နေ့တိုင်းနီးပါး ကုန်စျေးနှုန်း တက်နေတဲ့ သဘောပဲ” လို့ နန်းခမ်းလျန်းက လက်ရှိ ရင်ဆိုင်နေရတဲ့ အကြောင်းကို ပြောပြလာပါတယ်။

သျှမ်းပြည်တွင်း စျေး

လွန်ခဲ့တဲ့ ဇွန်လဆန်းပိုင်းတုန်းက တရုတ်နယ်စပ်ဒေသ မူဆယ်မြို့မှာ တရုတ်ယွမ်ဈေးဟာ ၁၀၀ ယွမ်ကို မြန်မာကျပ်ငွေ (၄၁,၈၀၀) ကျပ်ကနေ (၄၂,၃၀၀) ကျပ်အထိ ဈေးနှုန်း မြင့်တက်နေခဲ့ပြီး နောက်ဆုံး တတိယအပတ်ထဲ၌ တရုတ်ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေ (၄၃,၀၀၀) ကျပ်မှ (၄၅,၀၀၀) ဝန်းကျင်အထိ ခုန်တက်လာပါတယ်။

အဲ့ဒီလို တရုတ်ယွမ်ငွေဈေးတွေ တရိပ်ရိပ် မြင့်တက်သွားတာကြောင့် လူသုံးကုန် ပစ္စည်း၊ စားသောက်ကုန် ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေဟာလည်း တရိပ်ရိပ် နဲ့ လိုက်တက်လာရတာ ဖြစ်တယ်လို့ နန်းခမ်းလျန်းက ပြောပြနေပါတယ်။

“စားသုံးဆီ ၃ ပိဿ တစ်ဗူးကို အခု (၂၅,၀၀၀) ကျပ်ထိ ရောက်သွားပြီ။ ယွမ်ငွေဈေးကျရင် သူတို့လည်း ဈေးလျော့တယ်။ ယွမ်ဈေးက မြင့်လာပြီဆိုရင် သူတို့က ဈေးတက်လိုက်တယ် “ လို့ နန်းခမ်းလျန်း ပြောပြရင်း စိတ်မောနေပါတယ်။

သျှမ်းပြည်တွင်းစျေး

ကိုဗစ်ရောဂါ မဖြစ်ပွားခင် ကာလတုန်းက နန်းခမ်းလျန်းတို့ရဲ့ သားအမိ မိသားစုတွေဟာ တရုတ်နယ်စပ်ဒေသ မူဆယ်မြို့မှာရှိတဲ့ ဈေးထဲမှာ ဈေးသည်အဖြစ်နဲ့ ကုန်စိမ်းရောင်းချပြီး ဝမ်းရေးအတွက် သမာရိုးကျ အလုပ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ကိုဗစ်ရောဂါ ပြန့်ပွားချိန်ကစလို့ ကုန်စိမ်းရောင်းနေကျ ဈေးဟာ ပိတ်သိမ်းလိုက်ရပြီး ထပ်မံ ရွှေ့ပြောင်းလိုက် ရတဲ့အတွက် ဆိုင်ခန်းအသစ် ငှားဖို့ ခက်ခဲလာခဲ့တယ်လို့ နန်းခမ်းလျန်းက ပြောပါတယ်။

“အဲ့မှာ ဈေးသွားရောင်းမယ်ဆိုလည်း သူများရဲ့ အိမ်ရှေ့က ဆိုင်ခန်းတွေ ထပ်ငှားရသေးတယ်လေ။ တစ်လကို ၄ သောင်းလား၊ ၅ သောင်းလား ပေးရတယ်။ ပြီးတော့ စည်ပင်က သန့်ရှင်းရေးအတွက် တစ်လကို ၁ ထောင်ကျပ် လာကောက်တာရှိတယ်။ ဆိုင်ခန်း မငှားနိုင်တော့ ရောင်းဖို့နေရာလည်း မရှိဘူးလေ“ လို့ နန်းခမ်းလျန်းက ပြောပါတယ်။

သျှမ်းပြည်တွင်း စျေး

အဲ့လို ဆိုင်ခန်းတွေ မငှားရမ်း နိုင်တာကြောင့် ဈေးထဲမှာ ဆက်မရောင်းတော့ဘဲ အိမ်မှာစိုက်ထားတဲ့ ကြက်သွန်မိတ် ကုန်စိမ်းလေးကို Order မှာယူသူထံ လိုသလောက် ပို့ချရောင်းချပေးနေသလို အိမ်တိုင်ရောက် လာရောက် ဝယ်ယူသူတွေနဲ့ ရောင်းချပေးနေသည်မှာ ၁ နှစ်ကျော် ကြာခဲ့ပြီလို့ ဆိုပါတယ်။

စစ်တပ်က အာဏာကို သိမ်းယူပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်တာတွေ၊ စီးပွားရေး မငြိမ်တာတွေကနေ ဒေါ်လာဈေး၊ ရွှေဈေး နဲ့ တရုတ်ယွမ်ဈေးတွေ မြင့်တက်သွားခဲ့ပြီး ကျပ်ငွေ တန်ဖိုးက ဆက်တိုက်ကျနေတာတွေ ဖြစ်လာပါတယ်။

အရင်က စားသုံးဆီ (၃ပိဿ) တစ်ဗူးကို (၁၀,၀၀၀) ကျပ်ကနေ (၁၅,၀၀၀) ဝန်းကျင်အထိ ရှိသော်လည်း တရုတ်ယွမ်ဈေး မြင့်တက်လာတာကြောင့် လက်ရှိမှာ တစ်ဗူးကို (၂၅,၀၀၀) ကျပ် အထိ ဖြစ်နေပါပြီ။

စျေးတွင်း အရောင်းအဝယ် ပြုလုပ်နေတဲ့ ပြည်သူများ

အလားတူ ကြက်ဉ အလုံး ၃၀ ပါတဲ့ ကြက်ဉတွေကလည်း ယခင်ကဆိုရင် တစ်ဖာကို ၃ ထောင်၊ ၄ ထောင် ကျပ် ဝန်းကျင် ရှိလို့ ပုံမှန် ဝယ်စားလို့ရပေမယ့် လက်ရှိမှာ တစ်ဖာကို ၇ ထောင်၊ ၈ ထောင် ဝန်းကျင်အထိ မြင့်တက်လာနေတော့ ကြက်ဉကိုတောင် ဝယ်စားဖို့ စဉ်းစားရလောက်တဲ့ အဆင့်ထိ ဖြစ်နေပါတယ်။

“အဲ့လို ဈေးနှုန်းတွေ တက်လာတာမြင်တော့ စိတ်ထဲမှာ တွေးမိတာတစ်ခုက ကုန်ဈေးနှုန်းတွေက ဘာလို့ ဒီလောက်ထိ တက်လာရတာလဲ ၊ မြန်မာနိုင်ငံက ဘာတွေဆက်ဖြစ်တော့မလဲ ဆိုတဲ့အတွေးက ရောက်လာတော့တာပဲ “ လို့ နန်းခမ်းလျန်းက ပြောပြောဆိုဆိုရင်း အကြိမ်ကြိမ် သက်ပြင်းချနေပါတယ်။

လက်ရှိမှာ စားဝတ်နေရေးအတွက် ဖြေရှင်းဖို့ ရောင်းနေရတဲ့ ကြက်သွန်မိတ်က ၁ ပိဿကို ၆ ထောင် ဝန်းကျင်ကျပ် သာရှိပြီး ကုန်ဈေးနှုန်း တက်လာလို့ ဒီထက်ပိုလို့ ရောင်းရင် ဝယ်ယူသူက မရှိပြန်ဘူးလို့ ဆိုပါတယ်။

စျေးတွင်း စျေးသည်များ

“ရပ်ကွက်မှာ အလှူပွဲ၊ မင်္ဂလာပွဲလေးရှိလို့ လာဝယ်မှ ရောင်းရတာ။ တချို့ အိမ်အထိ လာဝယ်တဲ့သူ ရှိတယ်။ နေ့တိုင်းတော့ မရောင်းရပါဘူး။ သူများလိုမှ ရောင်းရတာ။ ကုန်စိမ်းကလည်း ဒီထက်ဈေးပိုရောင်းရင် ဈေးကြီးတယ်ဆိုပြီး မဝယ်တော့ဘူး “ ဟု နန်းခမ်းလျန်းက ဝမ်းနည်းစွာနဲ့ ပြောပြနေပါတယ်။

စားဝတ်နေရေးအတွက် အိမ်မှာ အနည်းအကျဉ်း စိုက်ပျိုးထားတဲ့ ကြက်သွန်မိတ်ကို ရောင်းချနေရတဲ့ အိမ်ရှင်မဖြစ်သူ နန်းခမ်းလျန်းက လက်ရှိမှာ ကုန်ဈေးနှုန်းတွေ ၂ ဆ မြင့်တက်လာနေတော့ ပိုရုန်းကန်နေရပါတယ်။

ထိုနည်းတူ နန်းခမ်းလျန်း လိုပင် နေ့တိုင်းချက်ပြုတ်နေရတဲ့ အိမ်ရှင်မတွေက လက်ရှိကုန်ဈေးနှုန်းနဲ့ ပတ်သက်ပြီး နှိုင်းယှဉ်ရမယ်ဆိုရင် “ ဆိတ်သားဟင်းစားချင်ပေမယ့် ဆိတ်ရိုးနားမရောက်တဲ့ ဘဝ“ ဖြင့် အစစအရာရာကို ချွေသာပြီး သုံးနေရပါတယ်။

“အရင်တုန်းက ဈေးပေါတော့ နည်းနည်းဝယ်ရင် များများရတယ်လေ။ ဟင်းက ၄ – ၅ ခွက်လောက်ရတယ်။ အခုကတော့ ဟင်းခွက်က ၂ ခွက်တောင် မကျော်တော့ဘူး။ အရာရာကို လျော့စားလျော့သုံးနေရတယ် “ လို့ နန်းအေတီက ပြောပါတယ်။

စျေးတွင်း စျေးသည်များ

နန်းအေတီတို့ မိသားစုတွေဟာ စားဝတ်နေရေးအတွက် လယ်ယာအလုပ် လုပ်ကိုင်ကြရပြီး တစ်ဖက်မှာ ဝင်ငွေတစ်ဖက် တစ်လမ်းဖြစ်အောင် တရုတ်နယ်စပ် မူဆယ်မြို့မှာ ကုန်သည်အလုပ် လုပ်ကိုင်ကြပါတယ်။

ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားချိန်ကစပြီး စစ်တပ်က အာဏာထပ်သိမ်းပြီးနောက်ပိုင်း တရုတ်နယ်စပ် ကုန်သွယ်ရေးဟာ ပုံမှန် မလည်ပတ်နိုင်တာတွေ၊ လိုသလောက် ကုန်တင်ကုန်သွင်း မရတော့တာကြောင့် သူမတို့ရဲ့ စီးပွားရေးအပေါ် ထိခိုက်နစ်နာမှုတွေ အများအပြား သက်ရောက်လာပါတယ်။

“အရင်ဆိုရင် ကျမတို့ အပြင်ထွက်ပြီး အစားအစာတွေ၊ အကင်တွေ စားလေ့ရှိတယ်။ အခုနောက်ပိုင်း အဲ့လိုမျိုး မစားနိုင်တော့ဘူး။ အစစအရာရာကို စဉ်းစားနေရတယ်။ ဘယ်ဟာက အရေးကြီ၊ မကြီး ဦးစားပေးရတယ်။ အခု အပြင်ထွက်စားဖို့ ကလေးငယ်ကို ကျောင်းထားဖို့ ပိုစဉ်းစားပေးရတယ် “ ဟု နန်းအေတီက ပြောပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေး ပုံမှန်မလည်ပတ်နိုင်တာတွေ၊ စီးပွားရေး ပျက်ပြားနေစဉ် စားဝတ်နေရေးက ကျပ်တည်းနေချိန် လိုချင်တာထက် လိုအပ်တာတွေ၊ အရေးကြီးတာတွေ ပိုပြီးစဉ်းစားရပြီး ဦးစားပေးလာရတယ်လို့ ဆိုပါတယ်။

စျေးသည်များ

တစ်ဖက်မှာ မူလတန်း နဲ့ အထက်တန်း ကျောင်းတက်နေတဲ့ အသက် ၁၀ နှစ်ကျော် ကလေးငယ်နှစ်ဦးကို ကျောင်းထားဖို့ကလည်း လုပ်နေကျ လယ်ယာ၊ ကုန်သည် စီးပွားရေးနဲ့က ကျောင်းကိုလုံလောက်အောင် မထောက်ပံ့နိုင်တော့တာကြောင့် လက်ရှိမှာ ကြားဖြတ်အလုပ်ဖြစ်တဲ့ ကျောက်၊သဲ တင်ကားကို သူ့မရဲ့ ခင်ပွန်းက လုပ်နေရတယ်လို့ ပြောပါတယ်။

“အခု အစစအရာရာ ဈေးတွေတက်နေချိန်မှာတော့ အလုပ်တွေ ပိုရုန်းရတယ်။ အရင်ကထက် အလုပ်က ပိုလုပ်ရတယ်။ အခုတလော လယ်ယာလုပ်ပြီးသွားပြီဆိုရင် တစ်ခါတလေ ကျမ ခင်ပွန်းက ကျောက်တွေသဲတွေ သွားတင်ရသေးတယ် “ လို့ နန်းအေတီက ပြောပါတယ်။

အခုလို ပညာရေး ပျက်ပြားကာလမှာ ကလေးတွေကို ပညာရေး မဆုံးရှုံးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပုဂ္ဂလိက ကျောင်းတွေမှာ ကျောင်းဆက်ထား ဖြစ်တယ်လို့ ဆိုပါတယ်။ ကျောင်းတက်နေတဲ့ ကလေးနှစ်ယောက်အတွက် တစ်နှစ်တစ်နှစ်မှာ ကုန်ကျစားရိတ်က အနည်းဆုံး ကျပ်သိန်း ၅၀ ကုန်ကျတယ်လို့ ဆိုပါတယ်။

ကုန်စုံဆိုင်

ကုန်ကျစားရိတ်က များတော့လည်း အလုပ်ကပိုပြီး ရုန်းကန်ရနေတော့ တစ်ခါတလေ ပင်ပန်းလို့ ညည်းညူရတဲ့ အချိန်တွေ ရှိသလို အဆင်မပြေခဲ့တဲ့ နေ့ရက်တွေလည်း ရှိပေမယ့် ခေတ်ပျက်နေတဲ့ ကာလမှာဆိုတော့ ဒီလိုပဲ ကြည့်ကြပ်ပြီး စားသောက်ရတာ လူတိုင်းကတော့ ကြုံတွေ့နေရတာပဲလို့ နန်းအေတီက အခုလို စိတ်ဖြေရပါတယ်။

“ဒီ ခေတ်ပျက်တဲ့ ကာလမှာ လူတိုင်းကတော့ ကြုံနေရတာပဲလေနော်။ ဒါပေမယ့် ကိုယ်က သူများထက်တော့ စားရသေးတယ်၊ ရှိသေးတယ်ဆိုတော့ တော်သေးတယ်လို့ တွေးရင်း စိတ်ဖြေရတာပေါ့ “ လို့ နန်းအေတီက ပြောပါတယ်။

ဒါ့အပြင် အခြေခံလူတန်းစားအတွက် တစ်နေ့ကို ထမင်းသုံးနပ် မှန်မှန်စားနိုင်ဖို့ တစ်ဖက်မှာ အလုပ်တွေ ပိုကြိုးစားပြီး လုပ်ရပေမယ့်လည်း ယခု စစ်အာဏာသိမ်းခြင်း ၂ နှစ်ကျော်ကာလအတွင်း မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် တစ်နေ့ကို နှစ်နပ်စားရဖို့တောင် အနိုင်နိုင် ကြိုးစားနေကြရပါတယ်။

စျေးသည်များ

ဒီခေတ်ပျက် စနစ်ပျက်တွေကြားမှာ ကုန်စျေးနှုန်းက တရက်တရက် ထိုးတက်လာပေမယ့် သျှမ်းပြည်တဝှမ်းမှာတော့ မူးယစ်ဆေးပြားဟာ တပြားလျှင် ကျပ် ၂၀၀ ကျော်သာ ရှိနေပါတယ်။

မူးယစ်ဆေးပြားဟာ ကြက်ဥတလုံး စာထက်တောင် စျေးပေါလာတဲ့အတွက် အိမ်ရှင်မတွေဟာ ခေါင်းကိုက်နေရတဲ့ အဆင့်ပါပဲ။

တဖက်မှာလည်း နိုင်ငံရေး အခြေအနေတွေ၊ စီးပွားရေး မတည်ငြိမ်တာတွေကြား လုပ်ကိုင်ရှာဖွေ စားသောက်မှုကလည်း ခက်ခဲလာတဲ့အတွက် နန်းခမ်းလျန်း တယောက်ဟာ ရှေ့ရေးအတွက် တွေးပူပြီး အားပျက်တဲ့ အဆင့်ပါပဲ။

အသက်ကြီးတဲ့ အမေအို အတွက် အာဟာရ ဖြည့်စွက်စာကို မဝယ်ပေးနိုင်တော့တဲ့အတွက် သမီးတယောက်အနေ နဲ့ တာဝန်မကျေသလို ခံစားနေရပြီး၊ သားအမိ နှစ်ယောက်သာ အရာရာကို ချွေသာပြီး စားသောက်ကာ အမေအိုရဲ့ ကျန်းမာရေးအတွက် နန်းခမ်းလျန်း တယောက် စိတ်ပူနေရှာပါတယ်။

“ အမေ အတွက် ကောင်းကောင်း မကျွေးမွေးနိုင်ဘူး။ တာဝန်မကျေသလို ခံစားရတယ်။ ကိုယ်လည်း လှဲကျလို့ မဖြစ်ဘူးလေ။ အမေအိုအတွက် အားမွေးပြီး ဆက်ရုန်းရအုံးမယ်” လို့ နန်းခမ်းလျန်းက အားငယ်စွာနဲ့ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...