စက်သုံးဆီဂယက် တောင်သူတွေ အခက်

သည်းသည်းမဲမဲ ရွာသွန်းနေသည့် မိုးကို ငေးကြည့်ရင်း “ဒီနှစ် မိုးစောတယ်” ဟု ကိုထွန်းအောင် ရေရွတ်သည်။ သူ၏ ရေရွတ်သံသည် သွပ်ပြားပေါ် အရှိန်ပြင်းပြင်း ကျနေသည့် မိုးပေါက်များကြောင့် တဝေါဝေါ မည်နေသည့် အသံကြား ပျောက်ကွယ်သွားသည်။

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်သည် ဒေသတွင်း ပန်းမန် သီးနှံများ စိုက်ပျိုးသည့် မြေဧကပေါင်း များစွာ ရှိနေပြီး အောင်ပန်းမြို့ ကဲ့သို့ နိုင်ငံတစ်ဝှမ်း စားဖိုဆောင် သီးနှံ ကုန်စိမ်း သာမက ပန်းမန် သီးနှံများ ဖြန့်ချီရာ လက်ကား ပွဲရုံများလည်း ရှိနေသည်။

မြေနီပေါ်တွင် အစိမ်းရောင် ဖျော့ဖျော့ ဂေါ်ဖီခင်းများနှင့် ပန်းစိုက်ခင်းများဖြင့် ကလောမြို့နယ် ဟဲဟိုးဒေသသည် လှပနေသော်လည်း ဂေါ်ဖီ သုံးဧက စိုက်ပျိုးထားသော ကိုထွန်းအောင်၏ ရင်မှာမူ ပူလောင်လွန်းလှသည်။

၀ယ်သူ မရှိတဲ့ မုန့်လာထုပ်များ

“ခုမုန်လာထုပ်(ဂေါ်ဖီ) ဝယ်တဲ့ ပွဲစား မရှိဘူး။ အလကား ပေးတာတောင် လာခုတ်မယ့်သူ မရှိဘူး။ တစ်ထုတ် ကားပေါ် အရောက်မှ ၁၀၀ ကျပ် ဝန်းကျင်ပဲရတော့ ခုတ်ခ သယ်ခနဲ့က ခုတ်ရင် အရင်းတောင် ပြန်မရဘူး” ဟု ၎င်းကဆိုသည်။

ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ဈေးကွက် ပျက်ပြီး နှစ်နှစ် ဆက်တိုက် အထိနာခဲ့သည့် ဒေသတွင်း တောင်သူများ အနေဖြင့် စက်သုံးဆီ နှင့် စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ ပိုးသတ်ဆေးများ အဆမတန် ဈေးတက်နေပြီး ထွက်ကုန်များ ဈေးမရသဖြင့် ယခုနှစ် မိုးရာသီ စိုက်ပျိုးရန် အတွက် အခက်အခဲ ကြုံနေရပြီး စိုက်ပျိုးရမည်ကို မဝံ့မရဲ ဖြစ်နေကြသည်။

“ကိုဗစ်စတဲ့နှစ်က ရှုံးတယ် ဆိုပေမယ့် ကိုဗစ် ချေးငွေရတယ်၊ ထောက်ပံ့ကြေးတွေလည်း အစိုးရက ပေးတယ်လေ၊ ရှုံးတယ်ဆိုပေမယ့် အဲ့တုန်းက ဒီဇယ် တစ်ပေပါ တစ်သိန်းကျော် မြေသြဇာက နှစ်သောင်းခွဲနဲ့ သုံးသောင်းကြား ဆိုတော့ စိုက်စားရိတ်က သက်သာတယ်။ အခုက ဒီဇယ် တစ်ပေပါ ငါးသိန်းခွဲကျော်၊ ဓာတ်မြေသြဇာက တစ်အိပ် တစ်သိန်းနီးပါး၊ စိုက်ပြီး အခုလို ဈေးမရရင် သွားပြီ” ဟု ကိုထွန်းအောင်က ဆိုသည်။

၀ယ်သူ မရှိတဲ့ မုန့်လာထုပ်များ

မြေတစ်ဧကတွင် ဂေါ်ဖီ ပျိုးပင် သောင်းနှစ်ထောင် စိုက်ပျိုးနိုင်ပြီး မြေသြဇာ လေးအိတ်မှ ငါးအိတ်၊ ဒီဇယ် ၃၅ ဂါလံ အပြင် ပိုးသတ်ဆေး၊ ထွန်ယက်ခ၊ အလုပ်သမား စားရိတ် စုစုပေါင်း ကျပ်ဆယ့်ငါး သိန်းကျော် ကုန်ကျကြောင်း အချိန် သုံးလကျော်ကာလ ပင်ပန်းစွာ လုပ်ကိုင်ခဲ့ရ သော်လည်း ယခု တစ်ပြားမှ ပြန်မရကြောင်း ၎င်းက ဆိုသည်။

ကိုဗစ် နှင့် နိုင်ငံရေးအခြေအနေကြောင့် ၂၀၁၉-၂၀၂၀ ခုနစ်တွင် စိုက်ပျိုးတဧကလျှင် ၅သိန်း နီးပါးရှုံးခဲ့ပြီး၊ ယခုရာသီချိန်မှာ တဧကလျှင် ၁၅ သိန်း နီးပါးရှုံးကြောင်း လယ်ယာစိုက်ပျိုးရေးလုပ်သူများပြောသည်။

“ခုဘာပြန်စိုက်ရမလဲ မသိသေးဘူး၊ တစ်ခုခုတော့ စိုက်ရမှာပေါ့၊ ခုက ကုန်စိမ်းလည်း ဈေးမရ၊ ပန်းစိုက်တဲ့ သူတွေလည်း အရင်းပြန်မရ၊ ကြက်သွန်ဖြူ အာလူး သမားကတော့ နည်းနည်းတော်သေးတယ်၊ မြေသြဇာ ပိုးသတ်ဆေးက အကြွေး ယူထားရတာ၊ အရင် အကြွေးတွေနဲ့ ထပ်နေပြီ၊ အကြွေးထပ် ပေးမပေး မသေချာသေးဘူး” ဟု ၎င်းကဆက်ပြောသည်။

သီးနှံဈေးများ ကျဆင်းနေ သော်လည်း တခြား ဆန်၊ ဆီ ကဲ့သို့ အခြေခံ ကုန်ဈေးနှုန်းများ မြင့်တက်နေကြောင်း နေ့စား အလုပ်သမားခမှာမူ ယခင်ဈေးသာ ရရှိကြောင်း လက်ရှိ အလုပ် ပုံမှန် မဆင်းရကြောင်း ပုံးအင်းကျေးရွာနေ ဒေါ်အေးအေးအောင် ကပြောသည်။

ခရမ်းချဥ်သီးများ

“အရင်ကလည်း နေ့စားခက တစ်ရက် ငါးထောင် အခုလည်း တစ်ရက် ငါးထောင်၊ အရင်က နေ့တိုင်း အလုပ်ရှိတယ် အခု နေ့တိုင်း အလုပ်မရှိဘူး၊ အရင်က ငါးထောင်ဆို ဆန်တစ်ပြည် ဆီတစ်ဘူးနဲ့ တခြားဟာ နည်းနည်း ဝယ်လို့ရတယ်၊ ခုက ဆီတစ်ဗူးတင် လေးထောင်ကျော်နေပြီ” ဟု လက်ရှိ အခြေအနေများကို ၎င်းက ရှင်းပြသည်။

ယခုကဲ့သို့သော အခြေအနေသည် စစ်အာဏာသိမ်းမှုနှင့် စီမံခန့်ခွဲမှု အလွဲများကြောင့် ဖြစ်ကြောင်း အဓိက အားဖြင့် စက်သုံးဆီ ဈေးနှုန်း အဆမတန် ဈေးတက်ပြီး ဈေးကွက် မတည်ငြိမ်မှုကြောင့် သယ်ယူပို့ဆောင်ရေး စားရိတ် မြင့်တက်လာကြောင်း အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ရန်ကုန် ဈေးကွက်တွင် ဝယ်လိုအား နည်းပါးကြောင်း အောင်ပန်းမြို့မှ ပွဲရုံပိုင်ရှင် ဦးအောင်က ရှင်းပြသည်။

“ဆီဈေးတက် မီးကပျက်တော့ ကုန်ထုတ်လုပ်မှု လျော့တယ်၊ ဆီဈေးက မငြိမ်တော့ ကားတင်ခက ထိုးတက်တယ်၊ ရန်ကုန်မှာက ဝယ်လိုအား မရှိဘူး၊ ပွဲစားတွေက မမှာဘူး၊ မှာသလောက် ကားသေးနဲ့ တင်ပြန်တော့ ကားခက ပိုဈေးကြီးပြန်ရော” ဟု လက်ရှိအခြေအနေကို ၎င်းက ရှင်းပြသည်။

ခရမ်းချဥ်သီးများ

ရန်ကုန်အရောက် ဂေါ်ဖီခုတ်ခ ကားနားသယ်ခ၊ ကားတင်ခသည် ဂေါ်ဖီ တထုတ်လျှင် ၃၀၀ ကျပ် ကျသည်။

လက်ရှိ ဂေါ်ဖီသာမက မုန်ညှင်းဖြူ၊ ခရမ်းချဉ် စသည့် စားဖိုဆောင် သီးနှံများလည်း ဈေးမရကြောင်း ချင်းပြည်ကဲ့သို့ အိန္ဒိယပို့ကုန် ပင်လျှင် တစ်ပိဿ တစ်ရာကျပ်မှ ငါးရာကျပ်ကြားသာ ဈေးရှိကြောင်း စက်သုံးဆီ ပုံးဖြင့် ရောင်းချခြင်း မပြုတော့ပဲ ကန့်သတ် သဖြင့် တောင်သူများ ဒုက္ခ ပိုရောက်ရကြောင်း ယခု မိုးရာသီတွင် တောင်သူ အများစု စိုက်ဧက လျှော့ချမည် ဖြစ်သဖြင့် လာမည့် ဆောင်းရာသီတွင် စားနပ်ရိက္ခာ ရှားပါးမှု ဖြစ်လာနိုင်ကြောင်း ၎င်းကသုံးသပ်သည်။

ယင်းအခြေအနေတွင် ဒေသတွင်း လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါး ရောင်းချမှုများအား တရားဝင် သဖွယ် စစ်ကောင်စီက မျက်ကွယ်ပြုထားသဖြင့် ကျေးရွာနေ လူငယ်များ လောင်းကစားနှင့် မူးယစ်ဆေးနွံ နစ်နေရကြောင်း ယခု ရွာတိုင်းနီးပါးတွင် မူးယစ်ဆေးကို အလွယ်တကူ ဝယ်ယူ၍ ရနေသည်။

တောင်သူများ အရှုံးပေါ် သဖြင့် စိုက်ပျိုးဧက လျှော့ချပြီး တစ်နိုင်တပိုင်သာ လုပ်ကိုင် သဖြင့် နေ့စား အလုပ်သမားများ အလုပ်အကိုင် အခက်အခဲ ဖြစ်နေရကြောင်း လုပ်ခမှာလည်း ယခင်နှုန်းသာ ဖြစ်၍ ယခု ကုန်ဈေးနှုန်းနှင့် မလောက်ငှတော့ကြောင်း အကျိုးဆက် အနေဖြင့် ဒေသတွင်း စာရိတ္တ ပျက်ပြားမှု များပြား လာကြောင်း ဟဲဟိုးမြို့မှ စိုက်ပျိုးရေးပစ္စည်း ဖြန့်ချီသူ ဦးအောင်ထွန်း ကပြောသည်။

“အခြေအနေက ဘယ်လောက် ဆိုးလာသလဲ ဆိုတော့ ယာခင်းတွေထဲမှာ ရေတင်တဲ့ အင်ဂျင် ရေပိုက် ဘာပစ္စည်းမှ ထားလို့ မရတော့ဘူး။ ထွန်စက် ထားခဲ့ရင် ဘက်ထရီ ခိုးဖြုတ်တယ်၊ ဆီတိုင်ကီ ဖောက်ခိုးတယ်၊ စိုက်ထားတဲ့ ပန်းခိုးတယ်၊ အဲ့လိုတွေ ဖြစ်နေတယ်၊ အရင်က ကျနော်တို့ ဒေသမှာ အဲ့လိုခိုးတယ် ဆိုတာ မကြားဖူးဘူး” ၎င်းကပြောသည်။

လက်ရှိ စစ်ကောင်စီက တက္ကသိုလ်ကျောင်းများ ပြန်လည် ဖွင့်လှစ်လျှက်ရှိရာ တောင်ကြီး တက္ကသိုလ်တွင် တက်ရောက် နေသည့် ဒေသတွင်း ကျောင်းသား နှစ်ထောင်ကျော် ရှိနေပြီး ကျောင်းသား မိဘ အများစုက ဒေသတွင်း စစ်တပ်၏ PDF အဖြစ် စွပ်စွဲ ဖမ်းဆီးမှုများနှင့် မူးယစ်ဆေး လောင်းကစားတို့ကြောင့် ကျောင်းတက် စေလိုကြသော်လည်း လက်ရှိ အခြေအနေအရ ရေရှည် ကျောင်းထားနိုင်ရန် အခက်အခဲ ရှိနေကြောင်း သိရသည်။

၀ယ်သူမရှိတဲ့ မုန့်လာထုပ်များ

“သားနဲ့ သမီး နှစ်ယောက်စလုံးက တောင်ကြီး တက္ကသိုလ် တက်နေတာ၊ ကျောင်းအားနေတော့ သူတို့လည်း နေ့စား လိုက်ရတာပေါ့၊ အဲ့ဒါက စားဖို့ပဲရတာ၊ ကိုယ်ပိုင် စိုက်တဲ့ အခင်းက သုံးရာသီဆက် ရှုံးတော့ အခု သူတို့ ကျောင်းတက်ဖို့ အခက်အခဲ ဖြစ်နေတယ်၊ သူတို့ သူငယ်ချင်းတွေ ကတော့ တက်နေပြီဆိုတော့ သူတို့လည်း သွားချင်တာပဲ” ဟု ဒေါ်အေးအေးအောင်က သူမ၏ အခက်အခဲကို ရှင်းပြသည်။

သို့သော် ဟဲဟိုး ဒေသမှ တက္ကသိုလ် ကျောင်းသား လူငယ် တစ်ဦးကမူ ၎င်းတို့ လူငယ်များ အနေဖြင့် စစ်အာဏာရှင်ကို ညီညွတ်စွာ တိုက်ပွဲ ဝင်နေဆဲ ဖြစ်ကြောင်း ကျောင်းပြန်တက်သည့် လူငယ်များစွာ ရှိနေသော်လည်း စိတ်ဝမ်းကွဲ သည်ဟု ယူဆ၍ မရကြောင်း ဟဲဟိုးဒေသမှ လူငယ်များစွာ လက်တွေ့ တာဝန် ထမ်းဆောင်နေသည်ဟုသာ အသိပေးလိုကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောင်းတက်တဲ့ သူလည်း ရှိမှာပဲ၊ တစ်ချို့က အခြေအနေအရ ထိုင်းဘက် အလုပ်သွားလုပ်နေပြီ၊ စစ်အာဏာရှင်ကို လက်တွေ့ တော်လှန်နေတဲ့ လူငယ်တွေလည်း အများကြီးရှိတယ်၊ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် လူငယ်တွေက သွေးမကွဲဘူး၊ တာဝန်ကိုယ်စီ ထမ်းနေတယ်ဆိုတာတော့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ သီးနှံဈေးနှုန်း ကျဆင်းမှုကြောင့် သျှမ်းပြည်တောင်ပိုင်းရှိ တောင်သူများ ဒုက္ခ ရောက်နေကြောင်း အထူးသဖြင့် လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာပြီး ယခင် ကာလများကဲ့သို့ အိမ်နီးချင်း နိုင်ငံများသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် ပွဲစားများ ရွာသို့ဆင်း၍ စည်းရုံးမှုများ ရှိနေကြောင်း ငွေလိမ်ခံရမှုများနှင့် ထိုင်းနိုင်ငံနယ်စပ်တွင် ဖမ်းဆီးခံရမှုများ ရှိနေကြောင်း အောင်ပန်းမြို့မှ ပွဲရုံပိုင်ရှင် ကိုအောင်က ဆိုသည်။

လက်ရှိ စက်သုံးဆီဈေးများ ဆက်တက်နေပြီး ဆီဆိုင် အများစု အကန့်အသတ် ဖြင့်သာ ရောင်းချ နေသဖြင့် စက်သုံးဆီ ပြတ်လပ်မည် ဆိုပါက အခြားသော ဓာတ်မြေသြဇာ ပိုးသတ်ဆေးနှင့် အခြေခံ စားသောက်ကုန်များ ဆက်လက် မြင့်တက်မည် ဖြစ်၍ ဒေသတွင်း တောင်သူများ၏ အခြေအနေ ပိုမို ဆိုးဝါးလာပြီး လူငယ်များ၏ အနာဂါတ် အပေါ် ကြီးစွာ ရိုက်ခတ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီရောင်းချခွင့်မပေး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဉ်များကို စက်သုံးဆီရောင်းချ ခွင့်မပေးတော့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ယာဉ်များကို စက်သုံးဆီရောင်းချပေးမည် မဟုတ်ဘဲ စက်သုံးဆီဆိုင်တွင် လိုင်စင်မဲ့ယာဉ်များ တန်းစီဝယ်ယူခြင်းတွေ့ရှိလျှင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။ ထိုသို့ စစ်ကော်မရှင်က အသိပေးထုတ်ပြန်ပြီးနောက် ယနေ့ (မတ်လ ၁၂ရက်)တွင် စက်သုံးဆီဆိုင်များက...

ပြက္ခဒိန် စာရွက်ဖြင့် စုံ၊ မ ရက်တွက်နေရသူများ

0
“စုံ၊ မ ယာဉ်မောင်းနှင်ရက်” ကြောင့် ပြက္ခဒိန် စာရွက်တစ်ရွက်ဖြင့် မသူဇာ(အမည်လွှဲ) တစ်ယောက် ခေါင်းစားနေသည်။ မသူဇာတို့ နေအိမ်တွင် မ အက္ခရာ 3A … နံပါတ်ဖြင့် ကားတစ်စီးသာ ရှိထားသဖြင့် သူ့အနေဖြင့် ကလေးကျောင်းကြို၊ ပို့ရန်နှင့် အလုပ်သွားရန်အတွက် ပြက္ခဒိန်ကို ဟိုလှန်၊ ဒီလှန်ဖြင့်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် ဖယ်ခုံစစ်ရှောင်များအတွက် သောက်သုံးရေ ရရှိရေး ပိုပြီး ခက်ခဲလာ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စက်သုံးဆီ အခက်အခဲများကြောင့် စစ်ရှောင်များအတွက် ရေရရှိရန်အခက်အခဲများရှိနေကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့နယ် အတွင်းနေထိုင်သော စစ်ရှောင်များသည် သောက်သုံးရေရရှိရန်အတွက် တနာရီခွဲ ကားဖြင့် သွားရောက်ယူဆောင်ရသည်။ ထို့ကြောင့် လက်ရှိ စက်သုံဆီများ ပြတ်လပ်မှု၊ စျေးနှုန်းမြင့်တက်မှုကြောင့် စစ်ရှောင်များအသုံးပြုသည့် သောက်သုံးရေကို သွားရောက်သယ်ယူရန် ခက်ခဲမှုဖြစ်နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့်...

စက်သုံးဆီ ပြတ်လပ်မှုကြောင့် တာချီလိတ် – မိုင်းရှူး ကားခဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည်တွင် စက်သုံးဆီပြတ်လပ်မှု နှင့် စက်သုံးဆီ ဈေးမြင့်တက်လာမှုကြောင့် ကားခ ဈေးနှုန်း မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ ယခင်က တာချီလိတ်မြို့ မှ မိုင်းရှူးမြို့သို့ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်း သာပေးရပြီး လက်ရှိတွင် တစ်ဉီးလျှင် ကျပ်ငွေ နှစ်သိန်းခွဲအထိ ဈေးနှုန်းမြင့်တက်လာကြောင်းကို တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...