Thursday, January 29, 2026

“စစ်ကောင်စီ ခေါင်းဆောင် ကမ်းလှမ်းချက်ကို ကြိုဆိုတဲ့ ကိစ္စ RCSS က ဘာတွေပြောလဲ”

သျှမ်းပြည်တွင်း ဖက်ဒရယ်မူရေးဆွဲရေး၊ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးနည်းလမ်းကြောင်းနဲ့ ဆွေးနွေး အဖြေရှာသင့်ကြောင်း၊ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ နိုင်ငံရေး‌ ဆွေးနွေးမှုများကို ထောက်ခံကြိုဆိုရတဲ့အကြောင်းအရင်း ဘာကြောင့်လဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းဌာန ကနေပြီးတော့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ RCSS ထုတ်ပြန်ချက်မှာ စစ်ကောင်စီ ရဲ့ နိုင်ငံရေး ဖိတ်ခေါ်ဆွေးနွေးမှုကို ကြိုဆိုတယ် ဆိုတာ တွေ့ရတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ဖိတ်ခေါ်ချက်ကို သွားဖို့ရော အစည်းအဝေးမှာ ထည့်သွင်းပြောဆိုကြတာတွေရှိလား။ RCSS အနေနဲ့ရော ဖိတ်ခေါ်မှုကို သွားဖို့ရှိလား။

ဖြေ ။ ။ ကျနော်တို့ ထုတ်ပြန်ကြေညာချက် အချက် (၇)မှာ သူ့ရဲ့ ဆိုလိုရင်း အနှစ်သာရက (၃)ချက် ရှိတယ်ခင်ဗျ။ ပထမတစ်ချက်က ခုနက ကျနော်ပြောသွားပြီးပြီ။ RCSS အနေနဲ့ နိုင်ငံရေး ပြဿနာကို တွေ့ဆုံဆွေးနွေးပြီးတော့မှ အဖြေရှာတာ အကောင်းဆုံး နည်းလမ်းပဲ။ အဲ့ဒါ တစ်ချက်၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့ ဆန္ဒရှိတယ်။


တွေ့ဆုံဆွေးနွေးရေးဆိုတာ တစ်ဘက်ပါမယ်။ တစ်ဘက်မပါဘူး။ တစ်ဘက်ကို တိုက်မယ်။ တစ်ဘက်ကို ဆွေးနွေးမယ်။ အဲ့လိုမျိုး မဆိုလိုဘူး။ အားလုံး စုံညီပါမယ်။ ဘက်စုံပါမယ်။ အားလုံးပါဝင်နိုင်ရေးပေါ့။ အဲ့ဥစ္စာကို ဖြစ်မြောက်မှလေ အဲ့ (၂) ချက်က အဓိက ကျတယ်။


(၁) ကျနော်တို့ ဆွေးနွေးပြီးမှ အဖြေရှာချင်တယ်။ (၂) အချက်ကတော့ အားလုံးပါဝင်နိုင်ဖို့ လိုတယ်။ (၃) အချက်ကျတော့ ကျနော်တို့ ကြိုဆိုတယ်ဆိုတာ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်မှန်းပါက ကြိုဆိုသည် ဆိုပြီး ကျနော်တို့ အဲ့စာသားထဲမှာ ပါတယ်။

ကြိုဆိုတယ်ဆိုတာက တကယ်လို့ စစ်တပ်ဘက်က နိုင်ငံရေးကို ဆွေးနွေးမယ် အဲ့ဆို ကြိုဆိုရမှာလေ။ ကျနော်တို့ RCSS သွားတက်မယ် မတက်ဘူးဆိုတာ မဆိုလိုဘူး။ အဲ့ဒါကို ပြောခြင်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဘက်က တကယ်ဆွေးနွေးမယ်ဆိုရင် ကျနော်တို့လည်း ဆွေးနွေးချင်တယ်။ ကြိုဆိုရမယ်။ အဲ့ဒါကို ဆိုလိုတာ။ ကြိုဆိုတယ်ဆိုတာ သွားတက်တယ်၊ မသွားတက်ဘူး ဆိုတာ မဆိုင်ဘူး။

တကယ်လို့ အားလုံးပါဝင်မယ်၊ တကယ်လဲ ဆွေးနွေးမယ်၊ ပစ်ခတ်ရပ်စဲရေး အားလုံး ရပ်ထားပြီးမှ ဆွေးနွေးမယ်ဆိုရင် ဒါကြိုဆိုရမယ်လေ။ သွားလည်း သွားဆွေးနွေးမယ်လေ။ တစ်ဘက်တိုက်မယ် ဒီတစ်ဘက်မပါရဘူး။ တစ်ဘက်တိုက်မယ်။ တစ်ဘက်ရပ်မယ်။ နည်းနည်းပဲ ဆွေးနွေးမယ်။ ဆွေးနွေးပြီးလို့ရှိရင် ဒီသဘောထား ဒီဆွေးနွေးချက် ပေးမဆွေးနွေးဘူး။ အဲ့လိုမျိုးတွေ ကန့်သတ်မယ်ဆိုရင် အဲ့ဒါကျတော့ မရဘူးလေ။ အဲ့ဒါကို ဆိုလိုတာ အနှစ်ချုပ်က။


မေး။ ။ အားလုံးပါဝင်မှပဲ ဆွေးနွေးမယ်ဆိုတဲ့သဘောလား။


ဖြေ။ ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။

မေး ။ ။ နောက်တစ်ချက်က သျှမ်းပြည်ညီညွှတ်ရေးမှတဆင့် ပြည်ထောင်စု ညီညွှတ်ရေးကို ဦးတည်ပြီး အားလုံးလက်ခံတဲ့ သျှမ်းပြည်ဖက်ဒရယ်မူကို ရေးဆွဲဖို့ အစည်းအဝေးကို ကျင်းပသွားမယ်လို့ ကြေညာချက်မှာ တွေ့ရပါတယ်။ ဘယ်အချိန် ဘယ်တော့ ဖြစ်မှာလဲ။ ဘယ်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်မှာလဲ။


ဖြေ။ ။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ အပိုင်း (၂)ပိုင်း အကျဉ်းချုံး ရှင်းပြမယ်။ ပထမတစ်ချက် ကတော့ ရပ်တည်ချက်ပေါ့။ ကျနော်တို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီရဲ့ ရပ်တည်ချက်က ကျနော်တို့ ဖက်ဒရယ်ကို တည်ဆောက်မယ်။ အတူတကွ နေထိုင်မယ်။ ဒါ ရပ်တည်ချက်ပေါ့။

ဒီရပ်တည်ချက်ကြောင့် ကျနော်တို့ ဖက်ဒရယ်မူကို ပြင်ဆင်တာဖြစ်တယ်။ ဒီဖက်ဒရယ်မူကို ပြင်ဆင်တဲ့နေရာမှာ အဆင့် (၂) ဆင့် ရှိတယ်။ ပထမတစ်ဆင့်ကျတော့ ပြင်ဆင်တဲ့အပိုင်း၊ နောက်တစ်ဆင့် ကျတော့ ဆွေးနွေးညှိနှိုင်းပြီးတော့မှ အဖြေရှာတဲ့အပိုင်းပေါ့။ ဒီဖက်ဒရယ်မူကို ဘုံသဘော ထားရအောင် ပြင်ဆင်တဲ့အပိုင်းပေါ့။

အဲ့လို ခုက ပြင်ဆင်တဲ့အပိုင်းပဲရောက်သေးတယ်။ ကျနော်တို့ ကျင်းပမယ်။ ရလာတဲ့ မူကြမ်းတွေကို ကျနော်တို့ သျှမ်းပြည်တွင်းမှာ ရှိတဲ့ တိုင်းရင်းသားပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ ကျနော်တို့ အားလုံး လက်ခံနိုင်တဲ့ မူအထိရအောင် ကျနော်တို့ ကြိုးစားသွားမယ်။

မေး ။ ။ အစည်းအဝေးတွေ ပြုလုပ်ရင် ဘယ်အဖွဲ့အစည်းကို ဖိတ်ခေါ်သွားမှာလဲရှင့်။


ဖြေ ။ ။ ကျနော်တို့ အဓိက ပြင်ဆင်တဲ့ အပိုင်းပဲ ရှိသေးတယ်။

မေး ။ ။ အားလုံးလက်ခံနိုင်တဲ့ မူ ဆိုတာ ဘယ်လို မူ ကို ပြင်ဆင်ရေးဆွဲသွားမှာလဲရှင့်။ သျှမ်းပြည်တစ်ဝှမ်းက သျှမ်းလူထုတွေ လက်ခံနိုင်တဲ့ မူ လား။ ဒါကရော ဘယ်သူတွေနဲ့ ပူးပေါင်း ရေးဆွဲသွားဖို့ ရှိပါသလဲရှင့်။


ဖြေ ။ ။ သျှမ်းပြည်မှာဆိုတော့ သျှမ်းတိုင်းရင်းသားပဲ မဟုတ်ဘူး။ တခြားတိုင်းရင်းသား အားလုံး စုပေါင်းနေထိုင်တဲ့ သျှမ်းပြည်အတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားပေါင်းစုံကို ဆိုလိုတာပါ။


မေး ။ ။ ဘယ်လို မူကို ရေးဆွဲမလဲ။


ဖြေ။ ။ ဖက်ဒရယ်မူဆို သူ့စံနှုန်းတွေရှိတယ်။ အဲ့ဒါကျတော့ အတူတကွနေထိုင်ရေးပဲ။ တန်းတူညီမျှရေး၊ အတူတကွနေထိုင်ရေး၊ ဒီမိုကရေစီ ဒါတွေ အခြေခံပြီးတော့ ကျနော်တို့ ရေးဆွဲသွားမှာပါ။ အခြေခံ မူကြမ်း ရှိပြီးသားပါ။

မေး ။ ။ လက်ရှိမှာ သျှမ်းပြည်အတွင်း တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားပြီး စစ်ရှောင်တွေလည်း ထောင်ချီရှိနေတယ်။ တိုက်ပွဲရပ်တန့်ဖို့ အပြန်အလှန် ကမ်းလှမ်းကြတာတွေ့ရတယ်။ ဒါပေမယ့် ဘာကြောင့် ဒါကို မဆွေးနွေးနိုင်ကြသေးလဲ။


ဖြေ ။ ။ အဓိက တော့ (၂)ချက် ရှိမယ်ထင်တယ်။ နိုင်ငံရေး အမြတ်မထုတ်ဖို့ အဓိကကျတယ်။ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ဆွေးနွေးမယ်။ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်။ ပြင်ဆင်တယ်။ အသင့်ရှိတယ်။ အဲ့ဒါတွေ ပြောကြားနေပေမယ့် တကယ့်လက်တွေ့ကျတော့ မဆွေးနွေးဖြစ်ဘူး။

တရားဝင် ဆွေးနွေးမှုက မဖြစ်မြောက်လာဘူး။ ဒါဘာကြောင့်လဲဆိုတော့ တကယ် ဆွေးနွေးချင်တဲ့ စိတ်ဆန္ဒ မရှိလို့ပေါ့။ တကယ်တမ်း ဆွေးနွေးအဖြေရှာချင်တဲ့ စိတ်ဆန္ဒရှိလို့ရှိရင် ၁ ရက် ၂ ရက်နဲ့ ဆွေးနွေးမှု ပြီးမြောက်နိုင်တယ်။ ဒါ အဓိက တစ်ချက်ပေါ့။


နောက်တစ်ချက်ကျတော့ စစ်ရေး။ စစ်ရေးမှာ ဒီတောင်ကုန်းကို ရွေ့ပေးလိုက်လို့ရှိရင် ဆုတ်ပေးလိုက်လို့ရှိရင် ဒီဒေသတစ်ခွင်ကို ဆုတ်ပေးလို့ရှိရင် ပြီးသွားပြီ၊ ပြဿနာ မဖြစ်တော့ဘူး ဆိုပေမယ့် တကယ့်လက်တွေ့ မြေပြင်မှာကျတော့ တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာ။
(၇) လ (၈) လ တစ်နေရာပြီးတော့ တစ်နေရာပဲလေ။ ဆိုလိုတာက တကယ် ဆွေးနွေးချင်တဲ့ စိတ်ဆန္ဒရှိဖို့ လိုတယ်။ တကယ် တိုက်ပွဲရပ်တန့်ချင်တဲ့ စိတ်ဆန္ဒ ရှိဖို့လိုတယ်။ အဲ့ဒါ အခြေခံ ကျတယ်လို့ မြင်တယ်။

မေး။ ။ ခု ပြဿနာ ဖြေရှင်းမယ်ဆိုရင် စစ်ရေးနည်းလမ်း နဲ့လား၊ ဒါမှမဟုတ် နိုင်ငံရေး နည်းလမ်းနဲ့လား RCSS/SSA အနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။


ဖြေ။ ။ စစ်ရေး နည်းလမ်းနဲ့က ပြဿနာ မဖြေရှင်းနိုင်ဘူးခင်ဗျာ။ ကျနော်တို့လည်း မယုံကြည်ဘူး။ ဒါကြောင့် ဒီတိုက်ပွဲမှာ ထိုးစစ်ကို မကျင့်သုံးဘူး။ တန်ပြန်ထိုးစစ်တွေ ကျနော်တို့ မညွှန်ကြားဘူးခင်ဗျာ။ တစ်ဘက်က ထိုးစစ်ဆင်လာတဲ့အပေါ် ကျနော်တို့ ခံစစ်အနေနဲ့ တုံ့ပြန်ပြီးတော့မှ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တယ်။ အဲ့လောက်ထိပဲ။

ဒါကြောင့် ဒီ စစ်ရေးနည်းကို ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ မယုံကြည်ဘူး။ တွေ့ဆုံဆွေးနွေးဖို့ပဲ ကျနော်တို့ ယုံကြည်တယ်။ တွေ့ဆုံပြီးတော့မှ ဖြေရှင်းတာဟာ အဖြေရှာတဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။

ဆွေးနွေးမှုဆိုတာလည်း တစ်ဘက်ပဲ ဆွေးနွေးမယ်၊ တစ်ဘက်က မဆွေးနွေးချင်ဘူး။ စိတ်ဆန္ဒ မရှိဘူးဆိုရင် မဖြစ်မြောက်နိုင်ဘူး။ အနည်းဆုံး နှစ်ဖက် တွေ့ဆုံဆွေးနွေးနိုင်မှ အောင်မြင်နိုင်မှာ။ တစ်ဘက်က စိတ်ဆန္ဒမရှိလို့ရှိရင် မဖြစ်နိုင်ဘူး။

မေး ။ ။ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်အတွက် RCSS/SSA အနေနဲ့ ကမ်းလှမ်းတာရှိလားရှင့်။


ဖြေ ။ ။ ရှိပါတယ်ခင်ဗျာ။ အလွတ်သဘောပေါ့။ အမြဲတမ်း အချိတ်ဆက်ရှိတာပဲ။ ဆက်သွယ်ရေးလမ်းကြောင်းတွေရှိတယ်။ ပုဂ္ဂိုလ်ရေးအရ စာအရ ကျနော်တို့ ရှိတာပေါ့။ ဒါပေမယ့် အသေးစိတ်တော့ ထုတ်ပြန်ဖို့ မရှိသေးဘူး။

မေး ။ ။ တိုက်ပွဲ ဖြစ်နေတဲ့ ကာလအတွင်း တရားဝင် တွေ့ဆုံဆွေးနွေးမှု ရှိပါသလားရှင့်။


ဖြေ ။ ။ တရားဝင် တွေ့ဆုံဆွေးနွေးမှု မရှိပါဘူးခင်ဗျာ။ ကျနော်တို့ မရှိသေးဘူး။

မေး ။ ။ လက်ရှိ သျှမ်းတောင်မှာလည်း ကရင်နီပြည်က ရှောင်လာတဲ့ စစ်ရှောင်တွေ တော်တော်များများ ရောက်နေပြီဆိုတော့ RCSS အနေနဲ့ ကူညီမှုတွေ ဘယ်လိုလုပ်ဆောင်သွားဖို့ရှိလဲ။


အဓိက တော့ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရှိတယ်။ သျှမ်းပြည် တောင်ပိုင်းမှာလည်း တိုက်ပွဲတွေရှိတယ်။ ပြည်သူလူထုတွေ စစ်ဘေးရှောင်ရတယ်။ ကျနော်တို့ တတ်နိုင်သလောက်တော့ ကူညီတယ်။ နောက် တခြားဟာတွေကျတော့ လူငယ်တွေ နောက် NGO တွေ CSO တွေ ချိတ်ဆက်ပြီးတော့မှ ကူညီတာတွေရှိတယ်။

မေး ။ ။ RCSS ရဲ့ ထိန်းချုပ်နယ်မြေထဲ စစ်ရှောင်တွေ ရောက်လာသေးလားရှင့်။


ဖြေ ။ ။ ရှိပါတယ်။ အသေးစိတ်ကျတော့ ထုတ်ပြန်ဖို့ မရှိသေးဘူး။

မေး ။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။


ဖြေ ။ ။ အဓိကတော့ သျှမ်းပြည်မြောက်ပိုင်းမှာရော သျှမ်းပြည်တောင်ပိုင်းမှာရော စစ်ဘေးဒုက္ခသည်တွေ များလာတယ်။ ဥပမာ မိုင်းကိုင်မှာဆို (၂၅၀၀)ကျော် လဲချားမှာဆို (၈၀၀)ကျော် နောက် ကျောက်မဲဘက်ဆို ထောင်ချီရှိတယ်။

သူတို့ရဲ့ စားဝတ်နေရေးအတွက် နေရာထိုင်ခင်းအတွက် သံဃာတော်တွေကို ကျေးဇူးတင်တယ်။ ဂါရဝပြုတယ်။ နောက်တစ်ခုကတော့ သျှမ်းလူငယ်တွေ တိုင်းရင်းသားလူငယ်တွေ ကူညီပေးတာတို့ ပရဟိတအဖွဲ့တွေ CSO တွေ ရပ်မိရပ်ဖတွေ ဒေသခံတွေ ကူညီပေးတာဆိုတော့ အများကြီး ကျေးဇူးတင်တယ်။ ဂုဏ်လည်း ဂုဏ်ယူတယ်။ မှတ်တမ်းတင်ထားတယ်။


ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပြည်သူလူထုအတွက် အလုပ်အကြွေးပြုတယ်ဆိုတာက သူတို့ကလည်း တစ်ဖက်တစ်လမ်းကနေ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို ကူညီတယ်၊ ကိုယ့်အချင်းချင်းကို ပြန်ကူညီတယ်ဆိုတော့ ဒါ ဂုဏ်ယူရမယ့် အချက်ပေါ့။ မှတ်တမ်းတင်ရမယ့်အချက်ပေါ့။ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောလိုပါတယ်။
အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...