Wednesday, May 1, 2024

သျှမ်းပြည် ကိုဗစ်-၁၉ ဆောင်ရွက်နေသည့် လူမှုကူညီရေးအသင်းများ အခက်ခဲကြုံနေ

Must read

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေသည့် လက်ရှိကာလတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ မလုံးလောက်သည့်အတွက် ပရဟိတသမားများ ယခင်ကထက် ပိုမိုကူညီဆောင်ရွက်နေရပြီး အခက်ခဲများစွာနှင့်လည်း ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

သီပေါမြို့ရှိ ပရဟိတအသင်းတစ်သင်းတွင် အဖွဲ့ဝင်တစ်ဦး ကိုဗစ်ပိုး ကူးစက်ခံထားရပြီး သံသယလူနာများလည်း ရှိနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပူးပေါင်းပါဝင်ကြရန် ပရဟိတဆောင်ရွက်နေသူများမှ လိုလားလျက်ရှိသည်။

“ခုချိန်မှာ အားလုံးက အိမ်ထဲမှာပဲ နေတာ၊ ဆိုင်ပိတ်ထားတာတွေကို မိမိကိုယ်တိုင် အသိစိတ်နဲ့ ပူးပေါင်းပါဝင်ဖို့ လိုနေပြီ၊ အဲလို ပူးပေါင်းပါဝင်မှ ဒီရောဂါဆိုးကြီးကို ထိန်းနိုင်မှာ၊ ခုဆိုရင် ပရဟိတသမားတွေလည်း ပင်ပန်းနေကြပြီ” သီပေါမြို့မှ ပရဟိသဆောင်ရွက်နေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒေသခံပြည်သူများကို ကူညီပေးနေသည့် လူမှုရေးပရဟိတအသင်းဖြစ်သော်လည်း မြို့နယ်တွင်း နေရာတိုင်းသို့ သွားလာလို့မရသည့်အပြင် တိုက်ပွဲဖြစ်ပွားသည့်နေရာအနီး ထိခိုက်လူနာများအား သွားရောက်သယ်ယူဖို့ရန် အခက်ခဲများလည်း ရှိနေကြောင်း သိရသည်။

“ခုရက်ပိုင်း တိုက်ပွဲတွေက တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ဖြစ်နေတာဆိုတော့ သွားမရတဲ့နေရာတွေ ရှိတယ်။ တကယ်လို့ တိုက်ပွဲဖြစ်တဲ့နေရာနား လူနာသွားသယ်ယူမယ်ဆိုရင်လည်း နယ်မြေခံတာဝန်ရှိသူတွေကို သတင်းပေးပို့ပြီး ခွင့်ပြုမှ၊ နောက်ပြီး ဒေသခံတွေပါမှ သွားသယ်ရတာ၊ တစ်ချို့နေရာကျတော့ ဘာသာစကား အခက်အခဲတွေလည်းရှိတယ်” ကျောက်မဲမြို့မှ ပရဟိတဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းကာလတွင် ပရဟိတအသင်းအဖွဲ့များက ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ကြသည့်အတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည်။

သို့သော်လက်ရှိ ကိုဗစ်တတိယလှိုင်းတွင် ကျန်းမာရေးဝန်ထမ်းများလည်း များစွာလျော့နည်းသွားသည့်အပြင် ပရဟိတဆောင်ရွက်သူများလည်း နည်းပါးလာသည့်အတွက် ကိုဗစ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ခက်ခဲနေပြီး ဒေသခံများအတွက် စိုးရိမ်နေရကြောင်း ၎င်းက ဆိုသည်။

“ကိုဗစ်လမ်းကြောင်းလုပ်နေတဲ့အခါ ကာကွယ်ရေးအသုံးပြုရတဲ့ ပစ္စည်းတွေက ကိုယ့်ဟာနဲ့ကို ရှာပြီး သုံးနေရတာ၊ ခုဆို ကျနော်တို့ လက်ထဲမှာ ပစ္စည်းတွေက ပြတ်သလောက်ဖြစ်နေပြီ။ အလှူငွေတွေကလည်း သိပ်မရှိဘူးဆိုတော့ ဒီအခက်ခဲတော့ ရှိတာပေါ့၊ ကျနော်တို့ အသင်းလိုပဲ တစ်ခြားအသင်းတွေလည်း ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေက ကုန်လုနီးပါး ဖြစ်နေကြပြီ” ကျောက်မဲမြို့မှ ပရဟိတအသင်းသားတစ်ဦးက ပြောသည်။

ယခင်က ကိုဗစ်စစ်ဆေးသည့် ဂိတ်များတွင် ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအပြင် စေတနာ့ဝန်ထမ်းများလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြသော်လည်း ယခုချိန်တွင် ဌာနဆိုင်ရာမှ တာဝန်ရှိသူ အနည်းငယ်သာစောင့်ကြပ်စစ်ဆေးနေကြောင်း သိရသည်။

“ကိုဗစ်စစ်ဆေးတာတွေက အရမ်းကို အားနည်းတယ်။ အရင်က မြို့အဝင်လမ်းမကြီး တစ်လမ်းပဲ ဖွင့်ထားတာ၊ ကိုဗစ်စစ်ဆေးရေးဂိတ်လည်း စနစ်တကျရှိတယ်။ ခုက စစ်ဆေးရေးဂိတ်လုပ်ထားတယ်ဆိုပေမယ့် တစ်ခြားလမ်းကြောင်းတွေအားလုံးက ဖွင့်ထားတော့ ဝင်ထွက်မှုတွေက လွယ်ကူတာပေါ့” ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုရက်ပိုင်းအတွင်း ကျောက်မဲမြို့သို့ တရုတ်နယ်စပ်မှ ပြန်လာသူ များပြားသော်လည်း Q Center တွင် ဝင်နေသူ အနည်းငယ်သာ ရှိနေကြောင်း သိရသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ်ပိုးကူးစက်သူ မြင့်တင်နေပြီး ကူးစက်ခံရသူ (၃)ထောင်ဝန်းကျင်ရှိကာ သေဆုံးသူ (၆၀)ခန့်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article