Friday, May 3, 2024

တပ်မတော်မှ ဟော်နန်းပြန်လည်ပြုပြင်ထိန်းသိမ်းမယ်ဆိုတဲ့ကိစ္စ လူထုရဲ့ဆန္ဒ

Must read

၁၉၉၁ ခုနှစ်က ကျိုင်းတုံဟော်နန်းကို စစ်အစိုးရက ဖျက်ဆီးလိုက်ပြီး ကျိုင်းတုံဟော်တယ်အဖြစ်ပြန်လည်တည်ဆောက်ကာ နှစ် ၇၀ သက်တမ်းဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်အား ငှားရမ်းလိုက်သည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်းရှိ သမိုင်းဝင်ဟော်နန်းများကိုလည်း အစိုးရရုံးအဖြစ်သိမ်းယူလိုက်သကဲ့သို့ ဖျက်ဆီးလိုက်သည်များလည်းရှိခဲ့ပါသည်။

လက်ရှိတွင်မူ သျှမ်းပြည် မြောက်ပိုင်း သိန္နီ ဟော်နန်းနှင့် သျှမ်းပြည်တောင်ပိုင်းရှိ မိုင်းပွန် ဟော်နန်းကို တပ်မတော်က ပြန်လည်ပြုပြင်ထိန်းသိမ်းရန် အတွက်ဟုဆိုကာ မြေပြင် ကွင်းဆင်းပြီး၊ အစိုးရယဉ်ကျေးမှု ဌာန နှင့် ညှိနှိုင်းကာ ပြင်ဆင်မှုများ လုပ်ဆောင်သွားမည် ဟု သိရသည်။

အဆိုပါ ဟော်နန်းများ ပြုပြင် ပြင်ဆင်မှုကို ယခုနှစ်ကုန်ပိုင်းနှင့် နောက်နှစ်ဆန်းပိုင်းတွင် ပြန်လည် ပြုလုပ်ရန် လျာထားကြောင်း တပ်မတော် သတင်းမှန်နှင့်ပြန်ကြားရေးဌာန ကပြောကြားထားသည် ။

ထိုသို့ သက်တမ်းရှည်ကြာ သျှမ်းဟော်နန်း ၂ ခုအား တပ်မတော်က ပြုပြင်ထိန်းသိမ်းမည်ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည် လွှတ်တော်ကိုယ်စားလှယ်၊ ဒေသခံပြည်သူများနှင့် သျှမ်းစာရေးဆရာများ၏ သဘောထားကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူး က ဆက်သွယ်မေးမြန်းထားသည်။

“ရှေးဟောင်းလက်ရာ မပျက် ပြုပြင်ပေးမယ်ဆိုလို့ရှိရင် လက်ခံပါတယ်”

အောက်စ်ဖိုဒ့်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ၏

လက်ထောက် ဆရာတော် အရှင်ကုမာရ

ဘုန်းဘုန်းတို့က ဒီကာချုပ် မင်းအောင်လှိုင် မိုင်းပွန် ဟော်နန်းပေါ့နော်။ သူတို့ မပြင်လည်းပဲ ဘုန်းဘုန်းတို့က ပြင်ဖို့ လုပ်ထားပြီးသားပါ။

အဲ့ဒီလို လုပ်နေတဲ့ချိန်မှာ သူတို့ကလည်းပဲ မိုင်းပွန် ဟော်နန်းအပါအဝင် တခြားဟော်နန်းတွေ သူတို့ကလည်းပဲ ပြင်ချင်တယ်ဆိုတော့ သူတို့က ပြင်တယ်ဆိုတော့ ဘုန်းဘုန်းတို့ကလည်း ခွင့်ပြုပေးတယ်။

ဘုန်းဘုန်းတို့ ဒီမိုင်းပွန်ဟော်နန်းနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ၅ နှစ်လောက်က အောက်စဖိုဒ့်ဆရာတော် မိုင်းပွန်ဟော်နန်းအခြေအနေ ကိုမေးခဲ့ပါတယ်။

အဲ့ဒါနဲ့ အခြေအနေတော့ မကောင်းဘူး တော်တော်လေး ပျက်စီးယိုယွင်းနေပြီ။

မိုင်းပွန်ဟော်နန်းကို တာဝန်ယူပြီးတော့ စောင့်ရှောက်တဲ့ လူ အတိအကျလည်းမရှိဘူး။ မိုင်းပွန်စော်ဘွားအမျိုးတွေလည်းပဲ စားဝတ်နေရေးအခက်ခဲရှိတဲ့အတွက်ကြောင့် သူတို့က အကွက်တွေ ရိုက်ပြီးတော့ ခွဲဝေ ရောင်းပစ်လိုက်ကုန်ပြီ။

အဲ့ဒီသတင်းကို ကြားရတဲ့အခါကျတော့ အောက်စဖိုဒ့် ဆရာတော်က စိတ်မကောင်းဖြစ်မိပြီးတော့ ဒီ မိုင်းပွန်ဟော်နန်းကို ပြန်လည် ပြုပြင်နိုင်အောင် မိုင်းပွန်ဟော်နန်းကို ပြုပြင်ရင် ဘယ်လို လုပ်သင့်တယ် အဲ့လိုမျိုး မေးကြည့်တာပေါ့ အဲ့ဒီလို အံ့သြစရာလည်းဖြစ် စိတ်မကောင်းစရာလည်းဖြစ်တဲ့ မိုင်းပွန်ဟော်နန်းကို အောက်စဖိုဒ့် ဆရာတော်က စိတ်ထဲမှာ ထားပြီး ပြုပြင်ပေးဖို့ပါ။

ပြီးခဲ့တဲ့ ၄ နှစ် ၅ နှစ်လောက် က အခု စစ်တပ်ကနေ သူတို့က လာပြီးတော့ ပြုပြင်မယ်။

ဘုန်းဘုန်းတို့ နဂိုက မိုင်းပွန် ဟော်နန်းကို အများပြည်သူ လေ့လာလို့ရအောင် ဆိုပြီးတော့ ဘုန်းဘုန်းတို့ ပြုပြင်ပေးဖို့ အဲ့ဒါ ရည်ရွယ်ထားပါတယ်။

အဲ့လို ရည်ရွယ်ရင်းနဲ့ ခနက ပြောသလို ဒီမိုင်းပွန်ဟော်က အမျိုးတွေ သူတို့ရောင်းသွားတဲ့ အကွက်တွေ ဘုန်းဘုန်းတို့က ရှိတဲ့ နဝကမ္မလေးနဲ့ ပြန်ပြီးတော့ ဝယ်ထားတာရှိတယ်။

ဝယ်ပြီးတော့ အောက်စဖိုဒ့်ဆရာတော်ကနေ မိုင်းပွန်မှာရှိတဲ့ သံဃာတွေကို မေတ္တာရပ်ခံပြီးတော့ တာဝန်ပေးလိုက်တယ်။ ရေရှည်အတွက် မိုင်းပွန်ဟော်နန်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မိုင်းပွန် သံဃာတွေကပဲ တာဝန်ယူပေးပါဆိုပြီး အောက်စဖိုဒ့်ဆရာတော် မေတ္တာရပ်ခံလိုက်တယ်။

အဲ့နဲ့ မိုင်းပွန်ဆရာတော်တွေကလည်း တာဝန်ယူပြီးတော့ ပြီးခဲ့တဲ့ ၄ နှစ် ၅ နှစ်လောက်က သူတို့က ကြိုးစား ပမ်းစားပြီးတော့ မြေကွက်တွေ ပြန်ရအောင်ဝယ်တယ်။ ဟော်နန်းမပျက်စီးအောင် တတ်နိုင်သလောက် ထိန်းသိမ်းပြီးတော့ စောင့်ရှောက်လာတယ်။

ထိန်းသိမ်းစောင့်ရှောက်လာပြီးတဲ့နောက်မှာ အခု ပြုပြင်ဖို့ လုပ်နေတဲ့အဆင့်ရောက်လာပြီပေါ့နော် ပြုပြင်ဖို့ လုပ်ဆောင်နေတဲ့အဆင့်ရောက်လာတဲ့ချိန်မှာ ပြီးခဲ့တဲ့ လ ကထင်တယ် ဟို ခိုလမ်တိုင်းမှူးက လာပြီးတော့ အနောက်ဆရာတော်ကို လာပြီးတော့ ဖူးတယ်။

မိုင်းပွန် ဟော်နန်းကို သူတို့ ပြုပြင်ပေးချင်တယ် ဆိုပြီး အဲ့လို လာလျှောက်သွားတယ်။ အဲ့လို လျှောက်တဲ့ခါကျတော့ ဘုန်းဘုန်းတို့လည်း ပြောတာပေါ့ ရှေးလက်ရာလည်း မပျက် ပြီးတော့ အသိပညာအတတ်ပညာရှင်တွေရဲ့ အကြံဉာဏ်ကိုလည်း ရယူမယ်။ ရှေးဟောင်းလက်ရာလည်း မပျက်ဖို့ အဲ့လိုမျိုးကို ပြုပြင်ပေးမယ်ဆိုလို့ရှိရင် ဘုန်းဘုန်းတို့က ဘာမှ ပြောစရာမလိုဘူး လက်ခံတယ်။

စစ်တပ်က လာမကူလည်း ဘုန်းဘုန်းတို့က ပြုပြင်ဖို့ လုပ်ဆောင်နေပြီးသား သူတို့နေပြီးတော့ လာ ကူညီမယ် ပံ့ပိုးပေးမယ် ပြုပြင်ပေးမယ်ဆိုရင်တော့ ပိုတောင်ကောင်းတယ်လို့ အဲ့လိုမြင်တယ် သူတို့လည်းပဲ ဘုန်းဘုန်းတို့ ဖြစ်ချင်တဲ့ ဆန္ဒအတိုင်းပါပဲ။

သူတို့က အဲ့ဒီဟော်နန်းတွေကို ပြုပြင်ပေးပြီးလို့ရှိရင် အများပြည်သူတွေ လေ့လာလို့ရတဲ့ ပြတိုက်သဘောမျိုး အဲ့လိုမျိုးဖြစ်အောင် သူတို့ကလည်း ဝိုင်းဝန်းလုပ်ဆောင်ပေးမယ် ဆိုတော့ ဘုန်းဘုန်းတို့လည်း ဘာမှ ကန့်ကွက်စရာ မရှိဘူးပေါ့နော်။ ခုထိတော့ ဘာမှစိတ်ပူစရာ ကန့်ကွက်စရာမရှိဘူး။

“အင်ဂျင်နီယာ သံဃာ့နာယဂ နဲ့ ပြည်သူတွေ ရဲ့ သဘောထားယူပြီး ရှေးမူမပျက် ပြန်ဆောက်ချင်”

သိန္နီ မြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်

ဒေါ်နန်းခင်ထားရီ

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကနေ ဒီဟော်ကို လာပြီးတော့မှ ပြန်လည်ပြုပြင်ဖို့ ကျမတို့က ဘာမှမရှိတော့ဘူး။

ဒုတိယ ကမ္ဘာစစ်က ဗုံးကျဲပြီးတော့မှ မီးလောင်သွားတဲ့အတွက် အဲ့နေရာကိုတော့ ရှေးဟောင်းအမွေအနှစ်ပဲ ထားမယ်။

တကယ်လို့ ပြန်လုပ်ပေးမယ်ဆိုရင်တော့ နေရာ အသစ် အဲ့ဒီဟော်ကုန်းထဲမှာပဲ နေရာအသစ်ပြန်ရှာပြီးတော့ လုပ်ဖို့ အဲ့လိုတော့ စီစဉ်ထားပါတယ်။

ခွင့်ပြုတာထက် ကျမတို့ ဘယ်လို ပုံစံနဲ့ ဆောက်မလဲပေါ့။ အဲ့လိုမေးတဲ့ခါမှာ ဘယ်လို ဖြစ်ချင်လဲမေးတဲ့ခါမှာ ကျမတို့ကတော့ ရှေးမူအကျယ်အဝန်းကအစ ရှေးဟောင်းအတိုင်းပဲ ဆောက်မယ်။ ပြီးရင် ကျမတို့ရဲ့ စိတ်ချရတဲ့ အင်ဂျင်နီယာ ကျမတို့ သျှမ်းထဲကနေ အဲ့ အင်ဂျင်နီယာတွေကို အပ်မယ်။

ခန့်မှန်းခြေ အရင်ဆွဲခိုင်းမယ်ရှင့်။ အဲ့ဒါပြီးမှ သူတို့က ဘယ်လို ပံ့ပိုးမလဲ။ အဲ့ခါကျမှပဲ စကားပြောဖြစ်မှာပေါ့။

အခုကတော့ သူတို့က ပြန်ပြင် ပြန်ဆောက်ပေးမယ်လို့ပဲ ပြောတယ်။ ဘယ်လောက်ကုန်မလဲ ဘယ်လို ပံ့ပိုးမလဲ ဆိုတာတော့ အဖြေမရသေးပါဘူး။

အဲ့ဒါကြောင့် ကျမတို့ တည်ဆောက်ရေးအနေနဲ့ ယာယီကော်မတီတော့ ဖွဲ့ထားတယ်။ ယာယီကော်မတီပဲ ဖြစ်တဲ့အတွက်ကြောင့် ဘာမှလဲ ဆုံးဖြတ်ချက်ချလို့မရသေးဘူး။

ကျမတို့ ၂၀၁၄ တုန်းက နှစ်တစ်ရာပြည့် ပွဲတော် တစ်ခါလုပ်တယ်။ အဲ့ဒီ နှစ် ၁၀၀ ပြည့်ပွဲတော် တုန်းက ကျမတို့ အလှူငွေ ရထားတယ်။ အဲ့အလှူငွေကို ကျမတို့ ဘဏ်ထဲမှာ သိန်း ၃၀၀ ထည့် ထားပါတယ်။ တကယ်လို့ လိုအပ်လာလို့ရှိရင်တော့ အရင်ဆုံး ကျမတို့ ရှိထားတဲ့ ငွေလေးနဲ့ ဘယ်လို စလုပ်မလဲပေါ့။

ကိုဗစ် ကာလပြီးမှပဲ မြို့နယ်လုံးကျွတ်စည်းဝေးခေါ်ပြီးမှပဲ ဘယ်လို ဆက်လုပ်မလဲ ဆိုတာကို အဖြေရှာလို့ ရပါမယ်။

လာပြုပြင်ပေးပြီး သူတို့ ထိန်းသိမ်းသွားမှာကို စိုးရိမ်ပါတယ်။ အဲ့လိုဖြစ်မှာစိုးလို့ အစိုးရ စီမံခန့်ခွဲမှုရဲ့ အောက်မှာ ထည့်မယ်ဆိုရင်တော့ ကျမတို့ အနေနဲ့လည်း လက်မခံပါဘူး။ မြို့ကလူတွေလည်း လက်မခံပါဘူး။

သူတို့ရဲ့ အနေအထားအရလည်း သူတို့ လက်အောက်မှာ ပြန်ထည့်မယ်ဆိုတာလည်း မပြောပါဘူး။ ပြန်ပြီးတော့ ပြင်စေချင်တယ်။ အဲ့ဒါကို သူတို့အနေနဲ့ ဘာတွေကို ကူညီရမလဲပေါ့ အဲ့လိုမျိုးပဲ ပြောထားတာရှိပါတယ်။ ဘယ်လောက် ကူညီ ပံ့ပိုးမယ်ဆိုတာလည်း မသတ်မှတ်ရသေးပါဘူး။ ကျမတို့ ဒေသလူတွေအားလုံး သံယာနာယဂ အားလုံးက တပ် လက်အောက်မှာထားရင် ဘယ်သူမှ လက်မခံပါဘူး။

အခုက ကျမတို့ ရှေးမူမပျက်လုပ်မယ်ဆိုရင် သိန်း သောင်းချီ ကုန်မယ့် အနေအထားမှာရှိတယ်။ ဒါကြောင့်မလို့ ကျမတို့ အင်ဂျင်နီယာတွေက ကနေ ခန့်မှန်းခြေတွက်ပြီး ထွက်လာရင် ဘယ်လောက်ကုန်မလဲ။

တပ်ဘက်က အပြည့်အဝ တာဝန်ယူမှာလား မဟုတ်ရင် ကျမတို့နဲ့ ဘယ်လို ပူးပေါင်းမလဲ ပေါ့နော်။ အဲ့ဒါတွေသိမှပဲ ဘယ်လို သဘောထားမှတ်ချက် ပေးမယ်ဆိုတာ ပြောလို့ရပါမယ်ရှင့်။

ကျမတို့ကတော့ ရှေးမူမပျက် ကျမတို့ရဲ့ အင်ဂျင်နီယာနဲ့ သံဃာနာယဂ နဲ့ ပြည်သူတွေ ရဲ့ သဘောထား အရပဲ ဆောက်ချင်ပါတယ်ရှင့်။

“ဒေသခံတွေ သံဃာတော်တွေကပဲထိန်းသိမ်းတာကောင်းပါတယ်”

မိုင်းပွန် သျှမ်းစာပေနဲ့ ယဉ်ကျေးမှု ကော်မတီဝင်

စိုင်းဝင်းထွေး

တပ်မတော်က လာပြုပြင်ထိန်းသိမ်းသွားမယ်ဆိုတာ မသိရပါဘူး။ ကျနော်တို့ သိတာဆိုရင် သံဃာတော် အဖွဲ့ကနေ အလှူခံပြီးတော့ အဲ့ဒါကို ပြန်လည်ထိန်းသိမ်းထားတာတော့ သိတယ်။။ ပစ်ထားတာလဲ ကြာနေပြီ ဆွေတော်မျိုးတော်လည်း လာမကြည့်ကြဘူး။ ခုက မိုင်းပွန်ဒေသခံတွေ ဆရာတော်တွေ ပေါင်းပြီး အလှူငွေ ကောက်ခံပြီး ပြန်လည် ထိန်းသိမ်းထားတာပေါ့။ အရင်ကလည်း ဘယ်သူမှ လာမကြည့်ဘူး ပစ်ထားတာ နှစ်ပေါင်း ၅၀ လောက်ရှိနေပြီ၊ အခုမှ ဆရာတော်တွေဦး ဆောင်ပြီး ဒါတွေ ထိန်းသိမ်းသင့်တယ် ဆိုပြီး လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်ကနေပြီးတော့မှ လာထိန်းသိမ်း ထားတာ ဖြစ်ပါတယ်။

အခုမှ သူတို့(အစိုးရတပ်မတော်) လာထိန်းသိမ်းရင် ဒါက မဖြစ်သင့်တဲ့ ကိစ္စလို့ ကျနော် ထင်တယ်။ သံဃာတော် တွေ ထိန်းသိမ်းတာ ပိုပြီး သင့်တော်တယ်လို့ ထင်ပါတယ်။တခြားသူတွေလည်း လာလည်လို့ ရတယ်။ ကျနော် ဖြစ်ချင်တာကတော့ ဒေသခံတွေ ထိန်းသိမ်းမယ် ပြီးတော့ သံဃာတွေ ထိန်းသိမ်းမယ် ကျနော့်အနေနဲ့ ပိုသင့်တော်တယ်လို့ ထင်ပါတယ်။

“လူမျိုးတခုရဲ့ သမိုင်းတခုရဲ့ တန်ဖိုးတွေ စံနှုန်းတွေ မပျောက်ပျက်အောင် ဒီလူမျိုးကပဲ ပိုနားလည်ပြီး ပိုထိန်းသိမ်းနိုင်”

သိန္နီ သျှမ်းစာပေယဉ်ကျေးမှု အတွင်းရေးမှူး

နန်းဆိုင်လောဝ်

ဟော်နန်းက သမိုင်းတစ်ခုဆိုတော့ လူမျိုး တစ်ခုလုံး နဲ့သက်ဆိုင်တာပေါ့နော်။ ပြီးတော့ သျှမ်းသမိုင်းဆိုရင်လည်း သျှမ်းလူမျိုး အားလုံး နဲ့ သက်ဆိုင်ပါတယ်။ ပြုပြင်ထိန်းသိမ်းပေး တယ်ဆိုတာကတော့ ကောင်းတဲ့ အလုပ်တခုပါ။

ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုအများ သျှမ်းလူမျိုးတွေရဲ့ သဘောထားကို မေးကြည့်သင့်တယ်။ ဘာလို့လဲဆိုတော့ တဦး၊ တယောက်ပိုင်တာ မဟုတ်ဘူး။

အဲ့ဒါကြောင့်မလို့ ပြည်သူအများစု ထောက်ခံအားပေးတာမျိုးကို လုပ်တာ အသင့်တော်ဆုံးလို့ပဲ ပြောချင်ပါတယ်။

ဖြစ်နိုင်ရင်တော့ ကိုယ့်လူမျိုးရဲ့ သမိုင်းကြောင်းကို ကိုယ့်လူမျိုးထဲက တတ်သိပညာရှင်တွေ အဖွဲ့အစည်းတွေ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေ ပူးပေါင်းပြီးတော့ လုပ်ဆောင်တာ ပိုလိုချင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ လူမျိုးတခုရဲ့ သမိုင်းတခုရဲ့ တန်ဖိုးတွေ စံနှုန်းတွေ မပျောက်ပျက်အောင် ဒီလူမျိုးကပဲ ပိုနားလည်ပြီး ပိုထိန်းသိမ်းနိုင်မယ်လို့ မြင်ပါတယ်။

ဖြစ်နိုင်ရင် ပြည်သူလူထုအများရဲ့ ဆန္ဒကို ယူပြီးတော့ တတ်သိပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့မှ ပိုပြီးတော့ လုပ်ဆောင်ပေးစေချင်ပါတယ်။

တကယ်တမ်း ကူညီပေးချင်တယ်ဆိုရင် အချိန်တွေလည်း အများကြီး ရှိခဲ့ပါတယ်။ ပြီးတော့ ဒါက ဘယ်လို စီမံချက်တွေနဲ့ လုပ်လဲဆိုတာ ကိုယ်လည်း မသိဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ပြုပြင်ထိန်းသိမ်းပေးတာလည်း ကောင်းတယ်။

မဖျက်ဆီး ရင်လည်း ကောင်းတာပေါ့။ ဒီကိစ္စက ဘယ်လိုတွေ ဖြစ်လာနိုင်လည်း ဆိုတော့ ပြီးခဲ့တဲ့ ရှေ့တခေါက်မှာလည်း စော်ဘွား င်္သချိုင်းမြေကိစ္စ ကျူးကျော်မှုမှာ သျှမ်းအဖွဲ့အစည်းမှာ သျှမ်းလူငယ်တွေရော သဘောမတူကြောင်း မဖြစ်သင့်ကြောင်း ထွက်လာပြီးတော့ ဒီကစ္စက ပြီးပြတ်သွားတယ်။

အခုက နောက်ထပ်တမျိုး ပြန်ပေါ်လာတဲ့ချိန်မှာ ဒီကိစ္စတွေကို သျှမ်းပြည်သူ လူထုအများစုရဲ့ သဘောထားတွေကို မမေးမြန်းဘူးဆိုရင်လည်း စိုးရိမ်ရတာတစ်ခုကတော့ ဒီကိစ္စကို မထောက်ခံတဲ့သူတွေ နားမလည်တဲ့သူတွေ အမြင်မတူတဲ့သူတွေဟာ ပြန်ပြီးတော့ ဆူပူမှာလည်း ပြန်ပြီး စိုးရိမ်ရတယ်။

အဲ့ဒါကြောင့် သမိုင်းကိစ္စတခုဆိုတာ သမိုင်းနဲ့ သက်ဆိုင်တဲ့ သူတွေရဲ့သဘောထားကို ခံယူတာက အကောင်းဆုံးလို့ ဖြည့်စွက်ပြောချင်ပါတယ်။

“ဖျက်ဆီးခံရတဲ့ဟော် အသိမ်းခံရတဲ့ဟော်တွေလည်း ပြန်ပြင်ပေးသင့်တယ်”

စာရေး ဆရာ ခွန်ယွန်းချို

သိန္နီနဲ့ မိုင်းပွန် ဟော်နန်းတွေကို ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံပေးမယ်ဆိုရင် ဒါဟာ ကြိုဆိုရမှာပါပဲ။ ဒေသခံတွေ၊ ကာယကံရှင်တွေ အနေနဲ့လည်း ကိုယ်ထူကိုယ်ထ လုပ်နိုင်သေးတာ မဟုတ်ဘူးလေ။

မိုင်းပွန်ဟော်နန်းကတော့ ရှိပြီးသား သစ်သားအဆောက်အဦးကို ပြန်လည် မွမ်းမံရရုံပဲဆိုတော့ ခက်ခက်ခဲခဲ မရှိလှပါဘူး။

ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် လုံးဝ ပျက်စီးသွားပြီး အုတ်ခုံလောက်ပဲ ကျန်တော့တဲ့ သိန္နီဟော်နန်းကတော့ မွမ်းမံတဲ့အဆင့် မဟုတ်ဘူး။ ပြန်ပြီး တည်ဆောက်ရမှာ။

အဲဒီနေရာမှာ တိုင်လုံးတွေကို ကျွန်းတိုင်လုံးတွေပဲ သုံးမှာလား၊ ဒါမှမဟုတ် မန္တလေးက မြနန်းစံကျော်ရွှေနန်းတော်ကြီး ပြန်တည်ဆောက်သလို ကွန်ကရစ်တိုင်လုံးတွေနဲ့သုံးမှာလား။ ရှေးမူမပျက် ပြန်လည်တည်ဆောက်နိုင်ခြင်း ရှိမရှိကတော့ မေးခွန်းထုတ်စရာပါပဲ။

ဒုတိယကမ္ဘာစစ်အတွင်းကပဲ သိန္နီဟော်နန်းလို ပျက်စီးသွားတဲ့ သီပေါဟော်နန်းကြီးကိုလည်း ပြန်လည် တည်ဆောက်ပေးသင့်ပါတယ်။ အခုရှိတဲ့ သီပေါဟော်သေးသေးလေးကို ပြောတာ မဟုတ်ဘူးနော်။

နောက်တစ်ချက်က ဒီလို ပြန်လည် တည်ဆောက်ပေးကြေးဆိုရင် တပ်မတော် အစိုးရလက်ထက် ၁၉၉၁ ခုနှစ်တုန်းက ဖျက်ဆီးခံလိုက်ရတဲ့ ကျိုင်းတုံဟော်နန်းကိုလည်း ပိုပြီးတော့တောင် ပြန်တည်ဆောက်ပေးသင့်ပါတယ်။

ဒါ့အပြင် အစိုးရဌာနရုံးအဖြစ် အသုံးပြုနေတဲ့ မိုးနဲဟော်နန်း၊ ဆေးရုံအဖြစ် အသုံးပြုနေတဲ့ မောက်မယ်ဟော်နန်းတွေကိုလည်း အများပြည်သူ လေ့လာနိုင်တဲ့ ပြတိုက်တွေ အဖြစ် ပြောင်းလဲပေးသင့်တယ် မြင်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article