Tuesday, April 23, 2024

မဲဆွယ်စာရွက်တွင် မိမိပါတီ တံဆိပ်မှ အပ တခြားပါတီLogo သုံးစွဲခြင်းမပြုရန်

Must read

မဲဆွယ်စာရွက်ပေါ်တွင် မိမိ ပါတီမှ အပ တခြား ပါတီ၏ အမှတ်တံဆိပ် (Logo ) နာမည် သုံးစွဲခြင်း မပြုရန် ဟု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ထားကြောင်း သိရသည်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေး ပါတီ အသီးသီး က စက်တင်ဘာ ၈ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တရားဝင် မဲဆွယ်စည်းရုံးခွင့် ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာတွင် မဲဆွယ်စာရွက်ပေါ်တွင် မိမိပါတီ logo အပြင် တခြားပါတီ လိုဂိုများကိုပါ ထည့်သွင်း မဲဆွယ်နေကြသည် ကိုတွေမြင်နေရသည်။

ထို့ကြောင့် မဲဆွယ်စည်းရုံးရာမှာ မိမိ ပါတီ အမှတ် တံဆိပ် (Logo) မှ အပ တခြား ပါတီ၏ နာမည် Logo သုံးပြီး မဲဆွယ် စည်းရုံးခွင့် မရကြောင်း သျှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“တခြားပါတီတွေ ထည့်ပြီး မဲဆွယ်စည်းရုံးရေး လုပ်တာ မရပါဘူး။ သူ့ ပါတီ နဲ့ သူ့ရဲ့ logo ပဲ ထည့်ရမယ်။ ကျန်တဲ့ ပါတီက ထည့်လို့မရဘူး။ ကျန်တဲ့ ပါတီတွေ logo တွေ ယူသုံးလို့မရဘူး။ UEC အမှတ်အသားပါတဲ့ဟာတွေ မရဘူး” ဟု ဦးထင်ကျော် ကပြောသည်။

မဲဆွယ်စည်းရုံးသည့် စာရွက်ပေါ်တွင် ဥပမာ အားဖြင့် မိမိပါတီ Logo နာမည် ထည့်ပြီး တခြား သင့်တော်သည့် သဘာဝ သစ်သီးများ အသီးအရွက်များ ပန်းနာမည်များ သာ သုံးခွင့် ပြုထားကြောင်း သိရသည်။

“UEC ကအမှန်ခြစ်တဲ့ ဟာ အဲ့လို ပုံစံ သုံးလို့မရဘူး။ UEC ဆိုတဲ့ စာလုံး မပါရဘူး။ အလွတ်ဖြစ်ရမယ်။ အမှန်ခြစ်တဲ့ထည့်မှာလည်း UEC နာမည်မပါဘူး။ သတ်မှတ်ထားတဲ့ထဲမှာ အဲ့ဒါ ထည့်ရေးလို့မရဘူး။” ဦးထင်ကျော် ကပြောသည်။

မဲဆွယ် စည်းရုံးရေး ကာမှာ ၂ လ သတ်မှတ်ထားပေမယ့် ၂၀၂၀ ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ကာလလည်း ဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးသည့် နေရာမှာ အခက်ခဲဖြစ်ကြောင်း ကိုယ်စားလှယ်လောင်းများက ပြောဆိုကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည့်အတိုင်း ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာမှာ မဲဆွယ် စည်းရုံးရေး ကာလ ၂ လ သတ်မှတ်ထားပြီး စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်ထိ မဲဆွယ် စည်းရုံးခွင့်ပြုထားကြောင်း ထုတ်ပြန်ကြောညာခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article