Friday, May 3, 2024

သျှမ်း၊ မြန်မာ သမိုင်းပညာရှင် ဒေါက်တာစိုင်းအောင်ထွန်း ကွယ်လွန်

Must read

ကမ္ဘာတွင်လူသိများသည့် “History of The Shan State” စာအုပ်ကို ရေးသားခဲ့သူ သမိုင်းပညာရှင် ဒေါက်တာစိုင်းအောင်ထွန်း သည်ယနေ့ စက်တင်ဘာ ၂၅ ရက် မနက်အစောပိုင်းက ရန်ကုန်ဆေးရုံတွင် ကွန်လွန်ခဲ့သည်။

ဒေါက်တာစိုင်းအောင်ထွန်း ကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ် ရှိပြီ ဖြစ်သည်။

ဆရာစိုင်းအောင်ထွန်း၏ သားဖြစ်သူ စိုင်းဆိုင်မိုင်းက “ ဒီမနက်စောစောက ဗိုက်နာတယ်ဆိုပြီး ရုတ်တရက် ဆေးရုံတင်ရတယ်။ ဆေးရုံရောက်ပြီးမကြာခင်မှာဘဲဆုံးသွားတယ် ၅ နာရီခွဲအချိန်လောက်တုန်းကပါ။ အစာအိမ်သွေးကြောပေါက်တာပါ။ အခု အဖေ့အလောင်း ရန်ကုန်ဆေးရုံမှာဘဲ။ ဆရာဝန်တွေက စစ်ဆေးမှုတွေလုပ်ပေးဦးမယ်။ ဒါကြောင့် ဘယ်နေ့သဂြိုဟ်မလဲဆိုတာ မသိရသေးဘူးခင်ဗျ“ ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဒေါက်တာ စိုင်းအောင်ထွန်း သည် သျှမ်းပြည်နှင့် သျှမ်းသမိုင်း စာအုပ်စာပေများ၊ မြန်မာ့သမိုင်းစာအုပ်များအပြင် သုတေသနစာတမ်းမြောက်များစွာရေးသားကာ ပြည်တွင်းပြည်ပ စာတမ်းဖတ်အခမ်းအနားများတွင်သွားရောက်ဖတ်ကြားခဲ့သည်။

OLYMPUS DIGITAL CAMERA

ဆရာကြီး စိုင်းအောင်ထွန်းသည် မူစယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရန်ကုန် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းတို့မှ စာပေ ၊ သမိုင်းထူးချွန်ဂုဏ်ပြုဆုများချီးမြင့်ခံရသကဲ့သို့ ၂၀၁၆ ခုနှစ်ကလည်း အိန္ဒိယ နိုင်ငံအခြေစိုက် The World Peace Movement Trust, India မှ ပေးအပ်သော ငြိမ်းချမ်းရေး သံတမန် ဆု ရရှိခဲ့သူတဦးဖြစ်သည်။

ဆရာစိုင်းအောင်ထွန်း သည် သျှမ်းလူမျိုးများ လေးစား အားကိုးရသည့် သမိုင်းပညာရှင် တဦးဖြစ်ကြောင်း၊ လက်ရှိ စာပေယဉ်ကျေးမှုနှင့်ပတ်သက်ပြီး ဦးဆောင်လှုပ်ရှားနေသူများသည် ဆရာကြီး၏ အဆုံးအမနှင့်ကင်းသူ နည်းပါးကြောင်း သျှမ်းသံတော်ဆင့်သတင်းဌာန တည်ထောင်သူ ဦးခွန်စိုင်းက ပြောသည်။

OLYMPUS DIGITAL CAMERA

“ကျနော်တဦးအပါအဝင် သျှမ်းအဖွဲ့အစည်းထဲက ခေါင်းဆောင်တွေတော်တော်များများက ဆရာကြီးရဲ့ တပည့်တွေဘဲ။ စာပေယဉ်ကျေးမှုနဲ့ လူမျိုးချစ်တတ်အောင်ဆရာကြီးသင်ပေးသလို ဆရာကြီးကိုယ်တိုင်က နိုင်ငံတော်အစိုးရကခန့်အပ်တဲ့ သမိုင်းပညာရှင် အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့တယ် ” ဟု ဦးခွန်စိုင်းကပြောသည်။

ထို့ကြောင့် ဆရာကြီး စိုင်းအောင်ထွန်း အား ဆုံးရှုံးရခြင်းသည် သျှမ်းပြည်သားများ အတွက်သာမက မြန်မာသမိုင်းပညာရှင် တဦး ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ၊ လူသေဆုံးသော်လည်း စာပေရှင်သန်နေသူဖြစ်ကြောင်း ဆရာကြီးကို ချစ်ခင်လေးစားသူများက ပြောဆိုကြသည်။

“ သမိုင်း အကြောင်းပြောနေရလျှင် ထမင်းမေ့။ ဟင်းမေ့သူ” ဟု ဆရာကြီး စိုင်းအောင်ထွန်းနှင့် ၁၀နှစ် နီးပါး အလုပ် လက်တွဲ ခဲ့ဖူးသူ တဦးက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဆရာကြီး စိုင်းအောင်ထွန်းသည် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့တွင် ၁၉၃၂ ခုနှစ် ဇူလိုင် ၃ ရက်ကမွေးဖွားခဲ့သည်။ ဖခင်ပူလွယ်စမ်မိုး နှင့်မိခင်နိုင်းလွယ်ထွန်းတို့၏ သားသမီး ၄ ဦးအနက် အကြီးဆုံးသားဖြစ်ပါသည်။

၁၉ ၅၂ ခုနစ် သီပေါ မြို့တွင် အထက်တန်း(Matric) အောင်ပြီး ရန်ကုန် တက္ကသိုလ် ဆက်တက်ကာ ၁၉၅၇ ခုနစ်တွင် သမိုင်းအထူးပြုနဲ့ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့ ရရှိခဲ့သည်။ ရန်ကုန် တက္ကသိုလ်သမိုင်း ဌာန တွင် နည်းပြ တာဝန်ထမ်းဆောင်စဉ် ပညာတော်သင် စေလွှတ်ခဲ့ပြီး ၁၉၆၀ ခုနစ် မှာ အမေရိကန် University of Denver ကနေ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ် (IR) နဲ့ မဟာဝိဇ္ဇာ (M.A) ဘွဲ့ ရရှိခဲ့သည်။

ရန်ကုန်တက္ကသိုလ်မှ ၂၀၁၅ ခုနစ်၊ ဇန်နဝါရီ (၅)ရက်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ အမြင့်ဆုံး ဂုဏ်ထူးဆောင် စာပေ ပါရဂူဘွဲ့ ၊ Dr. Litt (Yangong University )ဘွဲ့ချီးမြှင့်ခံရသူတဦးလည်းဖြစ်သည်။

၁၉၆၂ တွင် ဆရာမ နန်းနွမ်နှင့် အိမ်ထောင်ပြုကာသားသမီး ၂ ဦးထွန်းကားခဲ့သည်။

ထို့နောက်ပိုင်း ကချင်ပြည် မြစ်ကြီးနား ကောလိပ် ကျောင်းအုပ်ကြီး အဖြစ် လည်းကောင်း နိုင်ငံခြား ဘာသာ သိပ္ပံကျောင်း (လက်ရှိ UFL ရန်ကုန်)တွင် ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၅ ခုနှစ် တွင် နိုင်ငံတော် ကောင်စီ ဝင်အဖြစ် ခန့်အပ်ခြင်းခံရပြီး ၁၉၉၆ မှ ၂၀၀၈ ခုနစ်အထိ မြန်မာသမိုင်း အဖွဲ့တွင် ဒုတိယ ဥက္ကဌ(၂) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဆရာကြီးသည် နိုင်ငံ ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော်လည်း တဖက်တွင် သျှမ်းလူမျိုး အတွက် သျှမ်းစာပေတိုးတက် ထွန်းကားရေး လုပ်ငန်းများလည်း တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။

ပြည်တွင်း ပြည်ပ ဖိတ်ကြားချက်အရ မြန်မာ့သမိုင်း၊ သျှမ်းသမိုင်း၊ သျှမ်းစာပေများအကြောင်းကို ဟောပြောခဲ့သူ တဦးလည်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article