Wednesday, May 1, 2024

ပြည်ထောင်စုအရေး ကျဆုံးတိုင်းရင်းသားအာဇာနည်များလည်း တန်းတူရှိဖို့လိုအပ်

Must read

အာဇာနည်နေ့ ဆိုတာ မြန်မာ့ လွတ်လပ်ရေး ရဖို့ ကြိုးပမ်းခဲ့တဲ့အာဇာနည် ခေါင်းဆောင် ၉ ဦး လုပ်ကြံခံရသည့် ရက်ကို အစွဲပြုပြီး ဖြစ်လာတဲ့ရက် တရက်ပါ။

ဇူလိုင် ၁၉ ရက်မှာတော့ နိုင်ငံ အာဇာနည်ကြီးတွေကို အောက်မေ့ တမ်းတရင်း လွမ်းသူ့ပန်းခွေတွေသွားရောက်ချတာတွေ သမိုင်းကြောင်းတွေ ပြန်လည် တူးဖော်ပြောဆိုကြတဲ့ရက်တရက်ပါပဲ။

Photo by Nang Hseng Phoo/ SHAN

လွန်ခဲ့တဲ့ နှစ် ၇၃နှစ် ယနေ့အချိန်မှာ ဗိုလ်အောင်ဆန်းနဲ့အတူ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း ကျဆုံးခဲ့ပေမယ့် တိုင်းရင်းသားခေါင်းဆောင်တွေကို အသိအမှတ်ပြုပြီး လေးစားတမှုနဲ့ ရုပ်ထုတွေ၊ အများသုံးတဲ့ ငွေစက္ကူတွေမှာ ရိုက်နှိပ် သုံးစွဲတာ ယနေ့ထိတိုင်မရှိခဲ့ပါ။

ထိုနည်းတူ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဘဝအကြောင်းတွေကို လည်း ကိုယ့်တိုင်းရင်းသားမှအပ ဖော်ပြ ရေးသားခဲ့တာ ရှားပါးခဲ့ပါတယ်။

တန်းတူညီမျှရေးဆိုတဲ့ စကားအရ ပြောရမည်ဆိုရင် အာဇာနည် ခေါင်းဆောင်တူသော်လည်း ဗိုလ်ချုပ်အောင်ဆန်းမှ အပ ကျန်တိုင်းရင်းသားများကို ဘေးဖယ်ခံနေရဆဲပါ။

ကျဆုံးသွားတဲ့ အာဇာနည် ၉ ဦးထဲ မှ သျှမ်းခေါင်းဆောင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း အကြောင်းကို ဖော်ပြတာ သိပ်မရှိတဲ့အတွက်ကြောင့် သျှမ်းအာဇာနည် ခေါင်းဆောင်ရဲ့ အကြောင်းကို ကောက်နုတ်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။

မိုင်းပွန်စော်ဘွားကြီး ကို ခမည်းတော်မိုင်းပွန်စော်ဘွားကြီးစဝ်ခွန်ထီး နှင့်မယ်တော် မြောက်နန်းဆောင်မဟာဒေဝီစဝ်နန်းစိန်ဥတို့၏သားတော်ဖြစ်ပြီး ၁၂၆၉ခုနှစ်၊နယုန်လပြည့်ကျော် ၅ ရက် (၁၉၀၇ ခုနစ် မေ ၃၁ရက် သောကြာနေ့) တွင်ဖွားမြင်ခဲ့ပါတယ်။

၅နှစ်သားအရွယ်မှာ တရားမစာရေးကြီးဦးစံဖေထံ မြန်မာနှင့်အင်္ဂလိပ်စာပေအခြေခံတွေကို ၂နှစ်သင်ယူခဲ့ပါတယ်။

ထိုမှတဆင့် ၇နှစ်သားအရွယ်မှာတော့ တောင်ကြီးမြို့ရှိ Shan Chiefs’ School(ရှမ်းစော်ဘွားသားများအထက်တန်းကျောင်း) မှာ ဆက်လက်ပညာသင်ယူခဲ့ပြီး ထိုကျောင်းမှာပင် ၁၀ တန်းအောင်ခဲ့ပါတယ်။

အဲ့ဒီနောက် မိတ္ထီလာမြို့စက်ရှင်တရားသူကြီးဦးကျောက်တိုင်ရုံးမှာ ၆လအလုပ်သင်အဖြစ်လုပ်ကာ ဆက်လက်ပြီး မန္တလေးမြို့ ရဲအုပ်သင်တန်းတွင် ၆လတက်ရောက်ခဲ့ပါတယ်။ ရဲအုပ်သင်တန်းပြီးတဲ့အခါ ဗန်းမော်မြို့ ရဲဝန်ထောက်အဖြစ်ခေတ္တဆောင်ရွက်ခဲ့ပါတယ်။ ထိုမှတဖန် တောင်ကြီးမြို့ ရှိ သျှမ်းပြည်မင်းကြီးရုံးတွင်အလုပ်လုပ်ခဲ့ပါတယ်။

၁၉၂၅ ဇွန်လ ၂၀ ရက် (၁၂၉၀ ဝါဆိုလဆန်း ၁၁ရက်နေ့)မှာ ဓလေ့ထုံးစံအတိုင်း မင်းခမ်းမင်းနားဖြင့် မဟာရာဇာစဝ်ဖှလုံ(စော်ဘွား)ရာထူးကိုဆက်ခံခဲ့သူတဦးဖြစ်လာပါတယ်။

၁၉၃၂ နိုဝင်ဘာ ၁၁ ရက် ( ၁၂၉၄ တန်ဆောင်မုန်းလဆန်း ၁၄ရက်)မှာ မိုးမိတ်စော်ဘွားစဝ်ခင်မောင်နှင့်မဟာဒေဝီစဝ်နန်းအိမ်တို့ရဲ့ သမီးတော် စဝ်ခင်သောင်းနှင့်လက်ထပ်ထိမ်းမြှားမင်္ဂလာပွဲကျင်းပကာ မဟာဒေဝီစဝ်သိရိစန္ဒနာ ဟူ၍ မဟာဒေဝီဘွဲ့ခံစေခဲ့ပါတယ်။

မိုင်းပွန်စော်ဘွားကြီး နှှု့် မဟာဒေဝီ တို့တွင် စဝ်သုနန္ဒာ၊စဝ်ဆေဟုမ်၊စဝ်ကိုင်ဖ၊ စဝ်အုန်းညွန့် နှင့် စဝ်မြင့်ကြည် ဟူပြီး သားသမီး ၅ယောက်ထွန်းကားခဲ့ပါတယ်။

၁၉၄၅ တွင် စော်ဘွား၏မဟာဒေဝီစဝ်သိရိစန္ဒနာသည် ဖက်ဆစ်ဂျပန်တို့ လက်မှလွတ်မြောက်ရန် ပြေးလွှားရင်း မိုင်းပွန်တောထဲ၌ဆုံးပါးသွားခဲ့ပါတယ်။

မဟာဒေဝီဆုံးပါပြီးနောက်တစ်နှစ်အကြာ ၁၉၄၆ တွင် သမီးဖြစ်သူ စဝ်အုန်းညွန့်သည်လည်းဆုံးပါးသွားခဲ့ပါတယ်။

၁၉၄၅ ခုနှစ်မှာပင် စဝ်စံထွန်း မဟာဒေဝီ၏အသုဘအခန်းအနားသို့ အနယ်နယ်အရပ်ရပ်မှစော်ဘွားများတက်ရောက်လာကာ စုဝေးမိကြရာမှ တိုင်းရေးပြည်ရေးအထွေထွေကိစ္စများကို ဆွေးနွေးရင်း စဝ်စံထွန်းက စော်ဘွားများအား ဗိုလ်ချုပ်အောင်ဆန်းနှင့်ပူးပေါင်းရန်စတင်စည်းရုံးခဲ့ပါတယ်။

၁၉၄၅ ခုနှစ် ဒီဇင်ဘာလလယ်လောက်တွင် ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့၌ စော်ဘွားကြီးများ အစည်းအဝေးတစ်ရပ်ကိုပြုလုပ်ခဲ့ကာ ပထမပင်လုံညီလာခံပြုလုပ်ရန်ဖြစ်ပေါ်လာခဲ့ပါတယ်။

ပထမပင်လုံညီလာခံကို ၁၉၄၆ မတ်လ ၁ ရက်နေ့မှ ၁၃ ရက် အထိ ကျင်းပခဲ့ပြီး ဒုတိယပင်လုံညီလာခံကိုမူ ၁၉၄၇ ဖေဖော်ဝါရီလ ၃ ရက်မှ ၁၃ ရက်အထိဖြစ်ပါတယ်။ ပထမပင်လုံညီလာခံတွင် အကြောင်းအမျိုးမျိုးကြောင့် ဗိုလ်ချုပ်အောင်ဆန်းတက်ရောက်နိုင်ခြင်းမရှိခဲ့ပါ။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ခါနီးတွင် ဆမားဒူးဝါးဆင်ဝါးနောင်(မြစ်ကြီးနား) ဦးဆောင်တဲ့ ကချင်ကော်မတီအဖွဲ့ဝင် ၆ယောက် တို့ဟာ အင်္ဂလိပ်လက်ထက် ကချင်ပြည်နယ်အဖြစ်သတ်မှတ်ပေးသော မြစ်ကြီးနားခရိုင်နှင့်ပူတာအိုခရိုင် အပါအဝင် ကချင်ပြည်နယ်မဟုတ်သော စစ်ကိုင်းတိုင်းအထက်ပိုင်း မိုးကောင်း၊မိုးညှင်း၊တနိုင်း၊ဖားကန့်နှင့် ရှမ်းပြည်နယ်ဖြစ်သော ဗန်းမော်ခရိုင်တို့ကိုကချင်ပြည်နယ်ထဲသွတ်သွင်းပေးမှသာ ပင်လုံစာချုပ်လက်မှတ်ထိုးနိုင်မည်ဟုအကြပ်ကိုင်လာပါတယ်။

ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းမှ ထပ်တိုးတောင်းဆိုလာသောနယ်မြေများသို့ မိမိရောက်ခဲ့ပြီး လူထုနှင့်ဆွေးနွေးခဲ့ပြီး မည်သူမှ ကချင်ပြည်နယ်ထဲ မပူးပေါင်းလိုကြတဲ့အတွက် ၎င်းအနေနှင့်သဘောမတူနိုင်ကြောင်းငြင်းဆန်ခဲ့ပေမယ့် ကချင်ဒူဝါများမှာဆက်လက်တင်းခံနေခဲ့ပါတယ်။

ထိုအခါမိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းသည် တိုင်းပြည်လွတ်လပ်ရေးမဆုံးရှုံးစေလိုတဲ့အတွက် ညတွင်းချင်း သျှမ်းစော်ဘွားများနှင့်အကြိတ်အနယ်ဆွေးနွေးကာ ကချင်ဒူဝါများ၏တောင်ဆိုချက်ကိုသဘောတူလိုက်ရပါတယ်။

၁၉၄၇ ပင်လုံညီလာခံမှာ သျှမ်းစော်ဘွားများနှင့်ဗိုလ်ချုပ်အောင်ဆန်းတို့ဆွေးနွေးကြရာမှာလည်း တချို့သောစော်ဘွားများက ကန့်ကွက်မှုတွေကိုလည်း ခံရပါတယ်။

ထိုအခါ စဝ်စံထွန်းသည် သျှမ်းပြည်လူငယ်များဖြစ်ကြတဲ့ ဦးတင်အေး၊ ဦးထွန်းမြင့်၊ ဦးခွန်ထီး စသော လူငယ်ခေါင်းဆောင်များကို စည်းရုံးပြီး ညီညွတ်ရေးရအောင်ကြိုးပမ်းနိုင်ခဲ့ကာ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်တွင် လွတ်လပ်ရေးရရန်အရေးပါသည့် ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ထိုစာချုပ်တွင်လည်း စဝ်စံထွန်းကိုယ်တိုင်ပါဝင်လက်မှတ်ထိုးခဲ့ကာ ၁၉၄၇ မတ်လ ၂၆ ရက် ကြားဖြတ်အစိုးရအဖွဲ့ရာတွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ဝန်ကြီးအဖြစ်ရွေးချယ်ခံရပြီး အခြေခံဥပဒေရေးဆွဲရေးကော်မတီဝင်ဖြစ်လာပါတယ်။

၁၉၄၇ ဇူလိုင်လ ၁၉ ရက် တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းပြုပြည်ပြုကိစ္စရပ်များဆွေးနွေးနေဉ် ဂဠုန် ဦးစောအပေါင်းအပါ တွေ လက်ချက်ဖြင့်လုပ်ကြံခံခဲ့ရပါတယ်။

ထိုစဉ်က စော်ဘွားကြီးစဝ်စံထွန်းသည် ပုခုံးတွင် ဒဏ်ရာ ၂ချက်သာရရှိပြီး အခြေအနေမစိုးရိမ်ရ လူနာအဖြစ်ဆေးရုံတွင်ဆေးကုသမှုခံယူနေဆဲနောက်တစ်နေ့ ဇူလိုင်လ ၂၀ရ့က် မွန်းတည့် ၁၂ နာရီတွင်ကွယ်လွန်ခဲ့ရပါတယ်။

ထိုစဉ်က စဝ်စံထွန်းသည် အသက် ၄၀ သာရှိသေးသည်။စော်ဘွား၏ရုပ်ကလောပ်ကို ရန်ကုန်မှ မိုင်းပွန်ထိ မီးရထား၊ကားအဆင့်ဆင့်သယ်ယူလာကာ ရှမ်းရိုးရာဓလေ့ထုံးစံအတိုင်း အသုဘပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး သဂြိုလ်ခဲ့ပါတယ်။

အရိုးပြာတစ်ဝက်ကို ရန်ကုန်အာဇာနည်ကုန်တွင်မြုပ်နှံခဲ့ပြီး ကျန်တစ်ဝက်ကိုမူ မိုင်းပွန်မြို့တောင်ဘက်ရှိ စော်ဘွားများအဆက်ဆက်ဂူသင်္ချိုင်းတွင် မြုပ်နှံခဲ့ပါတယ်။

မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းသည် ကျန်းမာရေးလိုက်စားသောသူဖြစ်သည့်အတွက် အားကစားဖြစ်တဲ့ တင်းနစ် ခရစ်ကက် ဟော်ကီနှင့် ရေ ကူးခြင်းကိုဝါသနာပါပြီး ဘောလုံးတွင် ဂိုးသမား နှင့် ဘယ်တောင်ပံ(လက်ဝဲဝင်း)အဖြစ်နာမည်ကြီးပါတယ်။

ဂီတတွင်လည်းဝါသနာပါပြီး ပတ္တလား လက်ဆွဲဘာဂျာ ဘင်ဂျို မယ်ဒလင်များကို ကျွမ်းကျင်စွာတီးခတ်နိုင်ရုံမက တစ်ပတ်နှစ်ကြိမ် သုံးကြိမ်ခန့်တွင် သီချင်းကြီးများတွဲဖက်ပြီး တေးသီချင်းများသီဆိုတီးခတ်ခဲ့ပါတယ်

မိုင်းပွန် စော်ဘွားကြီး စဝ်စံထွန်းဟာ စာပေများကိုလေ့လာလိုက်စားသောသူဖြစ်ပါတယ်။ သျှမ်းစာပေတွင်လည်း နှံ့စပ်ကျွမ်းကျင်သောသူဖြစ်ပြီး ခရစ်ယာန်ဓမ္မာကျမ်းစာကိုလည်းအကျိုးအပြစ်ဝေဖန်နိုင်သည့်အဆင့်ထိ လေ့လာခဲ့ပါတယ်။

နဂါးနီတိုက်ထုတ်နိုင်ငံရေးစာအုပ်များကိုအထူးလေ့လာဖတ်ရှု့တက်ပြီး သတင်းစာကို မနက် ၇နာရီမှ ၉နာရီ ည ၇နာရီမှ ၉နာရီထိ လူပျိုတော်များကိုဖတ်ခိုင်းလေ့ရှိပါတယ်။

စိုက်ပျိုးရေးဝါသနာပါသူဖြစ်တဲ့အတွက် သျှမ်းပြည်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းထွန်းကားလာစေရန် အစဉ်တစိုက်ကြိုးပမ်းခဲ့သူဖြစ်ပြီး နိုင်ငံခြားမှ စိုက်ပျိုးရေးဆိုင်ရာစာအုပ်များ နည်းစနစ်များ ခေတ်မှီကိရိယာများနှင့်မျိုးစေ့များကိုမှာယူခဲ့ပါတယ်။

မိုင်းပွန်စော်ဘွားကြီး မဆုံးပါးချိန်တွင် နေထိုင်ခဲ့တဲ့ ဟော်နန်းဟာ လက်ရှိ အချိန်မှာတော့ ယိုယွင်း ပျက်စီးမှုတွေ ဖြစ်နေပေပြီး ဟော်နန်းနဲ့ မတူညီလောက်အောင် ပါပဲ။

နောက်ပြီး ပြည်ထောင်စုနိုင်ငံတော် အဖြစ် မိုင်းပွန် စော်ဘွားကြီးလည်း ဗိုလ်ချုပ်အောင်ဆန်းနည်းတူ ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်ထိ တန်းတူညီမျှမှု မရရှိခဲ့သေးပေ။

ဒါ့ကြောင့် အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နည်းတူ တိုင်းရင်းသား အာဇာနည်များလည်း တန်းတူညီမျှမှု ရရှိဖို့နဲ့လိုအပ်ပါတယ်။

ရန်ကုန်မြို့ မှာ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေအိမ်ကို ပြတိုက် အဖြစ် ခန့်ညားစွာ ပြုပြင်ခဲ့သလို သျှမ်းတိုင်းရင်းသားအာဇာနည်ခေါင်းဆောင် မိုင်းပွန် စော်ဘွားကြီးစဝ်စံထွန်းရဲ့ နေအိမ်ကိုလည်း ပြုပြင်မွမ်းမံရန် လိုအပ်ပါတယ်။

ကိုးကား

-စံထွန်း၊စဝ်၊မိုင်းပွန်စော်ဘွား(wikipedia)

-တာဝန်ခံစာတည်း၏သတင်းစာကပြောသောနိုင်ငံတော်လုပ်ကြံမှု(ဦးမောင်မောင်ဦး)

-ဗိုလ်ချုပ်နှင့်အတူကျဆုံးသောမိုင်းပွန်စော်ဘွားစဝ်စံထွန်း(ရန်ကုန်တက္ကသိုလ်ရှမ်းစာပေမြှင့်တင်ရေးအသင်း)
-မြစ်ရိုးမြေပြန့်ဒေသခံရှမ်းမျိုးနွယ်စုများ၏လူမျိုးနှင့်နယ်မြေသမိုင်းသက်သေခံစာတမ်း(သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့)

-သားဖြစ်သူစဝ်ကိုင်ဖပြောပြသည့်ဖခင်အာဇာနည်ခေါင်းဆောင်မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၏ဘဝအကြောင်းတစေ့တစောင်း(မင်းသစ်၊ဇော်ကြီး)

Leave a Comments

- Advertisement -spot_img

Latest article