Thursday, May 2, 2024

အေးမြကြည်လင်သောကန်ရေပြင်ထက်က ချွေးစက်များ

Must read

မျက်နှာတွင် သနပ်ခါး အပြည့်လိမ်း၊ အင်္ကျ ီလက်ရှည်ဝတ် လက်အိတ်စွတ် ဝါးခမောက်ဟောင်းဆောင်းထားတဲ့ အမျိုးသမီး ဟာ နေပူရှိန်ကို အံ့တုပြီး လှေဦးထိပ်မှာ မကြောက်မရွံထိုင်နေပါတယ်။

Photo by SHAN

ထိုအမျိုးသမီးကတော့ မြန်မာပြည်လုံးကို တင်ပို့ရောင်းချမယ့် အင်းခရမ်းချဉ်သီးကို ခူးဆွတ်နေတဲ့ သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်မှာနေထိုင်သူ် အင်းအမျိုးသမီး တဦးပါပဲ။

မနက် ၇နာရီမှ ညနေ ၅နာရီထိ လုပ်အားခတရက် ၆ထောင်ကျပ်နှုန်းနဲ့ ခရမ်းချဉ်သီးခူးပြီး ကလေး ၃ဦး နဲ့ အမျိုးသားကို ရှာဖွေကျွေးမွေးနေတဲ့ ဒေါ်နန်းညိုမြပဲဖြစ်ပါတယ်။

“ကျမ မှာ ကလေး ၃ ယောက်ရှိတယ်။ အကြီးဆုံး တစ်ယောက်က တက္ကသိုလ်ဝင် စာမေးပွဲ ဖြေထားတာရှိပါတယ်။” လို့ လှေပေါ်မှာ ထိုင်ပြီး ဝါးခမောက်လေးကို ပင့်ကာ ဒေါ်နန်းညိုမြ တယောက် ပြောပြပါတယ်။

သူမ ရဲ့ အမျိုးသားက နေ့စဉ်နဲ့ အမျှ အရက်သောက်နေတာကြောင့် သူမရတဲ့ နေ့စားလုပ်အားခ ဟာ သူမရဲ့အမျိုးသားအတွက် အရက်ဖိုးပဲ ဖြစ်နေတယ်လို့ ဝမ်းနည်းစွာဖြင့် ပြောပြပါတယ်။

“ကျမ အမျိုးသားက နေ့တိုင်း အရက်သောက်တယ်။ သူ အလုပ်လုပ်ပြီး ရလာတဲ့ငွေတွေက သူ့ အရက်ပဲ ဝယ်သောက်တယ်” လို့ မျက်လွှာချကာ ငိုသံပါတဲ့ လေသံ နဲ့ ဒေါ်နန်းညိုမြ က ဆိုပါတယ်။

ဒေါ်ညိုမြတို့ မိသားစုဟာ ပုံမှန် ခရီးသွားလာမှု ကောင်းမွန်တဲ့အချိန်မှာ စားဝတ်နေရေး အတွက် သိပ်အခက်အခဲမဖြစ်ပေမယ့် လက်ရှိ ကိုဗစ်-၁၉ ကာလမှာတော့ စားဝတ်နေရေး အလွန်ခက်ခဲရုန်းကန်နေရကြောင်း ပြောပြပါတယ်။

“စားဝတ်နေရေးတဲ့လား ကျမတို့က ဝတ်ဖို့ နေနေသာသာ ထမင်းနပ်မှန်ဖို့ ရုန်းကန်နေရတယ်” လို့ သူမ ဝမ်းနည်းစွာဖြင့် ပြောပါတယ်။

အင်းသူ အင်းသားတွေဟာ ခရမ်းချဉ်သီး ရာသီ မဟုတ်ရင် ကျဘမ်းအလုပ်ကို လုပ်ကိုင်ပြီး၊ မိုးရွာမရှောင် နေပူမရှောင် နေ့စားအလုပ်ဖြင့် ဝမ်းရေး ဖြေရှင်းနေရပါတယ်

“ကျမ ကလေးက အိမ်မှာပဲ နေတယ်။ အလုပ်လုပ်လို့မရဘူး။ သူတို့မှာ လှေမရှိဘူး သွားလာလို့မရတော့ ကျမ ကိုပဲ ထိုင်စောင့်နေရတယ်။ ကျမ တို့က လှေ တစီးပဲ ရှိတယ်” လို့ ဒေါ်နန်းညိုမြ ပြောပါတယ်။

ယခုချိန်ဆိုရင် ခရမ်းချဉ်သီး ရာသီဖြစ်တဲ့ အတွက် ခရမ်းချဉ်သီး စိုက်ခင်းထဲ ရောက်သွားတာနဲ့ အင်းသူအင်းသား အမျိုးသားအမျိုးသမီးတွေဟာ ခရမ်းချဉ်သီး ခူးနေကြပါတယ်။

ခရမ်းချဉ်သီး ခူးတဲ့နေရာမှာ အမျိုးသားထက် အမျိုးသမီးဦးရေ က ပိုများပေမယ် လုပ်အားခကတော့ အမျိုးသားတွေထက် အမျိုးသမီးတွေကပို နည်းနေသေးကြောင်း ခရမ်းချဉ်သီးခူးနေတဲ့ အမျိုးသမီးတွေက ပြောဆိုကြပါတယ်။

“ ယောင်္ကျားတွေက တရက်ကို ၈ထောင်ကျပ်ရတယ်။ ကျမတို့ မိန်းကလေးက တရက်ကို ၆ထောင်ကျပ်ပဲရတယ်။ အလုပ်လုပ်ရတာတူတယ်။ ငွေရတာမတူဘူး” ဟု ခရမ်းချဉ်သီးခူးနေတဲ့ မတင်လှ က ပြောပါတယ်။

ကိုဗစ်ကာလ ကြောင့် စက်လှေမောင်းတဲ့ အမျိုးသားတွေ ဟာ ခရမ်းချဉ်သီး နေ့စားလိုက်ခူးနေကြသလို အရင်က ဈေးရောင်းနေတဲ့ အမျိုးသမီးတွေလည်း ခရမ်းချဉ်သီးခူးတဲ့ အလုပ်ဘက်ပြောင်းလာကြတာတွ့ရပါတယ်။

အင်းလေးကန်အတွင်း အင်းခြံ ကေလာအုပ်စုမှာ ကျွန်းမျောပင် ခရမ်းချဉ်သီးစိုက်ခင်း အလံ ၆သိန်းကျော် (တလံလျှင် ၆ပေ )ရှိကြောင်း သိပါတယ်။

အင်းခရမ်းချဉ်သီးစိုက်ခင်းတွေကို ကြည့်လိုက်ရင် ခရမ်းချဉ်သီး ခူးတဲ့ လူတွေ က လှေ တယောက် တစီးနဲ့ နေအပူရှိန်ကို အံတုပြီး ခရမ်းချဉ်သီး ခူး နေကြပါတယ်။

“ကျမ ခရမ်းချဉ်သီးခူးတာ တစ်နေ့ကို လုပ်အားခ ၆ ထောင်ပဲရတယ်။ အဲ့ ၆ ထောင်နဲ့ပဲ မိသားစု ကိုကျွေးမွေးနေရတယ်”လို့ သနပ်ခါး ပါးကွက်ကြားနဲ့ မတင်လှ က ပြောပါတယ်။

လက်ရှိ ကိုဗစ်-၁၉ ကာလကြောင့် ခရမ်းချဉ်သီး ခူးတဲ့သူတွေ အရမ်းများလာနေသလို ခရမ်းချဉ်သီး ခြံပိုင်ရှင်တွေဘက်ကလည်း အရှုံးပေါ်မှုကြောင့် လာမယ့်ရာသီမှာ ထပ်မံစိုက်ပျိုးဖို့အတွက် တွေဝေနေကြတာကိုလည်းမြင်တွေ့နေရပါတယ်။

လှေထိပ်တွေမှာ ဟောင်းနွမ်းနေတဲ့အဝတ်အစား ဝါးခမောက်နဲ့ ရေစိုနေတဲ့ ထဘီတွေ ခြေမျက်စိဖုံး အောင်ဝတ်ထားပြီး နေလောင်ဒဏ်ကို အံတုကာ ခရမ်းချဉ်သီး ခူးနေတဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် နေ့စားကြေးမရပေမယ့် ဝမ်းရေး အတွက် လုပ်ငန်းခွင် ဆက်ဝင်နေရပါဦးမှာဖြစ်ပါတယ်။

မြင်တွေ့နေရတဲ့ပုံရိပ်အရ ခရမ်းချဉ်သီးစိုက်ခင်းထဲက အလုပ်သမားတွေထဲမှာ အမျိုးသမီးတဦးဟာဆိုရင်ဖြင့် သနပ်ခါး ပါးကွက်ကြားလေးနဲ့ အပူဒဏ်ကို အံ့တုနိုင်ဖို့အတွက် လက်အိတ်စွပ် ၊ ဟောင်းနွမ်းတဲ့ ဝါးခမောက် ဆောင်း၊ အကျီလက်ရှည် ဝတ်ဆင်ထားပြီး စိုရွှဲနေတဲ့ထဘီကို ခြေမျက်စိဖုံးအောင်ဝတ်ဆင်ကာ လှေပေါ် မှာခရမ်းချဉ်သီးခူးတာ ကို ကျမ သတိထားမိပါတယ်။ အဲဒီပုံရိပ်ဟာဖြင့် ကျမအတွေးထဲကမှာ မြင်ယောင်ထင်ဟပ်နေဆဲပါ။

Leave a Comments

- Advertisement -spot_img

Latest article