Thursday, April 25, 2024

ညောင်ရွှေဟော်နန်း ကို မိသားစုထံ ပြန်လည်လွှဲပြောင်းပေးရန် မရှိ

Must read

မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စော်ဘွားကြီး စဝ်ရွှေသိုက်၏ ညောင်ရွှေ ဟော်နန်းကို မိသားစု လက်ထဲ ပြန်လည် လွှဲပြောင်းပေးအပ်ရန် မရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ ပြန်လည် အကြောင်းကြားလာသည် ဟု မိသားစုဝင်များထံ စုံစမ်းသိရသည်။

Photo by MJI

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ညောင်ရွှေဟော်နန်းကြီး ကို မိသားစုဝင်များ ပြန်လည်ထိန်းသိမ်းခွင့်ရရန် အတွက် NLD အစိုးရထံ စော်ဘွားကြီး စဝ်ရွှေသိုက် ၏ သမီးဖြစ်သူ စဝ်ဟေမာသိုက် က တောင်းခံထားခြင်း ဖြစ်သည်။

“ဒီလို အကြောင်းကြားစာ ထွက်လာတော့ ပါပါ ကို စော်ကားသလိုပဲ။ ပါပါ ကပဲ တောင်းပြီး သွားရောင်းစားမယ့် ပုံစံဖြစ်နေတယ်။ ပါပါတို့ တင်ထားတဲ့ အချက်အလက် နဲ့ သူတို့ အကြောင်း ပြန်လာတဲ့ အချက်လက်က လွှဲနေတယ်” ဟု စဝ်ဟေမာသိုက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

နိုင်ငံတော် သမ္မတရုံး မှ ပြန်လည် ပေးပို့လာသည့် အကြောင်းကြားစာ တွင် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ပိုင်အဖြစ် လွဲပြောင်းပေးပါက အမွေဆိုင်များကာ ခွဲခြမ်းစိတ်ဖြာခွဲဝေခြင်း၊ တစ်ဦးမှ တစ်ဦးသို့ လက်ဆင့်ကမ်းရောင်းချခြင်း များ ဖြစ်ပေါ်လာနိုင်သည် ဟု ရေးသားထားသည်။

“စိတ်တိုတယ်။ ဘာဖြစ်လို့ သူများအိမ် ကို ယူချင်ရတာလဲ။ ဒေါ်အောင်ဆန်းစုကြည် နဲ့  ၃ ခေါက် ဆုံတာ ညောင်ရွှေဟော်နန်းအကြောင်း ကိုပြောဖြစ်တယ်။ သူက ပါပါ ကိုပြောတယ်။ နေပြည်တော်မှာ ဆုံပြီး ဆွေးနွေးရအောင်တဲ့။ မဆွေးနွေးရခင်မှာပဲ အကြောင်းကြားစာ က သမ္မတရုံးကနေ ထွက်လာတယ်” ဟု စဝ်ဟေမာသိုက် ကပြောသည်။

ဆက်လက်ပြီး အကြောင်းကြားစာထဲတွင် ညောင်ရွှေယဉ်ကျေးမှုပြတိုက် အဆောက်အအုံသည် နှစ်ပေါင်း (၁၀၀) ကျော် သက်တမ်းရှိသဖြင့် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံအဖြစ် အကြုံးဝင်ပါကြောင်း ရေးသားထားသည်။

ထို့အပြင် ဟော်နန်းအတွင်း စော်ဘွားကြီးများ၏ အဝတ်အစားများ၊အသုံးအဆောင်များ၊ ပရိဘောဂများ၊ ပန်းချီကားများ၊ ပန်းပုရုပ်တုများ၊ ဓာတ်ပုံများ၊ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ အပါအဝင် သမိုင်းတန်ဖိုးကြီးမားသော ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို ခင်းကျင်းပြသထားပါကြောင်းလည်း အကြောင်းပြန်သည့် စာတွင် ထည့်သွင်းရေးသားထားသည်။

ညောင်ရွှေဟော်နန်း နှင့်ပတ်သက်ပြီး ဟော်နန်းအဆောက်အအုံများ၊ မြေနေရာများကို နောင်ဆက်ခံမည့် မျိုးဆက်များသို့ ပြန်လည်လွဲပြောင်းပေးသည့် အစဉ်အလာမရှိသဖြင့် လည်းကောင်း၊ ညောင်ရွှေယဉ်ကျေးမှု ပြတိုက်အဆောက်အအုံ နှင့် ပြတိုက်အတွင်းရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဆက်လက်သိမ်းထိန်းစောင့်ရှောက်ပြီး အများပြည်သူအား ပြသနိုင်ရန် ရည်ရွယ်သော်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဌာန နှင့် သျှမ်းပြည်အစိုးရအဖွဲ့တို့က ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခြင်း ကသာ အကောင်းဆုံး ဖြစ်ပါကြောင်း ဟူသည့် အကြောင်းကြားစာ ထဲတွင် ပါရှိသည်။

သျှမ်းလူမျိုး တို့၏ သမိုင်းဝင် အမွေအနှစ်ဖြစ်သည့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ စော်ဘွားဟော်နန်းလည်းစစ်အစိုးရ လက်ထက်တွင် ဟော်နန်းကို ဖျက်ဆီးဖြိုချပြီး Amazing Keng Tong Resort အဖြစ်  ပြန်လည်တည်ဆောက်ကာ ကုမဏီအား နှစ် ၇၀ သက်တမ်းဖြင့် ငှားရမ်းထားသည်။

Leave a Comments

- Advertisement -spot_img

Latest article