Thursday, May 2, 2024

ကိုဗစ်ကြောင့် တိတ်ဆိတ်ငြိမ်သက်နေတဲ့ အင်းလေးကန်

Must read

ခရီးသွားဧည့်သည်တွေနဲ့ အစဉ် သက်ဝင်လှုပ်ရှားနေတဲ့ အင်းလေးကန် ဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး၊ ခရမ်းချဉ်သီး သယ်ဆောင်လာတဲ့ စက်လှေ တချို့ရဲ့အသံတွေကို ကြားနေမြင်နေရပါတယ်။

Photo by SHAN

အင်းလေးကန် ရေပြင်တလျှောက်ခရီးသွားဧည့်သည် တင် စက်လှေ တွေကို မတွေ့မြင်ရဘဲ ခရမ်းချဉ်သီး အပြည့်တင်ဆောင်လာတဲ့ စက်လှေ ကိုသာ တွေ့မြင်ခဲ့ရပါတယ်။

ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ခရီးသွားဧည့်သည် တွေနေ့စဉ် ဝင်ထွက်သွားလာတဲ့ အင်းလေးကန် ဟာ ခြောက်ကပ်နေပါတယ်။

ကိုဗစ်-၁၉ ရောဂါ လျှော့ချနိုင်ဖို့အတွက် နိုင်ငံတော်အစိုးရ မှ လူစုလူဝေး မပြုရ၊ ညမထွက်ရ၊ အများပြည်သူ အပန်းဖြေ ခရီးသွားခြင်း၊ ဘုရားဖူးခြင်း သွားလာလည်ပတ်ခြင်းမပြုလုပ်ရန် အရေးပေါ် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ကြောင့် ကိုဗစ်-၁၉ ခရီးသွားလာမှု ကို ပိတ်လိုက်တဲ့ အတွက် ခရီးသွားဧည့်သည်ကို မှီဝဲနေတဲ့ အင်းလေးကန် ဒေသခံ ပြည်သူသာမက စက်လှေနောက်တကောက်ကောက်ပျံသန်းပြီးလိုက်လာတဲ့ ငှက်ကလေးတွေတောင်မှ မမြင်တွေ့ရပါဘူး။

Photo by SHAN

“ ကိုဗစ် က ကျနော်တို့ကို တော်တော်ထိခိုက်တယ်။ ခရီးသွားဧည့်သည်ကို အားကိုးရတဲ့ ကျနော်တို့ဒေသကလူတွေဆို ပိုပြီးတော့ ဒုက္ခရောက်တယ်” လို့ မြန်မာခရီးသွားစက်လှေအသင်း မှ ဦးစိန် က ပြောပါတယ်။

လက်ရှိ အချိန်မှာ ခရီးသွားဧည့်သည်တွေမရှိတဲ့အတွက် စက်လှေ လုပ်ငန်းကြီး ရပ်ဆိုင်းကာ စက်လှေသမားများ နေ့စားအလုပ်ဖြစ်တဲ့ ပန်းရံ၊ ကုန်ကြမ်းထမ်းသည့် အလုပ်ကို လုပ်ကိုင်ရတဲ့အတွက် အဆင်မပြေမှုများရင်ဆိုင်နေရကြောင်းလည်း ဦးစိန်က ရင်ဖွင့် ပြောပြပါတယ်။

“ စက်လှေ မောင်းရင် တရက် ၈ထောင်ကနေ ၂သောင်းကျပ်လောက် ရတယ်။ အခုက တနေ့ ၅ထောင်။ ၆ထောင်ပဲရတယ်။ မိသားစု များတော့ စားဝတ်နေရေး အဆင်မပြေဘူး။ ချွေတာနေရတယ်” လို့ဦးစိန် က စက်လှေသမားများ ကြုံတွေ့နေရတဲ့ အခက်အခဲကို ပြန်ပြောပြနေပါတယ်။

စက်လှေ သမားအများစုဟာ လက်ရှိ ကိုဗစ်-၁၉ ကာလမှာတော့ ကုန်ထမ်းပြီး ဝမ်းရေး အတွက် ရုန်းကန်လှုပ်ရှားနေရကြောင်း၊ ကုန်ထမ်းရတဲ့ ဝင်ငွေဟာလည်း အဆင်မပြေကြပါ။

ကိုဗစ်-၁၉ ဒဏ်ကြောင့် အလုပ်အကိုင် အဆင်မပြေမှု ဖြစ်ပွားနေတဲ့ အင်းလေးကန် အတွင်းနေထိုင်တဲ့ ပြည်သူတွေရဲ့ မျက်နှာတွေဟာ စိုးရိမ်ပူပန်မှု တွေနဲ့ ပြည့်နှပ်နေတာကို တွေ့မြင်ရပါတယ်။

တလနီးပါး ပိတ်ဆိုင်းထားတဲ့ ခရီးသွားလာမှုကြောင့် လူအစဉ်အမြဲ ပြည့်နေတဲ့ အင်းလေးကန်ရဲ့ အထင်ကရ ဖောင်တော်ဦး ဘုရားရင်ပြင် အနီးရှိဈေးဆိုင်တန်းတွေလည်း ပိတ်ကာ တိတ်ဆိတ်နေဆဲပါ။

ဘုရားဖူးတွေ မရှိတဲ့အတွက် ဖောင်တော်ဦး ဘုရားရင်ပြင် အနီးရှိ ဈေးဆိုင်တွင်ရောင်းနေတဲ့ ဈေးသည်တွေလည်း ဆိုင်ပိတ်ထားရတဲ့အတွက် ဝင်ငွေမရှိကာ ချေးငှားစားသောက်နေရတဲ့အဆင့် ဖြစ်နေကြောင်းလည်း သိရပါတယ်။

“ ကျမကတော့ အကြွေးယူပြီး စားသောက်နေရတဲ့အဆင့်ပဲ” လို့ ပွင့်လင်းမြင်သာစွာဖြင့် စားသောက်ဆိုင်ဖွင့်လှစ်တဲ့ ဒေါ်သန်းတင် တယောက်က ပြောပါတယ်။

ခရီးသွားလာမှုတွေပြန်ဖွင့်ပါက ဆိုင်ပြန်ဖွင့်ပြီး ဈေးပြန်ရောင်းရမည်ဖြစ်ပြီး မှသာ အကြွေးပြန်ဆပ်မယ်လို့ လည်း ဒေါ်သန်းတင် က ပြောပါတယ်။

Photo by SHAN/ အင်းလေးကန် ထဲရှိ အင်းဈေး

အင်းလေးဒေသခံတွေဟာ မိမိ စားဝတ်နေရေးအတွက် ခရမ်းချဉ်သီးစိုက်ပျိုးခြင်း၊ ခရီးသွား လမ်းညွှန်များလုပ်ကိုင်ခြင်း၊ စက်လှေသမားများ ခုတ်မောင်းခြင်း၊ ဘုရားရင်ပြင်မှာ ဈေးသည်များ ဈေးရောင်းခြင်း၊ တံငါသည် လုပ်ငန်းတွေနဲ့ လုပ်ကိုင် စားသောက်နေကြပါတယ်။

သို့သော် လက်ရှိမှာတော့ ကိုဗစ်-၁၉ ကြောင့် လုပ်ငန်း အားလုံးနီးပါးရပ်ဆိုင်းနေရသလို ဝင်ငွေမှာလလည်း လျော့နည်းလာကာ ရှေ့ဆက်ခရီးသွားလာမှု ထပ်မံ ရက်တိုးပိတ်ပါက မတွေးဝံ့ကြောင်းလည်း ဒေသခံတွေ ပြောဆိုကြပါတယ်။

မြန်မာပြည်တဝှမ်း ကို တင်ပို့ ရောင်းချ နာမည်ကြီးတဲ့ အင်းခရမ်းချဉ်သီး ဈေးကွက်ဟာလည်း ပျက်လုနီးပါးဖြစ်ခဲ့ပြီး၊ မြန်မာပြည်ကို တင်ပို့ရန် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုကြောင့် ခရမ်းချဉ်သီး ပုတ်ကာ လွှင့်ပစ်လိုက်ရတဲ့ အဆင့် ရှိကြောင်း အင်း ခရမ်းချဉ်သီး စိုက်ပျိုးတဲ့ တောင်သူများက စိတ်ဓာတ်ကျစွာဖြင့် ပြောဆိုလိုက်ပါတယ်။

“ ကိုဗစ် ရိုက်ခတ်မှုကြောင့် ပြီးခဲ့တဲ့ ဧပြီလက ခရမ်းချဉ်သီး တပိဿာကို ၂၀၀ ကျပ်လောက်ဈေးကျသွားတယ်။ ဒီလတော့ ၃၀၀ ကျပ် ပြန်ဖြစ်လာတယ်” လို့ ခရမ်းချဉ်သီးပွဲရုံ ပိုင်ရှင် ဖိုးလမင်း က ဆိုပါတယ်။

ကိုဗစ် ကြောင့် လမ်းပန်းဆက်သွယ်ရေး တွေ ပိတ်လိုက်ပြီး၊ ကုန်စည်ကူးသန်းမှု အတွက် ကားများသွားလာမှု မရှိသလောက်ဖြစ်သွားသဖြင့် ခရမ်းချဉ်သီး ကို မြန်မာပြည် အနှံ့တင်ပို့ ရန် ခက်ခဲခဲ့ကြောင်း ကိုဖိုးလမင်းက ရှင်းပြပါတယ်။

“ လမ်းတွေကားတွေက မရှိတော့ ခရမ်းသီး အထွက်များပြီး ဝယ်လိုအား သိပ်မရှိတဲ့အတွက် အရင်လ က သိပ်အဆင်မပြေဘူး” လို့ကိုဖိုးလမင်းက ဆိုပါတယ်။

အင်းခရမ်းချဉ်သီး စိုက်ပျိုး သူ ရောင်းချသူတွေ ဟာ ယခုနှစ်မှာ အရှုံးတွေနဲ့ ရင်ဆိုင်နေရသော်လည်း အစိုးရ အနေဖြင့် လာရောက် ကူညီတာ၊ ကြည့်ရှုတာတွေ တစုံတရာမှ မရှိကြောင်းကိုလည်း အင်းခရမ်းချဉ်သီး တောင်သူတွေ ပြောဆိုလိုက်ပါတယ်။

“ ဘယ်ပုဂ္ဂိုလ် မှ ခရမ်းချဉ်သီး စိုက် သမားတွေကို ကူညီမယ်သူမရှိဘူး။ မျှော်လင့်လည်း မမျှော်လင့်ရဲဘူး။ လုပ်လည်း မလုပ်ဖူးသေးဘူး။ လုပ်ပေးမယ်လို့လည်း မထင်ဘူး” လို့အင်လေးကန် အတွင်းရှိ ကေလာကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ဆွေဦး က ပြောပါတယ်။

အင်းလေးကန် သည် နိုင်ငံတော်အတွက် ဝင်ငွေ အများဆုံး ရှာဖွေပေးတဲ့ ခရီးသွားဒေသ တခုဖြစ်ခဲ့သော်လည်း ကိုဗစ်-၁၉ ဒဏ်ကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်မပြေမှု စီးပွားရေး အခက်ကြုံတွေ့မှုနဲ့ရင်ဆိုင်နေရတဲ့အချိန်တွင် မည်သူမှ လာရောက်ကြည့်ရှုခြင်းမရှိခဲ့ပေ။

ကိုဗစ်-၁၉ ကာလမှာ အဖက်ဖက်က ဝင်ငွေ လျော့နေကြပေမယ့် ၊ အင်းလယ်ထဲမှာ ငါးမျှားနေတဲ့ ကိုတံငါသည် အတွက်တော့ တစုံတရာ မခံစားရကြောင်း သိရပါတယ်။

“ ကျနော်တို့တံငါသည်တွေကတော့ ငါးဖမ်း အလုပ်က ထိခိုက်မှု မရှိပါဘူး” လို့ တံငါသည် ဦးစံမြင့် က ငါးမျှားရင်းပြောပါတယ်။

ကမ္ဘာတဝန်းလုံး ရင်ဆိုင်နေရတဲ့ ကိုဗစ် -၁၉ ကပ်ဆိုးရောဂါ ကြီး အမြန်ချုပ်ငြိမ်းပြီး ခရီးသွားဧည့်သည်တွေနဲ့ ဆူညံတဲ့စက်လှေ အသံတွေ ပြန်လည် အသက်ဝင်လာဖို့ အတွက် အင်းလေးဒေသခံ တွေက မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်နေကြပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article