Thursday, May 2, 2024

ဗာလင်တိုင်းဒေး ခေါ် ချစ်သူများနေ့

Must read

ဖေဖော်ဝါရီလ ၁၄ ရက်မှာကျရောက်တဲ့ ဗာလင်တိုင်းဒေးလို့ခေါ်တဲ့ချစ်သူများနေ့မှာ  လူငယ်လူရွယ်တွေဟာ ပန်း ၊ချော့ကလက်လေးတွေဝယ်ပြီးတော့ မိမိချစ်သူ ၊ သူငယ်ချင်း မိတ်ဆွေ၊ ညီကိုမောင်နှမနဲ့မိဘတွေကိုလက်ဆောင်ပေးကြပါတယ်။ အဲ့ထဲမှာ ၁၀ ကျော်သက်အရွယ် တက်သစ်စလူငယ်တွေကပိုပြီးတော့ ရူးရူးမူးမူးဖြစ်ကြပါတယ်။

ဗုဒ္ဓအဆုံးအမအရ ပုထုဇနော ဥမ္မတကော ဆိုတဲ့အတိုင်း -လူသားမှန်ရင် စိတ်မတည်ငြိမ်ဘဲ အစဉ်အမြဲဖောက်လွဲဖောက်ပြန်ဖြစ်တတ်ကြပါတယ်။  ပြောချင်တာကတော့ ကိလေသာ ဆိုတဲ့ အညစ်အကြေး (မသန့်စင်မှု) တွေဖုံးလွှမ်းနေလို့  လောကမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ရူးသွပ်မိုက်မဲမှုကို မကျော်လွှားနိုင်ဘဲ ရေစီးကြောင်းအတိုင်း လိုက်လံမျောပါသွားတတ်ကြပါတယ်။

ဗာလင်တိုင်း ဆိုတာလည်း အလားတူပါဘဲ။ ချစ်သူများနေ့လို့အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ တကယ်တော့ ဗာလင်တိုင်းရဲ့အဓိပ္ပါယ်က အချစ်၊ ချစ်ခြင်း မဟုတ်ပါဘူး။ လူသားတယောက် ရဲ့နာမည်ဖြစ်ပါတယ်။ချစ်ခြင်းအတွက် အသက်ပေးသွားတဲ့ ခရစ်ယာန်ဘုန်းတော်ကြီး တပါးရဲ့အမည်ဘဲဖြစ်ပါတယ်။

အဲဒီဘုန်းတော်ကြီးရဲ့အမည်ရင်းကတော့ – Valentinousl လို့ခေါ်ပြီး သူဟာ  Julie ဆိုတဲ့ အလှမယ်လေးကိုနှစ်သက်မိခဲ့ပါတယ်။ Julie ကတော့ ထောင်ကဲကြီးရဲ့ သမီးပါ။ သူကလှပတော့ ဂရိဘုရင်ကြီး Claudius 2 က မိဘုရားတင်မြှောက်ဖို့ ရည်ရွယ်ထားပါတယ်။ ဘုရင်ကြီးက အဲဒီသတင်းကြားတော့ အမျက်တော်ရှပြီး Valentinousl ဘုန်းတော်ကြီးကို သေဒဏ်ပေးဖို့ မိန့်တော်မူပါတယ်။

ဘုန်းတော်ကြီးကို ခရစ်နှစ် ၂၇၀ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မှာ ခေါင်းဖြတ်သတ်စေဖို့ အမိန့်ပေးပါတယ်။

တကယ်တော့ အဲဒီမတိုင်ခင်ကတည်းက ဘုရင်ကြီး  Claudius 2 ဟာ  တပ်သားသစ်ကောက်ရာမှာ ကောက်လို့မရလို့ – စစ်မှုမထမ်းရသေးရင် အိမ်ထောင်ပြုလို့မရဘူး -လို့အမိန့်ထုတ်ထားပါတယ်။ အမိန့်ကိုလွန်ဆန်ရင် သေဒဏ်ပေးမယ် -လို့လည်း ထုတ်ပြန်ထားပါတယ်။ ဘုန်းတော်ကြီး Valentinousl ကတော့ ခရစ်ယာန်ဘာသာတို့ ထုံးတမ်းအစဉ်အလာအရ အိမ်ထောင်ပြုမယ့် မောင်နှံတွေကို  ကောင်းချီးမင်္ဂလာပြုပေးပါတယ်။ အဲဒါကြောင့် ဘုန်းတော်ကြီးကို ဘုရင်ကြီးက ဖမ်းမိန့်ထုတ်ပြီးချုပ်နှောင်အပြစ်ပေးထားတာပါ။ ဘုန်းတော်ကြီးထောင်ထဲမှာရှိနေစဉ် ထောင်ကဲကြီးရဲ့သမီး Julie ကိုတွေ့ပြီးသဘောကျနှစ်သက်ခဲ့တာဖြစ်ပါတယ်။

ဘုန်းတော်ကြီးဟာ ခေါင်းဖြတ်သတ်မခံရခင်တရက်အလိုမှာ သူနှစ်သက်မိတဲ့  Julie အတွက် စာလေးတစောင် ရေးပြီး – မင်းကိုချစ်တဲ့  ဗာလင်တိုင်း- လို့ လက်မှတ်ရေးထိုးထားပါတယ်။

သူသေသွားပြီးတဲ့နောက်သူ့ချစ်ခြင်းကို ဂရိကလူတွေက မှတ်တမ်းတင်ဂုဏ်ပြုတဲ့အနေနဲ့  ကဗျာတွေ စာတွေမှတ်တမ်းတွေရေးသားလာခဲ့ရာကနေ နောက်ပိုင်း အဲဒီအလေ့အထိ ကမ္ဘာတဝှမ်း ပျံ့နှံ့လာခဲ့တာကြောင့် ဖေဖော်ဝါရီလ ၁၄ ရက် ဘုန်းတော်ကြီး ဗာလင်တိုင်း သေတဲ့နေ့ကိုလူတွေက ချစ်သူများနေ့အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီနေ့ကိုလည်း ဘုန်းတော်ကြီးရဲ့နာမည် ဗာလင်တိုင်း ကိုယူပြီးအမည်မှည့်ထားတာကြောင့် ဗာလင်တိုင်းဒေး ချစ်သူများနေ့ လို့ ခေါ်တွင်လာခဲ့တာ ဒီကနေ့အထိဘဲဖြစ်ပါတယ်။

ချစ်သူများနေ့မှာ နှင်းဆီပန်းကိုလက်ဆောင်အဖြစ် ပေးကြပါတယ်။

နှင်းဆီပန်းနဲ့ချစ်ခြင်း ဒွန်တွဲလာပုံကိုတော့ဂရိပုံပြင်မှာ ဒီလိုရေးထားပါတယ်။  နှင်းဆီပန်းဟာ ဂရိလူမျိုးတွေ အလှဆင်ရာမှာ အဓိကထားအသုံးပြုတဲ့ပန်းဖြစ်တယ်။ ၎င်းနဲ့ပတ်သက်ပြီး ၁၈၀၄ ကနေ ၁၈၀၉ အထိ နပိုလီယံ ၁ ရဲ့မိဘုရား ဂျိုးစဖင်းကနေ  သုတေသနပြု ရာမှာ နှင်းဆီပန်းဟာ မျိုးစိပ်ပေါင်း ၁၅၀၀ အထိရှိကြောင်းသိရပါတယ်။

ဂရိလူမျိုးတွေရဲ့အယူအဆအရ နှင်းဆီပန်းဟာ ကိန္နရီငှက်က သေပြီးပြန်ဝင်စားတဲ့ပန်း လို့ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ကိန္နရီငှက်မလေးတကောင်ဟာ ခရောရစ်နတ်သမီးလေးတပါးကနေသတ်ဖြတ်ခံရလို့ ငှက်မလေးသေခါနီးမှာ အပိုရိုဒိုက်စ်နတ်သားဆီမှာ လှပခြင်းဆု တောင်းခဲ့ပါတယ်။  ဖော်လိုနတ်သား ဆီမှာ တောက်ပခြင်းနဲ့ ထာ၀ရရှင်သန်ခြင်း ဆုတွေကိုတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒိုင်အိုးနီးသျှား နတ်သားဆီမှာ အမွှေးရနံ့ဆုတောင်းဆိုခဲ့ပြီး နာမည်ကိုလည်း နှင်းဆီပန်း (Rosa)လို့မှည့်ခေါ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နှင်းဆီပန်းဖြစ်လာချိန်မှာလည်း ချစ်ခြင်းမေတ္တာတွေကို ဖန်ဆင်းပေးတဲ့  အီးရို့စ်နတ်သားကနေ ကြည့်ရှုစောင့်ရှောက်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။ အဲတာကြောင့် Valentinousl ဘုန်းတော်ကြီး အသတ်ခံရတဲ့နေ့ကို ချစ်သူများနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး အဲဒီနေ့ကိုလည်း ဗာလင်တိုင်း (ချစ်ခြင်းကိုကိုယ်စားပြုသူ) ဆိုပြီးတော့အမည်တွင်ခဲ့ပါတယ်။ နှင်းဆီပန်းကိုလည်း ချစ်ခြင်းကို ကိုယ်စားပြုတဲ့ပန်းအဖြစ်သုံးလာခဲ့ကြပါတယ်။

မိမိတို့သျှမ်းလူမျိုးမှာလည်း တခြားသူများကဲ့သို့ ချစ်ခြင်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီပုံပြင်ရှိခဲ့ဖူးကြောင်း ထိုင်းနိုင်ငံ သမိုင်းပညာရှင်တဦးဖြစ်တဲ့ ဆရာမ ပရခေါင် နင်းမဟေမင်းက ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချိန်းရုန့်မြို့ မှာကျင်းပခဲ့တဲ့ ထိုင်း-သျှမ်းရိုးရာယဉ်ကျေးမှုဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ကျိုင်းတောင်းက ခွန်ဆာမ်လောက သေဆုံးသွားတဲ့မိုင်းကိုင်ကသူ့ဇနီး နန်းဦးပိမ်အလောင်းဘေးမှာ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းဖြင့်ချစ်သက်သေထူခဲ့တဲ့ တပို့တွဲလဆန်း ၃ ရက်နေ့ကို သျှမ်းချစ်သူများနေ့အဖြစ်သတ်မှတ်ဖို့လည်းအကြံပေးခဲ့ပါတယ်။ ချစ်သူများနေ့သို့မဟုတ် ခွန်ဆာမ်လော နန်းဦးပိမ်နေ့ လည်းခေါ်ရင်လည်းမှားမယ်မဟုတ်ကြောင်း အကြံပေးခဲ့ပါသေးတယ်။

ဒါ့အပြင် သျှမ်းသံတော်ဆင့်သတင်းဌာနတည်ထောင်သူ ဦးခွန်စိုင်းကလည်း – ၁၉၆၄ ခုနှစ်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဗာလင်တိုင်းဒေးဟာ တပို့တွဲလဆန်း ၃ ရက်နေ့ကျရောက်ကြောင်း၊ တခြားနှစ်တွေမှာလည်း အရမ်းကြီးကွာဟခြင်းမျိုးမဟုတ်ဘဲ မတိမ်းမယိမ်း သာခြားကြောင်း ပြောဆိုပါတယ်။

တကယ်တော့ ချစ်ခြင်းဆိုတာ မေတ္တာတရားဖြစ်ပါတယ်။ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဂျူး၊ ဟိန္ဒူ၊ ဆစ်ခ် ၊အစ္စလာမ် ဘယ်ဘာသာမဆို မေတ္တာတရားရှေ့ထားဖို့ သွန်သင်ဆုံးမ ကြတာချည်းပါဘဲ။ မေတ္တာ တရားဟာ ဘာသာတိုင်းရင်း နှလုံးသားပါ။ ဒါကြောင့် မေတ္တာတရားဟာ စစ်မှန်တဲ့ချစ်ခြင်း ဖြစ်တာ ကြောင့်  ဝင်သက်ထွက်သက်တိုင်းမှာ မေတ္တာထားဖို့ လိုအပ်ပါတယ်။ မေတ္တာတရားရှိသူဟာ လူမှုအသိုင်းအဝိုင်းကို အေးချမ်းပျော်ရွှင်စေပါတယ်။

ဒါကြောင့်လည်း ချစ်သူများနေ့မှာ နှင်းဆီပန်းတွေကိုလက်ဆောင်ပေးပြီး ပြီးဆုံးသွားခြင်းမဖြစ်စေဘဲ  လူမှုအသိုင်းအဝိုင်းထဲမှာ မေတ္တာတရား ထားရှိတတ်အောင်ကြိုးပမ်းအားထုတ်ကြဖို့ အပျို လူပျို လူငယ် လူရွယ်တွေကို တိုက်တွန်းချင်ပါတယ်။

ဘယ်အလုပ်ကိစ္စမဆို စိတ်ဓါတ်ခွန်အားရှိမှ အောင်မြင်နိုင်မှာပါ။ စိတ်ဓါတ်ခွန်အားဟာ အာဏာတခုပါဘဲ။ အဲဒီအာဏာကတော့ သဒ္ဓါတရားကနေဆင်းသက်လာတာဖြစ်ပါတယ်။

While life is good to give, I give, and go to seek deliverance and that unknown light.( The Light of Asia, By Sir Edwin Arnold 1969)

မဟာမုန့် (မိန်းစယ်)

ဖေဖော်ဝါရီလ ၁၄ ရက် ၂၀၂၀

(သျှမ်းဘာသာဖြင့်ရေးထားသော မဟာမုန့် (မိန်းစယ်) ၏ ဆောင်းပါးကိုဆီလျော်အောင် ဘာသာပြန်ထားသည်။ )

 

Leave a Comments

- Advertisement -spot_img

Latest article