Saturday, April 27, 2024

အတွေးများစွာပေါက်ဖွားနိုင်စွမ်းလှတဲ့ လွယ်ဖီမျဲန်း

Must read

(ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းလေ့လာပြီး ပြုစုရေးသားထားတဲ့ ဆောင်းပါးရှင် – စိုင်းမျိုး မိန်းနိုင်း (phimenologist))

မိုးနဲမြို့နယ်တလျှောက်မှာရှိတဲ့ရှေးဟောင်းဗိသုကာအနုပညာတွေအပါအဝင် တွေးခေါ်စဉ်းစားအဖြေထုတ်နိုင်စွမ်းငှာမတတ်နိုင်တဲ့ ထူးဆန်းအံ့ဖွယ်တွေလည်းရှိနေပါတယ် ။ ကျွန်တော်တို့စွန့်လွတ်စွန့်စားရှာဖွေစူးစမ်းလေ့လာတဲ့အဖွဲ့က ခက်ခဲကြမ်းတမ်းတဲ့ မိုးနဲ ထမ်ဖီမျဲန်းခရီးကိုတော့ အောင်မြင်စွာဖြတ်သန်းခဲ့ကြပြီးပြီ။
ထမ်ဖီမျဲန်းခရီးစဉ်အကြောင်းကို ကျွန်တော်ရဲ့ပိုစ့်ချစ်သူတွေ သိမြင်ခံစားနိုင်ဖို့လည်း ပိုစ့်ရေးသားခဲ့ပြီးပါပြီ ။ ဒီတခါတော့ ထမ်ဖီမျဲန်း (ကြတ်ဂူ) အကြောင်းမဟုတ်ဘဲနဲ့ လွယ်ဖီမျဲန်း (ကြတ်သင်္ချိုင်းတောင်) အကြောင်းကို ရေးသားဝေမျှပါရစေ ။

Photo by Sai Myo Mong Nai- အတွေးများစွာပေါက်ဖွားနိုင်စွမ်းလှတဲ့ လွယ်ဖီမျဲန်း

အကြောင်းအရာအသေးစိပ်ကို မပြောခင်မှာ ခရီးစဉ်အကျဉ်းလေးကိုမိတ်ဆက်ပါ့မယ်။

ဒီလွယ်ဖီမျဲန်းက မိုးနဲမြို့နယ်နဲ့နမ့်စန်မြို့နယ်ရဲ့ နယ်ခြားမျဉ်းနားမှာတည်ရှိပါတယ်။ မိုးနဲကနေ နမ့်စန်မြို့ဘက်အသွား ခရီးလမ်း ၁၆ မိုင်အကွာက ဟိုင်းဖတ်ရွာကနေတဆင့်သွားရပါတယ် ။ ဟိုင်းဖတ်ရွာရောက်တဲ့အခါမှာ ရွာရဲ့အရှေ့ဘက်ခြမ်းကပ်ရပ်တည်ရှိတဲ့ နားတုံရွာကို ဆက်သွားရပါတယ် ။ နားတုံရွာထိကားနဲ့သွားလို့ရပြီး နားတုံရွာအရှေ့ဘက်ခြမ်းမှာတည်ရှိတဲ့ လွယ်ဖီမျဲန်းတောင်အထိကို သုံးမိုင်ခရီးလောက်လမ်းလျှောက်ရပါတယ် ။ ခရီးရဲ့သုံးပုံနှစ်ပုံလောက်က တောင်ယာခြံတွေရှိပြီး ကျန်ခရီးကတော့ ပင်ပုရွက်ပြတ်တောဖုံးလွမ်းတဲ့ တောင်တန်းတခုရဲ့တောင်ခြေပတ်လမ်းကနေ ဆက်သွားရတယ် ။

ကျွန်တော်တို့တက်ခဲ့သမျှ လေးဘက်ထောက်တက်ရတဲ့တောင်တွေနဲ့ယှဉ်ရင် ဒီတောင်တက်လမ်းက ကျွန်တော်တို့အတွက် သာသာယာယာပါပဲ ။ ဒါပေမဲ့ ပင်လယ်မျက်နာပြင်အမြင့်ပေ ၃၀၀၀ လောက် (ခန့်မှန်း) ရှိတဲ့ လွယ်ဖီမျဲန်းကတော့ ဦးနှောက်ကြောတွေပေါက်ကွဲသွားစေနိုင်အောင် မေးခွန်းပေါင်းမြောက်များစွာစီးပွားစေပါတယ်။

ဘာတွေတွေ့ရမလဲဆိုတာ ဆက်ကြည့်ရအောင် –

Photo by Sai Myo Mong Nai -ဒါကတောင်ထိပ်မှာတွေ့ရှိရပြီး ကျောက်တုံးတွေစီထားတဲ့အုတ်ဂူပုံစံပဲဖြစ်ပါတယ် ။

ဒါကတောင်ထိပ်မှာတွေ့ရှိရပြီး ကျောက်တုံးတွေစီထားတဲ့အုတ်ဂူပုံစံပဲဖြစ်ပါတယ် ။ ဒီတောင်ကို ဒေသအခေါ်ရှမ်းနာမည်အနေနဲ့ လွယ်ဖီမျဲန်းလို့ခေါ်ပါတယ် ။ ‘လွယ်’ဆိုတဲ့စကားလုံးက ဗမာလို ‘တောင်’ လို့အဓိပ္ပါယ်ရပြီး ဖီမျဲန်းဆိုတဲ့ရှမ်းစကားက နတ်တမျိုးလို့အဓိပ္ပါယ်ရပါတယ်။ ဗမာလို ကြတ် လို့ခေါ်ကြတယ်။ လွယ်ဖီမျဲန်းကို ဗမာလိုဘာသာပြန်ရမယ်ဆိုရင်တော့ ကြတ်သချိုင်းတောင်လို့ ဘာသာပြန်ရမယ်ထင်ပါတယ်။ ရှမ်းအခေါ် လွယ်ဖီမျဲန်းလို့ပဲခေါ်ကြပါစို့။

ဒီလွယ်ဖီမျဲန်းရှိကြောင်းကိုတော့ သိနေကြားနေခဲ့တာကြာပါပြီ ။ အခန့်မသင့်တာ လမ်းပြခက်ခဲတာနဲ့ မသွားဖြစ်ဘူး။ ဒီမတိုင်ခင်တုန်းက ကြားသိရတဲ့အချက်အလက်ပေါ်မူတည်ပြီး ဘယ်လိုထင်မြင်ထားလဲဆိုတော့ သဘာဝကျောက်တုံးတွေနဲ့ဂူသချိုင်းတွေဆောက်ထားတယ်လို့ပြောတဲ့အတွက် ဗုဒ္ဓဘာသာမထွန်းကားခင်ခေတ်တုန်းက အရင်ထွန်းကားခဲ့တဲ့ဟိန္ဒူအယူဝါဒများဖြစ်နေမလားလို့ပါ ။ အိန္ဒိယတောင်ပိုင်းမှာ ထွန်းကားခဲ့ဖူးသလိုမျိုး ကျောက်တုံးတွေကိုစုပုံပြီး ဂူသချိုင်းဆောက်လုပ်ကြခြင်းဟာ စေတီတွေဆောက်လုပ်ပူဇော်မှုရဲ့ ရှေ့ပြေးလို့သမိုင်းစာအုပ်တွေကဆိုတာကိုး။ တောင်ပေါ်ရောက်တဲ့အခါမှာ တွေ့မြင်ရတာတွေ့က ကြိုတင်တွေးထားတာနဲ့ အတော်ကိုကွာခြားတာတွေ့ရတယ်။ ကျောက်တုံးတွေကို စီချထားပုံတွေက အဝိုင်းမကျလေးဒေါင့်မကျတာတွေတွေ့သလို လေးဒေါင့်ကျကျဖြစ်အောင် ကျောက်တုံးတွေစီထားတာလည်းတွေ့ရတယ်။ ဂူသချိုင်းပုံစံလို ကျောက်တုံးအစုအပုံမဟုတ်ဘူး တံတိုင်းလိုလို အခန်းနံရံလိုလို လေးဘက်စလုံးကိုကျောက်စီထားပြီး အလယ်မှာတော့ လူနေတဲ့အခန်းလိုကွက်လပ်ဖြစ်နေတယ်။ ဖီမျဲန်းဂူသချိုင်းလို့ယူဆတဲ့ ဒီကျောက်စီအခန်းတွေအားလုံးပေါင်း ၂၀ ကျော်တယ်။ အုတ်ဂူနှစ်လုံးတွဲ ဒါမှမဟုတ် အခန်းနှစ်ခန်းတွဲရှိနေတာက ငါးခုလောက်တွေ့တယ် ။ အုတ်ဂူသချိုင်းလို့ပဲခေါ်ကြပါစို့ ။ အသေးဆုံးအုတ်ဂူသချိုင်းရဲ့အလျားက ၆ ပေလောက်ရှိပြီး အကြီးဆုံးဂူသချိုင်းရဲ့အလျားက ပေ ၂၀ လောက်ရှိလိမ့်မယ်။ ကျောက်စီထားတဲ့ဂူသချိုင်းအထူက ၁ ပေခွဲကနေ ၂ ပေခွဲလောက်ရှိမယ်။ ဂူနံရံအမြင့်က ၂ ပေလောက်ကနေ အမြင့်ဆုံး ၃ ပေလောက်ရှိလိမ့်မယ် ။ ကျွန်တော်တို့ကို လိုက်ပို့ပေးတဲ့ဦးဇင်း နေ့ဆွမ်းလွတ်သွားမှာစိုးလို့ ပေကြိုးယူသွားပေမဲ့ တိုင်းတာဖို့အချိန်မရလိုက်ဘူး။

Photo by Sai Myo Mong Nai -ဒီပုံက ဂူသချိုင်းတစ်ခုရဲ့ ကျောက်စီနံရံပုံပါ။

ဒီပုံက ဂူသချိုင်းတစ်ခုရဲ့ ကျောက်စီနံရံပုံပါ။ ဒါကို ရှေးခေတ်လူသားတွေရဲ့ ဂူသချိုင်းလို့ယူဆကြပါစို့ ။ ဂူသချိုင်းဆိုရင် ကျောက်တုံးတွေကို အဝိုင်းပုံစံ ဒါမှမဟုတ် လေးဒေါင့်ပုံစံ အစုအပုံဖြစ်နေရမယ် ။ အလယ်ဗဟိုမှာ ကွယ်လပ်ဖြစ်နေမှာမဟုတ်ဘူး ဆိုတော့ကာ ဂူသချိုင်းတွေက ကျောက်တုံး အစုအပုံမဖြစ်ဘဲနဲ့ လူနေတဲ့အခန်းလိုဖြစ်နေတာက ဘာသဘောလဲ ။ ဂူသချိုင်းဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ကီးမကိုက်တော့ဘူး။ ဒါက အဖြေမရှိတဲ့မေးခွန်းတခုပါ။

Photo by Sai Myo Mong Nai -အပေါ်စီးကမြင်ရတဲ့ပုံဖြစ်ပါတယ် ။

အပေါ်စီးကမြင်ရတဲ့ပုံဖြစ်ပါတယ် ။ တခုက တွဲလျက်ဖြစ်နေပြီး ကျန်တခုက သီးခြားတခုတည်းဖြစ်နေတာပါ။
ဒီတခါမှာ ဒေသခံတွေခေါ်တဲ့နာမည်အပေါ်မှာ စဉ်းစားသုံးသပ်ကြည့်ကြပါစို့ ။ ကျွန်တော်တို့ရှမ်းလူမျိုးတွေက တစုံတခုကိုနာမည်ပေးတဲ့အခါမှာ နေရာနဲ့အရာဝတ္ထုရဲ့ထူးခြားချက်တွေအပေါ် ဒါမှမဟုတ် အဲဒါတွေကိုတည်ဆောက်တဲ့ပုဂ္ဂိုလ်အပေါ်မူတည်ပြီး နာမည်ပေးကြတယ်။ ဟိုပုံးကဂူကို ထမ်စန့် (ဆင်ဂူ) ၊ အင်္ဂလိပ်တွေတည်တဲ့ရဲတိုက်ဆိုရင် လွယ်ကုလားပုတ်းလမ် (အင်္ဂလိပ်တွေတည်တဲ့ရဲတိုက် ဒါမှမဟုတ် အချက်ပေးမီးပြတိုက်) စသဖြင့် အဲလိုအမည်ပေးကြတယ် ။ တကယ်လို့များ ဒီလွယ်ဖီမျဲန်းက လူမျိုးတစ်မျိုး ဒါမှမဟုတ် စော်ဘွား (ကောင်းကင်အရှင်) တွေရဲ့ခံတပ်ဖြစ်မယ်ဆိုရင် ဘာကြောင့်များ တည်ဆောက်တဲ့လူမျိုး တည်ဆောက်တဲ့ပုဂ္ဂိုလ်တွေကို အစွဲပြုပြီးနာမည်မပေးခဲ့တာလဲ ။ ဆိုတော့ ဒါက ခံတပ်တခုဖြစ်ခဲ့မယ် ဒါမှမဟုတ် လူမျိုးတမျိုးကတည်ဆောက်ခဲ့တဲ့လူနေအိမ်ယာလို့ ယူဆတာကလည်း ကျိုးကြောင်းမကိုက်တော့ပြန်ဘူး။ ဒါလည်း အဖြေမရှိတဲ့မေးခွန်းတခုပါ ။

Photo by Sai Myo Mong Nai – ဂူသင်္ချိုင်းနံရံအဖြစ်စီထားတဲ့ သဘာဝကျောက်တုံးတွေပါ။

ဂူသင်္ချိုင်းနံရံအဖြစ်စီထားတဲ့ သဘာဝကျောက်တုံးတွေပါ။ ကျွန်တော်ရေတွက်ကြည့်တဲ့အခါမှာ အလျားတခုတည်းမှာပဲ ကျောက်တုံးပေါင်း ၁၃ တုံးရှိပါတယ်။ ဒီလိုဖြစ်လာအောင် သဘာဝတရားကဖန်တီးတယ်လို့ ယူဆကြပါစို့။ သဘာဝတရားကြောင့် ဒါမှမဟုတ် ရေစီးအားကြောင့်ဖြစ်ပေါ်လာရတယ်လို့ ယူဆရင် ကျိုးကြောင်းဆက်စပ်မှုအရ ကျောက်တုံးတွေက လူတွေဖန်တီးထားသလိုမျိုး တတန်းတည်းတညီတည်းဖြစ်နေအောင် ဖြစ်နိုင်ပါ့မလား။ ကျောက်တုံးအရွယ်အစားနဲ့ချထားတဲ့အကွာအဝေးတွေက တူညီနိုိင်ပါ့မလား။ သဘာဝတရားကြောင့်ဖြစ်လာတယ်ဆိုတဲ့အယူအဆကို ပယ်လိုက်ရတော့မယ်။ ဒါလည်းအဖြေမရှိသေးတဲ့ မေးခွန်းတခုပါ။

Photo by Sai Myo Mong Nai – ဒီဓာတ်ပုံက လေးထောင့်ဂူသင်္ချိုင်းအတွင်းကို ဝင်တဲ့လမ်းလေးပါ။

ဒီဓာတ်ပုံက လေးထောင့်ဂူသင်္ချိုင်းအတွင်းကို ဝင်တဲ့လမ်းလေးပါ။ ဒီဂူသင်္ချိုင်းတခုတည်းမှာပဲတွေ့ရတာမဟုတ်ဘူး ။ ဒီလိုဝင်ပေါက်ရှိနေတာကို ဂူသင်္ချိုင်းတိုင်းမှာတွေ့ရတယ် ။ ထူးဆန်းတယ်လို့မထင်ဘူးလား ။ အိမ်တစ်အိမ်မှာ အဝင်တံခါးရှိသလိုပဲထင်ရတယ်။

Photo by Sai Myo Mong Nai – အပေါ်စီးကနေ လှမ်းမြင်ရတဲ့ပုံပါ ။

အပေါ်စီးကနေ လှမ်းမြင်ရတဲ့ပုံပါ ။ အစောတုံးက တင်ပြသွားသလို ခံတပ်တခုဖြစ်နိုင်တယ်လို့ ယူဆကြည့်ကြပါစို့ ။ ခံတပ်လို့ပြောရအောင် ဒီတောင်တည်နေရာက ရှေးခေတ်ဘုရင်တွေရဲ့ စစ်ရေးလမ်းကြောင်းပေါ်တည်ရှိနေတာလား ။ ဒါမှမဟုတ် အင်္ဂလိပ်ခေတ် ၊ ဂျပန်ခေတ်ခံတပ်တွေလို့ ယူဆမယ်ဆိုရင်လည်း တည်ဆောက်ထားပုံတွေက ခံတပ်လိုပုံစံမျိုးလည်းမဟုတ် ။ သစ်ပင်ပုတွေကျိုးတိုးကျဲတဲပေါက်နေတဲ့ ဒီသဲတောင်ပေါ်မှာ ခံတပ်ဆောက်ပါ့မလား ။ စစ်မဟာဗျူဟာအရဖြစ်နိုင်ချေရှိလား။ ဒုတိယကမ္ဘာစစ်အတွင်း ဒီနေရာမှာခံတပ်ဆောက်ရင်တော့ ရန်သူတိုက်လေယာဉ်တွေအတွက် ဗုံးကြဲဖို့အရမ်းအဆင်ပြေမှာအမှန်ပဲ ။ နယ်မြေလုတဲ့အရှင်သခင်ခေတ်ပဲထား ဒီနေရာက တောင်ကတုံး ရေလည်းမရှိ ဘာမှစိုက်ပျိုးလည်းမရ ဟိုးခေတ်တုန်းက အဝေးကိုလှမ်းထုနိုင်တဲ့ အာဂျီပီတို့ ၊ ၁၂၀ မမ တို့လိုအမြောက်တွေလည်းမရှိ ခံတပ်ဆိုတဲ့အယူအဆလည်း ပယ်ဖျက်ရတော့မယ်ထင်တယ် ။ ဒီအယူအဆကိုလက်ခံရင် သမိုင်းမှာပျောက်ဆုံးနေတဲ့ သမိုင်းကွက်လပ်တခုပဲလေ ။

Photo by Sai Myo Mong Nai -တောင်ထိပ်ကနေ တောင်ထိပ်မြောက်ဘက်ခြမ်းအောက်ဘက်ကို စီးမြင်ရတဲ့ပုံပါ ။

တောင်ထိပ်ကနေ တောင်ထိပ်မြောက်ဘက်ခြမ်းအောက်ဘက်ကို စီးမြင်ရတဲ့ပုံပါ ။ အပေါ်ဘက်ကိုမြင့်လာတဲ့မြေလွှာက လှေကားထစ်လို အဆင့်လိုက်အဆင့်လိုက်ဖြစ်နေတယ် ။ အဆင့်တိုင်းမှာလည်း ဂူသင်္ချိုင်းတွေရှိပြန်တယ်။ နေရာအနေအထားအရ ဆိုဒ်တွေကတော့ သေးလိုက် ကြီးလိုက်တောင်ထိပ်ရောက်တဲ့အထိပါပဲ။ မြက်တွေသာပေါက်တဲ့သဲကျောက်မြေပါ။ ပြောင်တလင်းကြီး။

Photo by Sai Myo Mong Nai -ဒီပုံကတော့ တောင်ထိပ်နားမှာရှိနေတဲ့ အလျားပေ ၂၀ လောက်ဂူသင်္ချိုင်းတခုပါ ။

ဒီပုံကတော့ တောင်ထိပ်နားမှာရှိနေတဲ့ အလျားပေ ၂၀ လောက်ဂူသင်္ချိုင်းတခုပါ ။ ဒီဂူသင်္ချိုင်းရဲ့အတွင်းမှာတော့ ကွက်လပ်ဖြစ်မနေပါဘူး။ နှစ်များစွာကြာတော့ သဲတွေမြေမှုန့်တွေ အဆင့်ဆင့်ဖို့လိုက်တဲ့အတွက်ကြောင့်ဖြစ်နိုင်ပါတယ် ။ ဒီဂူသချိုင်းကတော့ လေးဒေါင့်ပုံစံပါ။

Photo by Sai Myo Mong Nai -ဒီဂူသင်္ချိုင်းက တခြားဂူနဲ့ နည်းနည်းကွာခြားပါတယ်။

ဒီဂူသင်္ချိုင်းက တခြားဂူနဲ့ နည်းနည်းကွာခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂူနံရံ ဒါမှမဟုတ် ဂူတံတိုင်းကနှစ်ထပ်ဖြစ်နေတာကို တွေ့ရလို့ပဲ။

Photo by Sai Myo Mong Nai -ဒီပုံကတော့ ဒီတောင်ရဲ့အမြင့်ဆုံးထိပ်မှာတွေ့ရတဲ့ လူသွားလမ်းပါ ။

ဒီပုံကတော့ ဒီတောင်ရဲ့အမြင့်ဆုံးထိပ်မှာတွေ့ရတဲ့ လူသွားလမ်းပါ ။ လူတွေဖန်တီးထားတယ်လို့ထင်မြင်တဲ့အတွက်ကြောင့် လူသွားလမ်းလို့ပြောခြင်းပါ ။ ဒီနေရာက တောင်ရဲ့အမြင့်ဆုံးမှာရှိနေပါတယ်။ ဒီထက်မြင့်တာသစ်ပင်ဘဲကျန်ပါတော့တယ်။ ဒီလမ်းရဲ့ကပ်ရပ်မှာလည်း တော်တော်ကိုကြီးမားတဲ့ဂူသင်္ချို်င်းတစ်ခုရှိပါတယ်။ တွဲလျက်အခန်းတခုမှမရှိဘဲ သူ့ဟာသူသီးသန့်တခန်းတည်း တခုတည်းဖြစ်တည်နေတာပါ ။ သဘာဝရေစီးကြောင်းကြောင့်ဖြစ်လာတယ်ဆိုရင်တော့ မိုးရေတွေက ကျောက်တုံးတွေကို ကောင်းကင်ကနေသယ်လာတာပဲဖြစ်ပါလိမ့်မယ်။

ဂူနံရံထုက တခြားဂူနံရံတွေထက်ကို ကြီးမားတာတွေ့ရတယ် ။ ဒီနေရာကတော့ သူတို့ရဲ့ဘုရင် ဒါမှမဟုတ် အကြီးအကဲနေအိမ်ဖြစ်မှာပဲလို့ ရယ်စရာအနေနဲ့ ကျွန်တော်တို့အချင်းချင်းပြောဖြစ်ကြတယ်။ လူပျိုကြီးဖြစ်များဖြစ်နေမလားပေါ့လေ ။ ဘာကြောင့်လဲဆို အိပ်ခန်းမှမတွေ့ရတာ ။

Photo by Sai Myo Mong Nai

ဒီဓာတ်ပုံမှာဆိုရင် ဟိုးသစ်ပင်အောက်မှာ ကျွန်တော်တို့ရဲ့ လမ်းပြဒေသခံရယ် ပြီးတော့ သစ်ပင်ပေါ်မှာ အနီရောင်မျောက်တစ်ကောင် အဲ မှားလို့ ၊ ကျွန်တော်တို့ရဲ့အဖွဲ့ဝင်တစ်ယောက် သစ်ပင်ကိုင်းကိုခွပြီး အသကုန်ဆွဲဖြဲနေတာတွေ့ရမယ ် ။ ဓာတ်ပုံရိုက်တာကိုပြောတာပါ ၊ ဒရုန်းမရှိတော့လည်း ဒီလိုပဲကြုံသလိုကြံဖန်ရတာပေါ့လေ ။

Photo by Sai Myo Mong Nai -ခြံစည်းရိုးလိုလို တံတိုင်းလိုလိုပဲ လွှလိုဖြစ်နေတဲ့ ကျောက်ချပ်ပြားတွေ

ဒါလည်းထူးခြားမှုတခုအနေနဲ့ တွေ့ရတာ။  ခြံစည်းရိုးလိုလို တံတိုင်းလိုလိုပဲ လွှလိုဖြစ်နေတဲ့ ကျောက်ချပ်ပြားတွေနဲ့ အတန်းလိုက်ဖြစ်အောင် စီထားတာဗျာ။ အလျားပေ ၁၀၀ လောက်ရှိမယ် ။ သဘာဝတရားကြောင့်ဖြစ်မယ်ဆိုရင်တော့ အရမ်းကိုဆန်းကျယ်တဲ့ သဘာဝဖြစ်စဉ်ပေါ့ဗျာ ။ ကျွန်တော်တို့ယူဆတာကတော့ ဒီဖီမျဲန်းတွေက သူတို့နေရာလုံခြုံရေးအတွက်များ ခြံစည်းရိုးဆောက်ထားတယ်ပေါ့ ။ အိမ်ပြန်ရောက်တဲ့ထိ တလမ်းလုံးတွေးခေါ်စဉ်းစားလာတာလည်း အဖြေမရပါဘူးဗျာ။ ကျောက်ခေတ်ဂူအောင်းလူသားတွေက နည်းနည်းအဆင့်မြင့်လာပြီး ဂူထဲကနေထွက်ခွာ မြေပြန့်ကိုဆင်းလာတယ်လို့ ယူဆကြည့်ကြပါစို့ ။ တွေးကြည့်တာပေါ့လေ ။ တွေးကြည့်တာ ပိုက်ဆံတပြားမှမကုန်ပဲဟာ ။

ကျောက်ခေတ်ဂူအောင်းလူသားတွေက သူတို့နေထိုင်ရာဂူကြီးပျက်စီးသွားမယ် ဒါမှမဟုတ် သူတို့နေထိုင်ကျက်စားရာနေရာမှာ သားရဲတိရိစ္ဆာန်တွေလျော့နည်းသွားမယ် ဒါမှမဟုတ် အုပ်စုအချင်းချင်းနယ်မြေလုတိုက်ခိုက်ကြလို့ ထွက်ပြေးလာကြတယ် ဒါမှမဟုတ် နည်းပညာအဆင့်မြင့်လာပြီး မြင့်ရာကနေ စိုက်ပျိုးစားသောက်နိင်တဲ့နေရာဆီဆင်းလာကြမယ် စသဖြင့်ပေါ့ စဉ်းစားကြည့်တာပါ ? ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက ဒီနေရာကို ရောက်လာအခြေချနေထိုင်ပြီဆိုပါတော့ သူတို့က နည်းပညာနည်းနည်းမြင့်လာပြီ အရင်ကကျောက်ဂူမှာနေတယ် ဒီမှာဂူမရှိဘူး အဲတော့နေထိုင်ဖို့အတွက် အဆောက်အဦလိုတယ် သစ်ဝါးတွေနဲ့အဆောက်အဦဆောက်လုပ်တဲ့နည်းပညာတော့မရှိသေးဘူး ဆိုတော့ကာ သဘာဝကျောက်တုံးတွေနဲ့ နေစရာဖန်တီးမယ် အမိုးတွေကိုတော့ သစ်ကိုင်းတွေနဲ့လုပ်မယ်ပေါ့ အိမ်အဝင်အထွက်အတွက် အိမ်ဝင်ပေါက်လိုတယ် ရန်သူဖြစ်စေ သားရဲတိရိစ္ဆာန်ဖြစ်စေ အဲဒါတွေရဲ့ ဘေးအန္တရာယ်ကင်းဖို့ ခြံစည်းရိုးလိုမယ် ယဉ်ကျေးမှုအဆင့်အတန်းမြင့်လာတော့ အုပ်ချူပ်ရေးစနစ်လည်း ဖြစ်ပေါ်စဖြစ်မယ် ဒါကြောင့် မြင်သမျှအနေအထားတွေက အုပ်ချူပ်ရေးအကြီးအကဲရှိတဲ့လူ့အသိုင်းအဝန်းလိုဖြစ်နေတယ် ဒီအယူအဆအတိုင်းလက်ခံရင် ဟုတ်မဟုတ်ဆိုတာကိုတော့ ပညာရှင်များ ကြွရောက်ေလ့လာအတည်ပြုကြပါကုန် ။

Photo by Sai Myo Mong Nai တောင်ထိပ်ပေါ်မှာပဲ ဘယ်ညာထိပ်နှစ်ဖက်ရှိပါတယ် ။

တောင်ထိပ်ပေါ်မှာပဲ ဘယ်ညာထိပ်နှစ်ဖက်ရှိပါတယ် ။ တဘက်ထိပ်က ကျန်တဘက်ထိပ်ကို လှမ်းမြင်ရတဲ့ပုံပါ ။ အပေါ်စီးကနေလှမ်းကြည့်တော့ အဲဂူသင်္ချိုင်းတွေက အရုပ်လိုလို စာလိုလို မထင်မိကြဘူးလား ။ တခြားဂြိုလ်ကဂြိုလ်သားတွေများ သူတို့သင်္ကေတကို ရေးထားသလားလို့ ။ တကယ်လို့များ ဂူသင်္ချိုင်းတွေကို ရှင်းရှင်းလင်းလင်းမြင်ရအောင်လုပ်ပြီး ဒရုန်းနဲ့သာ ဓာတ်ပုံရိုက်နိုင်မယ်ဆိုရင်တော့ ဂူသင်္ချိုင်း လေးဒေါင့်တွေ အဝိုင်းတွေ အပူးတွေအားလုံးကို အပေါ်ဗျူးကနေ တစုတစည်းတည်းမြင်နိုင်မယ် ဆိုတော့ ဘာသင်္ကေတများတွေ့ရမလဲပေါ့။ နိုင်းမြစ်ဝှမ်းမှာ အမေရိကားမှာ (သေချာမသိပါ) ရှိတဲ့ လွင်ပြင်ကျယ်ထဲမှာ ရှိတဲ့ဆန်းကျယ်သင်္ကေတတွေလိုပေါ့လေ။ တွေးမိတွေးရာ အဖြေတော့မရှိပါခင်ဗျား။ ရှာဖွေလေတွေ့ရှိလေ တွေ့လေ မသိလေ မေးလေ အဖြေမဲ့လေပဲခင်ဗျား ။

ခရီးစဉ်ဖြစ်မြောက်ဖို့ အဘက်ဘက်ကနေ ကူညီပ့ံပိုးပေးတဲ့ နောင်ငင်းဆရာတော်နဲ့ နားတုံဦးဇင်း ပြီးတော့ ဒေသခံဦးလေးကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ် ။ ဖတ်ရှုကြတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်းပြောပါရစေ ခရီးစဉ်များကျန်ရှိပါသေးတယ် ဒီကဏ္ဌအတွက် ဒီမှာပဲရပ်နားပါရစေ။

Photo by Sai Myo Mong Nai ခရီးစဉ်ရဲ့ အမှတ်တယပုံလေးဖြစ်ပါတယ် ။

ခရီးစဉ်ရဲ့ အမှတ်တယပုံလေးဖြစ်ပါတယ် ။ စာလုံးတစ်လုံးမှမရှိတဲ့ သမိုင်းစာအုပ်ကြီးကို နားလည်သဘောပေါက်အောင် လုပ်ဆောင်နေရတဲ့သူတွေပါခင်ဗျား။

ကျွန်တော်တို့သွားရောက်လေ့လာခဲ့တဲ့ လွယ်ဖီမျဲန်းနဲ့ပတ်သက်လို့ ဖြစ်နိုင်ချေအယူအဆတော်တော်များများကို ဆွေးနွေးတင်ပြခဲ့ပြီးလည်းဖြစ်တယ် ။ စာဖတ်သူတွေအနေနဲ့ မတူကွဲပြားတဲ့ထင်မြင်ယူဆချက်တွေရှိမှာပါ ။
အဝိုင်းပုံစံ ၊ လေးဒေါင့်ပုံစံစုပုံစီထားတဲ့ ကျောက်အစုအပုံကြီးတွေအပေါ် သာမန်ကာလျှံကာသဘော လောက်ပဲကြည့်ပြီး နောက်ကွယ်အကြောင်းရင်းတွေဘာဖြစ်နိုင်လဲဆိုတာကို ဆက်မစဉ်းစားကြည့်တော့ဘူး ဆိုရင်တော့ နည်းနည်းဆန်းတယ်နော် ဆိုတာလောက်ပဲ ပြီးသွားမှာပါ ။ တကယ်လို့များ ဒီအရာတွေဟာ ကွက်လပ်ဖြစ်နေတဲ့ သမိုင်းခြေရာတခုအတွက် အင်မတန် အရေးကြီးတဲ့ သဲလွန်စတခုဖြစ်နေတယ်ဆိုရင်ကော စာဖတ်သူတွေရဲ့စိတ်ထဲ ဘယ်လိုခံစားမှုမျိုးဖြစ်ပေါ်လာမလဲ ။ ရှေးကျလွန်းလှတဲ့ လူနေမှုစနစ်တခုရဲ့ သမိုင်းအထောက်အထားတခုလို့ အမြင်ပြောင်းကြည့်ကြစို့။

ရှေးဟောင်းသုတေသနပညာရှင် အေအိပ်(ချ်)လောင်းဟတ်စ်က သူ့ရဲ့စေတီဇာတ်လမ်းခေါ်စာအုပ်မှာ ဖော်ပြထားတာက…

“အိန္ဒိယတောင်ပိုင်းနဲ့ ဒက္ခိဏကုန်းပြင်မြင့်တွေမှာ မကြာခနတွေ့ရတဲ့ ရှေးသင်္ချိုင်းရာတစ်မျိုးက ဗုဒ္ဓဘာသာ ဆိုင်ရာစေတီပုထိုးတွေရဲ့ ရှေ့ပြေးခပ်နိမ့်နိမ့်ကုန်းငယ်တွေဖြစ်ပြီး အဲဒါတွေကို ကျောက်တုံးကြီးတွေနဲ့ ဝန်းရံ စိုက်ထူထားတယ်။ တသီးတခြားတရိုတသေပြုလုပ်ထားကြတယ်။ အဲလိုပုံစံ ကျောက်ပုံသင်္ချိုင်းရာတွေက ဗုဒ္ဓဘာသာမတိုင်မီကတည်းက အိန္ဒိယပြည်မှာ တည်ရှိခဲ့တယ်။ megalithie monuments လို့ခေါ်တဲ့ ဒီကျောက်တုံး သင်္ချိုင်းရာတွေကို သာမန်လူသားတွေကွယ်လွန်တဲ့အခါ ပြုလုပ်တာမဟုတ်ဘဲ သူတော် သူမြတ်တွေ ၊ တိုင်းပြည်မြို့ရွာအကြီးအကဲတွေ စတဲ့ အမှတ်တယ ထားရှိအပ် အရိုအသေပြုအပ်တဲ့ပုဂ္ဂိုလ်တွေ ကွယ်လွန်တဲ့အခါမှာ ပြုလုပ်ထားတာဖြစ်တယ်။ ကျောက်တုံးကြီးတွေဝန်းရံပြုလုပ်ထားတဲ့ သင်္ချိုင်းရာတွေဟာ တောင်ကုန်းတောင်စွယ်တွေရဲ့ ဆင်ခြေလျှောတွေမှာတွေ့ရတယ်။ ရေရရှိနိုင်တဲ့ဒေသများနဲ့ ထွန်ယက်စိုက်ပျိုး နိုင်တဲ့ဒေသတွေရဲ့အနီးမှာ ရှိတတ်တယ်။ ကျောက်တုံးများကာရံထားတဲ့အချိုင့်ရာတွေဟာ အကြမ်းအားဖြင့် နှစ်မျိုးနှစ်စားရှိတယ်။ ၁။ ဒိုက်မန် (DOIMEN) ခေါ်မြေပြင်ရဲ့အထက်မှာ ကျောက်တုံးတွေဝန်းရံပြီးတော့ပဲဖြစ်ဖြစ် ၊ အုတ်မိုးထားတာပဲဖြစ်ဖြစ် ၊ အခန်းငယ်လိုပြုလုပ်ထားတာပဲဖြစ်ဖြစ် လူမြုပ်နှံတဲ့သင်္ချို်င်းဂူတစ်မျိုး ။ ၂။ စိစ် (CIST) လို့ခေါ်တဲ့ မြေကြီးအောက်ထဲမှာ ကျောက်တုံးကျောက်ပြားတွေနဲ့ သေတ္တာလိုပြုလုပ်ထားတဲ့ လူမြုပ်နှံရာသင်္ချိုင်းဂူတစ်မျိုး စတာတွေပဲဖြစ်တယ်။” (ref: မြန်မာနိုင်ငံဗုဒ္ဓယဉ်ကျေးမှုအနုပညာ ၊ မောင်ရင့်ကျူး (မြောင်းမြ))

ကျွန်တော်တို့သွားရောက်လေ့လာခဲ့တဲ့ လွယ်ဖီမျဲန်းကို ပြန်သုံးသပ်ကြည့်ရင် လွယ်ဖီမျဲန်းတည်ရှိတဲ့နေရာက စာအုပ်ဖော်ပြချက်နဲ့ လုံးဝကိုက်ညီနေတာကိုတွေ့ရတယ် ။ လွယ်ဖီမျဲန်းသင်္ချိုင်းရာက တောင်စွယ် တောင်တန်း ပေါ်မှာရှိနေသလို လွယ်ဖီမျဲန်းကိုသွားတဲ့ခရီးလမ်းသုံးပုံနှစ်ပုံလောက်မှာ ကျယ်ပြန့်ညီညာတဲ့ တောင်ယာခြံ တွေရယ် ထွန်ယက်စိုက်ပျိုးနိုင်ဖို့ရေချောင်းလည်းရှိတယ် ဂူသင်္ချိုင်း အမျိုးအစားနှစ်မျိုးထဲက ဒိုက်မန် (DOIMEN) အမျိုးအစားနဲ့ ထပ်တူနီးပါး ကိုက်ညီမှုရှိတယ် ။ ကျွန်တော့်ရဲ့ပထမပိုစ့်မှာ သင်္ချိုင်းပုံပန်းသဏ္ဌာန်ကို ရေးသားဖော်ပြပြီးလည်းဖြစ်တယ်။

ပြီးတော့ ဒီလွယ်ဖီမျဲန်းတည်ရှိတဲ့နေရာဟာ ရှေးအခါကဆိုရင် မိုးနဲပြည် (Mong Nai State) နယ်နိမိတ်အတွင်းမှာရှိပြီး မိုးနဲမြို့နဲ့သိပ်ပြီးကွာဝေးတဲ့နေရာမှာရှိနေတာမဟုတ်ဘူး။ ပထမမိုးနဲကို စပြီးတည်ထောင်တဲ့ခုနှစ်က ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံပြီး ၂၄ နှစ် (BC 519) မှာတည်ထောင်တယ်လို့ဆိုပါတယ်။

ပထမမိုးနဲရဲ့မင်းနာမည်က စတုရမ်ဖမင်း (မြို့တည်ထောင်တဲ့မင်း) ၊ စတုရမ်ဖမင်းရဲ့သားတော် ဒေဝကုမာရရာဇာမင်း ဆိုပြီး မင်းနှစ်ပါးသာရှိခဲ့တယ်လို့ဆိုပါတယ် ။ (ref: မိုးနဲမြို့သမိုင်းမှတ်တမ်း ၊ စိုင်းအူမိန်း ၊ လုံးစိုင်းလှအေး)

ဒီနေရာမှာ ဆွေးနွေးလိုတာက မင်းဆက်ဘယ်လောက်စိုးစံခဲ့တယ်ဆိုတာမဟုတ်ဘဲ ပထမဆုံးမြို့ တည်ထောင် ခဲ့တဲ့ခေတ်နဲ့ တည်ထောင်ခဲ့တဲ့မင်းအမည်နာမအပေါ်မှာသာ ဆွေးနွေးသုံးသပ်လိုတာပါ ။ ပထမမိုးနဲ စတင် တည်ထောင်တဲ့အချိန်တုန်းကဆိုရင် မိုးနဲဒေသကို ဗုဒ္ဓသာသနာရောက်ရှိဦးမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်း ဘုရင် နာမည်က ဘာကြောင့်များ ပါဠိဘွဲ့နာမည်ဖြစ်နေပြီး ရှမ်းဘွဲ့နာမည်မဟုတ်တာလဲ။ ဒါမှမဟုတ် ပထမမိုးနဲကို တည်ထောင်ခဲ့တဲ့ မင်း ဘုရင်နာမည်ကို နှောင်းလူတွေကပဲပေးလိုက်တာလား။ ဒါမှမဟုတ် အဲခေတ်ကတည်းက အိန္ဒိယပြည်တောင်ပိုင်း ဒက္ခိဏကုန်းပြင်မြင့် အန္ဒိယသားတွေက မိုးနဲဒေသကိုရောက်နေပြီလား ။ ဒီလိုဆို ဗုဒ္ဓသာသနာထက် ဟိန္ဒူအယူဝါဒက အရင်ဆုံးရောက်မှာကိုး။ ဒီဟိန္ဒူ အယူဝါဒနဲ့အတူ သူတို့ဆီထွန်းကားနေတဲ့ ကျောက်စီသင်္ချိုင်းပြုလုပ်တဲ့ဓလေ့လည်း ပါလာမှာကိုး။ ဆက်လက်သုတေသနလုပ်ရမဲ့ကိစ္စပါ။ တကယ်လို့များ ခိုင်မာတဲ့အထောက်အထားနဲ့ အချိတ်အဆက်ခိုင်မာတဲ့သမိုင်းဆိုင်ရာအချက်အလက်တွေ ရရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ပျောက်ဆုံးနေတဲ့ သမိုင်းကွက်လပ်တခုကို ဖြည့်နိုင်ပြီပေါ့။

ကျိုးကြောင်းဆင်ခြင်မှုသဘောတရားနဲ့ နှိုင်းယှဉ်ခြင်းသဘောတရားအပေါ်မှာ အခြေပြုပြီးတော့သာ ကျွန်တော်တို့က စူးစမ်းလေ့လာအဖြေထုတ်နေကြရတယ်ဆိုတော့ လွယ်မလားခက်မလားဆိုတာ စာဖတ်သူတွေ တွေးတောသိနိုင်ပါတယ်။

ဖြစ်နိုင်ချေအယူအဆတချို့ကိုတော့ ဆောင်းပါးအစပိုင်းမှာ တင်ပြဆွေးနွေးခဲ့ပြီးပြီ နောက်ယူဆချက်တခုကျန်ပါသေးတယ် ။ ဒါပေမဲ့ ဒီယူဆချက်ကို ဖော်ပြလို့မကောင်းဘူး ယူဆချက်ကိုအမှန်ထင်ပြီး အဲနေရာကို ဖျက်ဆီးပစ်မှာစိုးလို့ ဆိုတော့ ဒီယူဆချက်ကို တင်ပြဆွေးနွေးတာမလုပ်တော့ဘူး။ ဖော်ပြပါဓာတ်ပုံတွေက ပထမပိုစ့်မှာမဖော်ပြခဲ့ရတဲ့ပုံတွေပါ ဖတ်ရှုအားပေးဝေဖန်ထောက်ပြထောမနာပြုသူအပေါင်းကို ကျေးဇူးတင်ကြောင်းပြောပါရစေ။

လေးစားစွာဖြင့် –
စိုင်းမျိုး မိန်းနိုင်း (phimenologist)

Leave a Comments

- Advertisement -spot_img

Latest article