သျှမ်းလူငယ်ကွန်ရက် TYN က သျှမ်းပြည်သဘာဝပတ်ဝန်းကျင်းကို လေ့လာဖို့နဲ့ လူငယ်တွေ မူးယစ်ဆေးဝါး ကင်းဝေးဖို့ ပင်လောင်းမြို့က လွယ်မောင်းတောင်ကို စုပေါင်းတက်ခဲ့ကြပါတယ်။
သျှမ်းပြည်တွင်း အနယ်နယ်ကလာတဲ့ သျှမ်းလူငယ် ၃၀၀ ကျော်ဟာ မတ်လ ၂၉ ရက်နေ့မှာ ပင်လောင်းမြို့ ဖောင် တော်ဦးဘုန်းကြီးကျောင်းကို ရောက်ရှိခဲ့ကြပြီး မတ်လ ၃၀ ရက် နံနက် ၆ နာရီခွဲမှာ ပင်လောင်းမြို့ အရှေ့ဘက်မှာရှိတဲ့ လွယ်မောင်းတောင်ကိုစတက်ခဲ့ကြပါတယ်။ ၈ နာရီခွဲမှာ တောင်ထိပ်ကိုရောက် ရှိခဲ့ပါတယ်။ ဒီနှစ် သျှမ်းလူငယ်ကွန်ရက်ကနေ စုပေါင်းတောင်တက်တာ ၁၀ ကြိမ်မြောက်ဖြစ်ပါတယ်။
သုစန္ဒီဆုရှင်လည်းဖြစ် TYN အဖွဲ့ရဲ့ပြောခွင့်ရလည်းဖြစ်တဲ့ စိုင်းဆု က- “ လွယ်မောင်းတောင်ကို ရွေးချယ်ရခြင်း ကတော့ ဒီတောင်ဟာ သျှမ်း- ကယား နယ်စပ်မှာရှိတဲ့ ပင်လောင်းမြို့ထဲမှာရှိတယ်ဆိုတော့ တမြေတည်း နေတဲ့ သျှမ်းလူငယ်တွေ ချစ်ကြည်ရင်းနှီးမှုရစေချင်တယ်။ ” – လို့ သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။
တဖက်တွင်လည်း ပင်လောင်းမြို့ရှိ ပေ ၆၀၀၀ ကျော်မြင့်သော လွယ်မောင်းတောင်ဟာ ဒုတိယကမ္ဘာစစ်မတိုင်မှီကတည်းက လပြည့် လကွယ် အခါကြီးရက်ကြီးနေ့တွေမှာ ပြည်သူလူထုများသတိရရှိလေအောင်မောင်းသံပေးပြီး နိုးဆော်သတိပေးသည်ကိုအစွဲပြုပြီး မောင်းတောင်လို့ အဓိပ္ပါယ်ရသော လွယ်မောင်းလို့ အမည်တွင် ခေါ်ဆိုခဲ့တယ်လို့ လွယ်ပြားဆရာတော်ကမိန့်တော်မူပါတယ်။
ပင်လောင်းလူငယ် နန်းခမ်းအွန်က “ သီပေါကလည်းပါတယ်။ စယ်လန့် ကာလိ လူငယ်တွေပါတယ်။ ကျမကတော့ ဦးစီးကော်မတီထဲပါ၀င်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပင်လောင်းမြို့ သမိုင်းကြောင်း၊ ပင်လောင်းမှာနေထိုင်နေတဲ့ သျှမ်းလူမျိုးတွေအကြောင်း၊ လွယ်မောင်းတောင် အကြောင်းကို အနယ်နယ်က လူငယ်တွေ သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဒီနှစ်တောင်တက်ခြင်းလှုပ်ရှားမှုမှာ စာပေဟောပြောပွဲရော ဘောလုံးပွဲပြိုင်ပွဲရောရှိပါတယ်။ ” လို့ပြောပါတယ်။
မတ်လ ၃၁ ရက်နေ့မှာတော့ မွေတော်ဘုရားကြီး ဘုန်းကြီးကျောင်းမှာ စာပေဟောပြောပွဲ ကျင်းပခဲ့ပါတယ်။ ယိင်းလောဝ်၊ စိုင်းဝမ်းလျဲန်းခမ်းနဲ့ စိုင်းတီတီဇုန် တို့က ဟောပြောခဲ့ကြပါတယ်။အဲဒီနောက် လူငယ်ဘောလုံးပြိုင်ပွဲကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
တောင်တက်လှုပ်ရှားမှုမှာပါ၀င်တဲ့ ပင်လောင်းလူငယ် စိုင်းခွန်ဖှက – “သျှမ်းလူငယ်တွေ တောင်ပိုင်း၊ မြောက်ပိုင်း မခွဲခြားဘဲ တစုတစည်းတည်းနဲ့ ရင်းနှီးသိကျွမ်းခွင့် ရချင်လို့ပါ။ ဒီလိုစုပေါင်းတောင်တက်တာကတော့ ကျနော့ အတွက် ပထမဆးအကြိမ်ပါ။ ညီညွှတ်ရေး ဘယ်လိုတည်ဆောက်ရမလဲဆိုတာ သိလာရတယ်။ သျှမ်းလူငယ် တွေ တခုတည်းရှိတယ်ဆိုတာ သိစေချင်တယ်။ တောင်ပိုင်းမြောက်ပိုင်း မခွဲခြားစေချင်ဘူး။ စည်းလုံး ညီညွတ် ရေး ပိုမိုရရှိစေချင်တယ်။ တိုက်ပွဲတွေအမြန်ဆုံးရပ်တန့်ပြီးဆုံးပါစေလို့ဆုတောင်းပါတယ်။” လို့ ပြောဆိုပါတယ်။
လွယ်မောင်းတောင်က အမြင့်ပေ ၆,၀၀၀ ကျော်ရှိပြီး ပင်လောင်းမြို့ရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်။ တောင်ထိပ်မှာ သျှမ်းပြည်အမျိုးသားအလံလွှင့်ထူပြီး အလေးပြုကြပြီးတဲ့နောက် သဘာဝပတ်ဝန်းကျင်ကိုလေ့လာခဲ့ကြပါတယ်။ ထမ်ဖာဂူကိုလည်း သွားရောက်လေ့လာခဲ့ကြပါတယ်။
ပင်လောင်းလူငယ် ယိင်းမိုဆိုင်လောဝ်က “ တစ်ခါမှ တောင်မတက်ဖူးဘူး။ ပထမဆုံးအကြိမ်ပါ။ ဒီလိုပါ၀င် ရတော့ ပျော်ရွှင်တယ်။ လူငယ်တွေ စည်းလုံးမှုရှိတယ်။ ရိုင်းပင်းကူညီကြတယ်ဆိုတာ တွေ့ရပါတယ်။ သျှမ်းလူငယ်တွေ တယောက်နဲ့တယောက် ခင်မင်ရင်းနှီးမှုပိုမိုရရှိစေချင်ပါတယ်။ တောင်တက်ခြင်းအားဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းစေတယ်။ ဒါကြောင့် လူငယ်တွေတောင်တက်ခြင်း လှုပ်ရှားမှုမှာ ပါ၀င်စေချင်ပါတယ်” လို့ပြောဆိုပါတယ်။
တောင်တက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျန်းမာရေးအတွက် အထောက်အကူတခုဖြစ်ဖို့ ၊ သဘာဝ ပတ် ၀န်းကျင်ကို လေ့လာတတ်ပြီး ထိန်းသိမ်းတတ်ဖို့၊ လူငယ်တွေ မူးယစ်ဆေးဝါးကင်းဝေးဖို့ ၊ ကိုယ့်သမိုင်း ကြောင်းကို လေ့လာတတ်ဖို့ စတာတွေ ဖြစ်ပါတယ်။ လွယ်မောင်းတောင်ဟာ သျှမ်း-ကယား နယ်စပ်မှာ ရှိတာကြောင့် သျှမ်း- ကယားလူငယ်တွေ ချစ်ခင်ရင်နှီးဖို့ လည်း ရည်ရွယ်တယ်လို့သိရပါတယ်။
သိန္နီက TYN လူငယ် နန်းဆိုင်လောဝ်ကတော့ “လူငယ်တွေ တသုတ်နဲ့တသုတ်က တွေးခေါ်မှုပိုင်း၊ လှုပ်ရှားမှုပိုင်းက မတူကြဘူး။ စိတ်အားထက်သန်တဲ့လူငယ်တွေ ကိုယ့်အရည်အချင်းကို မြှင့်တင်ပြီး အမျိုးသားရေးမှာ ပါ၀င်ကူညီစေချင် တယ်။ လူမှုရေးလုပ်ငန်းတွေမှာပေါ့နော်။ ဆရာ/ဆရာမဖြစ်ဖြစ်၊ အခွင့်အရေး တောင်းဆိုတဲ့ နေရာတွေမှာ။ တကယ်လို စည်းလုံးညီညွှတ်ပြီး လုပ်ဆောင်မယ်ဆိုရင် ဖြစ်လာနိုင်ပါတယ်။ သျှမ်းလူမျိုးတစ်ယောက်အနေနဲ့ အမျိုးသားရေးအတွက် ဘယ်နေရာမှာမဆို ကူညီနိုင်ဘက်က ကူညီဖို့ တိုက်တွန်းလိုပါတယ်။” လို့ပြောပါတယ်။
သျှမ်းလူငယ်ကွန်ရက် TYN က ၂၀၁၄ ခုနှစ်ကစပြီး နှစ်စဉ် သျှမ်းပြည်တွင်းက မြင့်မားတဲ့တောင်တွေကို စုပေါင်းတက်ခဲ့ကြပါတယ်။ သျှမ်းပြည်နယ်အတွင်းက အမြင့်ဆုံးတောင်ဖြစ်တဲ့ တန့်ယန်းမြို့နယ်က လွယ်လိန်းတောင်၊ မိုင်းခေးက လွယ်ဇန့်တောင်၊ ကွတ်ခိုင်က လွယ်ဆမ်ဆစ်တောင်၊ မိုင်းကိုင်က လွယ်ဇန့်တောင်၊ စယ်လန့်က လွယ်တေးမိန်းတောင်၊ ကချင်ပြည်က ၀ိလာသတောင်၊ မိုင်းရှူးက လွယ်ဆောင်ထောက်တောင်၊ မိုင်းပြင်းက မွေတော်ဟိုလိန်းတောင် နမ့်လန်မြို့လွယ်စန့်ဟိုင်းပန်တောင် တွေကို တက်ရောက်ခဲ့ကြပါတယ်။