မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။
မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။
ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက မူဆယ်မြို့ရှိ နာမည်ကြီး KTV တစ်ခုတွင် မူးယစ်ဆေးဝါး (K-Ketamine) ရှူခဲ့သည့် အမျိုးသား ၃ ဦးအနက် ၂ ဦး သေဆုံးသွားခဲ့သည်။
၎င်းတို့အနက် တစ်ဦးသည် KTV အခန်းအတွင်း၌ပင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ မူဆယ်မှ လားရှိုးသို့ ဆေးကုသရန် ပို့ဆောင်စဉ် လမ်းခုလတ်၌ ထပ်မံသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မူဆယ်မြို့ လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“လူငယ်ပိုင်းတွေပါပဲ၊ ၃ ယောက်မှာ ၂ ယောက် သေသွားတယ်။ လမ်းမှာတစ်ယောက်သေ၊ ဆေးရုံမှာ တစ်ယောက်သေပြီး ကျန်တဲ့တစ်ယောက်ကတော့ အရေးပေါ်မှာ။ အခုနောက်ပိုင်း KTV တွေမှာ K ရှူပြီး သေဆုံးတဲ့ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်လာနေတယ်” ဟု ဖြစ်စဉ်ကိုသိရှိသူ မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုကဲ့သို့ မူးယစ်ဆေးကြောင့် အသက်အန္တရာယ် ကြုံရချိန်တွင် အိမ်နီးချင်း တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ဆေးရုံများသို့ သွားရောက်ကုသရန် ကြိုးပမ်းသော်လည်း မူးယစ်ဆေးသုံးစွဲထားသူများကို တရုတ်အာဏာပိုင်များက လက်မခံဘဲ နယ်စပ်ဂိတ်မှ ပြန်လွှတ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် (ဇူလိုင် ၂၂ ရက်) တွင်လည်း K ရှူလွန်သဖြင့် သတိလစ်နေသော လူနာတစ်ဦးကို နန်းတော်ဂိတ်မှတစ်ဆင့် တရုတ်ဘက်သို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ဆေးစစ်ချက်တွင် မူးယစ်ဆေးတွေ့ရှိသဖြင့် ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရပြီး မူဆယ်ဆေးရုံသို့ ပြန်လှည့်လာခဲ့ရသည်။
“လူနာက မူးယစ်ဆေးသုံးထားတာ စစ်ဆေးတွေ့ရလို့ တရုတ်ဘက်က လုံးဝလက်မခံတာ။ နယ်စပ်ဖြတ်ကျော်ခွင့် ကတ်ပြားတွေကအစ လုပ်ပေးခဲ့ပေမယ့် ဆေးစစ်ချက်ကြောင့် ရွှေလီဘက်ကို ပို့လို့မရဘဲ မူဆယ်ဆေးရုံကိုပဲ ပြန်လှည့်လာခဲ့ရတယ်” ဟု လူနာအား ကူညီပေးခဲ့သည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်တွင်လည်း လူနာနှင့်အတူ ဆေးသုံးစွဲခဲ့သည့် ၎င်း၏ သူငယ်ချင်းဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
မူဆယ်မြို့ရှိ ဖျော်ဖြေရေးနေရာများတွင် Happy Water၊ K၊ WY နှင့် ဘိန်းဖြူ စသည့် မူးယစ်ဆေးဝါးမျိုးစုံကို လွယ်လင့်တကူ ရရှိနေခြင်းက လူငယ်များအတွက် ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်လာနေကြောင်း ဒေသခံများက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် မူးယစ်ဆေးသုံးစွဲမှု အခြေအနေမှာ ယခင်ကထက် ပိုမိုဆိုးရွားလာကြောင်း မူဆယ်မြို့ ဘဝသစ်လူငယ်ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းမှ တာဝန်ခံ ကိုဘရန်လတ်က သျှမ်းသံတော်ဆင့်နှင့် သီးသန့်အင်တာဗျူးတွင်လည်း ပြောဆိုထားသည်။
“အခုနောက်ပိုင်း တိုင်းပြည်အခြေအနေတွေကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာ ပိုများလာတယ်။ ရာခိုင်နှုန်း ပြောရရင် တစ်ဝက်လောက် တက်သွားတာပေါ့။ သုံးတဲ့သူရော ရောင်းတဲ့သူရော များလာတယ်။ တချို့ အိမ်ထောင်စုတွေမှာ မိသားစု ၃ ယောက်ရှိရင် ၂ ယောက်လောက်က မူးယစ်ဆေးသုံးနေတာ တွေ့ရတယ်” ဟု ကိုဘရန်လတ်က ပြောသည်။
မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာရခြင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေး ကျဆင်းမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ဖိအားများကြောင့် ဖြစ်ကြောင်း ကိုဘရန်လတ်က ထောက်ပြသည်။
“တိုင်းပြည်ရဲ့ မတည်ငြိမ်မှုနဲ့ စီးပွားရေး အဆင်မပြေမှုတွေကြောင့် ဖိအားများလာတဲ့အခါ မူးယစ်ဆေးဝါးကို အားကိုးမိသွားကြတာပေါ့။ လူငယ်တွေကို မေးကြည့်ရင်လည်း အလုပ်အကိုင် အခွင့်အလမ်း မရှိတာ၊ စီးပွားရေး တစ်ပိုင်တစ်နိုင် လုပ်ရင်းကနေ ရောင်းဝယ်ဖောက်ကားသူတွေနဲ့ နီးစပ်ပြီး သုံးစွဲသူ ဖြစ်သွားကြတာ များပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၂၆ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများသည် သျှမ်းပြည်ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာစေခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းများသည် အွန်လိုင်းငွေလိမ်လည်မှု (Online Scams) လုပ်ငန်းများနှင့် စနစ်တကျ ပေါင်းစပ်လာပြီး၊ ထုတ်လုပ်မှု အဆမတန် များပြားလာခြင်းကြောင့် ဈေးကွက်အတွင်း စိတ်ကြွဆေးဈေးနှုန်းများ စံချိန်တင် ကျဆင်းကာ လူငယ်များလက်ဝယ်သို့ အလွယ်တကူ ရောက်ရှိနေကြောင်း UNODC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိတွင် မူဆယ်မြို့ရှိ လူငယ်များသည် မူးယစ်ဆေးဝါးကြောင့် အသက်ဆုံးရှုံးနေရုံသာမက ဆေးသုံးစွဲထားမှုကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံ၏ တင်းကျပ်သော မူးယစ်ဆေးဝါးမူဝါဒအောက်တွင် အရေးပေါ် ဆေးကုသခွင့်များပါ ဆုံးရှုံးနေရသဖြင့် အခြေအနေမှာ အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။











Leave a Comments