ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ် (Ban Pho Ngam) ကျေးရွာအတွင်း ချင်းရိုင်မြို့မ ရဲတပ်ဖွဲ့မှ သံသယဖြစ်ဖွယ် အဖြူရောင် ပစ်ကပ်ကားတစ်စီးအား လိုက်လံဖမ်းဆီးခဲ့သည်။
ရဲတပ်ဖွဲ့မှ မူးယစ်ဆေးသတင်းအရ စောင့်ကြည့်စစ်ဆေးနေစဉ် ငြင်းဆန်ထွက်ပြေးသည့်အတွက် လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြောင်းဘေးတစ်လျှောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့သည်။
ထို့နောက် မစ္စတာ အာရီဖာဆိုသူ ယာဉ်မောင်းဖြစ်သူအားဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးမှ ၎င်းအား မူးယစ်ဆေးများသယ်ဆောင်ပေးရန် စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဘန်ဖိုးငမ်း နယ်မြေအတွင်း စောင့်ဆိုင်းနေသော ၁၀ ဘီးကားတစ်စီးထံသို့ သွားရောက်ပို့ဆောင်ပေးရန် ညွှန်ကြားထားကြောင်း ထွက်ဆိုခဲ့သည်။
သံသယရှိသူအား ဆက်လက်စစ်ဆေးပြီးနောက် ၎င်း၏ မိုဘိုင်းဖုန်းအတွင်းမှ သံသယဖြစ်ဖွယ် LINE အက်ပ်စာတိုများ၊ အကြောင်းအရင်း ခိုင်လုံခြင်းမရှိသည့် ငွေ အဝင်၊ အထွက်များကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် ချင်းရိုင်ခရိုင် ရဲတပ်ဖွဲ့မှ မူးယစ်းဆေးဝါးမှောင်ခိုကွန်ယက်ကို ဆက်လက်စစ်ဆေးဖော်ထုတ်နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အလားတူ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းနယ်မြေနှင့် တည့်တည့်မျက်နှာချင်းဆိုင်တွင်ရှိသော “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့မှ သံသယဖြစ်ဖွယ် လူ ၁၅ ဦးခန့်အား လိုက်လံဖမ်းဆီးရာ ၎င်းတို့စွန့်ပစ်ခဲ့သော စိတ်ကြွဆေးပြား ၂.၇၈ သန်းကျော် ကို သိမ်းဆည်းရမိခဲ့ကြောင်း “ဝ” တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ် ၂၈ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်အနီး နယ်စပ်မှတ်တိုင် အမှတ် ၁ (BP 1) အနီးတွင် “ဝ” တောင်ပိုင်း ၁၇၁ စစ်ဌာနချုပ်၏ အဖွဲ့ဝင် ၇၁ ဦးပါ တပ်ဖွဲ့မှ နယ်စပ်တလျှောက် စစ်ဆေးမှုများပြုလုပ်စဉ် သံသယဖြစ်ဖွယ် လူ ၁၀ ဦးမှ ၁၅ ဦးအထိ ပါဝင်သည့် အဖွဲ့ကို တွေ့ရှိခဲ့သည်။
ထိုလူအုပ်စုမှ အမှောင်အတွင်းသို့ ထွက်ပြေးကာ ထိုင်းနိုင်ငံနယ်စပ်ဘက်သို့ ဝင်ရောက်သွားခဲ့သည်။ ၎င်းတို့ စွန့်ပစ်ခဲ့သည့် ပလတ်စတစ်အိတ် ၁၁ အိတ်အတွင်း မှ “၉၉၉” တံဆိပ်နှင့် အပြာရောင် ချေဂွေဗားရား (Che Guevara) တံဆိပ်ပါ စိတ်ကြွဆေးပြား ၂.၇၈ သန်းကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း UWSA ဆက်ဆံရေးအရာရှိ ဦးညီရန်း၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို မိုင်းဆတ်ခရိုင် မြန်မာစစ်တပ်၏ နည်းဗျူဟာ စစ်ဆင်ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်သွားမည်ဟု ဖော်ပြထားသည်။
ကိုးကား – MAESAIPRESS













Leave a Comments