ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။
ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား လိုအပ်ချက်က ပိုမိုမြင့်မားလာလျက်ရှိသည်။
ထိုင်းနိုင်ငံတွင် စက်ရုံများ ပိတ်သိမ်းရမှုကြောင့် အလုပ်ထုတ်ပယ်ခံရသူများ၏ ၉၄% ကျော်မှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြပြီး ကျန်ရှိသည့် ပမာဏမှာ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။
သို့သော်လည်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာများကြောင့် ကမ္ဘောဒီးယား အလုပ်သမားများ မိခင်နိုင်ငံသို့ ပြန်သွားကြသည့်အတွက် ထိုင်းနိုင်ငံ၏ ပို့ကုန်နှင့် အထည်ချုပ် စက်မှုလုပ်ငန်းများတွင် လုပ်သားအင်အား အလွန်အမင်း လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိသည်။
ဆန်တင်ပို့ရေး ကဏ္ဍတွင် ကမ္ဘောဒီးယား အလုပ်သမားများ မရှိတော့သဖြင့် သင်္ဘောပေါ် ကုန်တင်ကုန်ချ လုပ်ကိုင်သူ (Stevedores) ရှားပါးမှုပြဿနာကို ဖြေရှင်းရန် ထိုင်းဆန်တင်ပို့သူများက မြန်မာအလုပ်သမားများကို သင်တန်းပေး၍ အစားထိုးရန် ကြိုးပမ်းနေကြသည်။
သို့သော်လည်း မြန်မာအလုပ်သမား အများစုမှာ လေးလံသော ကုန်တင်ကုန်ချ အလုပ်များထက် စားသောက်ဆိုင်၊ စတိုးဆိုင်၊ အိမ်အကူ သို့မဟုတ် စက်ရုံအလုပ်များကိုသာ ပိုမိုနှစ်သက်ကြသဖြင့် ရာနှုန်းပြည့် အစားထိုးနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။
ထို့ပြင် အလုပ်သမား ၄၀,၀၀၀ ခန့် ထပ်မံ လိုအပ်နေသည့် ထိုင်းအထည်ချုပ် စက်မှုလုပ်ငန်းတွင်လည်း စုစုပေါင်း လုပ်သားအင်အား၏ ၂၀% မှ ၃၀% အထိကို မြန်မာ ရွှေ့ပြောင်းအလုပ်သမားများက အဓိက တာဝန်ယူထားကြရသည်။
ထိုင်းအထည်ချုပ် ထုတ်လုပ်သူများအသင်း အကြံပေး မစ္စတာ ယို့ဆသွန် ကိဂျ်ကူဆွန် ၏ ပြောကြားချက်အရ ထိုင်းနိုင်ငံသည် သက်ကြီးရွယ်အို လူ့အဖွဲ့အစည်း ဖြစ်လာသဖြင့် စက်ချုပ်လုပ်ငန်းများသို့ ထိုင်းလူငယ် အလုပ်သမား ဝင်ရောက်မှု မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။
သို့သော်လည်း မြန်မာနိုင်ငံမှ MoU သဘောတူညီချက်ဖြင့် ရွှေ့ပြောင်းအလုပ်သမား ခေါ်ယူရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ် ပြောင်းလဲလိုက်မှုကြောင့် နည်းပညာဆိုင်ရာ အခက်အခဲများ ရှိနေခြင်း၊ လူကိုယ်တိုင် စိစစ်အတည်ပြုရန် လိုအပ်နေသေးခြင်းနှင့် တောင်းဆိုထားသည့် အလုပ်သမား အရေအတွက်အတိုင်း မရရှိခြင်း စသည့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်။
ထို့ပြင် အသစ်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများတွင် အထည်ချုပ် လိုအပ်သည့် သီးခြား စက်ချုပ်ကျွမ်းကျင်မှု မရှိကြသဖြင့် လေ့ကျင့်သင်ကြားပေးရန် လိုအပ်နေသေးကြောင်း ထောက်ပြထားသည်။
ထိုင်းနိုင်ငံ၏ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (FTI) ကမူ စီးပွားရေး နှေးကွေးမှုနှင့် စက်ရုံများ ပိတ်သိမ်းရမှုများ ရှိနေသော်လည်း အဓိက စက်မှုလုပ်ငန်းများ ယှဉ်ပြိုင်နိုင်စွမ်း မကျဆင်းစေရန်အတွက် မြန်မာနှင့် လာအို ကဲ့သို့သော အိမ်နီးချင်းနိုင်ငံများမှ MoU စနစ်ဖြင့် ရွှေ့ပြောင်းအလုပ်သမား ခေါ်ယူရေး ထိရောက်မှုကို ပိုမိုမြှင့်တင်ပေးရန် ထိုင်းအစိုးရအား တိုက်တွန်းထားသည်။
ကိုးကား – Bangkok Post













Leave a Comments