Saturday, April 27, 2024

အပစ်ရပ်ဆိုပေမယ့် ပြန်နေစရာ အိမ်မရှိတော့တဲ့အခါ ဘယ်သူတာဝန်ယူမှာလဲ

Must read

တိတ်ဆိတ်နေတဲ့ နံနက်အရုဏ်ဦးမှာ တရုတ်ကျူရှင်သွားဖို့ ပြင်ဆင်နေတဲ့ သမီးလေးဟာ ကျယ်လောင်တဲ့ ပစ်ခတ်သံ ရုတ်တရက် ထွက်ပေါ်လာတာကြောင့် တုန်လှုပ်ခြောက်ခြား သွားပါတယ်။

အဲ့ဒီကျယ်လောင်တဲ့ ပစ်ခတ်သံဟာ လွန်ခဲ့တဲ့ ၂၀၂၃ ခုနစ် အောက်တိုဘာ ၂၇ ရက် နံနက် ၄ နာရီကျော်က စတင်ကြားလာပြီး မိုးလင်းလာတော့ တဖြည်းဖြည်းနဲ့ အသံခပ်စိပ်စိပ် ဖြစ်လာကာ သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ကတော့ တိုက်ပွဲ စတင်ခဲ့ပါတယ်။

အဲ့နေ့က တိုက်ပွဲ စတင်ဖြစ်မယ်ဆိုတာ တစ်စုံတစ်ရာ ကြိုတင်ကြေညာထားခြင်း မရှိဘဲ ညီနောင်မဟာမိတ်တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ စစ်ရေးပဋိပက္ခ အခင်းအကျင်း စဖြစ်လာတော့ တာပါပဲ။

“ ကျမတို့ မြို့ခံတွေကလေ စစ်ဖြစ်မယ်ဆိုတာ လုံးဝ အရိပ်အယောင်ကို မသိလိုက်ရတာ၊ သူတို့က စစ်ပွဲဖြစ်မယ်ဆိုတဲ့ဟာ ဘာအရိပ်အယောင်မှကို မပြတာ”လို့ မမျှော်လင့်ထားခဲ့တဲ့ တိုက်ပွဲ ဖြစ်တဲ့ အကြောင်းကို နန်းခမ်း (အမည်လွှဲ) က ဝမ်းနည်းစွာနဲ့ ပြောပြပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး ၅ရက်မြောက်နေ့ အောက်တိုဘာ ၃၁ရက် မှာ လားရှိုးမြို့ကနေ တက်လာနိုင်တဲ့ စစ်ကောင်စီရဲ့ စစ်ကူလမ်းကြောင်းတွေကို ဖြတ်တောက်ဟန့်တားနိုင်ဖို့ သိန္နီမြို့အဝင် နမ္မတူတံတားကိုလည်း ညီနောင်မဟာမိတ်တပ်တွေ ဗုံးဖောက်ခွဲခဲ့ပြီး ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။

အဲ့ဒီအခါ သိန္နီမြို့တစ်ခုလုံး ဖုန်းလိုင်းနဲ့ လျှပ်စစ်မီးလည်း အားလုံး ဖြတ်တောက်ခံလိုက်ရပါတယ်။

သိန္နီမြို့ အဝင် တံတားလည်း ဗုံးခွဲဖျက်ဆီးခံရတော့ ကုန်ပစ္စည်းတွေလည်း ပြတ်လပ်သွားတဲ့အဆင့်ဖြစ်ခဲ့ရကာ သိန္နီမြို့ပေါ် ပိတ်မိနေတဲ့ နန်းခမ်းတို့ မိသားစုဝင် (၅)ဦး အဟာရ မပြတ်အောင် ခြိုးခြံချွေတာရင်း ပဋိပက္ခနယ်မြေထဲ တစ်လကျော်ကြာ နေထိုင်ခဲ့ရပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၁၀ရက် ညပိုင်းမှာတော့ သိန္နီမြို့မှာ ထိတ်လန့်စရာကောင်းတဲ့ လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် နေအိမ် ၁၁လုံး မီးလောင်သွားခဲ့ပြီး၊ အဲ့ထဲမှာ နန်းခမ်းတို့ မိသားစုနေအိမ်လည်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ဒါ့အပြင် သိန္နီမြို့နယ် တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် သေဆုံးသူ (၂၀) ဦးရှိပြီး၊ အဲ့ထဲမှာ စစ်ရှောင်စခန်းမှာ နေထိုင်ရင်း ဒရုန်းဗုံးတွေ ကျတဲ့အတွက် သေဆုံးသူ (၃)ဦး ရှိခဲ့ပါသေးတယ်။

ဒီလို တုန်လှုပ်ကြောက်ရွံ့ဖွယ်ရာ ဖြစ်ရပ်တွေကြောင့် စစ်မြေပြင်ထဲ တစ်လကျော်ကြာ နေထိုင်လာတဲ့ နန်းခမ်းတို့ မိသားစုဟာ သျှမ်းနှစ်သစ်ကူးနေ့ ဒီဇင်ဘာ (၁၃)ရက်မှာ အရာရာကိုစွန့်ပြီး အသက်ဘေးကလွတ်အောင် သိန္နီမြို့ကနေ ရုန်းထွက်လာခဲ့ကြပါတယ်။

“လက်နက်ကြီးကျပြီး အိမ် ၁၁လုံး မီးလောင်တယ်။ အဲ့မှာ ကိုယ့်အိမ်ကလည်း ထိခိုက်ပျက်စီးတော့ အသက်လွတ်အောင်ဆိုပြီး အရေးကြီးတဲ့ စာရွက်စာတမ်းတွေယူပြီး လားရှိုးမြို့ဘက်ကို တောလမ်းကနေ ထွက်လာခဲ့တယ်” လို့ နန်းခမ်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်ပြောပြလာပါတယ်။

တိုက်ပွဲမဖြစ်ခင်မှာ သိန္နီမြို့နဲ့ လားရှိုးမြို့ဟာ ပုံမှန် တစ်နာရီခန့်သာ ကားဖြင့် သွားရတဲ့ ခရီးဖြစ်ခဲ့ရာကနေ တိုက်ပွဲကြောင့် တံတားတွေ၊ လမ်းတွေ ပျက်စီးမှုဖြစ်ကာ ပုံမှန်သွားနေကြ ပြည်ထောင်စုလမ်းကို မသုံးနိုင်တော့ဘဲ တောလမ်းမှာ တစ်ညအိပ်ခရီးနဲ့ အသက်ကြီးတဲ့ အဘိုးနဲ့ အသက် (၁၀)နှစ်အရွယ် သမီးလေးကို လက်တွဲကာ ခက်ခက်ခဲခဲ လားရှိုးမြို့ကို စစ်ရှောင်ခဲ့ရပါတယ်။

သိန္နီမြို့ကနေ ထွက်ခွာလာပြီး လားရှိုးမြို့ကို ရောက်လာသူတွေက စစ်ဘေးရှောင်စခန်းနဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ သွားရောက်ခိုလှုံကြသလို အချို့စစ်ဘေးရှောင်တွေက သျှမ်းတောင်ဘက်ကို ဦးတည်သွားပြီး၊ တချို့ကျတော့ တာချီလိတ်နဲ့ ထိုင်းနိုင်ငံတွေဘက်အထိ ရွှေ့ပြောင်းသွားကြပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲကြောင့် သျှမ်းပြည်မြောက်ပိုင်း မြို့နယ် ၁၆ ခုမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင် ဦးရေ စုစုပေါင်း တစ်သိန်းနှစ်သောင်း (၁၂၀,၀၀၀) နီးပါး ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က ဒီဇင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ သိန္နီမြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ရေးပဋိပက္ခအတွင်း ပျက်စီးသွားခဲ့တဲ့ အိမ်ခြေ ၆၀၀ ကျော်ကို လက်နက်ကိုင် တပ်ဖွဲ့တွေက တာဝန်ယူဖြေရှင်းတာ ပြန်ပြင်ပေးတာ မရှိသေးပေ။

“တိုက်ပွဲတွေ ငြိမ်တော့ ကျမ အိမ်ကို ပြန်ကြည့်တော့ ရွာပျက်၊ မြို့ပျက်လို့ပဲ။ တိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် သေဆုံးသွားသူရဲ့ အလောင်းဆိုရင် ပုတ်ပွ နံစော်နေတာပဲ။ ဒေသခံတွေပဲ အလောင်းဆွဲထုတ် မြေမြှုပ်ပေးရတယ်။ ကျမတို့အိမ်လည်း ဘာမှ ရစရာ မရှိတော့ဘူး။ အစကနေ ပြန်ပြင်ရမှာ”လို့ သိန္နီမြို့က အသက် ၄၀အရွယ်ရှိ နန်းဆာ က ရှမ်းဘာသာစကားဖြင့် ပြောပါတယ်။

စစ်ရေး ပဋိပက္ခကြား ပျက်စီးသွားတဲ့ နေအိမ်တွေ မီးလောင်တာ၊ လက်နက်ကြီး လက်နက်ငယ်နဲ့ လေကြောင်း ဗုံးကြဲတာတွေကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို လက်နက်ကိုင်တပ်က တာဝန်ယူမှု မရှိတဲ့အပြင် ကူညီဆောင်ရွက်ပေးမှုလည်း မရှိကြောင်း နန်းဆာ က ဝမ်းနည်းစွာနဲ့ပြောပါတယ်။

အလားတူပဲ ၂၀၂၃ နှစ်ကုန်ခါနီး ဒီဇင်ဘာလတုန်းကလည်း နမ့်ခမ်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တစ်ခုတည်း ကျန်ရှိတဲ့ စခန်းသစ်ကုန်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အလုံးစုံသိမ်းပိုက်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီ တိုက်ပွဲကြားမှာလည်း စစ်ကောင်စီတပ်ဘက်က လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုနဲ့ အပြင်းအထန် ပြန်လည် ခုခံခဲ့တာကြောင့် နမ့်ခမ်းမြို့ရဲ့ သာယာကုန်း၊ ဟိုကတ်၊ ပေါက်နေ၊ နောင်မို စတဲ့ ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူနေအိမ် ၂၀၀ ကျော်ဟာ သေနတ်ကျည်၊ လက်နက်ကြီးကျည်နဲ့ ဒရုန်းဗုံးသီးတွေကြောင့် ထိခိုက်ပျက်စီးခဲ့ရတယ်။

“နမ့်ခမ်းမြို့ထဲမှာ ကျည်မမှန်တဲ့အိမ် မရှိသလောက်ပဲ။ ပထမတစ်မျိုးက အမိုးနဲ့ နံရံတွေ ထိပြီး ပြန်ပြင်နေလို့ရတဲ့ဟာ၊ ဒါကတော့ နေအိမ် ၂၀၀ ကျော်ရှိတယ်။ ဒုတိယတစ်မျိုးက အိမ်တစ်ခြမ်းလုံး ပြိုသွားတာ၊ ဒီဟာက အသစ် ပြန်ပြင် ဆောက်ရမှာ။ နောက်တစ်မျိုးက လက်နက်ကြီး ကျပြီးတော့ လုံးဝကို တစ်အိမ်လုံး ရစရာ မရှိတော့တာ၊ ဒါမျိုးက အိမ်ပေါင်း ၂၀ ကျော်ရှိတယ်”လို့ နမ့်ခမ်းမြို့မှာ နေတဲ့ စိုင်းမောဝ်းက အိုးအိမ်ပျက်စီးမှု အခြေအနေကို ရှင်းပြပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ကူမင်းမြို့မှာ ဇန်နဝါရီလ ၁၁/၁၂ ရက်က တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ “ဟိုင်ဂင်သဘောတူညီမှု” ရရှိခဲ့ပြီး သျှမ်းမြောက်မှာ အပစ်အခတ် ရပ်စဲနိုင်တယ်ဆိုပေမယ့် စစ်ဆင်ရေးဖြစ်ပွားခဲ့တဲ့ မြို့နယ်(၁၅)ခုထက်မနည်းက သောင်းနဲ့ချီတဲ့ ဒေသခံတွေကတော့ နေရပ်ကို စိတ်ချလက်ချ မပြန်ရဲကြသေးပါဘူး။

တအာင်း(ပလောင်)တပ်ဖွဲ့ TNLA သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ နမ္မတူမြို့နယ်မှာလည်း စစ်ဘေးရှောင်တွေ သတ်မှတ်ရက်အတွင်း နေရပ်မပြန်ရင် နေအိမ်ချိတ်ပိတ်မယ် ဆိုတဲ့ သတင်းတွေကြောင့် ပြည်သူတွေက စိုးရိမ်စိတ် မြှင့်တက်ခဲ့ပြီး နေရပ်ပြန်ခြင်း၊ မပြန်ခြင်းက ဒေသခံလူထု အပေါ်မှာပဲ မူတည်တယ်လို့ TNLA တပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံတစ်ဦးက မီဒီယာတွေကို ပြောဆိုထားပါတယ်။

သိန္နီမြို့နယ်ဒေသခံ ထက်ဝက်ကျော်မှာလည်း တိုက်ပွဲကြောင့် အခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ယာယီအပစ်ရပ်ထားတဲ့ ဇန်နဝါရီ လလယ်က စပြီး ကိုးကန့်တပ် MNDAA က စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ဖိအားပေးလာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေရပ်မပြန်ရင် ဒေသခံအဖြစ် မသတ်မှတ်ဘဲ သူတို့အခေါ် “အနီရောင်”တံဆိပ်နဲ့ နေအိမ်တွေကို ချိတ်ပိတ်သွားမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ သိန္နီဒေသခံတွေက ပြောပါတယ်။

ဒါကို ကြောက်လို့လည်း တချို့စစ်ဘေးရှောင်တွေ အခက်အခဲကြားက အိမ်ပြန်ကြရပေမယ့် စစ်ဘေးရှောင် ၁၀၀၀ နီးပါးမှာ အိုးအိမ်ပျက်စီး ဆုံးရှုံးသွားတာကြောင့် နေရပ်မပြန်နိုင်တော့ဘဲ လားရှိုးမြို့က စစ်ရှောင်စခန်းမှာ ဆက်ရှိနေသေးတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။

“စစ်ဘေးရှောင်ရတဲ့အပြင် အိမ်ပြန်တော့လည်း အိမ်မရှိတော့ဘူး၊ တချို့အိမ်တွေဆို သွပ်မိုးမဝယ်နိုင်တော့ အိုးဖာတိပ်နဲ့ ကပ်ပြီးတော့ပဲ ပြန်နေကြတယ်။ တချို့ကျတော့ ပြန်လာပြီး အိမ်ပြင်ဖို့ ပိုက်ဆံမရှိဘူး။ ဒါမျိုးဆို ခြံဝင်းထဲ တဲထိုးပြီးတော့ပဲ နေရတာ၊ အဲ့တာလည်း အိမ်ဝင်းထဲ မြှုပ်ထားတဲ့ စစ်သားအလောင်းတွေ ထပ်တူးမိသေးတာ”လို့ နန်းခမ်းက အပစ်အခတ် ရပ်စဲပြီးနောက် အိမ်ပြန်သွားသူတွေရဲ့ အခက်အခဲကို ဝမ်းနည်းစိတ်ပျက်စွာနဲ့ ပြောလာပါတယ်။

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တွေက စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးပြီး တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ယာယီအပစ်ရပ်ဖို့ သဘောတူနိုင်ခဲ့ကြပေမယ့် မြေပြင်မှာ အသက်အိုးအိမ် စည်းစိမ်တွေကို စတေးကာ ဇာတိမွေးရပ်ကို စွန့်ခွာထွက်ပြေးနေရပြီး နေရပ်မပြန်နိုင်တော့တဲ့ ကူကယ်ရာမဲ့ နင်းပြားပြည်သူတွေကတော့ သဘောတူချင်မှ တူပါလိမ့်မယ်။

“ကိုယ့်အိမ်တွေ ယာတွေ ဆုံးရှုံးသွားရတာလေ တကယ်လို့ ကိုယ့်ရဲ့ သျှမ်းတပ်မတော်က ဘယ်အဖွဲ့ဖြစ်ဖြစ် လွတ်လပ်ရေးအတွက် တိုက်ယူလို့ အိမ်ဆုံးရှုံးသွားရင်တောင်မှ တန်တယ်၊ ရှုံးပျော်တယ်ပေါ့။ ဒါပေမယ့် သူတို့က ဘာမှမလုပ်ဘဲနဲ့ သူများလာလုပ်လို့ ကိုယ်ရှုံးတယ်ဆိုတော့ လက်မခံချင်ဘူး”လို့ နန်းခမ်းရဲ့ ရင်တွင်းမှာ ကိန်းအောင်းနေခဲ့တဲ့ တော်လှန်သော စိတ်ခံစားမှု အရှိတရားကိုလည်း ထုတ်ဖော်ပြောချင်သေးတယ်လို့ ဆိုပါတယ်။

ဇာတိမွေးရပ်မြေက နေအိမ်ကို လွမ်းဆွတ်တမ်းတရင်း အိမ်ပြန်ချင်နေပြီဖြစ်တဲ့ နန်းခမ်းကတော့ တိုက်ပွဲမြန်မြန်ပြီးအောင် နေ့တိုင်း ဆုတောင်းနေပြီး ဖုန်းလိုင်း၊ မီးလိုင်းတွေ ပြန်လည်ထူထောင်ဖို့နဲ့ စီးပွားရေး ပြန်လည်ပတ်နိုင်အောင် လမ်းပန်းဆက်သွယ်ရေး ပြန်ကောင်းဖို့ကိုပဲ တောင်းဆိုချင်တယ်လို့ သူ့မရဲ့ မျှော်လင့်ချက်ကို ပြောလာပါတယ်။

“အိမ်တစ်လုံး ဖြစ်ဖို့ဆိုတာ လုံးဝကို မလွယ်တဲ့ ကိစ္စလေ။ ကိုယ့်တစ်သက်လုံး ချွေတာစုဆောင်း အလုပ်လုပ်ပြီး ချွေးနဲစာနဲ့ အဲ့လိုမျိုးလေး ဆောက်လာရတာ။ အိမ်တစ်ခုလုံး ပျက်စီးဆုံးရှုံးရတဲ့ အခါကျတော့ အရမ်းကို နှမျှောတယ်။ အဲ့တာ ဘယ်သူလာပြီး တာဝန်ယူမှာလည်း။ ကိုယ်က ဘာအမှားတစ်ခုမှ မလုပ်ဘဲနဲ့ ကြားထဲကနေ ခံလိုက်ရတာ”လို့ နန်းခမ်းတစ်ယောက် ဇာတိမြို့က ပျက်စီးသွားတဲ့ အိုးအိမ်တွေကို သတိရတဲ့စိတ်နဲ့ အဝေးနေရာကို ငေးမောကာ ပြောနေပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”ဟာ ၅ လနီးပါး ရှိလာတဲ့အချိန်မှာ ညီနောင်မဟာမိတ်နဲ့ စစ်ကောင်စီတို့က တရုတ်ရဲ့ စီစဉ်ပေးချက်အရ (၄)ကြိမ်မြောက် ထပ်တွေ့ပြီးတဲ့နောက် စစ်ဘေးဒဏ် ခံစားခဲ့ရတဲ့ ပြည်သူလူထုအတွက် ပြန်လည်ထူထောင်ရေး ဆွေးနွေးခဲ့တယ်လို့ ဆိုပေမယ့်လည်း ပြန်နေစရာ အိမ်မရှိတော့တဲ့ နန်းခမ်းတို့လို စစ်ဘေးရှောင် ၁၀၀၀ နီးပါးအတွက်က အာမခံချက်ရှိတဲ့ အိမ်ပြန်လမ်းကို ရှာမတွေ့နိုင်သေးပါဘူး။

နေရပ်ကို ၃ လကျော်ကြာ ခွဲခွာလာပြီးနောက် စစ်ဘေးရှောင်စခန်းမှာ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိ ညှိုးငယ်စွာ နေထိုင်နေရသလို မွေးရပ်မြေက ထိခိုက်ပျက်စီးမှုတွေကို ဓာတ်ပုံမြင်တာနဲ့ အိမ်ပြန်သွားသူတွေဆီက သတင်းစကား ပြန်ကြားရတာကိုပဲ ရင်ထဲမှာ ဆို့နင့်ကြေကွဲရတယ်လို့ နန်းခမ်းက ပြောပါတယ်။

နန်းခမ်းရဲ့ ဘဝတလျှောက်လုံး နွေးထွေးစွာ ခိုလှုံခွင့်ပေးခဲ့တဲ့ နေအိမ်ရှိရာ မြို့ဆီကို ပြန်ပြီးတော့ အခြေချချင်တဲ့ စိတ်ခံစားမှုက ဖုံးကွယ်ထားလို့ မရသလို ပါးပြင်နှစ်ဘက်မှာ စီးကျလာတဲ့ မျက်ရည်စတို့က သက်သေခံနေပါတယ်။

အရင်တုန်းက အေးအေးချမ်းချမ်းနဲ့ စည်းစည်းလုံးလုံး ရှိခဲ့တဲ့ နေအိမ်အသိုက်အမြုံလေးဟာ အရင်လို လူမစုံနိုင်တော့ဘဲ ပြန်ခိုနားဖို့အတွက် အမိုးအကာလေးတောင် မရှိနိုင်တော့ပါဘူး။

ဘဝခရီးလမ်းတစ်လျှောက်မှာ ဘယ်သူမဆို အိမ်ပြန်‌ရောက်မှပဲ ပင်ပန်းနွမ်းနယ်ခဲ့သမျှ ကျောချအိပ်စက်နိုင်မှသာ အမောပြေရသလို နန်းခမ်းတစ်ယောက်မှာတော့ အိမ်မပြန်နိုင်သေးသ၍ ဘဝအမောတွေကို ဆက်ပြီးထမ်းပိုးသွားရဦးမှာလို့ သူမက အခုလို ပြောပါတယ်။

“အိမ်ပြန်ပြင်ဖို့ မပြောနဲ့ဦး၊ စားဖို့သောက်ဖို့တောင်မှ အခက်အခဲ ဖြစ်နေတာ။ မီးလောင်ပြီး အိမ်တိုင်ပဲကျန်တာ နေစရာမရှိတော့ဘူး၊ နေစရာ အိမ်မရှိတော့ မပြန်နိုင်သေးဘူး။ ကျမတို့ ပြည်သူတွေ အရမ်းဒုက္ခရောက်တယ်။ ဒါတွေကို ဘယ်သူပဲ ဖြစ်ဖြစ် ပြန်ပြီးတော့ တာဝန်ယူပေးစေချင်တယ်၊ တိုက်ပွဲက နှစ်ဘက်စလုံးကြောင့် ဖြစ်ရတာ”လို့ ဘယ်ဆီကို မျှော်ရမှန်းမသိတဲ့ ရင်တွင်းစကားကို ဖြေးညင်းစွာနဲ့ နန်းခမ်းက တောင်းဆိုနေပါတယ်။

အကယ်၍ လုံးဝငြိမ်းချမ်းပြီဆိုရင် အိမ်ပြန်ဖို့အတွက် အသက်ဆက်ရှင်သန်ရင်း ရှိတဲ့ခွန်အားလေးနဲ့ ရှေ့ဆက်မယ်လို့လည်း ဝေဝါးနေတဲ့ အနာဂတ် မျှော်လင့်ချက်ကို နန်းခမ်းက အံကိုခဲလျက် အပြုံးမပျက် ပြောရှာပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article