Sunday, April 28, 2024

သျှမ်းပြည်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း ရေနစ်သေဆုံးသူ ၆ ဦးရှိ

Must read

သျှမ်းပြည် မူဆယ်မြို့နယ်၊ သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ်တွင် ယခုနှစ် သင်္ကြန်ကာလအတွင်း ရေနစ်သေဆုံးသူ ၆ ဦး ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Photo – နယ်စည်းမခြား ပရဟိတ (သီပေါ)

ပြီးခဲ့သည့် (ဧပြီလ ၁၅ ရက်) သင်္ကြန်အကြတ်နေ့တွင် ရွှေလီမြစ်အတွင်း ရေဆင်းကစားသည့် အမျိုသား ၃ ဦး ရေနစ် သေဆုံးသွားခဲ့ပြီး သီပေါမြို့နယ် နောင်ကတ်ကျေးရွာအနီးရှိ ဒုဌဝတီမြစ်အတွင်း၌လည်း အသက် (၈) နှစ် အရွယ် ကလေးငယ်တစ်ဦးလည်း ရေနစ် သေဆုံးသွားခဲ့ကြောင်း နယ်စည်းမခြား ပရဟိတ (သီပေါ) အသင်းထံမှ သိရသည်။

အလားတူ (ဧပြီလ ၁၆ ရက်) သင်္ကြန်အတက်နေ့တွင် ကျောက်မဲမြို့နယ် အထက်ရဲရွာ ဒုဌဝတီမြစ်အတွင်း အသက် (၁၅) နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးပြီးနောက် သီပေါမြို့နယ် နှင့် မိုင်းရယ်မြို့နယ်အစပ်ရှိ ရေကာတာအတွင်းတွင် အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦး ရေချိုးရင်းပြီး ရေနစ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ သင်္ကြန်ကာလမှာတော့ လူငယ် ၃ ဦး ရေနစ်ပြီး ဆုံးသွားကြတယ်။ ၁၇ နှစ်အရွယ် လူငယ်နှစ်ဦး နဲ့ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးပါ။ ဒီသင်္ကြန်ကာလမှာဆို သူတို့ရေချိုး၊ ရေဆော့ကြရာကနေ ဖြစ်သွားတာပေါ့ “ ဟု နယ်စည်းမခြား ပရဟိတ (သီပေါ) အသင်းမှ တာဝန်ခံ တစ်ဦးက ပြောသည်။

Photo – နယ်စည်းမခြား ပရဟိတ (သီပေါ)

ထိုသို့ သင်္ကြန်ကာလမတိုင်မှီ (ဧပြီလ ၆ ရက်) သီပေါမြို့နယ် ချောင်းဆုံတွင်လည်း လူငယ်တစ်ဦး ရေနစ်သွားခဲ့ပြီး (ဧပြီလ ၁၁ ရက်) ကျောက်မဲမြို့နယ် ခိုတင့်ကျေးရွာ ရေတံခွန်တွင် ကိုရင်တစ်ပါး ရေနစ်သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ထို့အပြင် ယခုနှစ် သင်္ကြန်ကာလအတွင်းမှာ ရေဆင်းချိုးရင်း ရေနစ်သေဆုံးသွားသူများက ယခင်နှစ်ထက် ပိုများလာကြောင်း နယ်စည်းမခြား ပရဟိတ (သီပေါ) အသင်းထံမှ တာဝန်ခံတစ်ဦးက ထပ်လောင်းပြောသည်။

“ ခါတိုင်းနှစ်တွေထက်ဆိုင်ရင် ဒီနှစ်ကတော့ ၃ ဦးဆိုတော့ များတာပေါ့။ အဓိကတော့ ကိုယ့်ရဲ့ ပျော်ရွှင်မှုက ကိုယ့်အတွက် အန္တရယ်ဖြစ်အောင် မပျော်ရွှင်ဖို့ ပြောချင်တယ်။ ပြီးတော့ လူငယ်တွေလည်း လူကြီး၊ မိဘ မပါဘဲနဲ့ ဒီလမ်းခရီးတွေ မသွားတာ အကောင်းဆုံးပဲ“ ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် (ဧပြီလ ၁၄ ရက်) သင်္ကြန်အကျနေ့တွင် ကွန်ဟိန်းမြို့ ရေပေါ်သင်္ကြန် ပြုလုပ်သည့် ရေချောင်းအတွင်းမှာလည်း အမျိုးသားတစ်ဦး ရေဆင်းကစားရင်း ရေနစ်သေဆုံးသွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article