Sunday, April 28, 2024

ဆီဆိုင်မြို့ ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ တင့်ကားအသုံးပြု ပစ်ခတ်နေဟု PNLA ပြော

Must read

သျှမ်းပြည် ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီတပ်ဘက် နေ့စဉ်ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး တင့်ကားပါအသုံးပြု ပစ်ခတ်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ၏ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောကြားသည်။

ဆီဆိုင်မြို့နယ် အပျက်အစီး

မတ်လ ၂၄ ရက်တွင် ကျရောက်သည့် စိန်ရတု ၇၅ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင်လည်း စစ်ကောင်စီတပ် က ဆီဆိုင်မြို့ကို လက်နက်ကြီး၊ ဒရုန်းများအသုံးပြုကာ အကြိမ် ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သေး ကြောင်း ဆိုသည်။

“လက်ရှိ ဆီဆိုင်မြို့ကတော့ နေ့စဉ်နေ့တိုင်း တိုက်ပွဲဖြစ်ပွားနေပါတယ်။ တနေ့ကလည်း စစ်ကောင်စီဘက်က ဒရုန်း၊ လက်နက်ကြီးနဲ့ အချက်ပေါင်း ၅၀ ကျော် ပစ်ခတ်ခဲ့ပါတယ်။အခု ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က နေ့တိုင်း ထိုးစစ်ဆင်တိုက်ခိုက်တဲ့ အနေအထားရှိပါတယ်။ တင့်ကားတွေနဲ့လည်း သုံးနေပါတယ်” ဟု PNLA ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသခံများအနေဖြင့် ဆီဆိုင်မြို့ထဲသို့ဝင်လာပြီး ပစ္စည်း၊ ရိက္ခာများ သယ်ယူခြင်း၊ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန်၊ အကယ်၍ မြို့ထဲသို့ပြန်လို့ရပြီဆိုပါက PNLA အဖွဲ့အစည်းမှ တရားဝင်ထုတ်ပြန်ကြေညာသွားမည်။

လက်ရှိ ဆီဆိုင်မြို့နယ်တွင် PNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသော်လည်း တစ်ဖက်တွင် တောင်ကြီးမြို့တွင် ကျင်းပသွားခဲ့သည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားအတွင်း စစ်ကောင်စီခန့် သျှမ်းဝန်ကြီးချုပ် ဦးအောင်အောင်၊ ပအိုဝ်းပြည်သူ့စစ် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီတိုနှင့်အတူ PNLO ၏ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

မတ်လ ၁၉ ရက်တွင်လည်း PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခကို မတ်လ ၂၃ ရက်မှ ဧပြီလ ၂၃ အထိ တစ်လကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြရန်လည်း တောင်းဆိုထားသည်။

Leave a Comments

- Advertisement -spot_img

Latest article