Friday, April 26, 2024

မိုးနဲမြို့ဒေသခံများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နမ့်ဟူး ရေထွက်ဦးအား သန့်ရှင်းရေး စုပေါင်းပြုလုပ်

Must read

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ကဆုန်လပြည့်နေ့ လွယ်စက်တော် ဘုရားပွဲအတွက်ပြင်ဆင်ရေး ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ် ကုသိုလ်ပြုသည့်အနေဖြင့် ဒေသခံတောင်သူလယ်သမားများက နမ့်ဟူး ရေထွက်ကန်အား ရှင်းလင်းမှုပြုလုပ်ကြကြောင်းသိရသည်။

မိုးနဲမြို့ဒေသခံများ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နမ့်ဟူး ရေထွက်ဦးအား သန့်ရှင်းရေး စုပေါင်းပြုလုပ်နေပုံ

ဧပြီလ ၂၅ ရက်နေ့ကတည်းကစပြီး ဒေသခံတောင်သူလယ်သမားများ၊ ရပ်မိရပ်ဖများ၊ လူငယ်များစုပေါင်းအင်အားဖြင့် မိုးနဲမြို့ မြောက်ဘက် ၁၀ မိုင်ခန့်အကွာ နားခံအုပ်စုအတွင်း ၀မ့်ယေးရွာနှင့် ပန်အူရွာအကြား စက်တော်တောင်ခြေရှိ နမ့်ဟူးသဘာဝရေထွက်အား သန့်ရှင်းသာယာစေရေး၊ အဓွန့်ရှည်တည်တ့ံစေရေးအတွက်ရည်ရွယ်ကာအမှိုက်များခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းမှုပြုခဲ့ကြခြင်းဖြစ်ပါသည်။

“ဒီနမ့်ဟူးရေထွက်ကနေ စီးဆင်းသွားတဲ့ချောင်းရေကို ဒေသခံတွေက လယ်ယာမြေအဖြစ် အဓိက အသုံးပြု တယ်။ ဒီကရေမရှိရင် မိုးနဲဒေသခံတွေ သောက်သုံးရေ လယ်ယာစိုက်ပျိုးရေးတွေအတွက် အခက်တွေ့ မယ်။အဲတာကြောင့် ဒီရေထွက်ကိုကျနော်တို့ အလေးထားပြီး နှစ်တိုင်း သန့်ရှင်းရေးပြုလုပ်ရ တာဖြစ်ပါတယ်။ အထူးသဖြင့်ကဆုန်လပြည့်နေ့နီးရင်ပေါ့။”- ဟု မိုးနဲမြို့ ယခင်ကျားဖြူပါတီ၏ လွှတ်တော်အမတ် စိုင်းမောင်ကြီးက ပြောသည်။

အဆိုပါသဘာဝရေထွက်ဖြစ်သော နမ့်ဟူးရေထွက်ဦးတွင် ကျောက်မီးသွေးများတူးဖော်ရန် စီးပွါးရေးလုပ်ငန်းရှင်များကကြိုးစားနေသဖြင့် ရေထွက်ဦးပျက်စီးကာ ဒေသခံများ လယ်ယာမြေ စိုက်ပျိုးမွေးမြူရေးနှင့် သောက်သုံးရေ တိမ်ကောပျောက်ကွယ်မည်ကိုစိုးရိမ်နေကြပါသည်။

“အဲဒီစီမံကိန်းကြီးအကောင်အထည်ဖော်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ပျက်စီးမယ်။ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက် အလေးအမြတ်ထားရာ စက်တော်ဘုရားလည်းပျောက်ကွယ်မယ်။ ရေထွက်ဦးလည်းပျက်စီးခမ်းခြောက်မယ်။ ဒါကြောင့် ကျနော်တို့ သဘာဝပတ်ဝန်းကျင်ကိုထိမ်းသိန်းရမယ်။” – ဟု စိုင်းမောင်ကြီးက ပြောသည်။


ကဆုန်လပြည့်နေ့ ဖြစ်သော ဧပြီလ ၂၉ ရက် တနင်္ဂနွေနေ့တွင်မူ စက်တော်ဘုရားပွဲကျင်းပမည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင် ဘေးကင်းစေရေး၊ နမ့်ဟူးရေထွက် တည်တ့ံစေရေးအတွက် ဗောဓိညောင်ပင်ကြီးရေလောင်းကာ မိုးကောင်းစေရန်၊ ရေပေါများစွာထွက်ရှိစေရန်အတွက် မိုးနဲဒေသခံများမှ အလှူပြု ဆုတောင်းပွဲကျင်းပမည်ဖြစ်ကြောင်းသိရသည်။

“စက်တော်ရေထွက်က မိုးနဲလူထုအတွက် အသက်သွေးကြောတခုပဲ။ ဘာကြောင့်လဲဆို မိုးနဲမြို့နယ်ထဲက လယ်မြေများစွာက ဒီရေထွက်ကို အားကိုးအားထားပြုနေရတယ်။ တောတောင်သစ်ပင်တွေပြုန်းတီးရင် ဒီရေထွက်လည်း ခန်းခြောက်သွားနိင်တယ်။ ဒါကြောင့် လူကြီးတွေက ထိန်းသိမ်းစောင့်ရမဲ့နည်းလမ်းတွေ နည်းဥပဒေတွေကို စုပေါင်းချမှတ်လုပ်ဆောင်နေတာတွေကို မျိုးဆက်သစ်လူငယ်တွေလည်း လက်ဆင့်ကမ်းရယူပါဝင်လုပ်ဆောင်သွားကြဖို့ လိုအပ်ပါတယ်” – ဟု လုံးဆန်ငို့ မိန်းနိုင်း ကပြောသည်။

လွယ်စက်တော် တောင်ခြေရှိ နမ့်ဟူးရေထွက်မှရေသည် ပန်အူရွာအလွန်တွင် ချောင်း ၄ ဖြာခွဲကာ မိုးနဲမြို့အားဖြတ်သန်းစီးဆင်းကြောင်း အဆိုပါချောင်း ၄ ခုအား အဓိကအသုံးပြုကာ မိုးနဲမြို့သားများလယ်ယာမြေရေသွင်းစိုက်ပျိုးကြကြောင်း သိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article