သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ နှင့် ကျောက်မဲမြို့ကြား ရှိ ဂုတ်တွင်းတံတား နှင့် ရဲကင်းအား မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ စုပေါင်းတိုက်ခိုက်မှုကြောင့် ပြည်ထောင်စုလမ်းမကြီးပြတ်တောက်သွားသည်ဟု သိရှိရသည်။
“တံတားတော့ တကယ်ထိမံသွားတယ်။ တံတားကော ၊ ကားလမ်းကော ဘယ်တော့ ပြန်သွားလာနိုင်မလဲ တော့မသိဘူး။ အခု လူသွားလူလာတော့ ဘယ်သူမှ မြို့အပြင်ကို သိပ်မထွက်ရဲကြသေးဘူးလေ ” – ဟု နောင်ချိုမြို့ ကျားခေါင်းပါတီ ဥက္ကဌ စိုင်းအောင်လွင်က ပြောသည်။
မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဖြစ်သော တအာင်း(ပလောင်တပ်) TNLA ၊ ကိုးကန့်တပ် MNDAA ၊ ရခိုင်တပ် AA တို့ စုပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ နှင့် ပြင်ဦးလွင်မြို့နယ် အတွင်း နေရာ ၅ ခု အား စုပေါင်း တိုက်ခိုက်ခြင်းဖြစ်သည်။
“ မနက်မှာတော့ တိုက်ပွဲ ၅နေရာဖြစ်တယ်။ ၂ နေရာက ပြင်ဦးလွင်၊ ၃ နေရာကတော့ နောင်ချို ဘက်မှာ ဖြစ်တယ်။ ပြင်ဦးလွင် ဘက်က DSTA၊ မြို့ရှောင်လမ်းမှာဖြစ်တယ်။ နောင်ချို က တိုးဂိတ်မှာ တနေရာ၊ ဂုတ်တွင်း နားတ နေရာပါ” – ဟု TNLA ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် တားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။
“အခုလိုမျိုး ဂုတ်တွင်းတံတား တိုက်ခိုက်မှုဟာ ဒီတသက်မှာ ဒီတခါ ဘဲကြုံရတယ်။ အရင်တုန်းက အင်အား ကြီးခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေတောင်မှ ဒီလိုမျိုး တခါမှ မလုပ်ဖူးဘူး ” – ကျောက်မဲမြို့ခံ လုံးဆရာဆော ကပြောသည်။
ဂုတ်တွင်းတံတားသည် ပြည်ထောင်စုတဝှမ်းလုံးအတွက် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍ၌အခရာကျသည့် တံတားတခုဖြစ်သဖြင့် ကုန်တင်ကားကြီးများ ရာထောင်ချီ နေ့စဉ်ဖြတ်သန်းသွား လာနေပါသည်။