Monday, May 6, 2024

နှုတ်ဆိတ်နေသောအသံများကိုဖော်ထုတ်ခြင်း

Must read

အမှာ

ဤစစ်တမ်းကို လက်ခံရရှိ လာသည်မှာလ,အတန်ကြာခဲ့ပါပြီ။သို့သော်သုတေသနလုပ်ခဲ့ သည့်အဖွဲ့ကို ဘာကြောင့် အများသိအောင် မထုတ်ဝေသလဲ? ဟုမေးမြန်းသောအခါ “ကျနော်တို့က ပြည်တွင်းမှာနေတာ၊ အချက်အလက် ကောက်ယူဖို့ရတယ်။ ဒါပေမဲ့ ထုတ်ဝေဖို့ ကတော့ နှစ်ဖက်စလုံးကိုကြောက်နေရတယ်” ဟုဖြေပါသည်။

သို့ဖြစ်ပါ၍၊ ဤစစ်တမ်းကို ဒုတိယအကြိမ် ပြန်လည်ဖတ်ရှုပြီး၊ စစ်တမ်းကောက်ယူသူများ ရော၊ ဖြေကြားသူများပါ ဘေးအန္တရာယ်မရှိရေး၊ မြန်မာနိုင်ငံအကြောင်းစိတ်ပါဝင်စားသူ များအတွက်လည်း မြန်မာပြည်တွင် စစ်အစိုးရ နှင့် အတိုက်အခံ များသာရှိသည် မဟုတ်၊ နှစ်ဖက်ကြားတွင် မြေစာပင်ဖြစ်နေသော (ဝါ) အသံမထွက်နိုင်သော သာမန် ပြည်သူလူထုများ (silent majority များ) ရှိနေကြောင်း သိရှိ၍ပါဝင်ကူညီဖြေရှင်းရေး၊ ဗမာပြည်တွင်း ကိစ္စသည် စစ်အစိုးရ နှင့် အတိုက်အခံများအကြားပြဿနာများကိုဖြေရှင်းရုံ နှင့်မပြီး၊ နှုတ်ဆိတ်နေသည့် လူများစု၏ အသံကို နားထောင်၍ သူတို့၏ အမြင်နှင့်ဆန္ဒကို သိမှသာ မှန်ကန်သော ဖြေရှင်းမှုကို ကူညီ၍ ရှာဖွေပေးနိုင်မည်ဟု ယုံကြည်သည့်အတွက် စာမူရင်းကို အတိုချူံး၍ တင်ပြအပ်ပါသည်။ လိုအပ်ချက်ရှိပါက သုတေသနပြုသူကိုရော၊ စာရှုသူကိုပါတောင်းပန်ပါသည်။

စစ်တမ်းကောက်ယူသည့်လ- ဧပြီ-မေ 2023

စစ်တမ်းကောက်ယူနယ်မြေ- တိုင်း ၃တိုင်း (မန္တလေး၊ ရန်ကုန်၊ ပဲခူး)

            ပြည်နယ် ၄ ပြည်နယ် (ကရင်၊ ကယား၊ ရှမ်း၊ မွန်)

             မြို့နယ် ၂၂မြို့နယ် 

မန္တလေးတိုင်း – မန္တလေး (၁ မြို့နယ်)

ရန်ကုန်တိုင်း – အင်းစိန်၊ တောင်/မြောက်ဒဂုံ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ မြောက်ဥက္ကလာပ, အလုံ (၇ မြို့နယ်)

ပဲခူးတိုင်း – တောင်ငူ၊ ညောင်လေးပင်၊ ထန်းတပင် (၃ မြို့နယ်)

ကယားပြည်နယ် – လွိုင်ကော်၊ ဒီမောဆို (၂ မြို့နယ်)

ရှမ်းပြည်နယ် – တောင်ကြီး၊ မိုးဗြဲ (၂ မြို့နယ်)

မွန်ပြည်နယ် – မော်လမြိုင်၊ ကျိုက်မရော၊ ပေါင်၊ မုတ္တမ၊ ရေး၊ သံဖြူဇရပ် (၆ မြို့နယ်)

လက်ခံဖြေကြားသူအရေအတွက်နှင့်အမျိုးအစား

အားလုံး ၁၁၀ ဦး (ကျား ၆၄, မ ၄၆)

အသက်အရွယ်

၃၅ နှစ်အောက် ၅၀ ရာခိုင်နှုန်း

၃၅-၅၀ ၄၀ရာခိုင်နှုန်း

၅၀ အထက် ၁၀ရာခိုင်နှုန်း

အသက်မွေးဝမ်းကျောင်း-

လယ်သမား၊ ခြံသမား၊ စျေးသည်၊ ပွဲစား၊ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်သူများ၊ မော်တော်ဆိုင်ကယ်ကယ်ရီမောင်းသူများ၊ ကျောင်းဆရာ, ဆရာမများ၊ ဘာသာရေးဆရာ, ဆရာမများ၊ နေ့စား/ညစားအလုပ်သမားများ၊ NGO/INGO ဝန်ထမ်းများ

တွေ့ကြုံရသောကန့်သတ်ချက်များ

သဘောတူလက်ခံဖြေကြားပေးမည့်သူကိုရှာဖွေရာတွင် ဦးစွာယုံကြည်မှုတည် ဆောက်ရန်အခက်အခဲ။

လုံခြုံ၍သင့်လျော်သောနေရာရှာဖွေရခြင်းအခက်အခဲ။

အသံဖမ်းယူခြင်းနှင့်မှတ်စုရယူခြင်းအခက်အခဲ။ (လုံခြုံသော online platform တစ်ခုတွင် account အသစ်တစ်ခုဖွင့်၍ သိမ်းဆည်းကာ ရယူထားသောအသံဖိုင် ဖြစ်စေ၊ ရေးထားသောမှတ်စုဖြစ်စေ၊ ဖျက်ပစ်ရခြင်း)

စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးခံရနိုင်သည့်အတွက်ကွန်ပျူတာများမသယ်နိုင် ခြင်းစသည်တို့ဖြစ်သည်။

မေးခွန်းများ

ပြီးခဲ့သည့်နှစ်နှစ်တာအတွင်းဖြစ်ပေါ်ပြောင်းလဲလာသည့်စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေးအခြေအနေဘယ်လိုတွေ့ကြုံနေရပါသလဲ?

နစကမှ ကျင်းပ, မည်ဆိုသောရွေးကောက်ပွဲသည်တိုင်းပြည်ပြဿနာကိုဖြေရှင်း ပေးနိုင်မည်ဟုယူဆပါသလား?

တပ်မတော်က အဘယ်ကြောင့်အကြမ်းဖက်လုပ်ရပ်များ၊ စစ်ရာဇဝတ်ကျူးလွန်မှု များဆက်လက်လုပ်ဆောင်နေပါသလဲ?

နိုင်ငံတကာပိတ်ဆို့မှုများမှ လက်ရှိအကြပ်အတည်းကိုကျော်လွှားရေးနှင့် သာမန်ပြည်သူလူထု ၏လူမှုဖူလုံရေး ရပ်အပေါ်သက်ရောက်မှု များဘယ်လိုရှိ ပါသလဲ။

နိုင်ငံတကာက ဘာတွေ၊ ဘယ်ကဏ္ဍတွေမှာပိုမိုဆောင်ရွက်နိုင်တယ်လို့ မြင်ပါသလဲ?

တစ်ဖက်နှင့်တစ်ဖက်ညှိနိုင်းမှုမရှိပဲ လက်နက်ကိုင်နည်းလမ်းဖြင့် အကြွင်းသုည လမ်းစဥ် (zero sum game) သည်ဖြစ်နိုင်ခြေရှိပါသလား? ဖြစ်သင့်ပါသလား?

လက်ရှိအကြပ်အတည်းကိုကျော်လွှားရန်နှင့်တိုင်းပြည်ပြန်လည်ငြိမ်းချမ်းလာစေ ရန်မည်သည့် အရာများကို လုပ်ဆောင်သင့်ပါသလဲ?

အဖြေ

မေးခွန်း (၁)

မြန်မာနိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် တရားဥပဒေစိုးမိုးနိုင်မှု အခြေအနေသည် သိသာထင်ရှားစွာ နောက်ကြောင်းလှည့်နေသည်။ ဆင်းရဲမွဲတေမှုသည် မြင့်မားလာသဖြင့် သန်းနှင့်ချီသော ပြည်သူလူထုများသည် စစ်ဘေးရှောင်ဖြစ်ကာထိုပြည် သူများအတွက် လူသားချင်း စာနာမှုအကူအညီ ထောက်ပံ့ပေးရေးကလည်းများစွာကန့် သတ်ချက်များရှိနေသည်။

ဥပမာ/မွန်နှင့်ကရင်တွင်လုပ်ကိုင်နေသည့် ရာဘာလုပ်ငန်းမှာ ညဖက်တွင်သာ ရာဘာစေးခြစ်ခြင်းကိုလုပ်နိုင်သည်ဖြစ်ရာ၊ ညမထွက်ရအမိန့်နှင့် အသွားအလာကန့်သတ် ချက်များကြောင့် အထူးထိခိုက်မှုရှိသည်။

နောက်ဆက်တွဲအနေဖြင့်ပြည်ပ, သို့ရွှေ့ပြောင်း၍အလုပ်အကိုင်ရှာဖွေမှု၊ ထိုမှ ပြည်တွင်း လုပ်အားမလုံလောက်မှု အဆိုးသံသရာတွင်လည်ပတ်နေသည်။ ဤအခြေအနေတွင် သားသမီးတို့၏ပညာရေးကိုပင်မစဥ်းစားနိုင်တော့၍ကျောင်းထွက်ရသည့်အဆင့်ရောက်ရှိလာသူအများအပြားရှိပါသည်။

ဤရုပ်ပိုင်းဆိုင်ရာဆုတ်ယုတ်မှုတို့သည်စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု (စိတ်ကျရောဂါ) မှတဆင့်ကျန်းမာရေးအခြေအနေ (နှလုံးရောဂါ, သွေးတိုးရောဂါ) ဖြစ်လာသူများတွေ့ရ ကြောင်းသိရသည်။

ကျန်းမာရေးနှင့်ပညာရေးကဏ္ဍတွင်ဆေးဘက်ဆိုင်ရာလုပ်သားများ၊ ကျောင်းဆရာ, ဆရာမအရေအတွက် အဆ,မတန်လျော့ကျခြင်း၊ ပြည်သူမှအစိုးရဆေးရုံဆေးခန်းများ နှင့်စာသင်ကျောင်းများအပေါ်အယုံအကြည်နည်းပါးခြင်းတို့ကြောင့်ထိုကဏ္ဍနှစ်ရပ်တွင် ဝန်ဆောင်မှုမှာများစွာကျဆင်းနေသည်ကိုတွေ့ရပါသည်။ ထိုသို့ကျဆင်းမှုကိုအစားထိုးနိုင် ရန် private sector ကိုအသုံးပြုရသည့်အတွက် ဝင်ငွေထွက်ငွေမလုံလောက်သည့်ပြည်သူ များအတွက်တစ်ပူအပေါ်နှစ်ပူဆင့်ဖြစ်နေပါသည်။

လုံခြုံရေးကိစ္စတွင်မူခေတ်ကာလအခြေအနေကြောင့်တစ်ဦးနှင့်တစ်ဦး သံသယ ဖြင့်ဆက် ဆံနေရသည့်အတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိတော့ကြောင်းနှင့် ထိုမှတဆင့် လူမှုယုံကြည်မှုပျက်စီး (Broken Social Trust) ဖြစ်ကာလူမှုအသိုင်းအဝိုင်းထိခိုက်မှု (social disruption) ဖြစ်လာခြေရှိသည်။ ထိုသို့ဖြစ်ပါက မျိုးဆက်နှင့်ချီ၍ပြန်လည်ကုစားရလိမ့် မည်ဟုဖြေကြားသူတစ်ဦးကဆွေးနွေးခဲ့ပါသည်။

မေးခွန်း (၂)

တပ်မတော်မှကျင်းပ, မည်ဆိုသောရွေးကောက်ပွဲနှင့်စပ်လျဥ်း၍ ဖြေဆိုသူအားလုံးနီးပါး က-

အယုံအကြည်မရှိ

နိုင်ငံ၏အကြပ်အတည်းကိုပြေလည်သွားစေလိမ့်မည်ဟုမယုံကြည်ကြောင်းတွေ့ ရသည်။
အဘယ်ကြောင့်ဤသို့မြင်သည်ကိုဖြေကြားရာတွင်-
နစကစီစဥ်သောရွေးကောက်ပွဲသည်နစကအတွက်ထွက်ပေါက်ဖန်တီးရန် သာဖြစ်သည်။
အနှစ်သာရမရှိသည့် ဒီမိုကရေစီပြယုဒ်အဖြစ်ဖန်တီးရန်ဖြစ်သည်။
နိုင်ငံအချို့၏အသိအမှတ်ပြုမှုမှတဆင့်တရားဝင်မှုကိုရယူ၍အာဏာဆက် လက်ထိန်းချုပ်ရန်။ ထို့အပြင်-
နစကသည်ရွေးကောက်ပွဲကျင်းပ, ခွင့်ရှိသည့်တရားဝင်အစိုးရမဟုတ်။
ပြည်သူလူထုနှင့်တော်လှန်ရေးအင်အားစုများကလည်းရွေးကောက်ပွဲရလဒ်ကိုလက်ခံမည်မဟုတ်သည့်အတွက်ပြဿနာနှင့်အကြပ်အတည်းကိုဖြေ ရှင်းဘို့နေနေသာသာပို၍ပင်ကြီးထွားလာနိုင်သည်ဟုအားလုံးနီးပါးကဖြေကြားခဲ့ပါသည်။

မေးခွန်း (၃)

ဤမေးခွန်းအတွက်ဖြေကြားမှုများမှာလည်းဆင်တူယိုးမှားဖြစ်သည်ကိုတွေ့ရပါ သည်။
ပြည်သူလူထုအား အကြောက်တရားပေး၍ဆက်လက်အုပ်ချုပ်လိုခြင်း။

တော်လှန်ရေးအင်အားစုများနှင့်ပြည်သူများကိုခွဲထုတ်လိုခြင်း။

နစက အားထိန်းကျောင်းနိုင်သည့်ပြည်တွင်းပြည်ပအဖွဲ့အစည်းနှင့်ယန္တရားများရှိ မနေခြင်း။

ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရနေခြင်းတို့ဖြစ်သည်။

တစ်ဖက်တွင်လည်း အကြမ်းဖက်မှုကိုကျူးလွန်နေသည်မှာ တပ်မတော်တစ်ခု တည်းသာမဟုတ်၊ တော်လှန်ရေး အင်အားစုများဘက်မှလည်း တာဝန်ယူမှု၊ တာဝန် ခံမှုမရှိသော မဆင်မခြင် သတ်ဖြတ်မှု များ နှင့် အရပ်သား ပစ်မှတ်များပါဝင်သည့် ပွဲလမ်းသဘင်အခမ်းအနားများကိုလည်း တိုက်ခိုက်မှုများကျူးလွန်နေသည်ဟုဖြေ ကြားသူအချို့ကထောက်ပြဆွေးနွေးခဲ့သည်။

ဤသို့ဖြင့် တစ်ဖက်နှင့်တစ်ဖက် အဆင်ခြင်မဲ့အကြမ်းဖက်မှုများသည် အစဥ်အလာကဲ့သို့ ဖြစ်လာနေသည်ဟုဆွေး နွေးပါသည်။

မေးခွန်း (၄)

ယခင်ကပြည်သူအများ က ကုလသဂ္ဂကိုလည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသည့်အနောက်အုပ်စု များကို အားထားလိုမှုကိုဖေါ်ပြနေသော်လည်းယခုတွင် အမြင်ပြောင်းလဲလာသည်ကို တွေ့ ရပါသည်။

ဖြေကြားသူအများစုမှာ နိုင်ငံတကာ၏ဆောင်ရွက်ချက်များကိုအားမရ။

စီးပွားရေးအရပိတ်ဆို့ဒဏ်ခတ်မှုများသည်စစ်ကောင်စီကိုထိခိုက်စေမည့်အစား သာမန်ပြည်သူများ အပေါ် ဖိအားနှင့် အဆိုးဖြစ်စေသည်။

စီးပွားရေးပိတ်ဆို့မှုကြောင့်-

မှောင်ခိုလုပ်ငန်းကြီးထွားလာသည်။ ထိုမှပြည်သူ့ဝန်ဆောင်လုပ်ငန်းအတွက် အရင်းအမြစ် ဖြစ်စေမည့် အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးစေသည်။

နိုင်ငံတကာရင်းနီးမြှပ်နှုံမှုများထွက်ခွာသွားခြင်းကြောင့် အလုပ်လက်မဲ့ဦးရေများ ပြားလာခြင်း၊ နိုင်ငံခြားငွေ စီးဆင်းမှု လျော့ကျသွားသည့် အတွက် မြန်မာကျပ်ငွေ တန်ဘိုးကျဆင်းကာအခြေခံစားသောက်ကုန်နှုန်းမြှင့်တက်လာခြင်း။ စားဝတ်နေ ရေးလွန်စွာကြပ်တည်လာခြင်းတို့ကိုသာဖြစ်စေခဲ့သည်။

နိုင်ငံတကာအပေါ်အမြင်တွင်-

နိုင်ငံတိုင်းကိုယ့်အမျိုးသားအကျိုးစီးပွားကိုသာအခြေခံတွက်ချက်ကာ မြန်မာ့နိုင်ငံ ရေးတွင်ပါဝင်နေခြင်း၊ အနောက်အုပ်စုနှင့်အိမ်နီးချင်း တရုတ်/အိန္ဒိယတို့က ပထဝီ နိုင်ငံရေးအားပြိုင်မှုတွင် မြန်မာနိုင်ငံသည် ကစားကွင်းတစ်ခု အဖြစ်ပါဝင်နေခြင်းတို့ ကြောင့်ဖြစ်သည်ဟုဆွေးနွေးပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံနှင့်ပြည်သူတို့ကိုအမှန်တကယ် ကူညီလိုပါက-

မြန်မာစစ်တပ်နှင့်၄င်းတို့အားထောက်ခံသူများအပေါ်သာပစ်မှတ်ထား၍ စီးပွားရေးပိတ်ဆို့သင့်သည်။

အပြုသဘောဆောင်သည့် ချဥ်းကပ်မှုများကိုသာဆောင်ရွက်သင့်သည်။

လူသားချင်းစာနာမှုအကူအညီပေးရာ၌လည်း-တပ်မတော်ကတဆင့်ထောက် ပံ့ပေးပို့ခြင်းမဟုတ်ပဲ အိမ်နီးချင်းနိုင်ငံတစ်ခုခုကို အခြေခံသော လမ်းကြောင်း (corridor) တစ်ခုခုကိုဖန်တီးသင့်ကြောင်း အချို့ကဆွေးနွေးပါသည်။

ထို့ပြင်အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနှင့်အနောက်အုပ်စုများဝိုင်းဝန်း၍ သက်ဆိုင်ရာအစုအဖွဲ့ (stakeholder) အကုန်လုံးမှတွေ့ဆုံဆွေးနွေး နိုင်သည့်အခင်းအကျင်းတစ်ကိုဖန်တီးသင့်ကြောင့် အချို့ကဆွေးနွေးခဲ့ပါသည်။

မေးခွန်း (၅)

အပြုတ်တိုက်အနိုင်ယူသည့် အကြွင်းသုညကစားနည်းကို အများစုဖြေကြားသူများက မဖြစ်သင့်၊ ဖြစ်နိုင်သည့် နည်းလမ်းမဟုတ်ဟုဆွေးနွေးခဲ့ပါသည်။

ဤနည်းလမ်းအတိုင်းနှစ်ဖက်စလုံးမှဆက်လက်သွားပါက တိုင်းပြည်ပျက်စီး၍ ပြည်သူလူထုမှာ နစ်နာဆုံးရှုံးကာ အကြွင်းသုည မဖြစ်ပဲ အကြွင်းအနှုတ် (Negative sum) သာဖြစ်မည် ဟုဆိုပါသည်။

ဆိုလိုသည်မှာ အချိန်ကာလကြာလာသည်နှင့်အမျှမည်သည့်ဘက်မှ အနိုင်မရပဲ နိုင်ငံနှင့် ပြည်သူတို့ သာ နစ်နာဆုံးရှုံးမှုဖြစ်မည်ဟု တင်မြင်ယူဆခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ပါ၍ အပြုတ်တိုက်ရေးမှာဖြစ်လိုသည့်ဆန္ဒသာဖြစ်ပြီး၊ ဖြစ်နိုင်ခြေမရှိလက်တွေ့မကျဟုမြင်ကြ သည်။

မေးခွန်း (၆)

နိုင်ငံ၏အကြပ်အတည်းကိုကျော်လွှား၍တိုင်းပြည်ပြန်လည်ငြိမ်းချမ်းလာစေရန်အ ကောင်းဆုံးလမ်း မှာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းသာဖြစ်သည်ဟု အများစုက ဖြေကြားခဲ့ပါသည်။ နှုတ်ဆိတ်နေသောအသံများကိုဖေါထုတ်ခြင်း

သို့သော်တော်လှန်ရေးအင်အားစုဘက်မှ အင်အားတောင့်တင်း၍ စစ်ကောင်စီအားဖိအား ပေးနိုင်သည့်အခြေအနေမှသာ တွေဆုံဆွေးနွေးသည့်အခင်းအကျင်းဖြစ်လာနိုင်သည်ဟု မြင်ကြသည်။

ထိုကြောင့်အပြုတ်တိုက်သည့်လမ်းစဥ်သည်ဖြစ်နိုင်ခြေရှိသည်ဟု မမြင်သော်လည်း ဆွေးနွေးမှု အခင်းအကျင်း ဖြစ်လာရေးအတွက်လိုအပ်သောအချက်ဖြစ် သည်ဟုယူဆကြသည်။

ဆွေးနွေးမှုအခင်းအကျင်းဖြစ်လာပါကလည်း ဆွေးနွေးကျေအေးသည့်ပုံစံသက်သက်မ ဟုတ်ပဲ၊ တစ်ဖက်နှင့် တစ်ဖက်အလျော့အတင်း အပေးအယူလုပ်ကာ အပြစ်ကျူးလွန်ခဲ့သူများကို အပြစ်ဒဏ်ပေးနိုင်ခြင်း၊ တပ်မတော်သည် နိုင်ငံရေးမှ ချက်ခြင်းမဟုတ်သည်တိုင်း တဆင့်ချင်းထွက်ခွာရမည်ဟူသော စံသတ်မှတ်ချက်ရသည့် အခင်းအကျင်း မျိုးဖြစ်သင့်သည်ဟုဆိုကြပါသည်။

နိဂုံး

အထက်ပါ အမည်မဖော်ပြနိုင်သည့်သုတေသနအဖွဲ့မှာပြုစုထားသည့်စစ်တမ်းမှာ နှုတ်ဆိတ်နေသည့် ပြည်သူလူထု၏ ဆန္ဒတစိတ်တဒေသကိုဖေါ်ပြထားသည်ဟုမြင်ပါ သည်။

အကယ်၍၊ ယခုထက် ကျယ်ကျယ်ပြန့်ပြန့် စစ်တမ်းကောက်ယူ နိုင်ပါက နှုတ်ဆိတ် အများစု (silent majority) တို့သဘောထားကိုပိုမိုသိမြင်ရမည်ဟုယုံကြည်ပါသည်။

စစ်တမ်းကိုချုပ်လျှင် “နှုတ်ဆိတ်လူများစု” များမှာ နစက၏ လုပ်ရပ်ကို လုံးဝ မထောက်ခံ ကြောင်း၊ တချိန်တည်းတွင် စစ်ရေးဖြင့်နိုင်ငံပြဿနာဖြေရှင်းနေမှုကိုလည်း လုံးဝမလို လားပဲ၊ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် မျှော်လင့်နေသည်ကို တွေ့ရပါသည်။

ပြည်သူ့ဆန္ဒကိုဖြည့်စွမ်းရန်ပေါ်ပေါက်လာသည့် နိုင်ငံရေး/စစ်ရေး အဖွဲ့အစည်းတိုင်းက လေးလေးနက်နက်လက်ခံစဥ်းစား၍၊ ဆွေးနွေးရေးလမ်းပေါ်ပေါက်လာရန်လုပ်ဆောင်ဘို့ လိုအပ်ပါသည်။

ဤစစ်တမ်းကိုပြုစုသော သုတေသနအဖွဲ့ကိုအထူးကျေးဇူးတင်ပါသည်။ ဤထက်ကျယ် ကျယ်ပြန့်ပြန့် ဆက်လက် သုတေသနပြုပါရန် လည်းတိုက်တွန်းပါသည်ခင်ဗျား။

အညတရရှမ်း
5/1/24

Leave a Comments

- Advertisement -spot_img

Latest article