Wednesday, May 1, 2024

တရုတ်ပြည်က မှောင်ရိပ်ခို စီးပွားရေးသမား တာချီလိတ်မှာ ကြီးထွား

Must read

“ ဟိုတယ် အားလုံးနီးပါးက လောင်းကစားတွေဖွင့်ထားတယ်။ အွန်လိုင်းလောင်းကစားတွေ ကာစီနိုတွေ အစုံပါပဲ” လို့ အသက် ၃၀နှစ်အရွယ် တာချီလိတ် အွန်လိုင်းလောင်းကစား လုပ်ကိုင်နေတဲ့ ကိုဝဏ္ဏ (အမည်လွှဲ)က ပြောပါတယ်။

တာချီလိတ် အွန်လိုင်းဂိမ်းလုပ်ကိုင်နေတဲ့သူများ

အွန်လိုင်းလောင်းကစားကို ဟိုတယ်တွေမှာ အခန်းတွေ ငှားရမ်းပြီး တရားမဝင်ပဲ ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်နေကြပါတယ်။

အဲ့ဒီနေရာကတော့ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ကပါပဲ။

ကိုဗစ်ကြောင့် မြန်မာ-ထိုင်း နယ်စပ်ဂိတ်ပိတ်ပြီးနောက် သျှမ်းပြည် အရှေ့ပိုင်း ပြည်သူတွေက အလုပ်အကိုင် ကျပ်တည်းလာသလို စစ်အာဏာသိမ်းမှု နောက်ပိုင်းပြည်တွင်းမငြိမ်မသက်မှုများကြောင့် အရင်ကထက် အလုပ်အကိုင်ရှားပါးလာပြီး ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာပါတယ်။

သျှမ်းရှေ့ လူငယ်တွေဟာအရင်က ထိုင်းဘက်ကိုကူးပြီး အလုပ်လုပ်ကြတာအဆင်ပြေခဲ့ကြပေမဲ့ လက်ရှိမှာ အထက်ဖော်ပြပါ အခြေအနေကြောင့် လစာကောင်းတဲ့ အွန်လိုင်းလောင်းကစားကိုသာ ပိုစိတ်ဝင်စားလာ ကြပါတယ်။

အွန်လိုင်းလောင်းကစားဆိုတာ ကတော့ အွန်လိုင်းကနေတဆင့် တခြားနိုင်ငံခြားသားတွေကို ရင်းနှီးမြုပ်နှံလာအောင်၊ လိမ်ညာပြီး လူရှာရတဲ့အလုပ်ဖြစ်ပါတယ်။

တာချီလိတ်မှာ ထိုင်းခရီးသွားလာရေး မရှိတော့တဲ့နောက် ဟိုတယ်တိုင်းလိုလိုဟာ အွန်လိုင်းလောင်းကစားတွေ ကာစီနိုတွေကို အဓိကထားပြီး ဖွင့်လှစ်လာကြပါတယ် လို့ တာချီလိတ်မြို့က ဟိုတယ်ဖွင့်လှစ်ထားတဲ့ စီးပွားရေးလုပ်ငန်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။

အွန်လိုင်းဂိမ်းလုပ်ငန်းကို ဟိုတယ်တွေမှာ အခန်းငှားပြီးလုပ်တာရှိသလို ဟိုတယ်ကို အထပ်လိုက်ငှားပြီးတော့လည်း လုပ်ကိုင်ကြတယ်လို့ ကိုဝဏ္ဏကဆိုပါတယ်။

“ ကျနော်တို့ကတော့ အွန်လိုင်းဂိမ်းလုပ်တာ ကြာပြီ။ တနှစ်ကျော်ရှိပြီး။ ဟိုတယ်မှာနေရတယ်။ အဲ့မှာသူတို့ပေးတဲ့ ကွန်ပျူတာကိုအသုံးပြုရတယ်။ ကိုယ့်ကွန်ပျူတာနဲ့သုံးလို့ မရဘူး” လို့ ကိုဝဏ္ဏ ကဆိုပါတယ်။

အွန်လိုင်းလောင်းကစား၊ အွန်လိုင်းငွေလိမ်လည်နည်း

”စိုင်းဝဏ္ဏ အလုပ်လုပ်တဲ့ အွန်လိုင်းဂိမ်းဆိုတာ အနောက် နိုင်ငံခြားသား တွေနဲ့ အွန်လိုင်းပေါ်မှာ စကားပြောဆိုရပြီး လိမ်လည်ရတဲ့အလုပ်ဖြစ်လို့ အင်္ဂလိပ် လိုရေးတတ်ပြောတတ် ဖို့လိုပါတယ် ”

လုပ်ငန်းခွင်ကို ရောက်သွားချိန်မှာတော့ မိမိပါလာသည့် ကွန်ပျူတာတွေ ဖုန်းတွေကို ကုမ္ပဏီက ပေးမသုံးတော့ပါဘူး။

အဲ့ကုမ္ပဏီက ပေးတဲ့ အကောင့်အတု၊ ပရိုဖိုင်းပုံအတုတွေကို အသုံးပြုပြီး လူမှုကွန်ရက်တွေ ဖြစ်တဲ့ Whatapp, Telegram,ဖေ့ဘွတ်စ် တွေမှာ နိုင်ငံခြားသားတွေကို ဂိမ်းလာကစားအောင် ဖြားယောင်းရပါတယ်။

“ ကျနော်ရဲ့ အကောင့်အတုက လှတဲ့ နိုင်ငံခြားအမျိုးသမီးပုံကို ပရိုဖိုင်းလုပ်ပြီး နိုင်ငံခြားသားတွေကို စကားပြောရတယ်။ ကုမ္ပဏီကပေးတဲ့ ကွန်ပျူတာ ဖုန်းဆင်းကဒ်တွေ၊ အကောင့်တုတွေကို သုံးရပါတယ်” လို့ ကိုဝဏ္ဏ က ဆိုပါတယ်။

အလုပ်စဝင်တဲ့နေ့မှာ ကွန်ပျူတာာ Desktop တစ်လုံးဆင်ပေးထားပြီး၊ iPhone ဖုန်းတစ်လုံးပေးပါတယ်။ အဲ့ဒီ ကွန်ပျူတာနဲ့ ဖုန်းတွေမှာ Instagram အကောင့်၊ WhatsApp တွေ Facebook အကောင့်တွေဖွင့်ပေးပါတယ်။

တာချီလိတ်အွန်လိုင်းဂိမ်းလုပ်ငန်းမှာ လုပ်တဲ့ သူတွေ ဟာ အနည်းဆုံး ထိုင်း ဘတ်ငွေ ၂သောင်း (မြန်မာကျပ်ငွေ ၁၀ သိန်းကျော်) အများဆုံး ဘတ် ၅သောင်း (မြန်မာကျပ်ငွေ ၂၅သိန်းကျော်) အထိလစာရရှိကြပါတယ်။

“ လစာတော့များပါတယ်။ ဒါပေ့မဲ့ အရမ်းကို ဖိအားများတယ်။ လူရှာပေးရတာပါပဲ။ ကျနော်တို့က နိုင်ငံခြားသားတွေကို အများဆုံးစကားပြောရတယ်။ သူတို့ဒီလိုမျိုးပဲ နေတိုင်းစကားပြောနေရတာ။ မြူဆွယ်နေရတာပေါ့။ ကျနော်တို့က မိန်းခလေးနေရာမှာနေပြီးတော့ ပြောရတာ။ သူတို့ ယုံလာအောင် ဂိမ်းထဲဝင်လာအောင်ပဲပြောရတာပေါ့” လို့ ကိုဝဏ္ဏ က အလုပ်အကြောင်းကိုပြောပြလာပါတယ်။

လစာများတဲ့အတွက် ဘွဲ့ရတဲ့လူငယ်တွေကစ အဲ့ဒီ အလုပ်ကို လုပ်ကိုင်ကြပါတယ်။ ထိုထဲမှာတော့ ကိုဝဏ္ဏ ကိုယ်တိုင်လည်း ဘွဲ့ရလူငယ်ဖြစ်ပြီး အွန်လိုင်းလောင်းကစားကို ဝင်လုပ်နေပါတယ်။

ခုခေတ်ကာလအခြေအနေမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်လည်း အဆင်မပြေတဲ့ကာလ ဖြစ်သလို တခြားကုမ္ပဏီဝန်ထမ်း လုပ်ရင်လည်း လစာနည်းတဲ့အတွက် အွန်လိုင်းလောင်းကစားကို ရွေးချယ်ခဲ့ကြတာပါ။

“ ကျနော်တို့မှာ က အခု အလုပ်က ရှားတယ်လေ။ ဘာမှ လုပ်စားလို့မရ။ ထိုင်းလည်းသွားမရ။ လစာကောင်းတယ် ဆိုတော့ဝင်လုပ်တာ။ တခြားကောင်းတဲ့အလုပ် လစာကောင်းရင်တော့မလုပ်ချင်ဘူး” လို့ ကိုဝဏ္ဏ ကပြောပါတယ်။

နေစရာ စားစရာပေးထားတဲ့ အွန်လိုင်းလောင်းကစား ဝန်ထမ်းတွေဟာ တပတ်ကို တရက်ရဲ့ နေ့တစ်ပိုင်း နေ့တစ်ဝက် နားခွင့်ပေးထား ပေမယ့် အပြင်ထွက် လို ပါက ကုမ္ပဏီ ကို တင်ပြရပြီး ကုမ္ပဏီက အချိန်ပြည့် စောင့်ကြည့်မှုကိုခံရပါတယ်။

တာချီလိတ်မှာ ဖွင့်နေတဲ့ ကာစီနိုတွေ အွန်လိုင်းလောင်းကစားတော်တော်များများဟာ တရုတ်နိုင်ငံခြားသားတွေ ပိုင်ဆိုင်တဲ့ကုမ္ပဏီတွေ ဖြစ်ကြကြောင်းလည်း အွန်လိုင်းလောင်းကစားလုပ်တဲ့သူတွေက ပြောပြပါတယ်။

“ ကျမလုပ်တဲ့ ကုမ္ပဏီက တရုတ်ပိုင်တာ။ မြန်မာစကားမတတ်တဲ့ တရုတ်လူမျိုးတွေလည်းရှိတယ်။ သူ့အလုပ်သူလုပ် ကျမတို့လည်း ကျမတို့ အလုပ်ကြတာ။ စကားတော့မပြောဖူးဘူး” လို့ အွန်လိုင်းလောင်းကစားမှာလုပ်နေတဲ့ အသက် ၂၀ ကျော် မိငယ် (အမည်လွှဲ) ကပြောပြလာပါတယ်။

ဒါ့အပြင့် မိငယ် တယောက် ဟာ ရုပ်ချောတဲ့ ကိုးရီးယား ကောင်မလေးပုံကိုအသုံးပြုပြီး လုပ်ငန်းရှင်တယောက်လို ဟန်ဆောင်ရ ပါတယ်။

“ကျမရဲ့ အကောင့်တုက စမတ်ကျပြီး ချောတဲ့ကောင်မလေး ပုံတွေသုံးရတာ။ ဘာတွေပိုင်တယ် ဆိုပြီးတော့ ပြရတယ်။ ကျမတော့ ကော်ဖီဆိုင်တွေ ဖွင့်ထားတယ်ဆိုပြီးလိမ်ပြထားရတာ။ ဟိုဘက် နိုင်ငံခြားသားတွေ ဖုန်းဆက်လာရင်လည်း ကြာကြာမှကိုင်တာ။ ဗီဒီယိုခေါ်လာရင်တော့ မကိုင်ဘူး”လို့ မိငယ် က သူ့အလုပ်အကြောင်းကို အသေးစိတ်ပြောပြပါတယ်။

အွန်လိုင်း လောင်းကစားမှာ လာရောက်ဆော့ဖို့အတွက် အလုပ်သမားတစ်ဦးက တလလျှင် အနည်းဆုံး နိုင်ငံခြားသား (၁၀)ဦး ခေါ်ရပြီး သတ်မှတ်ထားတဲ့ ဦးရေ မပြည့်ပါက လစာဖြတ်ခံရတဲ့အပြင် အလုပ်မှ ကထုတ်ပစ်ပါတယ်။

“ကျမတို့တော့ လူကိုတစ်လ ဘယ်နှစ်ယောက်ခေါ်ရမယ်ဆိုပြီးတော့ပဲ သတ်မှတ်ထားတာ။ တလကို ၁၀ ယောက် လောက် ခေါ်ရတယ်။ တလ မရရင် လစာလျော့တယ်။ နောက်မရရင်တော့ အလုပ်ထုတ်တယ်။ ကျမတို့အလုပ်က လိမ်တဲ့အလုပ် လို့ပဲ ပြောရမှာပါ” လို့ မိငယ် က အလုပ်အတွေ့အကြုံအကြောင်းကို ပြောလာပါတယ်။

မိငယ် ဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့အတွက် ဝင်ရောက်အလုပ်လုပ်ကြောင်း၊ စဝင်တဲ့အချိန်မှာတော့ လူတွေကို လိမ်ညာဖြားယောင်းရမယ်ဆိုတာကို မသိရှိတဲ့အတွက် ဝင်လုပ်မိကြောင်း သူမ က ပြောပါတယ်။

“ဒီအလုပ်က မကောင်းတာသိတယ်။ သူများငွေတွေကို မတရားယူနေတာ။ အခုချိန်က ရွေးချယ်စရာမရှိတော့ လုပ်ရအုံးမယ်။ နယ်စပ်တွေဖွင့် တခြားအလုပ်ကောင်းရင်တော့ ဆက်မလုပ်တော့ဘူး” လို့ မိငယ်က ဆိုပါတယ်။

အွန်လိုင်းမှာ တဖက်လူကိုယုံကြည်အောင်ပြောဆိုရတာ လွယ်တော့မလွယ်ကြောင်း၊ နိုင်ငံခြားသားဘက်မှ ယုံကြည်မှု ရရှိသွားပါက ကိုယ့်အထက်လူကြီးကို လွှဲပေးလိုက်ရတယ်လို့ မိငယ်ကရှင်းပြပါတယ်။

အဲ့ဒီလိမ်ညာမှုဟာ နိုင်ငံခြားသားကိုလိမ်ညာရသလို ကိုယ့်ပြည်တွင်းကလူတွေကိုလည်း လိမ်ညာရ လို့မိငယ်ကပြောပါတယ်။

“ တခါတလေမှာ ကိုယ်ပြည်တွင်းကလူတွေကိုလည်းလိမ်ညာတယ်။ သူ့ကိုချစ်ကြောင်းကြိုက်ကြောင်း နိုင်ငံခြားကနေ ပစ္စည်းတွေပို့ပေးမယ်။ ပို့ခ လွှဲပေးဖို့ နောက် သူ့ကို ပြည်ပခေါ်မယ် လာနေဖို့အတွက် ငွေဘယ်လောက်လိုတယ်ဆိုတာကစ ညာရတယ်” လို့ မိငယ်က လုပ်ခဲ့ဖူးတဲ့အကြောင်းကို ပြန်ပြောပြလာပါတယ်။

ကုမ္ပဏီ မှာ အရောင်းအဝယ် ဝက်ဆိုဒ်၊ အလှကုန်နဲ့ အဝတ်အစားတွေကို ပြပြီး အစုရှယ်ယာ ခေါ်တာတွေ၊ နောက်မြန်မာပြည်တွင်း အချင်းချင်းကို လိမ်ညာတဲ့အခါမှာ ချစ်ကြိုက်လာတဲ့အထိ ပြောဆိုပြီး နိုင်ငံခြားမှ လက်ဆောင်လွှဲပေးမယ်ဆိုပြီး ငွေကျပ်သိန်းချီ ငွေလွှဲခိုင်းတာတွေ ရှိပါတယ်လို့ မိငယ်က သူမလုပ်ခဲ့ရတာတွေ ပြောပြပါတယ်။

ဖဲဝေတဲ့ သင်တန်း

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ကာစီနိုတွေမှာ အလုပ်လုပ်ဖို့အတွက် ဖဲဝေတဲ့သင်တန်းဆိုပြီး ဖွင့်လှစ်လာတာကို တွေ့ရပါတယ်။

ကာစီနိုမှာ အလုပ်လုပ်ဖို့ အမျိုးသမီးသီးသန့် ဖဲဝေရန် ဆိုပြီး လူမှုကွန်ရက် ဖေ့ဘွတ်စ်စာမျက်နှာမှာ မကြာခဏ အလုပ်ကြော်ငြာခေါ်တာတွေကို တင်လာတာကိုတွေ့ရပြီးနောက် အဲ့နေရာတွေမှာ ကာစီနိုမှာအလုပ်ရဖို့ ဖဲဝေသင်တန်းဆိုပြီး သင်တန်းသားတွေ ခေါ်ယူနေတာကိုတွေ့ လာ ရပါတယ်။

Z Red ဖဲဝေသင်တန်း

အရင်က ဘာသာစကား အတတ်သင်၊ အသက်မွေးဝမ်းကျောင်းတခုခု အတတ်သင်ဆိုတာပဲ တွေ့ခဲ့ရတဲ့ တာချီလိတ်မြို့မှာ သူဟာ ဖဲဝေသင်တန်းဆိုတဲ့ စာတွေ့ရပြီးနောက်မှာတော့ ကာစီနိုဟာ တရားဝင်ဖွင့်လှစ်ခွင့်ပေးထားလားဆိုတာ စီစဥ်စရာဖြစ်လာ ကြပါတယ်။ ကာစီနိုလုပ်ငန်းက တရားဝင်လုပ်ငန်းလားလို့ ထင်မှတ်ရလောက်အောင် ဖဲဝေသင်တန်းကျောင်းတွေပေါများလာပါတယ်။

ဖဲဝေ သင်တန်းက အတတ်သင် တလလျှင် ဘတ် ၁၅၀၀ ( မြန်မာကျပ်ငွေ ကာလပေါက်စျေး ၇၆၅၀၀ ကျော်) ရှိကြောင်း တာချီလိတ် ဟိုတယ် အနီးမှာ ဖွင့်လှစ်ထားကြောင်း Z Red မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

“တာချီလိတ်ကဆိုတော့ တလကို ဘတ် ၁၅၀၀ ပါ။ သင်တန်းတက်ပြီးတော့ အလုပ်ရမယ်မရဘူးကတော့ အားမ အာမ မခံဘူး။ ဒါပေမယ့် ဒီတာချီလိတ်မှာတော့ ကာစီနိုတွေမှာ ဖဲဝေတက် တတ် တဲ့သူတွလိုနေတာများတယ်။ ချိတ်တော့ချိတ်ပေးတယ်” လို့ Z Red အမည်နဲ့ ဖေ့စ်ဘုဒ်စာမျက်နှာဖွင့်ပြီး သင်တန်းသားတွေခေါ်နေတဲ့ Z Red မှ တာဝန်ရှိသူ တစ်ဦး က ဆိုပါတယ်။

Z Red ဖဲဝေသင်တန်း လာတက်သူများ

ဖဲဝေသင်တန်းလာတက်သူ တစ်လ အယောက် ၅၀ အထက်ရှိကြောင်း၊ ပေါင်းနှုတ်စား ကို တတ်တာမြန်ရင် သင်တန်း တလ မကြာကြောင်း၊ သင်တန်းကို ကာစီနိုက မန်နေဂျာကိုယ်တိုင်လာရောက်သင်ပေးကြောင်းလည်း သူက ပြောပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ် ဖဲဝေးသင်တန်းကြေငြာ ကြော်ငြာခြင်း၊ မြို့လယ်ခေါင်တွင် သင်တန်းဖွင့်လှစ်ခြင်းတွေဟာ သက်ဆိုင်ရာ နယ်မြေရဲတွေနဲ့ ညှိနှိုင်း လမ်းကြေးပေးပြီး လုပ်ဆောင်နေတဲ့သဘောဖြစ်တယ်လို့ တာချီလိတ်မြို့ က အမည်မဖော်လိုတဲ့ ရှမ်းနိုင်ငံရေးသမားတစ်ဦးက ပြောလာပါတယ်။

“ တာချီလိတ်မှာက ဖြစ်ချင်တိုင်းဖြစ်နေတာ၊ လူငယ်တွေလည်း ပိုက်ဆံရရင်ပြီးရော၊ ခေတ်ပျက်မှာ ငွေရှာရလွယ်တဲ့ သဘောပဲ။ ဟိုတယ်တွေမှာ ကာစီနို တရားဝင်ဖွင့် မြို့လယ်ခေါင်ဖဲဝေသင်တန်းဖွင့်လို့ဖွင့် ဒါတွေ တမင်လွှတ်ပေးထားတဲ့ သဘောပါ” လို အမည်မဖော်လိုသူ ရှမ်းနိုင်ငံရေးသမားတစ်ဦး က ပြောပါတယ်။

တာချီလိတ်မြို့ရဲ့ လက်ရှိ အခြေအနေ


ကိုဗစ်မတိုင်ခင် ၂၀၁၉ခုနစ် အစောပိုင်းကာလတွေမှာတော့ တာချီလိတ်မြို့မှာ ထိုင်းလူမျိုးတွေလာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ များခဲ့ပေမယ့် ကိုဗစ်ကာလ နဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ တာချီလိတ်မြို့ပေါ်မှာ တရုတ်လူမျိုးတွေ တာချီလိတ်မြို့ပေါ်မှာ အများအပြားတွေ့လာရပါတယ်။

တာချီလိတ်

“ အခုတာချီလိတ်မှာက ထိုင်းတွေ သိပ်မတွေ့တော့ပဲ။ တရုတ်တွေပိုများလာတယ်။ တရုတ်နိုင်ငံသားလား မြန်မာပြည်ဖွား တရုတ်လားဆိုတာ့ကတော့သိသာတယ်။ မြန်မာစကားတလုံးမှ မ တတ် တဲ့တရုတ်တွေ အခုတာချီလိတ်မှာ လွှမ်းမိုးနေပြီ” လို့ တာချီလိတ် ဒေသခံတစ်ဦးဖြစ်တဲ့ ကိုမိုးက ပြောပါတယ်။

တာချီလိတ်မြို့ထဲကို မြန်မာစကား မတတ်တဲ့ တရားမဝင်ဝင်လာတဲ့ တရုတ်တွေဟာ စစ်အာဏာသိမ်းမှုကို အခွင့်ကောင်းယူပြီး ဝင်လာတာလို့ယူဆရပါတယ်။ မည်သူ့ခွင့်ပြုချက်နဲ့ အလုပ်လုပ်ခွင့်ရနေတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားချင်းမရှိပေ။

သျှမ်းရှေ့တာချီလိတ်မြို့တွင် အထောက်အထားမဲ့ တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ်တို့တွေ ရှိကြပါတယ်။ အဲ့ ဒီအထဲမှာတော့ တရုတ်နိုင်ငံသားက အများဆုံးပါပဲ။ အဲ့အထောက်အထားမဲ့ ခိုးဝင်လာတဲ့သူတွေကို စစ်တပ်အပါအဝင် လဝက တို့ နဲ့ အပေးအယူတည့်ကာ ပြုလုပ်ပြီးအရေးယူမှု မရှိနေတာကိုလည်းတွေ့နေရကြောင်းကို ဘူးလို့ တာချီလိတ်ဒေသခံ ကိုမိုးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၉)ရက် ည ၇နာရီ ဝန်းကျင်မှာ တာချီလိတ်ခရိုင် တာလေမြို့ နားယောင်းကျေးရွာအနီးမှာ အထောက်အထားမဲ့ ဗီယက်နမ် (၄)ဦးကို ဖမ်းမိခဲ့ပါတယ်။

“ ဟိုတလောက ဗီယက်နမ်သူ (၄)ဦးကိုဖမ်းမိတယ်။ ခေါ်လာတဲ့သူက မကျွမ်းကျင်လို့ဖမ်းခံရတဲ့သဘော။ လာအိုနယ်စပ် ဘက်ကနေ လာကြတာများတယ်။ အဲ့ဘက်ကနေ ခိုးဝင်လာကြတာ” လို့ ကိုမိုးက ထပ်လောင်းပြောပြပါတယ်။

တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်တွေအားလုံးမှာ လောင်းကစားရုံတွေ အွန်လိုင်းလောင်းကစားတွေပြုလုပ်နေတာတွေရှိသလို ဟိုတယ်တွေထပ်ဆောက်ပြီး လောင်းကစားရုံတွေထပ်ဖွင့်ဖို့လည်း ကြိုးစားနေကြတာကိုတွေ့ရကြောင်း ကိုမိုးက ဆိုပါတယ်။

တာချီလိတ် ဆောက်လက်စတိုက်

“ တာချီလိတ်နယ်စပ်မှာ အလုပ်အကိုင်မရှိပေမယ့် မြေစျေးတွေက အရမ်းတက်နေတယ်။ ဟိုတယ်တွေ ဆောက်ဖို့လျာထား တာတွေ လည်း အများကြီးပဲ။ ဆောက်လက်စတွေလည်းရှိနေတယ်” လို့ သူက တာချီလိတ်မြို့ အခြေအနေ ကို ပြောပြလာ ပါတယ်။

တာချီလိတ်မြို့ဟာ တခြားပြည်နယ်၊တိုင်းရှိ မြို့တွေထက်စာရင် စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပြည်သူတွေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့လို့ခေါ်တဲ့ ဒေသ PDF တွေ အားနည်းတဲ့ဒေသဖြစ်ပြီး တိုက်ပွဲတွေ သိပ်မရှိတဲ့နယ်မြေ တခုလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ တာချီလိတ်မြို့ပေါ်မှာ လောင်းကစားရုံတွေကိုလာလုပ်ရန်အတွက် တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက စိတ်ဝင်စားနေပါတယ်။

အခု ကရင်ပြည်နယ် မြဝတီ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ တိုက်ပွဲတွေကြောင့် တာချီလိတ်ဘက်မှာ စီးပွားရေးအရရော လုံခြုံရေးအရပါ ပိုစိတ်ချရတာကြောင့် တာချီလိတ်ကို ပိုပြောင်းလာသူတွေများတယ်လို့ တရုတ်စီးပွားရေးသမားတွေက ပြောပြပါတယ်။

“ ဒီဒေသမှာက စစ်တပ်ကို ဆန့်ကျင်နေတာလည်း မရှိသလောက်ပဲ။ နောက်တိုက်ပွဲတွေကလည်း မရှိတော့ မြဝတီက ရွှေကုက္ကိလ်လို ပုံစံမျိုးလောင်းကစားရုံ လာဖွင့်ဖို့ မျက်စိကျနေကြတယ်”လို တာချီလိတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

“ဝ”၊ မိုင်းလား ကနေ လာတဲ့ တရုတ်ပြည်ကလာတဲ့ အထောက်အထားမဲ့ တရုတ်လူမျိုးတွေကို ကျိုင်းတုံ – တာချီလိတ် သယ်ယူပို့ဆောင်တဲ့ ကားသမားတွေက တစ်ယောက် ဘတ် ၂၀၀၀၀ (ကာလပေါက်စျေး မြန်မာကျပ်ငွေ ၁၃သိန်း) နီးပါးသာပေးရပါတယ်။

တာချီလိတ် ဆောက်လက်စ တိုက်

တလလျှင် ဟော်တယ် အသေး ဘတ်ငွေ ၇ သောင်းခွဲ (မြန်မာငွေ ကာလပေါက်စျေး ၄၈သိန်းခွဲ) ပေးငှါးရတယ်။ ဟော်တယ်ကြီးရင် ဘတ် ၂ သန်း (မြန်မာငွေ ကာလပေါက်စျေး သိန်း ၁၃၀၀ကျော်) အထိ ငှားတဲ့အဆင့်ထိရှိ တယ်လို့ တာချီလိတ် ဟိုတယ်အသေး တစ်ခုပိုင်ရှင် က သျှမ်းသံတော်ဆင့်ကို ပြောပြလာပါတယ်။

ရဲတွေကို ဟိုတယ် ပိုင်ရှင်က ဘတ် တစ်သောင်း (မြန်မာငွေ ကာလပေါက်စျေး ၆သိန်းခွဲ) ပေးရသလို ဟိုတယ်မှာ ကာစီနိုလာဖွင့်တဲ့တရုတ်တွေကလည်း ရဲကိုငွေပေးရပါတယ်။

တာချီလိတ်မြို့ပေါ်က နာမည်ကြီး ဟိုတယ်တခု

ဒါ့အပြင် တာချီလိတ်ထဲမှာ တာဝန်ထမ်းဆောင်တဲ့ အကောက်ခွန်၊ ရဲ၊ စစ်သား၊ စရဖ၊ စသုံးလုံး စည်ပင်ကိုလည်း ဟိုတယ်ငှား နဲ ဟိုတယ်ပိုင်ရှင် ပေါင်းရင် ဟိုတယ်တခု အနည်းဆုံး ဘတ် တစ်သိန်း (မြန်မာငွေ ကာလပေါက်စျေး သိန်း ၆၀၀ကျော်) အထိပေးရပါတယ်။

အွန်လိုင်းလောင်းကစားဟာ တာချီလိတ်မြို့တခုတည်းမှာ လုပ်နေတာမဟုတ်ဘဲ မြန်မာ-တရုတ်နယ်စပ် သျှမ်းမြောက် လောက်ကိုင်မြို့၊ မူဆယ်မြို့နဲ့ ကရင်ပြည် မြဝတီမြို့တွေမှာလည်း ကြီးကြီးကျယ်ကျယ် ပြုလုပ်နေပါတယ်။


လောက်ကိုင်မြို့က လောင်းကစားအခြေအနေ

တရုတ်နယ်စပ်မြို့ဖြစ်တဲ့ သျှမ်းမြောက် လောက်ကိုင်မြို့ဆိုရင်လည်း လောင်းကစားမြို့လို့ခေါ်ဝေါ်လို့ရနိုင်တဲ့အထိ နေရာတိုင်း ဟိုတယ်တိုင်းမှာ လောင်းကစားတွေကိုဖွင့်လှစ်ထားပါတယ်။

အဲ့ဒီဒေသမှာလည်း အွန်လိုင်းလောင်းကစားတွေရှိသလို ကာစီနိုဆော့လို့ရတဲ့နေရာတွေလည်းရှိပါတယ်။

လောက်ကိုင်မြို့ ညမြင်ကွင်း

အရင်ကိုဗစ်မဖြစ်ခင်က သျှမ်းမြောက်ပြည်သူအများစုက တရုတ်ပြည် ကျယ်ဂေါင်၊ရွှေလီထဲသို့ အလုပ်သွားလုပ်ကြပေမယ့် အခုမှာတော့ လောက်ကိုင်ကို ဦးတည်သွားနေကြပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာလည်းလောက်ကိုင်မှာ အလုပ်ကာစီနိုမှာ ဖဲဝေးရန် ၊ အွန်လိုင်းဂိမ်းလုပ်ငန်းတွေ ဟိုတယ်လုပ်ငန်းတွေလုပ်ဖို့အတွက် အလုပ်ခေါ်နေတာ နေ့စဥ်နေ့တိုင်းပါပဲ။

လောက်ကိုင် ကိုသွားပြီး အွန်လိုင်းဂိမ်းလုပ်မယ်ဆိုပါက အဓိကအနေနဲ့ ကွန်ပျူတာနဲ့ အင်္ဂလိပ်လို တတ် ရမှာဖြစ်ပြီး၊ လစာက တလလျှင် ယွမ် ၃၅၀၀ (မြန်မာငွေ ကာလပေါက်စျေး ကျပ် ၁၀သိန်းကျော် နဲ့ (၁၅သိန်း) အထက် မှာရှိပါတယ်။

တကယ်လို့ တရုတ်ဘာသာစကား တတ် ပါက ပထမလမှာပဲ မြန်မာကျပ်ငွေ သိန်း ၂၀ ရရှိမှာလို့ အွန်လိုင်းဂိမ်းလုပ်ဖို့ မြူဆွယ်ခေါ်နေတဲ့ ဟန်တ ကုမ္ပဏီမှ သျှမ်းအမျိုးသမီး ဝန်ထမ်း တဦးက သျှမ်းသံတော်ဆင့်ကို ပြောပြပါတယ်။

“ ကျမ က ရန်ကုန်ရုံးကဆိုတော့ ပြည်တွင်းကလူတွေကို လောက်ကိုင်ပို့ရတယ်။ လောက်ကိုင်ကို သွားလုပ်မယ့်သူကျတော့ နိုင်ငံခြားသားကို ခေါ်ရတယ်” လို့ ၎င်း ဝန်ထမ်းအမျိုးသမီးက ဆိုပါတယ်။

အလုပ်ရုံထဲရောက်ပါက ကုမ္ပဏီဘက်မှ ၁၅ရက်ခန့် သင်တန်းပေးပြီး အလုပ်ခန့်လိုက်တဲ့အခါမှာ သူတို့ရဲ့ အတုအယောင်ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံမယ့်နိုင်ငံခြားသားတွေကို ရှာရမှာပါ။

လောက်ကိုင်၊ တာချီလိတ် အလုပ်ခေါ်တဲ့ ကုမ္ပဏီ အများစုဟာ ရန်ကုန်မြို့မှာ ရုံးချုပ်ဖွင့်ထားပြီး၊ ပိုင်ရှင်တွေဟာ တရုတ်နိုင်ငံသားဖြစ်ကြောင်းကိုလည်း အလုပ်ခေါ်နေတဲ့ ပွဲစားတွေထံ သိရပါတယ်။

အွန်လိုင်း လောင်းကစားထဲကို အများစု လာရောက် ရင်းနှီးမြုပ်နှံသူကတော့ သြစတြေးလျ၊ အမေရိကား၊ ဥရောပ နဲ့ ရုရှားဘက်ကများကြောင်းသိရပါတယ်။

“ ဝန်ထမ်းတွေက နိုင်ငံခြားသားကို ရှယ်ယာဝင်လာအောင်ခေါ်ရမယ်။ ရင်းနှီးမြုပ်နှံချင်အောင် ပြောရမယ်။ တကယ်လို့ သူတို့က စိတ်ဝင်စားလာပြီဆိုရင် တခြားအထက်က လူတွေက ဆက်လုပ်သွားမယ်” လို့ ရန်ကုန်နဲ့ လောက်ကိုင် အခြေစိုက် ဟန်တ ကုမ္ပဏီ ဝန်ထမ်းအမျိုးသမီးက အလုပ်အကြောင်းရှင်းပြပါတယ်။

ဆက်လက်ပြီး ဟန်တ ကုမ္ပဏီဝန်ထမ်းက “ တကယ်တော့ လိမ်ညာရတဲ့အလုပ်ပါပဲ။ ကိုယ်က လိမ်တက်ဖို့ပဲလိုတာ။ သူများ ကိုယ့်ကိုယုံလာအောင်လိမ်ရတာ။ သင်တန်းတွေပေးပါတယ်” လို့ ရီမောပြီး ပြောပြပါတယ်။

အွန်လိုင်းလောင်းကစားရုံက အလုပ်သမားတွေ က သတ်မှတ်ထားတဲ့ နိုင်ငံခြားသားဖောက်သည်တွေမရှာနိုင်ရင် ရိုက်နှက်ဒဏ်ပေးတယ်ဆိုတဲ့ သတင်းကိုတော့ သူကငြင်းပါတယ်။ ပစ္စည်းခိုးလို့ ဂိမ်းဆော့လို့ အရိုက်ခံရတာသာရှိတယ်လို့ ဆိုပါတယ်။

ဟန်တ ကုမ္ပဏီကို လာရောက်ဆက်သွယ်တဲ့သူအများစုကတော့ ရန်ကုန်မြို့နဲ့ မန္တလေးဒေသခံ များဖြစ်ပြီး အများစုမှာ အမျိုးသမီးများဖြစ်ကာ အသက် ၂၀ကျော် မှ ၃၅နှစ် ဝန်းကျင်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောပါတယ်။

ဒါ့အပြင် တာချီလိတ်တွင် လုပ်ကိုင်တဲ့သူများမှာ သျှမ်းလူမျိုးများဖြစ်ပြီး အသက် ၁၈နှစ် မှ အသက် ၃၀ ရှိ အမျိုးသား လူငယ်အများစု ဖြစ်ကြောင်းသိရပါတယ်။

ဖဲဝေသင်တန်းတက်တဲ့လူငယ်များ

ကိုဗစ် ကပ်ရောဂါကြောင့် နယ်စပ်တွေပိတ်လိုက်ရတဲ့ အခက်အခဲ နဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုတွေနောက်ဆက်တွဲ အကျိုးဆက်ဖြစ်တဲ့ အဖက်ဖက်က ယိုယွင်းလာနေတဲ့ မြန်မာပြည်စီးပွားရေး ကို တရုတ်စီးပွားရေးသမားတွေက အစွမ်းကုန်အမြတ်ထုတ် နေတာကို ဝမ်းနည်းစရာမြင်တွေ့နေရပါတယ်။

အရင်က စစ်အစိုးရပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ(၄) မိုင်းလား၊ “ဝ” ဒေသတွေမှာသာ တွေ့ရတဲ့ လောင်းကစားဟာ အခုဆိုရင် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်ထိ ပေါ်တင်လုပ်ဆောင်လာ နေတာကိုကြည့်ရင် ဒီ လုပ်ငန်းမှာ အာဏာသိမ်း စစ်ကောင်စီ တပ်နဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေ တွေကိုယ်ကျိုးစီးပွားနဲ့ မကင်းဘူးလို့ယူဆလို့ရပါတယ်။

အထင်ရှားဆုံးသာဓက တစ်ခုက သြဂုတ် ၁ရက်မှာ မြန်မာ-တရုတ် နယ်စပ် မူဆယ်မြို့ မင်္ဂလာမူဆယ် ၉ ထပ်တိုက်မှာ စစ်ကောင်စီ တိုင်းမှူးနဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦး အကျိူးတူပူးပေါင်းဖွင့်လှစ်ထားတဲ့ တရုတ်အွန်လိုင်း လိမ်လည်ဂိုဏ်း တစ်ခုကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်း ခဲ့ပါတယ်။ ဒေသသတင်းအရင်းအမြစ်တွေအရ တရုတ်အာဏာပိုင်ရဲ့ဖိအားကြောင့် မူဆယ်အာဏာပိုင်တွေက အခုလိုအရေးယူခဲ့တာလို့ သိရပါတယ်။

ငွေလိမ်သည့်ဂိုဏ်းများ ဖမ်းဆီးရမိ

အဖက်ဖက်ကယိုယွင်းနေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ပညာတတ်လူငယ်တွေ အထူးသဖြင့် ရှမ်းလူငယ်တွေအဖို့ သူတပါးကိုလိမ်ညာပြီး ငွေရှာရတဲ့ အလုပ်ကလွဲပြီး တခြားရွေးချယ်စရာမရှိတဲ့ဘဝဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အလွန်စိုးရိမ်စရာဖြစ်ပါတယ်။


“ ကျနော်တို့ တာချီလိတ် က စစ်တပ်ကို ပြောလည်းလေပဲကုန်တယ်။ လူငယ်တွေ အနာဂတ်ကတော့ စိုးရိမ်စရာတွေပေါ့။ ဘွဲ့ရ တဲ့ကလေးတွေတောင် ဒီလို ကာစီနိုမှာ လုပ်တော့ မြန်မာပြည် သျှမ်းပြည်က ဆိုးပြီးဆိုးလာဖို့ပဲရှိတယ်” လို့ တာချီလိတ် ဒေသခံ ကိုမိုး က စိုးရိမ်ပူပန်စွာနဲ့ ပြောဆိုပါတယ်။

နန်းဆိုင်နွမ်၊ စိုင်းဆိုင်လျန် ပူးတွဲရေးသားသည်။

Leave a Comments

- Advertisement -spot_img

Latest article