Friday, April 26, 2024

ကျောက်မီးသွေး မြေစာပုံက ပေးတဲ့ ဒဏ်ရာ

Must read

“မိုးရာသီဆိုရင်တော့ ကျောက်မီးသွေးမြေစာပုံက ထွက်လာတဲ့အနံ့တွေက အရမ်းဆိုးတယ်။ ကြာရင် ကျန်းမာရေးထိခိုက်မှုတွေရှိလာနိုင်တယ်”- လို့ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဝမ်းခမ်းနားကျေးရွာနေထိုင်သူ စိုင်းလူ က ပြောပြလာပါတယ်။

မိုးရာသီချိန်မှာ မီးလောင်ကျွမ်းနေတဲ့ မြေစာပုံက ထွက်လာတဲ့အနံ့ ဟာ မိုင်းကိုင်မြို့နယ် ဝမ်းခမ်းနာကျေးရွာ တစ်လုံးကို လွှမ်းမိုးသွားပါတယ်။

အဲ့ဒီ အနံ့တွေကြောင့် ဒေသခံပြည်သူတွေ ဟာ ကျန်းမာရေးထိခိုက်လာမှာကိုတော့ စိုးရိမ်ထိတ်လန့်နေကြ ပါတယ်။

လွန်ခဲ့တ့ ၂၀၁၄ ခုနှစ်က စတင်ပြီး မိုင်းကိုင်မြို့ အရှေ့တောင်ဘက် (၂) မိုင်အကွာမှာ ကျောက်မီးသွေး တူးဖော်ခွင့် ရဖို့ ပြည့်အောင်ဟိန်း နဲ့ ဟိန်းမေတ္တာ ကုမ္ပဏီ (၂) ခုတို့က တောင်းဆိုခဲ့ပါတယ်။

ကျောက်မီးသွေး တူးဖော်ခွင့်ကို ပြည်ထောင်စု အစိုးရက ၂၀၁၅ ခုနှစ်(၅) နှစ် စီမံကိန်း နဲ့ တူးဖော်ခွင်ႉ ချမှတ်ပေးခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီ ဘက်ကနေ ၂၀၁၇ ခုနှစ် ဇန်နဝါရီ လမှ စတင်ပြီး တူးဖော်မှု ပြုလုပ်ခဲ့ ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ မိုင်းကိုင်မြို့ သံဃာတော်များ၊ ပြည်သူများက ပူးပေါင်းပြီး ကြီးမားတဲ့ ဆန္ဒပြမှု ပြုလုပ် ခဲ့ကာ ကျောက်မီးသွေး တူးဖော်မှု ရပ်ဆိုင်းခဲ့ရပေမယ့် စွန့်ပစ်ကျောက်မီးသွေးမြေစာပုံတွေကိုတော့ ပြန်သိမ်း သွားတာ မရှိဘဲ ခုထိ ပုံထားတုန်းဖြစ်ပါတယ်။

အဲ့ဒီမြေစာပုံကြောင်ႉ ကျေးရွာ ပြည်သူများ အတွက် စိုက်ပျိုးရေး၊ ကျန်းမာရေး အစစအရာရာ ထိခိုက်ဒုက္ခ ရောက်လာပါတယ်။

ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းတုန်းကလဲ အသက် (၁၇)နှစ်အရွယ် လူငယ်တစ်ဦးဟာ မီးခဲအောင်းနေတဲ့မြေစာပုံကို သွား နင်းမိလိုက်တဲ့အတွက် ခြေထောက်ထိခိုက်ဒဏ်ရာတော်တော်ပြင်းထန်ရခဲ့ပါတယ်။

“ကလေးတွေက အဲနားသွားလည်ကြတာ။ မြေစာပုံရဲ့အောက်မှာက မီးလောင်နေတယ်လေ။ အဲ့ပေါ်မှာ သွားနင်းမိတော့ မြေကပြိုကျသွားပြီး သူခြေထောက်ကမီးလောင်သွားတာ။ ခြေနှစ်ဖက် စလုံးက မီးလောင်သွားတယ်” လို့ ဝမ်းခမ်းနားကျေးရွာ က နန်းနွန်း က ပြောပြပါတယ်။

ခြေထောက်မီးလောင်သွားခဲ့တာကြောင်ႉ အခုအချိန်ထိ အသက် (၁၇) အရွယ် ရှိ စိုင်းစံ တယောက် လမ်းကောင်းကောင်းမလျှောက်နိုင်သေးတဲ့ အပြင် ကန်ခဲ့တဲ့ ဒဏ်ရာက ခရုတင်းလို ပုံစံဖြစ်နေပါတယ်။

မိုင်းကိုင်မြို့နယ်မှာ စွန့်ပစ်ကျောက်မီးသွေးမြေစာပုံ ကြောင်ႉပထမဆုံးအကြိမ် လူထိခိုက်မှု ဒဏ်ရာရရှိခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

“အဲ့နားကို ကလေးတွေက အရင်ကလည်း သွားလည်ကြပါတယ်။ အရင်က မြေ မပြိုလွယ်သေးဘူး။ ဒီတစ်ခါသူတို့သွားတာ မြေဆီလွှာကလည်း ပါးလာတော့ သူတို့ အပေါ်တက်နင်းလိုက်တာနဲ့ မြေက ပြိုကျပြီး သူ့ခြေထောက်တွေကို မီးလောင်စားသွားတာ” လို့ နန်းနွန်းက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ကုမ္ပဏီဘက်က အခုထိ တာဝန်ယူပြီး ဖြေရှင်းပေးတာ မကြားသိသေးကြောင်းလည်း နန်းနွန်းက ပြောပြတယ်။

လူထိခိုက်မှု စွန့်ပစ်ကျောက်မီးသွေး မြေစာပုံတွေက မီးလောင်မှုတွေရှိလာတဲ့အတွက် အဲ့ဒီ အနီးနားမှာရှိတဲ့ ပြည်သူတွေကတော့ အန္တရာယ်ရှိလာမှာကိုတော့စိုးရိမ်နေကြပါတယ်။

“ လူတွေအတွက် စိတ်သောက စိုးရိမ်တာရော ကျွဲ၊ နွား တိရစ္ဆာန်တွေ အတွက်လည်း အန္တရာယ်ကျ ရောက်နိုင်နိုင်တော့ ကျွဲ၊ နွားပိုင်ရှင်တွေလည်း စိုးရိမ်နေကြပါတယ်” လို့ လုံးခမ်း က ဆိုပါတယ်။

ကုမ္ပဏီဘက်မှ တူးယူပြီး စွန့်ပစ်ကျောက်မီးသွေးတွေကို ဒီတိုင်းထားခဲ့တာကြောင်ႉ ပြည်သူလူထုအတွက် ဒုက္ခ ရောက်စေကြောင်း လုံးခမ်းက ထပ်လောင်းပြောပြပါတယ်။
ဒါ့ကြောင်ႉ ကျောက်မီးသွေး မြေစာပုံတွေကို လာရောက်ဖြေရှင်းပေးဖို့ အတွက်လည်း ဒေသခံများက တောင်းဆိုနေပါတယ်။

ကျောက်မီးသွေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုး

ကျောက်မီးသွေးတူးဖော်မှုကြောင့် သဘာဝ သံယဇာတ၊ လယ်ယာစိုက်ပျိုးမှုများ ကိုလည်း ထိခိုက်နစ်နာ မှုများစွာရှိပါတယ်။

ဒါ့အပြင် သယ်ယူပို့ဆောင်ရာမှာလည်း (၂၁) ဘီး ကားကြီးတွေနဲ့ သယ်ယူတဲ့အတွက် လမ်းတွေပျက်စီးစေပါတယ်။ အဖုံးအကွယ်မဲ့ သယ်ယူတာတွေကြောင့် မိုင်းကိုင် – လဲချား-ပင်လုံ-လွိုင်လင်-မိုင်းပွန် ဟိုပုံး လမ်းတလျှာက်နေ လူထု အတွက်လဲ ကျန်းမာရေးထိခိုက်စေပါတယ်။

အကြီးမားဆုံးစိန်ခေါ်မှုကတော့ ကျောက်မီးသွေးမှိုင်းကနေ ဖြတ်ထွက်လာတဲ့ မိုးရေတွေ၊ စိမ့်ထွက်လာတဲ့ ရေတွေ ဟာ ဓါတုဓါတ်ပါဝင်တဲ့ရေအညစ်အကြေးအဖြစ် နမ်ႉတိန်းချောင်းထဲ စီးဝင်ပါတယ်။

ဒါ့ကြောင့် နမ့်တိန်းချောင်းကို အသက်သွေးကြောပမာ မှီခိုအားထားတဲ့ ဒေသခံတွေအတွက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးတိရစ္ဆာန်တွေအတွက် အန္တရာယ်ဖြစ်စေမှာ မလွှဲပါဘူး။

ဒါ့အပြင် စိုက်ပျိုးရေး ရဲ့ အသက်ကြောဖြစ်တဲ့ ချောင်းရေတွေကိုအဓိက မှီခို အားထား ကြတဲ့အတွက် ကျောက်မီး သွေး ထပ်လာတူးရင်တော့ ရေကြောအများအပြားထိခိုက်ပျက်စီးလာနိုင်ကြောင်းလည်း ဒေသခံ တွေက ပြောဆိုလိုက်ပါတယ်။

“ အရင်ကတော့ မြေပြင်မှာက သဘာဝဘေး ပျက်စီးတာမျိုးတော့မရှိဘူး။ ဒါပေ့မဲ့ အခုတော့လည်း အရမ်းကြီး ပျက်စီးသွားလားဆိုတော့လည်း မပျက်စီးဘူး။ သူတို့ကျောက်မီးသွေး တူးထားတဲ့အတွက်ကြောင်ႉ စိုက်ပျိုးရေး ခက်ခဲလာမယ်။ လယ်ယာပျက်စီးလာနိုင်တယ်” လို့ မိုင်းကိုင်ဒေသခံ စိုင်းလူ က ဆိုပြန်ပါတယ်။

မိုင်းကိုင်မြို့နယ် မှာ စိုက်ပျိုးရေး မွေးမြူရေးအဓိကထားအသက်မွေးဝမ်းကြောင်း ပြုကြတဲ့အတွက် ကျောက်မီးသွေး နောက် ဆက်တွဲဖြစ်တဲ့ စွန့်ပစ်မြေစာပုံ အန္တရာယ်က အလွန်ပင် ထိတ်လန့်နေကြပါတယ်။

“ စွန့်ပစ်မြေစာပုံကထွက်လာတဲ့ ဓါတုအဆိပ်ရေတွေဟာ မိုးရွာရင်၊ လေတိုက်ရင် လွှင့်တယ်လေ။ စိုက်ခင်းတွေရောက်မှာ လည်း ကြောက်ရတယ်။ မြေစာပုံကို လာပြီးတော့ ရှင်းပေးစေချင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်မီးသွေးကြောရှိနေတဲ့ မိုင်းကိုင်မြို့နယ် အတွင်းမှာလည်း စစ်ရေး ပဋိပက္ခ ဟာ မကြာခဏ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး ပြည်သူတွေလည်း အိုးအိမ်၊ လယ်ယာ စွန့်ခွာမှုတွေ နဲ့ရင်ဆိုင်နေရပါတယ်။

လက်ရှိ မိုင်းကိုင်မြို့နယ်ဟာ သျှမ်းတိုင်းရင်းသားလက်နက်ကိုင် (၂)တပ်ကြား ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခက တနေ့ထက် တစ်နေ့ ကြီးမားလာနေတာကြောင့် ထောင်နဲ့ချီတဲ့ ရွာသားတွေ က နေရပ်ကနေ စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဒါ့ကြောင့် စစ်ရေး ပဋိပက္ခတွေ ဟာ ကျောက်မီးသွေးကြောနဲ့ ဆက်စပ်မှု ရှိနေလားဆိုတာကိုတော့ ပြည်သူတွေ က စဉ်းစားစရာတွေဖြစ်နေပါတယ်။

စစ်ရေး တင်းမာနေတာ လချီရှိလာပေမယ့် အခုထိ စစ်ရေး လျော့ကျမှုမရှိဘဲ အပြန်အလှန် တိုက်ခိုက်နေကြတာ နောက်ကွယ်မှာ စီးပွားရေး အကြောင့်ကိစ္စရပ်ရှိနိုင်ကြောင်းလည်း သျှမ်းလူထုတွေ က ပြောဆိုနေကြပါတယ်။

“ အချင်းချင်းတိုက်ရအောင် ပြည်သူတွေ ထွက်ပြေးရအောင်က လူမျိုးရေးအတွက်လည်း မဟုတ်ဘူးထင်တယ်။ နိုင်ငံရေး အရလည်း မဖြစ်နိုင်ဘူး။ ဒီလောက် သျှမ်းလူထုတွေ တောင်းဆိုနေတာ ကို စစ်ပွဲကမရပ်ပေးဘူး။ ဒါ စီးပွားရေး တခုခုရှိလို့” လို့ ရှမ်းတက်ကြွလှုပ်ရှားသူ အမျိုးသမီး တစ်ဦးက ပြောဆိုလိုက်ပါတယ်။

ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ မိုင်းကိုင်မြို့နယ် မှာ ရှိတဲ့ ကျောက်မီးသွေး တူးဖော်မှုကိစ္စ တွေကြောင်းလား ဒါမှ မဟုတ် ဘာကြောင့်လဲဆိုတာကိုတော့ သျှမ်းလူထုတွေက တွေးဝေနေဆဲပါ။

မိုင်းကိုင်ကျောက်မီးသွေးလည်ပတ်မှုက ရပ်နားထားပေမယ့် စွန့်ပစ်မြေစာပုံကထွက်တဲ့အနံ့အသက်ဆိုးကိုတော့ မိုင်းကိုင်မြို့နယ် ဝမ်းခမ်းနားကျေးရွာ နေထိုင်သူတွေကတော့ နေ့စဉ်နဲ့အမျှ ခံနေပြီး ကျန်းမာရေး ထိခိုက်လာမှာ ကိုတော့ ပူပန်သောက ဖြစ်နေပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article