Friday, April 26, 2024

သျှမ်းပြည် လွှတ်တော်ဥက္ကဌသစ် ဘယ်သူဖြစ်လာမလဲ

Must read

လာမယ့် လဆန်းပိုင်း မှာ “ ပြည်သူ့ အသံ လွှတ်တော်အသံ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ရွေးကောက်ခံထားရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဟာ တတိယအကြိမ် ကျင်းပမယ့် လွှတ်တော်တက်ဖို့အတွက် အဆင်သင့်ဖြစ်နေကြပါပြီ။

တတိယအကြိမ် သျှမ်းပြည်လွှတ်တော် အခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ် အသစ်တွေ ပါရှိသလို၊ ယခင် လွှတ်တော် သက်တမ်းမှာ လုပ်ဆောင်ခဲ့ဖူးတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေလည်း ပြန်လည်ပါရှိလာတာကို တွေ့မြင်ရပါတယ်။

သျှမ်းပြည် ဟာ ပြည်ထောင်စုမြန်မာနိုင်ငံမှာ အကြီးဆုံးပြည်နယ်၊ တိုင်းရင်းသားလူမျိုးစု အစုံဆုံးပြည်နယ်နဲ့ လက်နက်ကိုင်ပဋိပက္ခပေါများတဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။

ထိုပြဿနာတွေကို ဆွေးနွေးဖို့ အဖြေရှာဖို့ အတွက် ကလည်း သျှမ်းပြည်လွှတ်တော်ကြီးဟာ သျှမ်းပြည်အတွက် အရေးကြီးတဲ့ထဲက နေရာတခုပါပဲ။

ဒါ့ကြောင့် တတိယ အကြိမ် လွှတ်တော် ပြန်စတင်တာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် ပြည်သူတွေအတွက် ရင်ခုန်စရာ ဖြစ်တဲ့ လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ တို့ကို မဲပေးစနစ်နဲ့ ရွေးချယ်ခန့် အပ်ခြင်းပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လွှတ်တော် သက်တမ်း ၂ ကြိမ်မှာ ရှမ်းပြည်လွှတ်တော် ဥက္ကဌ နဲ့ ဒုဥက္ကဌ ဟာ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ ( USDP) က ဖြစ်ပါတယ်။

ဒါကြောင့် ဒီတတိယလွှတ်တော်သက်တမ်းမှာ သျှမ်းပြည် လွှတ်တော် ဥက္ကဌ ဘယ်သူဖြစ်လာလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ်ရော နိုင်ငံရေးသမားတွေရော စိတ်ဝင်တစားနဲ့ စောင့်မျှော်နေကြပါတယ်။

သျှမ်းပြည်ရဲ့ တတိယအကြိမ် လွှတ်တော်ကို တက်ရောက်မယ့် အနိုင်ရပါတီ (၈)ပါတီနဲ့တသီးပုဂ္ဂလ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ် (၂) ဦး စုစုပေါင်း(၁၀၅)ဦးရှိပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အလိုအလျောက် တက်လာမယ့် တပ်မတော်သား ကိုယ်စားလှယ် ဦးရေ (၃၅) ဦးပါရင် သျှမ်းပြည်လွှတ်တော်ကို တက်မယ့် ကိုယ်စားလှယ် ဟာ စုစုပေါင်း (၁၄၀)ဦးရှိလာပါမယ်။

ပြည်နယ်လွှတ်တော်မှာ မဲအများဆုံး အနိုင်ရထားတဲ့ ပါတီဖြစ်ပါက သျှမ်းပြည် လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ အဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံရမှာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဟာ သျှမ်းပြည် လွှတ်တော်မှာ (၃၃) ဦး နဲ့ မဲ အများဆုံး အနိုင်ရခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ (SNLD) ပါတီကတော့ (၂၆) ဦးနဲ့ ဒုတိယ အများဆုံး အနိုင်ရရှိခဲ့ပါတယ်။

ထို (၁၄၀) ဦးထဲမှာ တပ်မတော်ဘက်မှ အလိုအလျောက် တင်မြောက်လာတဲ့ တပ်မတော်သား ကိုယ်စားလှယ် (၃၅) ဦး ရှိပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ပါတီမှ (၂၄) ဦး တို့ သျှမ်းပြည်မှာ အနိုင်ရရှိခဲ့တာပါ။

ဒါကြောင့် သျှမ်းပြည်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ ရွေးချယ်တင်မြှောက်မှုဟာ အလွန်စိတ်ဝင်စားစရာဖြစ်လာပြီး၊ ယခင်ကလို (USDP) ပါတီ ထပ်မံရွေးချယ်ခံရမှာလား။ ဒါမှ မဟုတ် NLD ၊ တခြားပါတီ ထဲက တဦးဦးဖြစ်လာမလဲဆိုတာ စဉ်းစားစရာတွေဖြစ်လာပါတယ်။

လက်ရှိ အနိုင်ရပါတီ မဲတွေကို ကြည့်မယ်ဆိုရင် အလိုအလျောက် တင်မြောက်ခံရတဲ့ တပ်မတော်သား ကိုယ်စားလှယ်မဲဟာ ၃၅ ဦးနဲ့ အနိုင်ရပါတီတွေထက် သာနေတာကိုတွေ့ရပါတယ်။

မဲတွေ ဘယ်လို ပူးပေါင်းပြီး၊ ဘယ်သူတွေက ဘယ်ပါတီကို မဲပေးကာ လွှတ်တော် ဥက္ကဌ တင်မြှောက်ကြမလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်မှာ ပါတီအသီးသီး က ကိုယ်စားလှယ် စာရင်းတွေ ကတော့ NLD ကိုယ်စားလှယ် (၃၃) ဦး ၊ SNLD ကိုယ်စားလှယ် (၂၆) ဦး၊ USDP ကိုယ်စားလှယ် (၂၄) ဦး ၊ TNP ကိုယ်စားလှယ် (၇) ဦး၊ PNO ကိုယ်စားလှယ် (၇) ဦး ၊ WNP ကိုယ်စားလှယ် ( ၂) ဦး၊ LNDP ကိုယ်စားလှယ် ( ၂) ဦး၊ SNDP ကိုယ်စားလှယ် (၁) ဦး ၊ KNP ကိုယ်စားလှယ် (၁) ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် (၂) ဦး နှင့် တပ်မတော်သား ကိုယ်စားလှယ် (၃၅) ဦး စုစုပေါင်း (၁၄၀) ဦး တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီ ပါတီ အသီးသီးရထားတဲ့ ကိုယ်စားလှယ် တွေကို ပေါင်းကြည့်ရင် တပ်ကိုယ်စားလှယ် နဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၅၉ ဦး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် နှစ်ပါတီ ပေါင်းရင်လည်း ၅၉ ဦး ရှိတာကြောင့် ပအိုဝ်း PNO ပါတီ မှ ရထားတဲ့ ကိုယ်စားလှယ် ၇ ဦး၊ တအာင်း TNP ပါတီ ၇ ဦးတို့ တဦးစ နှစ်ဦးစရထားတဲ့ပါတီတွေ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေရဲ့ ရပ်တည်ချက်က အင်မတန်မှ အရေးပါ ပါတယ်။

တတိယအကြိမ် သျှမ်းပြည် လွှတ်တော်မှာ ကိုယ်စားလှယ် (၇) ဦးရရှိထားတဲ့ တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) ကတော့- လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ရာမှာ ပါတီများကို မျှမျှတတ နှင့် ပေါင်းပေါင်းပေါင်းစည်းစည်း ဆောင်ရွက်သွားနိုင်မယ့် ပုဂ္ဂိုလ်ဖြစ်သင့်ပြီး လွှတ်တော်ကို ထိန်းကျောင်းနိုင်မယ့် ပုဂ္ဂိုလ်ဖြစ်သင့်ကြောင်း – ပါတီ အထွေထွေအတွင်းရေးမှူး မိုင်းအုဏ်းခိုင် က ပြောဆိုလိုက်ပါတယ်။

“ခုချိန်ထိတော့ ပြည်ထောင်စုအရေး ဖက်ဒရယ် ဒီမိုကရေစီအရေး ဆောင်ရွက်သွားမယ်ဆိုရင် ကျနော်တို့ NLD နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကျနော်တို့ တင်ပြခဲ့ပါတယ်”လို့ မိုင်းအုဏ်းခိုင် က ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ နဲ့တအာင်း(ပလောင်) အမျိုးသားပါတီ တို့ ဇန်နဝါရီ (၁၃) ရက်မှာ တွေ့ဆုံခဲ့ပြီး (TNP) ဘက်မှ အချက် (၁၅) ချက်တင်ပြထားကြောင်း သိရပါတယ်။

“ကျနော်တို့တောင်းဆိုထားတာ ရှိပါတယ်။ တိုင်းရင်းသားတွေအပေါ်မှာ ထားရှိတဲ့ မူဝါဒ ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေးပေးဖို့ တင်ပြတောင်းဆိုထားတာ ရှိပါတယ်။ တိုင်းရင်းသားတွေနဲ့ လက်တွဲနိုင်မယ့် လုပ်ငန်းစဉ်တွေကို ချပြဆွေးနွေးပေးဖို့ တောင်းဆိုထားပါတယ်။ အဲ့အဖြေတော့ ကျနော်တို့ လောဆယ်တော့ မရသေးပါဘူး။ လာမယ့် လွှတ်တော်မှာ ဘယ်လို ပုဂ္ဂိုလ်မျိုးကို ရွေးမလဲ လွှတ်တော်ထဲရောက်ရင် ဆောင်ရွက်မယ့် လမ်းစဉ် ကျနော်တို့ တက်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်ပေါ်မူတည်ပြီးမှ ကျနော်တို့ ပါတီက ဆုံးဖြတ်သွားမှာပါ” လို့ မိုင်းအုဏ်းခိုင် ကပြောပါတယ်။

ဇန်နဝါရီ (၁၃) ရက် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွေ တောင်ကြီးကို ရောက်ရှိလာစဉ် တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံရာမှာ တိုင်းရင်းသားပါတီဘက်ကမှ တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း၊ မျိုးဆက်သစ် ရှမ်းပြည်က ဦးညီညီမိုးက သျှမ်းပြည် လွှတ်တော် ဥက္ကဋ္ဌဟာ တရားရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင် (၃) ရပ်လုံးကို Check & balance လုပ်နိုင်မယ့် လွှတ်တော်ဥက္ကဋ္ဌမျိုး ဖြစ်စေချင်ကြောင်း ထောက်ပြ ပြောဆိုလိုက်ပါတယ်။

“လွှတ်တော်ဥက္ကဋ္ဌ ဘယ်သူဖြစ်လာနိုင်သလဲဆိုတော့ ရွေးကောက်ပွဲမှာတော့ NLD ကပဲ အများစုရထားတာ ဆိုတော့ သူတို့ကနေပြီးမှဦးဆောင်လာနိုင်တယ်။ တစ်ခုတော့ စဉ်းစားစရာ ရှိတာပေါ့ သူက အမျိုးသားညီညွှတ်ရေး အစိုးရ တည်ဆောက်မယ်ဆိုရင်တော့ လွှတ်တော် ဥက္ကဋ္ဌ လိုမျိုးကျတော့ အဆင်ပြေနိုင်မယ့် တိုင်းရင်းသားပါတီကို ညှိနှိုင်းပေးမလားဆိုတဲ့ စဉ်းစားချက်လည်း ရှိကောင်းရှိနိုင်ပါတယ်”လို့ ဦးညီညီမိုး ကဆိုပါတယ်။

ဒါပေမယ့် ၂၀၂၁ ကနေ ၂၀၂၅ ထိတော့ ငြိမ်းချမ်းရေး ကိစ္စရပ်တွေ လည်း တော်တော်အရေးကြီးတဲ့ နှစ်ဖြစ်နေတော့ ဒီရွေးချယ်တဲ့ ကိစ္စကိုတော့ တော်တော် သတိထားပြီး လုပ်ဆောင်သင့်ကြောင်း၊ တိုင်းရင်းသားပါတီတွေကို လည်း စဉ်းစားပေးမယ့် ဖြစ်နိုင်ခြေလည်း ရှိကြောင်း ဦးညီညီမိုးက မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

သျှမ်းပြည်လွှတ်တော်မှာ ၂ ကြိမ်ဆက်တိုက် တစ်ဦးတည်းအနိုင်ရထားသော ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ( SNDP)ပါတီမှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းနောင့် သည်လည်း လွှတ်တော် ဥက္ကဋ္ဌ ဖြစ်မယ့်သူသည် သမာသမတ်ဖြစ်သင့်ကြောင်း နှင့် ပါတီစွဲ လူမျိုးစွဲ မဖြစ်သင့်ကြောင်း ပြောပါတယ်။

“လွှတ်တော်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌကတော့ အင်မတန်အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလွှတ်တော်မှာ အစိုးရကို ပြန်လည်ထိန်းကျောင်းဖို့အတွက် အရေးကြီးတဲ့အတွက်ကြောင့် လွှတ်တော်ဥက္ကဋ္ဌကတော့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်” လို့ စိုင်းနောင့် က ဆိုပါတယ်။

ဆက်လက်ပြီး စိုင်းနောင့် က “ လွှတ်တော်ဥက္ကဋ္ဌကို ဘယ်ပါတီက ဖြစ်လာမလဲဆိုတာ ခုချိန်မှာ ပြောဖို့က နည်းနည်းစောမယ်ထင်ပါတယ်။ ဘယ်ပါတီက ဖြစ်လာနိုင်တယ်ဆိုတာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရွေးချယ်မူပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့အနေနဲ့ မှန်းဆလို့ မရတဲ့ အရာ တစ်ခုပေါ့ဗျာ” လို့ ပြောဆိုပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာမှာတော့ နှစ်ကြိမ် ဆက်တိုက် ပြည်ထောင်စုနှင့် ကြံ့ခိုင်ရေးပါတီ(USDB) ပါတီကပဲ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ လုံးစိုင်းလုံးဆိုင် ကတော့ လွှတ်တော် တွင်းမှာတော့ တရားမျှတမှုရှိပြီး ဘတ်မလိုက်ပဲ သျှမ်းပြည်နယ်လွှတ်တော်ကို ထိန်းကျောင်းခဲ့တယ်လို့ လွှတ်တော်အတ်တချို့က သုံးသပ်ပါတယ်။

“ကျမ လွှတ်တော် ၅ နှစ်တက်ခဲ့တာတော့ ဥက္ကဋ္ဌ လုံးစိုင်းလုံးဆိုင် ဟာ စေတနာကောင်းပါတယ်။ ပါတီစွဲမရှိပါဘူး”- လို့ ၂၀၁၅ မှ ၂၀၂၀ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး ကပြောပါတယ်။

ဘာကြောင့်လဲ အရေးကြီးလဲ ဆိုတော့ လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ လွှတ်တော် ဥက္ကဌ က ဗဟိုအစိုးရ က တိုက်ရိုက်ခန့်အပ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို လွှတ်တော်သဘောထားယူပြီး ဖြုတ်ချနိုင်ပေမယ့် လွှတ်တော်အတွင်း ရွေးကောက်တင်မြောက်တဲ့ လွှတ်တော် ဥက္ကဌ ကို တော့ ဝန်ကြီးချုပ်ကနေ ဖြုတ်ချ လို့မရဘူးဆိုတဲ့အချက်ပါဘဲ။

ပြီးခဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ကယားပြည်နယ်လွှတ်တော် က ကယားပြည်နယ် ဝန်ကြီးချုပ်ကို ဖြုတ်ချ ခဲ့တဲ့ ဖြစ်စဉ်သာဓက လဲရှိခဲ့ဖူးပါတယ်။

ဒါကြောင့်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ ရွေးချယ်တင်မြောက်ရာမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မဖြစ်ဖို့ အထူး အရေးကြီးပြီး၊ လွှတ်တော်ကိုယ်စားလှယ် (၁၄၀) ဦးကို ပဲ့ကိုင်ကာ ဘက်မျှတဲ့ သူဖြစ်ဖို့လဲ အလွန်ပင် အရေးကြီးပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော် သက်တမ်း ၅ နှစ်တာ ကာလမှာ မေးခွန်း လုံးဝမမေးမြန်းတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ရှိခဲ့ဖူးပါတယ်။

ဒါကြောင့် ဒီလာမယ့် တတိယ အကြိမ် လွှတ်တော် သက်တမ်းမှာ ကိုယ့်ဒေသ၊ ကိုယ်လူမျိုး၊ ကိုယ့်ပြည်သူအတွက် ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ဘယ်လောက်ထိ အလုပ်လုပ်ကြမလဲဆိုတာ လေ့လာစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

သျှမ်းပြည်တတိယ အကြိမ်လွှတ်တော်မှာ လွှတ်တော်ဥက္ကဌ အသစ်အနေနဲ့ ဘယ်လို ထိန်းကျောင်းပြီးဆိုတာ စောင့်မျှော်ကြည့်ရမှာပါ။

Leave a Comments

- Advertisement -spot_img

Latest article