Friday, April 26, 2024

ပြည်နယ်မှာဆောင်ရွက်လို့မရတဲ့ပြဿနာ ပြည်သူ့လွှတ်တော်မှာတက်ပြီးဆောင်ရွက်မယ်ဆိုတဲ့ SNLD အမျိုးသမီးလွှတ်တော်အမတ်

Must read

သီပေါမြို့နယ် မှာ ကြီးမားတဲ့ပြဿနာ ဖြစ်တဲ့ အထက်ရဲရွာစီမံကိန်း ရှိပြီး၊ ထိုရေကာတာ စတင်လည်ပတ်ပါက သီပေါမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းများစွာ ရေအောက်ရောက်သွားနိုင်ပါတယ်။

ထိုကိစ္စရပ်တွေကို သျှမ်းပြည် ဒုတိယအကြိမ်မြောက် လွှတ်တော် သက်တမ်းကာလ အတွင်း အဆိုမကြာခဏ တင်သွင်းခဲ့ပေမယ့် ပြည်နယ်လွှတ်တော်တွင် အရေးတယူမလုပ်ဆောင်ခဲ့ဘဲ နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်တဲ့အတွက် ပြည်ထောင်စု အဆင့် နဲ့သာ သက်ဆိုင်ကြောင်း ပြောဆိုကြပါတယ်။

ဒါ့ကြောင့် သီပေါမြို့နယ် ပြည်နယ်အမှတ်( ၁) မဲဆန္ဒနယ် အမတ် နန်းစမ်းစမ်းအေးတယောက်ဟာ ပြည်သူ ကြုံတွေ့နေရတဲ့ပြဿနာကို ထိရောက်စွာ လုပ်ဆောင်ပေးချင်တဲ့အတွက် ၂၀၂၀ ပါတီစုံအထွေထွေ ဒီမိုကရေစီရွေးကောက်ပွဲတွင် သီပေါမြို့နယ် ပြည်သူ့လွှတ်တော် အနေဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်( SNLD မှ ကိုယ်စားပြုပြီး ယှဉ်ပြိုင် အနိုင်ရသူတဦးဖြစ်ပါတယ်။

သူမအနေနဲ့ ပြည်သူ့လွှတ်တော် တွင်ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူ့လွှတ်တော်ထဲမှာ ဘယ်လို ဥပဒေပြုရေးတွေ ပြုပြင်ပြောင်းလဲရေးတွေကို ဆောင်ရွက်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး သတင်းထောက် နန်းဆိုင်ဖူးက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး ။ ။ နန်းစမ်းစမ်းအေး အနေနဲ့ ပြည်နယ် လွှတ်တော်အမတ်နေရာကနေ ဘာကြောင့် ပြည်သူ့လွှတ်တော်အမတ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့။ ကျမအနေနဲ့ လက်ရှိတော့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်မှာ အတွေ့အကြုံတွေ အများကြီးရှိခဲ့တယ်။ နောက်ပြီးတော့ တွေ့ကြုံရတဲ့ ပြဿနာတွေ အများကြီး ရှိခဲ့တာပေါ့။ နောက် ပြည်နယ်အဆင့်မှာ လုပ်ပိုင်ခွင့်တွေ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေနဲ့ လုပ်ရမယ့်အပိုင်းတွေ အကန့်အသတ်ရှိတယ်။

ဥပမာ စီမံကိန်းအကြီးတွေဆိုရင် ပြည်နယ် လွှတ်တော်မှာ သွားပြီး ဆွေးနွေးပေမယ့်လည်း ပြည်ထောင်စု အဆင့်မေးမှ အဆင်ပြေမယ် ဆိုတဲ့ ကိစ္စလေးတွေရှိတယ်။ ဒီ ဥပဒေ ပြုရေးအပိုင်းမှာဆိုရင်လည်း အကန့်အသတ်ရှိတယ်။ ဒီအတွက်ကြောင့် ပြည်နယ်အဆင့်ကနေ လုပ်လို့မရတဲ့အပိုင်းတွေပေါ့။ ဥပဒေပြုရေး အပိုင်းတွေမှာ မရတဲ့ အပိုင်းမှာဆိုရင် ပြည်သူ့လွှတ်တော် အနေနဲ့ ပြန်ပြီးတော့ ဆက်လက်ပြီးတော့ ကြိုးစားပြီး လုပ်ဆောင်သွားချင်လို့ပဲ ဒီပြည်သူ့လွှတ်တော်ထဲ ဝင်ရောက်ယှဉ်ပြိုင်သွားချင်ပဲ ဖြစ်ပါတယ်။

မေး။ ။ ပြည်နယ်လွှတ်တော်မှာဆိုရင် အကန့်အသတ်တွေ အတွေ့အကြုံတွေ အများကြီးရှိတယ်လို့ပြောသွားပါတယ်။ ဘယ်လို အကန့်အသတ်မျိုး ကြုံတွေ့ရပါသလဲဆိုတာ ပြောပြပေးလို့ရပါသလား။

ဖြေ။ ။ ဥပမာဆိုရင် အမ တို့ မြို့နယ်ထဲ စီမံကိန်း အကြီးတစ်ခုရှိတယ်။ အထက်ရဲရွာ ရေကာတာ တည်ဆောက်ရေး စီမံကိန်း ကိစ္စမှာဆိုရင် တကယ်လို့ ရေကာတာ တည်ဆောက်ပြီးတော့ ယတ္တရားတွေ စပြီး လည်ပတ်တော့မယ်ဆိုရင် တာလုံကျေးရွာ လူထုက အကုန်လုံး ရေအောက်ရောက်သွားမှာ။ အဲ့ဒီရေအောက်ရောက်သွားမယ့် ကိစ္စတွေမှာ နိုင်ငံတော်က တည်ဆောက်တယ်၊ ဒေသခံပဲ ခံရမှာ။ ဒါပေမယ့်လည်း ကျမတို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ကိုယ့်ရဲ့ ဒေသခံ ပြည်သူတွေ ခံစားရမှာကိုလည်းသိတယ်။ ထိခိုက်နစ်နာမှု ရှိတာကိုလည်း သိတယ်။ ဒါပေမယ့် သူတို့ကို ကိုယ်စားပြုပြီးတော့ လွှတ်တော်ထဲမှာ သွားမေးပေမယ့်လည်း ဒါနိုင်ငံတော်အဆင့်၏ စီမံကိန်း ဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စု အဆင့်မှာပဲ မေးမှ ရမယ်ဆိုတဲ့ ပုံစံလေးလည်း ရှိတယ်။ ပြည်နယ်မှာ ဘယ်လောက်ပဲ ပြောပြော ထိရောက်မှု မရှိဘူး။ ပြည်ထောင်စု အဆင့်မှာပဲ မေးလို့ရမယ်ဆိုတဲ့ ကိစ္စလေးပေါ့။ ဒါမျိုးလေးတွေ အများအပြားရှိနေတယ်။ ဒါကြောင့်မလို့ ပြည်ထောင်စု လွှတ်တော်ရောက်ရင် ဒါလေးတွေ ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ဒါလေးက ဥပမာ တစ်ခုပေါ့နော်။

မေး – ပြည်နယ်လွှတ်တော်မှာဆိုရင် ဥပဒေပြုရေး မူဝါဒတွေ အပိုင်း ပြုပြင်လို့ မရဘူးလားရှင့်။

ဖြေ – ပြည်နယ်အဆင့်မှာကျတော့ သူက ဥပဒေဆိုရင်လည်း ဇယား (၂) ပေါ့နော်။ လုံးဝ လုပ်ပိုင်ခွင့်က နည်းနည်းပဲရှိတာပေါ့နော်။ ဒီနိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု လုပ်ချင်တယ်ဆိုရင်တော့ ပြည်နယ်အဆင့်မှာ လုပ်လို့မရဘူး။ ပြည်ထောင်စု အဆင့်မှာမှပဲ အဆိုတင်သွင်းမယ်။ ဥပဒေပြုရေး အပိုင်း ပိုပြီးမှ တွင်တွင်ကျယ်ကျယ် လုပ်လို့ရမှာပေါ့။ ဒီပြည်နယ်မှာကတော့ များသောအားဖြင့် ပြည်နယ်အမတ်တွေကတော့ ဒေသဖွံ့ဖြိုးရေးလောက်ကိုပဲ လုပ်နိုင်တဲ့ အနေအထားဖြစ်တယ်။ နောက် ဥပဒေ ပိုင်းမှာဆိုရင်လည်း ဒီအသေးအဖွဲ့လေးတွေ ကြက်မွေးမြူရေးတို့ ယစ်မျိုးအခွန်တို့ ဒါမျိုးလေးတွေပဲ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါကြောင့်မလို့ ပိုပြီးမှ ကျယ်ကျယ်ပြန့်ပြန့် ပြည်နယ်အတွက် လူမျိုုးအတွက် တန်းတူညီမျှရေး ဒါတွေ လုပ်ချင်တယ်ဆိုရင် ပြည်ထောင်စု လွှတ်တော် ရောက်မှပဲ ပိုပြီးမှထိထိရောက်ရောက် လုပ်နိုင်မယ်။

မေး။ ။ ဥပဒေ ပြုရေး အပိုင်းမှာဆိုရင် ဘာကို အဓိက ပြုပြင်ချင်ပါသလဲရှင့်။

ဖြေ ။ ။ ဥပဒေပြုရေး အပိုင်းမှာဆိုရင် ဥပမာ ကျမတို့ တန်းတူညီမျှရေး ကို ဦးတည်တဲ့အပိုင်းပေါ့နော်။ တန်းတူညီမျှရေးအပိုင်းမှာ ဦးတည်တဲ့ နေရာမှာ ဘာသာ ယဉ်ကျေးမှု နောက်ပြီးတော့ စာပေပေါ့နော်။ ဒါမျိုးလေးတွေ ပိုပြီးမှ တန်းတူညီမျှရေး ရရှိအောင် ပိုပြီးမှလုပ်သွားချင်တာပေါ့။ ဥပမာ ကျမတို့ သျှမ်းပြည်နယ် လွှတ်တော်တုန်းကဆိုရင် သျှမ်းအမျိုးသားနေ့ကို သျှမ်းပြည်နယ်အတွက် ရုံးပိတ်ရက်အဖြစ် အဆိုတင်သွင်းတဲ့နေရာမှာ အဆိုမအောင်ဘူး။ ဒါမျိုးလေးတွေလည်း ပြည်နယ်အဆင့်မှာ ပြန်ပြီးတော့ ဖြေကြားချက်အရဆိုရင် ဒါကတော့ ပြည်ထောင်စုက သတ်မှတ်မှ ရမယ် ဆိုတဲ့ ပုံစံမျိုး။ ဒါမျိုးလေးတွေ ကိုယ့်ရဲ့ ဘာသာ ယဉ်ကျေးမှု နောက်ပြီးတော့ လူမျိုး ပိုပြီးတော့ တိုးတက်အောင် တန်းတူညီမျှမှု ရရှိအောင် ဒါလေးတွေကို အားစိုက်ပြီးတော့ လုပ်ချင်ပါတယ်။

မေး။ ။သီပေါမြို့နယ်မှာဆိုရင် ရေကာတာ စီမံကိန်းတွေရှိတယ်။ နောက်ပြီးတော့ ပိုးလမ်းစီမံကိန်းတွေ ရှိတဲ့ နေရာဆိုတော့ ဒီအရေးမှာ လူထုထိခိုက်မှုတွေ ရှိတယ်လို့ ကြားသိရတယ်။ အမ အနေနဲ့ ဒီကိစ္စကို လွှတ်တော်မှာ ဆွေးနွေးဖို့ ဘယ်လို ပြင်ဆင်ထားပါသလဲရှင့်။

ဖြေ။ ။ပိုးလမ်းမ ကိစ္စ ကျမတို့ ပုံမှန်ဆိုရင်တော့ အစိုးရလုပ်ငန်း ဘယ်စီမံကိန်းမဆို လွှတ်တော်ထဲကို အရင်ဆုံး ဆွေးနွေးရမှာပေါ့နော်။ အခု ပြီးခဲ့တဲ့ နှစ်မှာလည်း ဒီပိုးလမ်း စီမံကိန်း ကိစ္စတွေ လာပြီးတော့ ရှင်းပြတာတွေ ဒီ Third party ကနေ လာပြီးတော့ ရှင်းပြတာတွေရှိတယ်။ အစိုးရ တိုက်ရိုက် ရှင်းပြတာတွေတော့ မရှိသေးဘူး။ ဒီကနေ ရတဲ့ အချက်လက်တွေပေါ် မူတည်ပြီးမှပြည်ထောင်စု လွှတ်တော်မှာ တကယ်လို့ လွှတ်တော်ထဲကို ဆွေးနွေးမယ့်အချိန်မှာ ကျမတို့အနေနဲ့ ဝင်ရောက် ဆွေးနွေးမယ်ပေါ့နော်။ အဓိကကတော့ သျှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်ပြီးတော့ လမ်းတစ်လျှောက်မှာ ပြည်သူလူထုများ မြေယာ ဆုံးရှုံးမှု မရှိစေရေး ဒါတွေကို အဓိက ထားပြီးတော့ ဆွေးနွေးဖို့ ရှိပါတယ်။ သူတို့ ရသင့်ရထိုက် ရပိုင်ခွင့် အပြည့်အဝ ရရှိသွားအောင်ပေါ့နော်။ ဒါလေးတွေ ဆွေးနွေးဖို့ ရှိပါတယ်ရှင့်။

မေး။ ။ဒီကိစ္စမှာဆိုရင် အမ အတွက် ဘယ်လို စိန်ခေါ်မှုတွေ ရှိနေပါသလဲရှင့်။

ဖြေ။ ။ စိန်ခေါ်မှုကတော့ အခုလောလောဆယ်တော့ ပြည်သူ့လွှတ်တော်ထဲ မရောက်သေးဘူးပေါ့နော်။ မရောက်သေးတော့ အချက်အလက်တွေလည်း အပြည့်အစုံ မရသေးဘူးပေါ့။ အဓိက အချက်အလက်တွေပေါ့နော်။ ကျမတို့ ပြည်နယ်အဆင့် မြို့နယ်အဆင့် လာရောက်ပြီး ရှင်းပြတာက အစိုးရ တိုက်ရိုက် မဟုတ်ပဲနဲ့ ဒီ third party က သူတို့က သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု ရှိမရှိ ဆိုတဲ့ ဆန်းစစ်ချက်လေး ကိုပဲ လာပြီး ချပြသွားတဲ့ သဘောရှိတယ်။ စိန်ခေါ်မှုကတော့ အဓိက information အပြည့်အစုံ မသိသေးတာရယ်။ နောက် ပြည်သူ လူထုရဲ့ သူတို့ရဲ့ဆုံးရှုံးနစ်နာမှုတွေ သူတို့ ကိုယ်တိုင်တောင်မှ မသိသေးတဲ့ဟာလေးတွေပေါ့နော်။ ဒါမျိုးလေးတွေ နည်းနည်းတော့ အခက်ခဲရှိတယ်။ သူတို့ကိုယ်တိုင်ကလည်း အခုထိ ဘယ်နေရာကို ဖြတ်ပြီးတော့ သွားမလဲ သူတို့အနေနဲ့ ဘယ်လောက်ထိ ဆုံးရှုံးသွားမလဲ ဆိုတာ သူတို့ ကိုယ်တိုင်တောင် မသိသေးဘူးပေါ့နော်။ ဒါမျိုးလေးတွေ အချိန်မှီသိရှိအောင် အချက်လက် information တွေက နည်းနည်းကြန့်ကြာနေတယ်။ ကျမတို့ဆီ မရောက်သေးဘူးပေါ့နော်။တကယ်လို့ ပြည်ထောင်စုလွှတ်တော်ထဲရောက်ရင်တော့ ပြည်ထောင်စုလွှတ်တော်ထဲ ဆွေးနွေးရင်တော့ အဲ့ချိန်ကျမှပဲ အချက်လက်တွေ ရနိုင်မယ်ထင်ပါတယ်။ ဒါလေးတော့ အခက်ခဲ နည်းနည်းတော့ ရှိပါတယ်ရှင့်။

မေး။ ။သီပေါမှာဆိုရင် တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားတဲ့ ဒေသတစ်ခုဖြစ်တဲ့ အလျောက် နယ်မြေ တည်ငြိမ်အေးချမ်းတဲ့ ကိစ္စတွေကိုကော ဘယ်လိုကြိုးပမ်း ဆောင်ရွက်သွားဖို့ ရှိပါသလဲရှင့်။

ဖြေ ။ ။ဒါလေးကတော့ အားလုံး ကြိုးပမ်းမှ ရမယ်ထင်တယ်။ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး တစ်ယောက်တည်းနဲ့တော့ လွှတ်တော်အတွင်းကော လွှတ်တော်ပြင်ပကော နိုင်ငံရေး သမားများ အားလုံး ဝိုင်းဝန်းဖြေရှင်းနိုင်မယ့်အနေအထားဆိုတော့လေ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့တော့ တစ်ဦးတစ်ယောက် ဆောင်ရွက်ရုံနဲ့တော့ မပြီးတဲ့ ကိစ္စ ပေါ့နော်။

မေး။ ။သီပေါမြို့နယ်မှာဆိုရင် မဖွံ့ဖြိုးတဲ့ ဒေသတွေအများကြီး ရှိသေးတဲ့ အတွက် ဒီကိစ္စတွေကိုကော ဘယ်လို လုပ်ဖို့ ဆောင်ရွက်ထားပါသလဲရှင့်။

ဖြေ။ ။ ဒေသဖွံ့ဖြိုးရေး ကိစ္စကတော့ ကျမ ဒီပြည်ထောင်စု လွှတ်တော် ပြည်သူ့လွှတ်တော် ဝင်ပြိုင်မယ်ကတည်းက စဉ်းစားထားပြီးသားပေါ့နော်။ ကျမတို့ သီပေါမြို့နယ်မှာဆိုရင် နယ်မြေတအားကျယ်တယ်။ လမ်းပိုင်းလည်း သူများမြို့ထက်စာရင် တအား ရှည်တယ်။ ဒါမယ့် ဘတ်ဂျတ်ကျတဲ့အချိန်မှာ တခြားမြို့တွေနဲ့ တန်းတူဖြစ်နေတယ်။ နောက်တစ်ခုက ကျမတို့ မြို့အတွက် မဟုတ်ဘဲနဲ့ သျှမ်းပြည်နယ် တစ်ခုလုံးအတွက် သျှမ်းပြည်နယ်က နယ်မြေကျယ်တယ် ဧရိယာကျယ်တယ် လူဦးရေ ပိုများတယ် ဘတ်ဂျတ်ကျတဲ့အချိန်ကျတော့ တခြားပြည်နယ်က ရတဲ့ လမ်းမိုင် ဘတ်ဂျတ်နှုန်းက သျှမ်းပြည်နယ်ထဲက ရတဲ့ လမ်းမိုင် ဘတ်ဂျတ်နှုန်း ထက်ပိုများနေတာတွေ ဒါမျိုးလေးတွေပေါ့နော်။ တန်းတူညီမျှမှုရရှိအောင် သျှမ်းပြည်နယ်အတွက် ဒီလမ်းပန်းဆက်သွယ်ရေး နောက်ပြီးတော့ လျှပ်စစ်မီးပေါ့နော် ဒါတွေ ပိုမိုရရှိသွားအောင် ကြိုးပမ်းချင်တယ်။ ဥပမာ ကျမတို့ သျှမ်းပြည်နယ်ထဲမှာဆိုရင် မဟာဓာတ်အားလိုင်းတွေ မရောက်တဲ့နေရာ တအားများတယ်။ မြောက်ပိုင်းကော တောင်ပိုင်းကော အရှေ့ပိုင်းကော ဒါမျိုးလေးတွေ ကျမတို့ သျှမ်းပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင်ပေါ့နော် တခြားပြည်နယ်နဲ့ တန်းတူ ဖြစ်အောင် ကျမအနေနဲ့ ကြိုးစားသွားဖို့ ရှိပါတယ်ရှင့်။

မေး။ ။၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်လိုအခက်ခဲ ကနေ အနိုင်ရရှိသွားပါသလဲရှင့်။စိန်ခေါ်မှုက ဘာတွေလဲရှင့်။

ဖြေ။ ။ဒီနှစ်ကတော့ အခက်ခဲကတော့ တခြားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သိပ်မခြားနားဘူး ထင်ပါတယ်။ ဒီရောဂါ ကိစ္စကြောင့် ကိုဗစ် -၁၉ ကိစ္စကြောင့် စည်းရုံးရေး လုပ်တဲ့အပိုင်းမှာ တအား အခက်အခဲ ရှိပါတယ်။ တခါ အစည်းအဝေးလုပ်ရင် လူ (၅၀) ထက်မပိုရ ဆိုတော့ အဓိက ကျမတို့ ဘက်မှာက မဲ တံဆိပ်တုန်းထုတဲ့ဟာပေါ့နော်။ မဲပေးတဲ့ ပုံစံ အသိပညာ မရှိသေးတာ အများကြီးရှိသေးတယ်။ ကျမတို့ အနေနဲ့ အုပ်စုအလိုက်သွားတယ်။ အုပ်စုလိုက်သွားပေမယ့် တခါလာရင် (၅၀) အဲ့လိုလေးပေါ့နော်။ ရွာတိုင်းသွားဖို့ကလည်း အချိန်မလောက်မငှ တာရယ် ဒါမျိုးလေးတွေ ကြုံတွေ့ရတယ်။ အစည်းအဝေးကို လာတက်တဲ့ (၅၀) ကလည်း သူတို့ရွာထဲကို အကုန်လုံးပြန်ပြောပြမှ။ ရွာထဲက မိဘပြည်သူက မဲထည့်တဲ့ ပုံစံ နားလည်မှာပေါ့နော်။ ဆိုတော့ ဒီနှစ်ဆိုရင် အခက်ခဲအရမ်းဖြစ်တယ်။ ဒီရောဂါ ကိစ္စကြောင့် ကောင်းကောင်း စည်းရုံးရေး လုပ်လို့ အဆင်မပြေဘူးပေါ့နော်။ ဒါလေးရှိတယ်။ ဒါကြောင့်မလို့ မဲရလဒ် ထွက်လာတဲ့ အချိန်မှာ အားလုံးက ကျားခေါင်းပါတီကို ဝိုင်းပြီးတော့ အားပေးပေမယ့်လည်း ပယ်မဲတွေ တအားများနေတယ်။ ဥပမာ ပြည်သူ့လွှတ်တော်ဆိုရင် မဲရုံ တစ်ရုံကို အနည်းဆုံး (၅၀) (၆၀) နှစ်ရာ ထိ ရှိနေတယ်ပေါ့ ပယ်မဲတွေ။ သွားကြည့်လိုက်တော့ တံဆိပ်တုန်း မထုတတ်ဘူး။ နောက်ပြီးတော့ ဗလာမဲတွေ ဖြစ်နေတယ်။ ဒါမျိုးလေးတွေ အများကြီးှရှိနေတယ်။ စည်းရုံးရေးကတော့ အခက်ခဲရှိတယ်။ အတတ်နိုင်ဆုံး တစ်အိမ်တက်ဆင်းလည်း လုပ်ပါတယ်။ဒါပေမယ့် အကုန်လုံးကို မလွှမ်းခြုံနိုင်ဘူးပေါ့။ ဒီရောဂါ ကန့်သတ်ချက်အရ။ ဒီလိုလေးကြောင့် အခု အောင်နိုင်တဲ့အခြေနေတော့ ရောက်တယ်။ မဲ ကလည်း အပြတ်အသတ်နိုင်တယ်။ မဲ အပြတ်သတ်ဆိုပေမယ့် လာထည့်သလောက် မဲက တအားလျော့နေတာပေါ့နော်။ ဥပမာ မဲ ရုံ တစ်ရုံကို (၁၀၀) ကျော် ပယ်မဲ ဖြစ်နေတယ်။ အခု ကျမအနေနဲ့ မဲပေါင်း (၅၉၀၀) ကျော် ရနေပေမယ့် တကယ်လို့ ပယ်မဲသာ မရှိခဲ့ဘူးဆိုရင် အဲ့ထက် ပိုများမှာပေါေ့နာ်။ ဒီလိုမျိုးအောင်မြင်မှု ရလာတာကလည်း ဝမ်းသာပါတယ်။ ဘာလို့လဲဆို ကျမတို့ကလည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်ပေါ့နော်။ ဒီ ၅ နှစ်တွင်းလည်း အလုပ်တွေ အဆက်မပြတ်လုပ်ခဲ့တယ်။ နောက် စည်းရုံးရေး ကာလမှာလည်း မနားမနေ ကြိုးပမ်းခဲ့တယ်ပေါ့နော်။ ဒီရလဒ်ကြောင့် အောင်မြင်မှု ရခဲ့တယ်လို့ပဲ ယုံကြည်တယ်။

မေး။ ။သျှမ်းပြည်တစ်ခုလုံးအတွက် ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ အားရ ကျေနပ်မှု ရှိပါသလားရှင့်။

ဖြေ။ ။သျှမ်းပြည်တစ်ခုလုံးတော့ အားရမှု သိပ်မရှိဘူးပေါ့နော်။ ကျမတို့ မျှော်လင့်တာက ပါတီ တော်တော်များများ (၂၀၁၅) ထက်ကစာရင် ပိုပြီးတော့ အောင်နိုင်မယ်လို့တော့ ယုံကြည်ထားတာပေါ့နော်။ အခုက (၂၀၁၅) တုန်းကနဲ့ သိပ်မခြားနားပဲ အောင်တာက သိပ်ပြီးတော့ အားရမှုတော့ သိပ်မရှိဘူးပေါ့။ ဒါမယ့် ကိုယ့်မြို့နယ် အတိုင်းအတာနဲ့ဆိုရင် အားရမှု ရှိပါတယ်။ ကိုယ့်မြို့နယ်ကတော့ SNLD ကပဲ အပြတ်အသတ် အနိုင်ရထားတော့လေ ဒါပေမယ့် ဒီအမျိုးသားလွှတ်တော် နေရာလေးတစ်ခုပဲ (၅၄) မဲ ရှုံးသွားတဲ့အနေအထားမှာတော့ မချင့်မရဲ ဖြစ်မိတယ် အဲ့ဒါတော့ ။ သီပေါမြို့နယ် အတိုင်းအတာနဲ့ဆို ၄ ယောက်လုံး အနိုင်ရတာပေါ့။ ဒါပေမယ့် ကျောက်မဲခရိုင်အနေနဲ့ ကိုယ်စားပြုတော့ ၅၄ မဲ ကပ်ရှုံးသွားတဲ့အတွက်ကြောင့် ကျမတို့ အနေနဲ့ မချင့်မရဲ ဖြစ်မိတယ်။ ဒါကလည်း ခုန ကျောက်မဲမြို့နယ်ထဲက အုပ်စု (၁၂) အုပ်စု မဲခွင့်မရတဲ့အတွက်ကြောင့်မလို့ ကျမတို့ကတော့ သုံးသပ်မိပါတယ်။

မေး ။ ။နောက်ဆုံး အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ။ ။နောက်ဆုံးအနေနဲ့ ကျမကို မဲပေးခဲ့တဲ့ မဲဆန္ဒပြည်သူတွေကို ကျေးဇူးတင် စကားပြောချင်ပါတယ်။ ကျမကို ယုံယုံကြည်ကြည်နဲ့ မဲ ပေးတဲ့အတွက်ကြောင့် မိဘပြည်သူများ၏ ယုံကြည်ချက်အတိုင်း ကျမ အနေနဲ့ ပြည်သူရဲ့ ရှေ့မှာပဲ မားမားမတ်မတ် ရပ်တည်ပြီးတော့ ပြည်သူ့အကျိုးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမယ်။ အစွမ်းကုန် ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article