Thursday, May 2, 2024

မိုင်းဆတ် “ဝ” တပ် ထိန်းချုပ်သည့်နေရာ နိုင်ငံရေးပါတီများ ယနေ့ချိန်ထိ မဲဆွယ်ခွင့်မရသေး

Must read

၂၀၂၀ အထွေထွေ ရွေကောက်ပွဲ ကျင်ပးရန် ရက်ပိုင်းသာကျန်ရှိနေသော်လည်း ယနေ့ချိန်ထိ သျှမ်း/ရှေ့ မိုင်းဆတ်မြို့နယ် “ဝ” တပ်ဖွဲ့ ထိန်းချုပ်လှုပ်ရှားသည့် နယ်မြေအတွင်း နိုင်ငံရေး ပါတီများ မဲဆွယ်စည်းရုံးခွင့် မရသေးကြောင်း စုံစမ်းသိရှိရသည်။

မိုင်းဆတ်မြို့နယ် အတွင်း “ ဝ” တပ်ဖွဲ့ထိန်းချုပ်လှုပ်ရှားသည့်နေရာကို တိုင်းရင်းသားပါတီများ ယနေ့တိုင် မဲဆွယ်စည်းရုံးခွင့်မရသေးသည့်အတွက် မေးခွန်းထုတ်စရာဖြစ်နေကြောင်းလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများက ပြောဆိုလိုက်သည်။

လက်ရှိမှာလည်း ၂၀၂၀ ရွေးကောက်ပွဲအတွက် မြို့နယ်အသီးသီးတွင် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်ထိ အသက် (၆၀) အထက် သက်ကြီးများအား ကြိုတင်မဲများ ပေးခွင့်ပေးနေပြီဖြစ်ကြောင်းသိရသည်။

သိုသော် “ ဝ ” ထိန်းချုပ်လှုပ်ရှားရာ နယ်မြေအတွင်း နိုဝင်ဘာ ၂ ရက် ယနေ့တွင် မိုင်းဆတ်မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့များ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ပါတီ မှ ကိုယ်စားလှယ်လောင်းများ က မဲရုံ သွားရောက်လေ့လာမည့် ခရီးစဉ်တွင် “ ဝ ” ဒေသ ဂိတ်မှ ဝင်ခွင့် မပြုဘဲ ၁ နာရီကျော် စောင့်ဆိုင်းနေခဲ့ရသဖြင့် လှည့်ပြန်ခဲ့ရကြောင်းသိရသည်။

“ ဒီနေ့ ကျနော်တို့ SNLD ပါတီက မဲရုံ (၇) ရုံကို သွားရောက်လေ့လာဖို့ “ဝ” ဒေသကို ဝင်ဖို့ ဂိတ်မှာ ၈ နာရီခွဲကနေ ၉ နာရီခွဲထိ စောင့်ပါတယ်။ အဲ့မှာ အဆင့်ဆင့် သတင်းပို့နေရတယ်။ အချိန်ကြာတဲ့အတွက် ပြန်လှည့်လာခဲ့ရတယ်။ အဲ့နောက်ပိုင်း ဘာမှ အဆက်အသွယ်မလုပ်တော့ပါဘူး” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ( SNLD) ကိုယ်စားပြု မိုင်းဆတ်မြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စိုင်းကျော်အောင် ကပြောသည်။

လက်ရှိမှာ ကြိုတင်မဲများ ထည့်နေရပြီးဖြစ်သကဲ့သို့ ရွေးကောက်ပွဲ ကျင်းပရန် (၅)ရက်သာ ကျန်သော်လည်း နိုင်ငံရေးပါတီများ မိုင်းဆတ်မြို့နယ် “ ဝ” ထိန်းချုပ်လှုပ်ရှားနေရာနယ်မြေကို မဲဆွယ်ခွင့်မရသေးကြောင်း စိုင်းကျော်အောင် က ဆိုသည်။

“ ဝ ထိန်းချုပ်တဲ့ နယ်မြေမှာ စည်းရုံးရေး တခါမှ မဆင်းရသေးပါဘူး။ ကျနော်တို့ ပါတီမှ မဟုတ်ဘူး။ တခြားပါတီတွေလည်း ဆင်းလို့ မရသေးဘူး” ဟု စိုင်းကျော်အောင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မိုင်းဆတ်မြို့နယ်တွင် “ဝ” တိုင်းရင်းသားလူမျိုး အများဆုံး နေထိုင်ရာ မြို့နယ်ဖြစ်ပြီး အနိုင်အရှုံးလည်း ၎င်းတို့ အပေါ် မူတည်ကြောင်း စိုင်းကျော်အောင် ကပြောသည်။

“မိုင်းဆတ်မှာ နေထိုင်တဲ့ တိုင်းရင်းသား အားလုံးကို ပြန်စိစစ်ကြည့်မယ်ဆိုရင် “ဝ” တိုင်းရင်းသားက အများဆုံးဖြစ်တယ်။ သူတို့က ဝ ပါတီကို ထည့်လိုက်ရင် ဝ ပါတီ အနိုင်ရမယ်။ NLD ပါတီကို ထည့်ရင် NLD ပါတီ အနိုင်ရလိမ့်မယ်။ ဒါပေမယ့် စည်းရုံးရေးဆင်းဖို့အတွက် အခက်ခဲဖြစ်တယ်” ဟု စိုင်းကျော်အောင် ကပြောသည်။

လက်ရှိအချိန်ထိ မဲဆွယ်စည်းရုံးခွင့်မရသည့် နေရာများကို မဲဆွယ်စည်းရုံးခွင့်ရရန် အတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း မိုင်းဆတ်ခရိုင် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ စိုင်းတူး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျနော်တို့လည်း သူတို့သွားလို့ရအောင်လည်း ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။ ကိုဗစ်ကြောင့်လည်းဖြစ်တယ်။ သူတို့ရွာထဲကို ဝင်မယ်ဆိုရင် သူတို့ ကိုဗစ် ကိစ္စနဲ့ ကျန်းမာရေး အရ စစ်ဆေးထားတာလည်း ဖြစ်တယ်။ ကျန်းမာရေး စိစစ်ထားတော့ သူတို့က ကိုဗစ်ကိုကြောက်လို့ ခုလောလောဆယ် ကျနော်တို့ကို ဆွေးနွေးထားပါတယ်။ ဒီကိစ္စတွေ အရေးကြီးတဲ့အတွက် အားလုံး မဲဆွယ်စည်းရုံးရေး ပေးဖို့ ညှိနှိုင်းပေးထားပါတယ်” ဟု စိုင်းတူး က ပြောသည်။

နိုင်ငံရေးပါတီ များ မဲဆွယ်စည်းရုံးခွင့်မရသည့် “ ဝ ” ထိန်းချုပ်ရာ နယ်မြေသည် မဲဆန္ဒရှင် ၄ သောင်းကျော်ရှိကြောင်း သိရသည်။

“ဒီနယ်မြေထဲ လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးဟောပြောခွင့် ကြေညာခွင့်တွေ မရှိတဲ့အတွက် ဒါ ကျနော်တို့အနေနဲ့ အများကြီး ထိခိုက်ပါတယ်။ တရားမျှတမှု မရှိဘူးလို့ ကျနော်တို့ မြင်မိပါတယ်” ဟု စိုင်းကျော်အောင် ကပြောသည်။

ဝ တပ်ဖွဲ့ ထိန်းချုပ်သည့် နယ်မြေအတွင်း တိုင်းရင်းသားပါတီများ လွတ်လပ်စွာ သွားလာမဲဆွယ်ခွင့်မရသဖြင့် တိုင်းရင်းသားပါတီများအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ လုံးဝ မဟုတ်ကြောင်းလည်း လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ( LNDP) ကိုယ်စားပြုပြီး မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော် နေရာဝင်ရောက် ယှဉ်ပြိုင်မည့် ဒေါ်အေးသီတာမြင့် က လွန်ခဲ့သည့် ရက်ပိုင်းတွင် သျှမ်းသံတော်ဆင့် ကိုပြောသည်။

“မိုင်းဆတ်နယ်ထဲက ဝ နယ်ထဲမှာ သွားလို့မရဘူး။ တိုင်းရင်းသားပါတီတွေလည်း သွားလို့မရဘူး။ ကျမတို့လည်း သွားလို့မရဘူး။ ၂ ရက်ကြိုတင်ပြီးမှ သွားရမယ်ပြောတယ်။ နောက် ဝ အကြီးအကဲတွေက ပိတ်ထားတယ်ပြောတယ်။” ဟု ဒေါ်အေးသီတာမြင့် ပြောသည်။

မိုင်းဆတ်မြို့နယ်တွင် အစိုးရတပ်မတော်၊ ဝ လက်နက်ကိုင်တပ်ဖွဲ့၊ လားဟူနယ်ခြားစောင့်တပ် နှင့် RCSS/SSA တပ်ဖွဲ့တို့ လှုပ်ရှားသည့်နေရာဖြစ်သည်။

မိုင်းဆတ်မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများမှာ ဝ အမျိုးသားပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရပ်တစ်ပါတီ နှင့်ပြည်ထောင်စု ကြံံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ တို့ဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article