Friday, April 19, 2024

မြေယာနဲ့လူထုအခွင့်အရေးကို တစိုက်မတ်မတ် တိုက်ပွဲဝင်ပေးနေတဲ့ လားရှိုးကျားခေါင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလျန်းခမ်း

Must read

သျှမ်းပြည်မြောက်ပိုင်း မြို့တော်လို့ လူများသိထားတဲ့ လားရှိုးမြို့မှာ တိုင်းရင်းသားပါတီ တွေ ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက် အနိုင်မရခဲ့တဲ့ ပြည်သူ့လွှတ်တော် နေရာမှာ လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလျန်းခမ်းက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

စိုင်းဝမ်းလျန်းခမ်းဟာ ၂၀၁၅ ခုနှစ်က လားရှိုးခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှာ အနိုင်ရခဲ့သူတဦးဖြစ်ပြီး လားရှိုးမြို့နယ် အတွင်း ပြည်သူတွေရဲ့ မြေယာပြဿနာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ နဲ့ပတ်သက်တဲ့ပြဿနာတွေကို ကြိုးစားဆောင်ရွက်ပေးမှုကြောင့် ပြည်သူလူထုကအားပေး ထောက်ခံခဲ့တဲ့ ကိုယ်စားလှယ်လောင်းတဦးလည်းဖြစ်ပါတယ်။

သူဟာ လက်ရှိမှာတော့ ၂နှစ်ဆက်တိုက် ကြံ့ခိုင်ရေးပါတီက အနိုင်ရထားခဲ့တဲ့ လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော်နေရာ ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့်သူဖြစ်ပါတယ်။

လားရှိုးမြို့နယ် အတွင်း မပြီးပြတ်သေးတဲ့ မြေယာပြဿနာတွေ ၊ ပြည်သူတွေလူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပိုပြီး ထိမိအောင် လုပ်ပေးချင်တာကြောင့် လားရှိုး ပြည်သူ့လွှတ်တော်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ရတဲ့အကြောင်းပြောဆိုထားပါတယ်။ သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်နွမ် က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ စိုင်းဝမ်းလျန်းခမ်း အနေနဲ့ ဘာကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နေရာ ကနေ ပြည်သူ့လွှတ်တော် နေရာကို ဝင်ရောက်ယှဉ်ပြိုင်ပါသလဲ။

ဖြေ။ ။ ကျနော် ဘာကြောင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာကိုဝင်ရောက်ယှဉ်ပြိုင်လဲဆိုတော့ လားရှိုးမြို့က သျှမ်းပြည်မြောက်ပိုင်းမြို့တော်ဖြစ်သလို သျှမ်းပြည်အတွက် အရေးကြီးတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ပြီးရင် ကျနော် ၅နှစ်လုံးမှာ လားရှိုးမြို့ အတွက် လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့် လားရှိုးမြို့ အတွက် အလားအလာကောင်းတယ်။ ပါတီကိုထောက်ခံတဲ့သူကလည်း အများကြီး ရှိလာတယ်။ ဒါကြောင့် ဒီတခေါက် ပြည်သူ့မှာ အနိုင်ရခဲ့ရင် လားရှိုးမြို့အတွက် ပိုပြီး အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နိုင်မယ်လို့ယုံကြည့်လို့ပါ။

မေး။ ။ အရင်က အမျိုးသားလွှတ်တော်နေရာ နဲ့ ပြည်သူ့လွှတ်တော် နေရာ လုပ်ဆောင်ချက်ကွာခြားချက်တွေက ဘာတွေရှိလဲ။။

ဖြေ။ ။ ဘာမှ သိပ်မကွာဘူး။ ပြည်သူ့မှာက အလုပ်ပိုလုပ်နိုင်လိမ့်မယ်။ အမျိုးသားမှာ က ၅ မြို့နယ်ကို ကြည့်နေရတယ်။ ၅ မြို့နယ်ထဲမှာဆိုရင် ကျနော်တို့ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီရှိတယ်။ ၃ မြို့နယ်က SNLD ပါတီရဲ့ အမာခံနယ်မြေတွေ ပါ။ ပြည်သူ့ လွှတ်တော် နေရာ ဝင်ပြိုင်လိုက်ခြင်းအားဖြင့် အမျိုးသားလွှတ်တော်နေရာ ဘက်မှာလည်း ကျနော်တို့လူ တယောက် နေရာပေးနိုင်လိမ့်မယ်။ လားရှိုးမြို့အတွက်လည်း ကောင်းစွာလုပ်ဆောင်နိုင်လိမ့်မယ်။

ပြည်ထောင်စုလွှတ်တော်ကတော့ အတူတူပါပဲ။ ဘာမှ သိပ်ကွာခြားချက်မရှိပါဘူး။ လားရှိုးမြို့နယ်အတွက် ပိုပြီးလုပ်နိုင်မှာပေါ့လေ။ အဲ့ကြောင့် လားရှိုးကိုရွေးလိုက်ခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လားရှိုးသည် မြို့ကြီးဖြစ်တယ်။ လူတွေ ကလည်း ပါတီကို ကြည့်ရုံမကဘူး လူပါကြည့်မှပါ။ SNLDအနေနဲ့ နာမည်မရှိတဲ့သူတွေ လူသိမများတဲ့ပုဂ္ဂိုလ် ယှဉ်ရင်ကျနော်တို့မဲရနိုင်ဖို့ အခွင့်လမ်းနည်းမယ်။

လားရှိုးမှာလည်း လူသိများ အလုပ်လည်း လုပ်ထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကနေပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။

မေး။ ။ ၂၀၁၀ ၊၂၀၁၅ ရွေးကောက်ပွဲတွေမှာ လားရှိုး ပြည်သူ့လွှတ်တော် က တကယ်ပါတီကြီးတွေရသွားခဲ့တယ်။ ပြီးတော့ ပြည်သူထိတွေ့မှုအားနည်းတာတွေတွေ့ရတယ်။ ဒါ့ကြောင့် တကယ်နိုင်ခဲ့မယ်ဆိုရင် ပြည်သူတွေအတွက် ဘယ်လိုတွေ လုပ်ဆောင်ပေးမလဲ။

ဖြေ။ ။ ၂၀၁၀- ၂၀၁၅ ခုနစ် ရွေးကောက်ပွဲတုန်းက အင်အား နည်းခဲ့ပါတယ် ထောက်ခံခဲ့သူတွေလည်း နည်းခဲ့တယ်။ ကျနော်တို့ လုပ်ပြနိုင်တဲ့အခွင့်အလမ်းတွေ မရှိခဲ့ဘူး။ အမျိုးသားလွှတ်တော်နေရာမှာ SNLD ပါတီ အနေနဲ့နိုင်ခဲ့တယ်ဆိုတော့ လုပ်ငန်း တွေလည်း အများကြီးဆောင်ရွက်ပေးနိုင်ခဲ့တယ်။ အဲ့ဒါတွေကြည့်ချင်းအားဖြင့် ဒီတခေါက်မှာတော့ အားရကျေနပ်မှုရှိပါတယ်။ လူအများလည်း ထောက်ခံလာပါတယ်။

နံပတ်(၁) က ကြိုတင်မဲကြောင့်ပါ။မြို့ကြီးတွေမှာက စစ်တပ် ကြိုတင်မဲတွေကြောင့် ပါတီ တွေ ခပ်များများ အနိုင်မရခဲ့ဘူး။ လားရှိုး၊တောင်ကြီး၊ မြစ်ကြီးနား စစ်တပ်တွေအများကြီးထိုင်တဲ့နေရာတွေမှာ ကြိုတင်မဲ ကိစ္စကြောင့် ပြောနိုင်ပါတယ်။

ဒီတခေါက်တော့ ကျနော်ဘာလုပ်ပေးနိုင်လဲဆိုတော့ လက်ရှိ ကျနော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေ မပြီးပါဘူး။ အများကြီးရှိပါတယ်။ မြေယာကိစ္စတွေ ဒီတခေါက်မှာ များကြီးဆောင်ရွက်နိုင်တယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းတွေမှာလည်း မြေယာမှုတွေ ငုတ်နေတာရှိတယ်။ တင်ပြမှုတွေ အားနည်းတယ်။

ကျနော်တို့ တက်လာတော့ ပြည်သူတွေက ယုံကြည်အားကိုးစွာနဲ့ မြေအမှုတွေ အများကြီးထွက်လာတယ် တိုင်ရဲလာတယ်။ တချို့ တွေ ဗမာစာ ဗမာစကားမကျွမ်းကျင်ပါဘူး။ ဒါတွေကို ကျနော်တို့ ဝိုင်းကူညီဆောင်ရွက်ပြီးတော့ မြေမှုတွေ အများကြီးထွက်လာပြီး ကိုယ့် မြေကို ပြန်ပိုင်ဆိုင်သွားတဲ့သူတွေရှိသလို၊ တချို့လည်း ထိုက်သင့်တဲ့ လျော်ကြေးငွေတွေရရှိတာတွေရှိလာတယ်။

မူးယစ်ဆေးဝါး ကိစ္စဆိုရင်လည်း ကျနော်တို့ ကြယ်ပွင့်ပြ အနေနဲ့ တင်ပြနိုင်ခဲ့တယ်။ လားရှိုးရဲ့အဓိက ပြဿနာက မူးယစ်ဆေးဖြစ်ပါတယ်။ မူးယစ်ဆေးပြဿနာတောင်မှ ပိုများပြီး လူတကာ ရပ်ကွက် တကာ လူစုဖွဲ့ ဓားခုတ်မှုတွေဖြစ်ခဲ့တယ်။

ဒီပြဿနာတွေကို အမျိုးသားလွှတ်တော်မှာ တင်ပြနိုင်တော့ ဥပဒေလည်းပြင်ဆင်လာနိုင်တယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ အရေးယူမှုတွေလည်းရှိလာတော့ ကျနော် ရဲ့ အမျိုးသားလွှတ်တော် ကနေ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ကြီးမားတဲ့ လုပ်ငန်းတွေပါ။

လားရှိုးထဲမှာ ကျနော်တို့ ရပ်ရွာတွေ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးတာတွေရှိတယ်။ လမ်းတွေ တံတားတွေ မကောင်းသေးဘူး။ တံတားတချို့ တွေ ဆောက်လက်စ ၂၀၁၀တုန်းက ဆောက်လုပ်ဆဲဟာတွေ က အသုံးမပြုရဘဲ ပျက်စီးသွားတယ်။ တံတားတွေ ဆောက်ထားတယ်။အသုံးမပြုရသေးဘူး။ ရေတိုက်စားပြီး ပျက်သွားတယ်။ အဲ့လိုဒေသတွေမှာ ဖွံ့ဖြိုးရေးအတွက် လမ်းတွေခင်းပေးဖို့ဆိုတာ မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော လုပ်ပြီးတဲ့ စာရင်းထဲပါသွားပြီလေ။ ဒါတွေ ကို ကျနော်တို့ လွှတ်တော်ကိုတိုင်တယ်။ ဝန်ကြီးဌာန တွေရဲ့ အားနည်းချက်တွေကို ကျနော်တို့ရှာတွေ့နိုင်ခဲ့တယ်။ မချပေးရင်မရဘူးဆိုပြီးတော့ ပြည်သူ့ဘဏ္ဍာတွေ အများကြီး အလကား ဖြုန်းတီးခဲ့တာတွေရှိတယ်။ အဲ့ဒါတွေကို ကျနော်တို့ပြန်ကြည့်ရှု့ စောင့်ရှောက်နိုင်ခဲ့တယ်။ လမ်းတွေ မီးတွေ လင်းလာတာတွေလည်း အများကြီးပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အများကြီးရှိပါတယ်။ လားရှိုးမြို့ က အကြီးပါ။ မြို့ထဲမှာ သာ အေးချမ်းပေမယ့် တကယ်မြို့နဲ့ အလှမ်းဝေးတဲ့နေရာမှာ လူ့အခွင့်အရေးချိုးဖောက်တာတွေ က အများကြီးပါ။အာဏာတွေ သုံးပြီးတော့ ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး ရွှေတူးကိစ္စတွေ တောင်သူလယ်ယာပျက်စီးတဲ့ကိစ္စတွေ လွှတ်တော်ထဲရောက်ပြီး ရပ်တန့်သွားတာတွေလည်းရှိပါတယ်။

အဲ့ကိစ္စတွေ ဆက်လုပ်ရမယ့်အပိုင်းတွေ အများကြီးရှိပါတယ်

မေး။ ။ သျှမ်းမြောက် လားရှိုးကိုကြည့်လိုက်ရင် တရားဥပဒေစိုးမိုးမှုမရှိဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုကလည်း အများဆုံးနေရာလို့တောင် ပြောလို့ရတဲ့နေရာတခုဖြစ်တယ်ဆိုတော့ အဲ့အရေးတွေ ဘယ်လို ဆောင်ရွက်သွား ဖြေရှင်းသွားမလဲ။

ဖြေ။ ။ အဓိက ဒီကငြိမ်းချမ်းရေးပါပဲ။ လက်နက်ကိုင် အဖွဲ့တွေလည်းတောင်းဆိုနေတဲ့ ငြိမ်းချမ်းရေး ပါပဲ။ အရင်အစိုးရ သက်တမ်းကနေ လက်ရှိ အစိုးရ သက်တမ်းအထိ ကြိုးစားဆောင်ရွက်နေခဲ့တာ ငြိမ်းချမ်းရေး ညီလာခံကနေ သွားရမှာပေ့ါလေ။ လက်မှတ်တွေထိုးဖို့ ထိုးစစ်ဆင်မှုတွေ ရပ်တန့်ဖို့တွေ က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်အရမ်းမူတည်တယ်။ တဖွဲ့နဲ့တဖွဲ့ မပြေတာရှိရင် ကျနော်တို့ ပြည်သူတွေ အရမ်းဒုက္ခရောက်ပါတယ်။

ကျနော်တို့ လွှတ်တော်ကနေ တဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံရနေရလာတာကို လွှတ်တော်မှာ အတည်ပြုဖို့အတွက် ကျနော်တို့ကတော့ စောင့်ကြိုလုပ်ဆောင်ရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တိုက်ပွဲတွေရှိနေတယ် ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ဘာမှ မဆောင်ရွက်နိုင်ပေမယ့် လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြည်သူတွေကို ကျနော်တို့က အမြဲတမ်းထိတွေ့နေဖို့လိုပါတယ်။ ဖြစ်ဖြစ်ချင်းမှာ ကျနော်တို့ကူညီနိုင်တာများပါတယ်။ ကျနော်တို့ ပြောရဲတာ တခုက ဖြစ်လာရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိလာရင် ရဲရဲရင့်ရင့် သွားပြီး ကူညီတာ လုပ်တာ SNLD လွှတ်တော်ကိုယ်စားလှယ်တွေပဲရှိပါတယ်။

မေး။ ။ လက်ရှိ ကိုဗစ်-၁၉ ကာလလည်းဖြစ်နေတော့ မဲဆွယ်စည်းရုံးရေး ကရော ဘယ်လိုအခက်အခဲ ဘယ်လို အခြေအနေရှိပါသလဲ။

ဖြေ။ ။ ကိုဗစ်-၁၉ ကြောင့် ကျနော်တို့အများကြီး ဒုက္ခရောက်ရတယ်။ လူစု၊လူဝေး မလုပ်ရဘူး။ ကျနော်တို့ကို ထောက်ခံတဲ့ပြည်သူတွေက များတော့ တစုတစည်းတည်းမတွေ့နိုင်ဘူး။ ခွဲပြီးတွေ့ရတော့ ပင်ပင်ပန်းပန်း နဲ့ သွားလာလှုပ်ရှားနေရတယ်။ မြို့ဝင်၊ထွက်တွေမှာလည်း ထောက်ခံချက်တွေလိုတော့ ကျနော်တို့စည်းရုံးရေး သွားလာတဲ့ လှုပ်ရှားတယ် ပါတီ ထောက်ခံသူတွေအတွက် နည်းနည်းတော့ အလုပ်များတယ်။ ထောက်ခံချက်ယူရတာတွေပေါ့။ လူတွေကလည်း ရောဂါ ကိုစိုးရိမ်ကြတဲ့အတွက် ကျနော်တို့ မဲဆွယ်တဲ့နေရာမှာ စိတ်ပါဝင်စားမှု အားနည်းတာတွေလည်းရှိပါတယ်။ ဒီလို အခက်အခဲတွေရှိပါတယ်။ ကျန်းမာရေး ညွှန်ကြားချက်အတိုင်းကျနော်တို့ မမှိတ်မသုန် လိုက်နာ ပါတယ်။ လူအများကြီးမတွေ့နိုင်ဘူး လူ၅၀ ပဲတွေ့ရမယ်ဆိုတော့ ကျနော်တို့ ၂ဖွဲ့၊ ၃ဖွဲ့ ခွဲပြီးတော့ တွေ့ပါတယ်။ ကိုယ်စားလှယ်လောင်းတွေကို အတူမသွားရဘူး။ တယောက်တနေရာသွားရတယ်။

အလုပ်တော့များလာပါတယ်။

မေး။ ။ မဲဆွယ်စည်းရုံးသွားတဲ့အခါမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကနေ အဟန့်အတားတွေလုပ်တာ ခြိမ်းခြောက်တာတွေရောရှိလား။

ဖြေ။ ။ မဲဆွယ်စည်းရုံးရေး အတွက်ခွင့်မပြုတာတွေတော့မရှိဘူး။ ဒါပေမယ့်ကျနော်တို့ မဲဆွယ်သွးတဲ့အခါမှာ စစ်ကြောင်းတွေကို တွေ့ရတယ်။ စစ်ကြောင်းတွေ ရွာထဲရောက်တော့ သက်ဆိုင်ရာ ရွာသူကြီးတွေကလည်း ကျနော်တို့ကို လူမစုပေးရဲဘူး။ အဲ့လိုတွေရှိတယ်။ ရက်ရွှေ့လိုက်ရတဲ့အနေအထားတွေရှိပါတယ်။ နောက်နေ့သွားတော့ အေးအေးဆေးဆေးပါပဲ။

မေး။ ။နောက်ထပ် ရွေးကောက်ပွဲနဲ့ ပတ်သက်ဖို့ဘာထပ်ပြောချင်လဲ။

ဖြေ။ ။ ကျနော်က နိုဝင်ဘာ ၈ရက် ကျရင် မဲလာပေးကြဖို့ ကျနော်တို့ တောင်းဆို ချင်ပါတယ်။ နဂိုအထဲက ကျနော်တို့တွေ အခက်အခဲတွေအများကြီးရှိတဲ့ တိုင်းပြည်ထဲမှာ အခက်အခဲရှိတဲ့ဒေသမှာ မဲပေးမှုတွေ နောက်မဆုတ်ပါနဲ့ အားမလျော့ပါနဲ့ မဲ မပေးလိုက်ရခြင်းကြောင့်ဖြစ်လာမယ့် ကိုယ်စားလှယ်သည် ကိုယ့်အတွက် ဆောင်ရွက်ပေး နိုင်ဖို့ ကိုယ့်ကိုကိုယ်ရွေးချယ်တဲ့ အနေအထားမှာဖြစ်တယ်။ မဲပေး ဖို့လည်းအရေးကြီးပါတယ်။ ဒီလို ရောဂါဖြစ်နေချိန် တိုင်းပြည်က အကျပ်အတည်းတွေဖြစ်နေတယ် စီးပွားရေးတွေ အခက်အခဲဖြစ်နေတယ်။ ကူးသန်းရောင်းဝယ်ရေး အဆင်မပြေဘူး မကြာခဏ တိုက်ပွဲတွေ စစ်ေဘေးရှောင်နေရတယ်။ ကျန်းမာရေး ပညာရေး လူမှုရေး အဖက်ဖက် နိမ့်ကျနေတာတွေကို ပြန်ကုစားဖို့အတွက် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လိုပါတယ်။ ကိုယ်စားပြုဖို့အတွက် ကိုယ်စာလးှယ်မှသာလျှင် ကျနော်တို့ လိုအပ်တဲ့ အရာကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တဲ့အတွက် အားလုံး မမေ့မလျော့ မဲလာပေးဖို့လိုပါတယ်။

ကျနော် စိုင်းဝမ်းလျန်းခမ်းက ၅နှစ်တာမှာမရပ်မနား မမှိတ်မသုန် အလုပ်ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ကျနော်ကို မဲပေးဖို့ ကျားခေါင်းပါတီကို မဲပေးဖို့ တိုက်တွန်းတောင်းဆိုချင်ပါတယ်။

နောက်တခုကကျနော်တို့လားရှိုးအနေနဲ့ မယ်ဟန်အုပ်စု ပြန်ပါလာတဲ့အတွက် ဝမ်းသာပါတယ်။ လားရှိုးသားတွေအတွက် ဝမ်းသာပါတယ်။ တခြားနေရာတွေမပါတဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါက အစိုးရ အားနည်းချက် ကော်မရှင်ရဲ့အားနည်းချက်တွေဖြစ်ပါတယ်။ သူတို့က အောက်ခြေကို စုံစမ်းမေးမြန်းသင့်ပါတယ်။ ရွေးကောက်ပွဲကို ပယ်ဖျက်လိုက်ရတဲ့ ဒေသတွေ မိုင်းကိုင် ကျောက်မဲအတွက် စိတ်မကောင်းဖြစ်ပါတယ်။

နောင်တချိန် ကျရင် စည်းစည်းလုံးလုံးနဲ့ သျှမ်းပြည်တခုလုံးမဲပေးနိုင်ဖို့ လိုအပ်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article