Tuesday, January 27, 2026

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

သျှမ်းလူထုထောက်ခံမှု အများဆုံး ရရှိထားသော နိုင်ငံရေးပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီသည် စစ်ကောင်စီမှ အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်ကို၂၀၂၅ မေလ ပထမပတ်အတွင်း ပြန်လည်ဆွေးနွေး သုံးသပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ၂၀၂၅ ဒီဇင်ဘာလကုန်ပိုင်း သို့မဟုတ် လာမည့်နှစ် ၂၀၂၆ ဇန်နဝါရီ လဆန်းပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပရန် စစ်ကောင်စီဘက်ကပြင်ဆင်နေပြီး နိုင်ငံရေးပါတီ ၅၀ ကို မှတ်ပုံတင်ခွင့်ပြု၍ ပါတီသစ်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၂၁ ခုရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ UEC က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

စိုင်းလိတ်

မေး ။        ။ လတ်တလောမှာ SNLD ပါတီအနေနဲ့ စစ်ကောင်စီရဲ့ UEC မှာ မှတ်ပုံတင်/မတင်ကိစ္စ ဆွေးနွေးခဲ့ကြတယ်လို့ ကြားသိရပါတယ်။ဆွေးနွေးမှုရလဒ်က ဘယ်လိုအခြေအနေ ရှိပါသလဲ။

ဖြေ ။        ။ ပထမဆုံး ပြောချင်တာက SNLD အနေနဲ့ UEC မှာ မှတ်ပုံတင်/မတင် ကိစ္စ မဆွေးနွေးဘူးခင်ဗျ၊ အဲ့ဒီ ခေါင်းစဉ်နဲ့ ဆွေးနွေးတာမဟုတ်ဘူး။ သတင်းတွေမှာ ပျံ့နေသလို SNLD က မှတ်ပုံတင်ဖို့ မတင်ဖို့ ဆွေးနွေးခြင်း လုံးဝ မရှိဘူး။

၂၀၂၃ မတ်လ ၁၇ ရက်ကတည်းက ကျနော်တို့ ကြေညာချက် ထုတ်ပြန်ပြီးသား ဖြစ်တယ်။ စကစရဲ့ UEC ဆီမှာ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ချက်ချထားပြီးသား ဖြစ်တယ်။ အဲ့ဒီ ဆုံးဖြတ်ချက် ချထားတာကို ပြန်ပြီးသုံးသပ် Review လုပ်တာ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေ အရပ်ရပ်ကို ချင့်ချိန်ပြီးတော့မှ ကျနော်တို့ ဆုံးဖြတ်ထားတာဟာ ဘယ်လောက်ထိ မှန်ကန်ထိရောက်သလဲ ဆိုတဲ့အပေါ်မှာ ပြန်ပြီး  Review လုပ်ခြင်းပဲလို့ ရှင်းပြလိုပါတယ်ခင်ဗျ။

မေး ။        ။ အခု စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲက မြန်မာတစ်နိုင်ငံလုံးကော၊ သျှမ်းပြည်အတွက်ကော ဘယ်လိုသက်ရောက်မှု ရှိလာနိုင်လဲ။ အကယ်၍ စကစရဲ့ UEC မှာ မှတ်ပုံမတင်တဲ့အခါ ဘယ်လို အကျိုးအပြစ်တွေ ရှိလာမလဲ၊ ပြည်တွင်းမှာ လှုပ်ရှားနေတာတွေ ဘယ်လိုသက်ရောက်မှု ဖြစ်လာနိုင်လဲ။

ဖြေ ။        ။ သူလုပ်မယ့် ရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာလထဲမှာ လုပ်မယ်လို့ ပြောပေမယ့် အခုထိ တိကျသေချာတဲ့ သဘောမျိုး မတွေ့ရသေးပါဘူး။ UEC ဒုတိယ ဥက္ကဋ္ဌကို ထပ်ခန့်တာ ရှိတယ်၊ ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောတယ်။ ဒါပေမယ့် အချိန်ဇယား အတိအကျ ထွက်မလာသေးဘူး။

အဲ့တော့ သူကိုယ်တိုင် စကားကျွံ နှုတ်ကျွံထားလို့သာ ဆက်ပြောနေတယ်၊ တိကျသေချာတဲ့ အချိန်ဇယား Schedule ထွက်မလာသေးဘဲနဲ့ သူ့ရွေးကောက်ပွဲဟာ ကံသေကံမ ဖြစ်မယ်လို့ ကျနော်တို့ မယုံကြည်ပါဘူး။ အဲ့ဒါကြောင့် ရွေးကောက်ပွဲရဲ့ ရိုက်ခတ်မှုအပေါ်မှာ ကျနော်တို့ သီးခြားသုံးသပ်နိုင်တဲ့ အနေအထားမျိုး မရှိပါဘူးခင်ဗျ။

မေး ။        ။ လက်ရှိမှာဆိုရင် စစ်ကောင်စီခေါင်းဆောင်က ရုရှားသွားတယ်၊ တရုတ်သမ္မတနဲ့ တွေ့တယ် ဒီလိုနိုင်ငံကြီးတွေရဲ့ ထောက်ခံမှုတွေ ရလာတယ်။ ၂၀၂၃ ခုနှစ်က စပြီးတော့ တရုတ်နိုင်ငံဘက်က SNLD ပါတီကို စကစရဲ့ UEC မှာ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့ပြောဆိုခဲ့တာ ရှိတယ်လို့ ကြားသိရပါတယ်၊ SNLD အနေနဲ့ တရုတ်ရဲ့ ဘယ်လိုဖိအားတွေနဲ့ ရင်ဆိုင်နေရလဲ။

ဖြေ ။        ။ တရုတ်အနေနဲ့ ကျနော်တို့အပေါ် တစုံတရာ ဖိအားပေးခြင်း မရှိပါဘူး။ တရုတ်အစိုးရကိုယ်တိုင် ကျနော်တို့ကို တရားဝင် ကမ်းလှမ်းပြီးတော့မှ၊ တရားဝင် အသိပေးပြီးတော့မှ သူတို့ရဲ့ သဘောထားမှတ်ချက် ပေးပို့တာ မရှိဘူး။ ပုံမှန်တွေ့နေကျ တရုတ်သံရုံး ဒါမှမဟုတ် တရုတ်သံရုံးထဲမှာ လုပ်နေတဲ့ နိုင်ငံရေး Sector ကိုင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သဘောထားလို့ပဲ ကျနော်တို့ ယူဆပါတယ်။

အဲ့တာကတော့ ဖြစ်နိုင်ရင် SNLD အနေနဲ့ UEC မှာ မှတ်ပုံတင်မယ်ဆိုရင် နိုင်ငံရေးအရ ပိုပြီးတော့ လူးသာလွန့်သာ ရှိလိမ့်မယ်လို့ သူတို့ပြောတဲ့သဘောလောက်ပဲ ကျနော်တို့ လက်ခံရရှိပါတယ်။ တကယ်လို့ မှတ်ပုံမတင်ဘူး ဆိုရင်လည်းပဲ ကျနော်တို့နဲ့ ဆက်ဆံရေးက အမြဲမပြတ် ဆက်ရှိနေမှာပဲ။

ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သည့်ထက် ရင်းရင်းနှီးနှီး ထဲထဲဝင်ဝင် ဆွေးနွေး လက်တွဲလုပ်ကိုင်ဖို့ ဆိုရင်တော့တင်ထားရင်တော့ ကောင်းတာပေါ့ဗျာ၊ အနည်းဆုံးအားဖြင့် ကျနော်တို့အနေနဲ့ ခင်ဗျားတို့ကို တရားဝင် ဖိတ်ခေါ်ပြီးတော့မှ အထက်က အစိုးရအရာရှိတွေနဲ့ ဆွေးနွေးတာမျိုးအဆင့် လုပ်နိုင်မှာပေါ့လို့ အဲ့လိုပဲ ပြောပြုကြတာ ရှိပါတယ်ဗျ။ တခြား သီးသန့်ဖိအားပေးတာမျိုး ဘာတစ်ခုမှ မရှိပါဘူး။

မေး ။        ။ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး နိုင်ငံရေးသဘောတူညီမှုကြိုတင်ရယူတာမျိုး လုပ်သင့်တယ်ဆိုတဲ့ အယူအဆကို SNLD အနေနဲ့ ဆက်လက်ကိုင်စွဲထားတုန်းပဲလား၊ ဘာကြောင့်လဲ။

ဖြေ ။        ။ အဲ့ဒါက ကျနော်တို့ လက်ရှိအနေအထားအရ အဲ့ထက်ကောင်းတဲ့ အခင်းအကျင်းမျိုး မရှိဘူးလို့ ယုံကြည်တယ်၊ အဲ့အတိုင်းပဲဆက်လက်ရပ်တည်တယ်။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဘယ်သူပဲလုပ်လုပ်ပေါ့၊ စကစ လုပ်တာမလို့ ကျနော်တို့ပြောတာ မဟုတ်ဘူး။

ဘယ်အချိန်မှာပဲ ရွေးကောက်ပွဲလုပ်သည်ဖြစ်စေ နိုင်ငံရေးသဘောတူညီချက် မရှိဘဲနဲ့ ပြည်ထောင်စု ကောင်းရာကောင်းကျိုးအတွက်အထူးသဖြင့် စစ်ဘောင် ကျုံ့သွားပြီးတော့ နိုင်ငံရေးဘောင် ကျယ်အောင်လုပ်နိုင်တဲ့ အနေအထား၊ အဲ့လိုမျိုး အနေအထားကို သွားဖို့ တွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းမရှိဘူး။

အဲ့လိုမျိုး မလုပ်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲက ဘယ်တော့ပဲလုပ်လုပ် ပြည်တွင်းစစ်သံသရာ ဆက်လည်နေဦးမှာပဲ။ နောက်တက်လာတဲ့လွှတ်တော်တို့၊ အစိုးရတို့ ဆိုတာလည်း နိုင်ငံရေးအာမခံချက် ဘယ်လိုမှ မရှိတဲ့အတွက်ကြောင့်မလို့ ဒီပြည်ထောင်စုကြီး ဆက်လက်အေးချမ်းတည်ငြိမ်အောင် ထိန်းသိမ်းသွားနိုင်ဖို့ဆိုတာ မမြင်ဘူး။

အဲ့တာကြောင့် ဘာမှ နိုင်ငံရေးအာမခံချက် မရှိတဲ့၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ နောက် လူထုသဘောကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့၊ ရွေးကောက်ပွဲစနစ်တို့ မဟုတ်ဘဲနဲ့ တစ်ဖက်သက် ရေးဆွဲထားတဲ့ မူအတိုင်း ဥပဒေအတိုင်း ဒီတိုင်းပဲဆက်သွားမယ်ဆိုရင် ဒါဟာ နိုင်ငံရေးအဖြေ မဟုတ်ဘူး။

နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ကျနော်တို့ ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်လို့ ဖြေကြားလိုပါတယ်ခင်ဗျ။

မေး ။        ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားကို ဒုတိယအကြိမ် သွားတဲ့အချိန်မှာ တရုတ်သမ္မတနဲ့ တွေ့တဲ့အချိန် ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ပေးမယ်လို့ ပြောဆိုခဲ့တယ်။ အခြားတစ်ဘက်မှာ အာဆီယံကလည်း ကန့်ကွက်ထားတဲ့ကြားက စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အသုံးပြုပြီး သူ့ရဲ့ နိုင်ငံရေးထွက်ပေါက်ရှာတာမျိုး ဖြစ်သွားမလား ဆိုတာကို သုံးသပ်ပေးပါဦး။

ဖြေ ။        ။ သူ့ရဲ့ ကြိုးပမ်းချက်ကတော့ အဲ့အတိုင်းပဲပေါ့၊ အဲ့ဒီရည်မှန်းချက်နဲ့ လုပ်တယ်လို့တော့ ယူဆလို့ ရကောင်းရမှာပေါ့။ ဒါပေမယ့် သူ့အပေါ်မှာ ကျနော်တို့ ဘယ်လောက်အထိ ယုံကြည်စိတ်ချရမလဲပေါ့။ ၂၀၂၁ မှာတုန်းက အာဆီယံက ဆုံးဖြတ်ချက် (၅) ချက် ချမှတ်ခဲ့တယ်။

အဲ့ထဲမှာ အရေးကြီးဆုံး အချက်ကတော့ ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး၊ Humanitarian Ceasefire လို့ နောက်ဆုံးသုံးတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ရယူရေးနဲ့ Ceasefire အပစ်ရပ်ဖို့ ကြိုးပမ်းကြမယ်၊ Dialogue တွေ့ဆုံဆွေးနွေးရေး လုပ်မယ်ပေါ့နော်။ ဒီ (၃) ခုကအခုထက်ထိ ဘာတစ်ခုမှ မပေါ်ပေါက်သေးပါဘူး။

အတိုက်အခံတွေကို ခေါ်ပြီးမှ ဒိုင်ယာလော့ခ် လုပ်ဖို့ဆိုတာကလည်း ကျကျနန စဉ်းစားစီစဉ်ဆောင်ရွက်တာမျိုးလည်း တစ်ခုမှ မရှိသေးပါဘူး။သူနဲ့ နီးစပ်တဲ့ နိုင်ငံရေးပါတီ အသိုင်းအဝိုင်းလောက်နဲ့ပဲ ပြီးသွားတယ်။ ဆိုတော့ သုံးလေးနှစ်တာ ကာလမှာ ပေးထားတဲ့ ကတိကဝတ်တောင်မှဘာတစ်ခုမှ အကောင်အထည် မပေါ်ဘဲနဲ့ သူလုပ်မယ့် ရွေးကောက်ပွဲဆိုတာကို ဘယ်ပေတံနဲ့ တိုင်းတာပြီး ယုံကြည်လို့ ရမလဲပေါ့နော်။

ဟုတ်တယ် ဘင်းမ်စတက်မှာ သူပြောတာ ရှိတယ်၊ ရုရှားမှာ ဘီလာရုစ်မှာ သူပြောတာ ရှိတယ်။ သို့သော် ရက်စွဲ အတိအကျ မဟုတ်ဘူး၊ဒီဇင်ဘာလထက်မစော နောက်ထပ် ဇန်နဝါရီလထက် နောက်မကျ ဆိုတဲ့ဟာပဲ ပြောနေတယ်။ အခု ဘယ်လိုရွေးကောက်ပွဲ နည်းနာမျိုးကို သူသုံးမလဲ၊ ရွေးကောက်ပွဲဥပဒေတောင် ထွက်မလာသေးဘဲနဲ့ ကျနော်တို့က အဲ့ဒီအပေါ်မှာ ယုံကြည်သက်ဝင်ဖို့ဆိုတာ အင်မတန်ကို ခက်ခဲပါတယ်။

ဒါကြောင့်မလို့ သူ့အနေနဲ့ ဒီအပေါ်မှာ ရွေးကောက်ပွဲကို အသုံးချပြီးမှ၊ ရွေးကောက်ပွဲကို အပြ လုပ်ပြီးတော့မှ သူ့ရဲ့နိုင်ငံရေးထွက်ပေါက်ရဖို့ကြိုးပမ်းတယ် မှန်ခဲ့ရင်တောင်မှပဲ အဲ့ဒီထွက်ပေါက်ဟာ သူ့အတွက် ထွက်ပေါက် ဖြစ်ရင်တောင်မှပဲ တိုင်းပြည်အတွက် ထွက်ပေါက် မဖြစ်နိုင်ပါဘူး။ ကျနော်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံချက် ပေးနိုင်တဲ့ ဖက်ဒရယ် ပေါ်ပေါက်ရေးအတွက် ထွက်ပေါက် မဖြစ်နိုင်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ပြီးတော့ တိုင်းပြည်တည်ငြိမ်ဖို့အတွက် ထွက်ပေါက်မဖြစ်နိုင်ဘူး၊ အဲ့အတိုင်းပဲ ကျနော်ကတော့ သုံးသပ်ပါတယ်။

မေး ။        ။ လက်ရှိမှာ စစ်ကောင်စီရဲ့ UEC မှာ မှတ်ပုံတင်ထားတဲ့ အခြားသော သျှမ်းနိုင်ငံရေး ပါတီတစ်ခုလည်း ရှိနေတော့ SNLD ပါတီအနေနဲ့ စစ်ကောင်စီရဲ့ UEC မှာ မှတ်ပုံမတင်တဲ့အခါ သျှမ်းပြည်နိုင်ငံရေးကိစ္စတွေမှာ ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားနိုင်လား။

ဖြေ ။        ။ ဒါက အထွေအထူး ကိစ္စတော့ မဟုတ်ပါဘူး။ သျှမ်းပြည်အရေးကိစ္စမှာ လက်နက်ကိုင် တော်လှန်လာတာ ဘာဖြစ်လို့လဲဆိုတော့နိုင်ငံရေးအရ အဖြေမရခဲ့လို့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်ခဲ့လို့ပေါ့နော်။ ရှင်းရှင်းပြောရရင် ပင်လုံကတိကဝတ်ပေါ်မှာချိုးဖောက်ခဲ့လို့၊ အဲ့တာနဲ့ ၁၉၅၈ မှာ တော်လှန်ရေး စတင်ခဲ့တယ်။

ဒီနေ့ ဒီအချိန်ထိ ကျနော်တို့ ရယူချင်တဲ့ ကိစ္စက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ဖြစ်တယ်။ အဲ့လိုမျိုး လုပ်ဖို့ဆိုရင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ သွားလို့မရဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို SNLD ကိုယ်တိုင် တိုးဝင်ပြီးတော့မှ ဥပဒေဘောင်ထဲကနေ ကြိုးပမ်းတယ်၊ ဒါပေမယ့် တစ်ခါမှ စစ်တပ်ဘက်က လိုက်လျောခြင်း မရှိဘူး။

နောက်ဆုံးတစ်ခု ၂၀၂၁ မှာ အာဏာသိမ်းလိုက်တဲ့ စစ်တပ်က ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ အစိုးရ မဟုတ်ဘူး၊ ဥပဒေဘောင်ထဲကအစိုးရ ဖြစ်မနေဘူး။ အဲ့ဒီအခါမှာ ကျနော်တို့ဘက်က ကိုယ်လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိရေး ဆိုတာကို ယုံကြည်လက်ခံလို့ မရဘူး၊ စိတ်ချလို့ မရဘူး။

ဒီတော့ လွှတ်တော် အခင်းအကျင်းတစ်ခု၊ လူထုပါဝင်တဲ့ အစိုးရတစ်ခု ပေါ်ပေါက်စေချင်ရုံနဲ့ သွားကြမယ်ဆိုရင်လည်း သွားတဲ့လူရဲ့ ဆန္ဒအတိုင်းပဲ။ လူထုကိုယ်တိုင်က နားလည် သဘောပေါက်နေပြီးသားလို့ အများစုကို ကျနော်ယုံကြည်ပါတယ်။ ဒါဟာ ရေရှည် စစ်အာဏာရှင်စနစ်ကို လက်ခံဖို့ နောက်ထပ် ဝတ်ရုံတစ်မျိုး ဒါမှမဟုတ် နောက်ထပ် အရောင်တစ်မျိုး ထပ်ဆိုးတာပဲ ဖြစ်တဲ့အတွက်ကြောင့်မလို့ လူထုကိုယ်တိုင်ကပဲ အဆုံးအဖြတ် ပေးသွားလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်ခင်ဗျ။

မေး ။        ။ အခုကိစ္စတွေနဲ့ ပတ်သက်ပြီး မမေးမိတာ၊ အခြားသော ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ ။        ။ နောက်ဆုံးတစ်ခွန်းပဲ ပြောချင်ပါတယ်၊ ကျနော်တို့ နိုင်ငံရေးက စစ်ဖိနပ်အောက်မှာ သံသရာလည်နေတာ နှစ် (၇၀) ကျော်ပါပြီ။နိုင်ငံရေးအစစ်ကိုပဲ လုပ်ကြရအောင်၊ အမျိုးသားရေးအစစ်ကိုပဲ လုပ်ကြရအောင် နောက်ဆုံးတစ်ခွန်း အားလုံးကို လက်ဆောင်ပါးလိုပါတယ်ခင်ဗျ။

မေး ။        ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ ။        ။ ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

ယနေ့ … ဈေးနေ့ … ဖြစ်သည်

0
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့် အသံများကိုတော့ ကြားနေရသည်။ အနီးရောက်မှ ဖြတ်ကနဲ ဝင်လာသည့် လူတစ်ယောက်ကို ကျွမ်းကျင်စွာ ရှောင်လိုက်နိုင်သည်။ အားလုံးက ဒီအခြေအနေကို ကျင့်သားရနေကြပြီပဲ ဖြစ်သည်။ မနက် ၃ နာရီခန့်ကတည်းက ဈေးထဲ ရောက်နေပြီ ဖြစ်ကြသည်။ မကြာခင်...