အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။
အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆) ချက်ကို မတ်လ (၃၀) ရက်တွင် NUG မှ ထုတ်ပြန်ကြေညာခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ပူးပေါင်း၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းခဲ့သည်။
ထို့အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ စိုင်းညွန့်လွင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ရခိုင်အမျိုးသားပါတီ ALP ဥက္ကဋ္ဌ ဦးသာထွန်းလှ တို့ ဦးဆောင်သော ပြည်တွင်းနိုင်ငံရေး အင်အားစုများလည်း “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ PCB” ကို ဖွဲ့စည်းပြီး အချက် (၉) ချက် ပါဝင်သည့် ဆန္ဒသဘောထားကို မတ်လ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် ငါးနှစ်အကြာတွင် နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ဘက်အသီးသီးမှ ကြိုးပမ်းအားထုတ်မှုများ ရှိနေစဉ် ၂၀၂၆ နှင့် ၂၀၁၀ နိုင်ငံရေးအပြောင်းအလဲများကို နှိုင်းယှဉ်သုံးသပ်နိုင်ရန် သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ မြန်မာ့နိုင်ငံရေးသုတေသီ ဒေါက်တာစိုင်းကြည်ဇင်စိုး ထံ ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ဘာကြောင့် ပြည်သူ့လွှတ်တော် အစုအဖွဲ့ကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာလဲ။
ဖြေ ။ ။ ဖြစ်နိုင်တာ တစ်ခုကတော့ လွှတ်တော်က ရွေးကောက်ခံ အမတ်တွေကနေ တင်သွင်းတဲ့ သမ္မတဆိုတဲ့ဟာ၊ ပြီးတော့ သူ့အနေနဲ့ ဒါမျိုးဆိုရင် ရွေးကောက်ခံနဲ့ နီးစပ်တယ်လို့ ယူဆလို့ ရွေးတဲ့သဘောမျိုး အဲ့လို ယူဆလို့ရတယ်။ ဘယ်လိုဖြစ်ဖြစ် သူကတော့ သမ္မတ ဖြစ်မှာ ကျိန်းသေတယ်။ ဒါပေမဲ့ လွှတ်တော်ကနေ တင်သွင်းပြီးတော့ ဖြစ်လာတဲ့ သမ္မတပေါ့၊ သူက အဲလိုမျိုး ဖြစ်ချင်ပုံရပါတယ်။
မေး ။ ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အိပ်မက်မက်ခဲ့တဲ့ သမ္မတ ဖြစ်ရေးအတွက် ကြိုတင်စီမံထားတဲ့ ဇာတ်ညွှန်းအတိုင်း ကျိန်းသေ ဖြစ်လာတာလား။
ဖြေ ။ ။ သူစီမံထားတာကတော့ သမ္မတဖြစ်ရေး တစ်ခုတည်းတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့နော် တခြားဟာတွေလည်း ပါမယ်။ ဒါပေမဲ့ ကျိန်းသေတာကတော့ အခုအချိန်ထိ သူဖြစ်သွားတဲ့ အခြေအနေရော၊ ဒီအချိန်ထိ ရောက်လာတဲ့ ဟာတွေက သူစီစဉ်ထားတဲ့အတိုင်း သူ အကွက်ချထားတဲ့အတိုင်း အကုန်လုံး ဖြစ်လာတဲ့ သဘောလို့ မြင်လို့ရတယ်။
အဲတော့ ဒီဟာကြီး အကုန်လုံးက နိုင်ငံတကာ အသိအမှတ်ပြုမှု ရဖို့ရယ်၊ နောက် ပြည်တွင်း စေ့စပ်ညှိနှိုင်း ဆွေးနွေးနိုင်ဖို့ရယ်။ ပြီးသွားရင် သူ့ရဲ့ အဓိက တပ်မတော်ရဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ စစ်တပ်အာဏာကို စုစည်းခိုင်မာ ကျစ်လစ်အောင် လွှတ်တော်ယန္တရား၊ ပြီးရင် နိုင်ငံရေး ဘောင်အတွင်းမှာ အဲလို ထိန်းသိမ်း စုစည်းနိုင်အောင် လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် အခု သူတို့ အကောင်အထည် ဖော်နေတယ်ဆိုတဲ့ သဘောမျိုး နားလည်ရတယ်။ အဲဒါကိုလည်း အခုအချိန်ထိမှာ သူ အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်တဲ့ သဘော ရှိနေတယ်လို့ မြင်နေရတယ်။
မေး ။ ။ မတ်လဆန်းထဲမှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် ပြည်ထောင်စု အတိုင်ပင်ခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့တယ်။ အဲဒီ ဥပဒေအရ ဘယ်လို ထိန်းချုပ်မှုတွေ၊ ဘယ်လို အာဏာခွဲဝေမှုတွေ ဖြစ်လာနိုင်လဲ။
ဖြေ ။ ။ အဲဒီဥပဒေက အရင် ဒေါ်အောင်ဆန်းစုကြည်ခေတ်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တဲ့ ရာထူး ပုံစံနဲ့ သဘောတူတယ်။ ဒါပေမဲ့ သူတို့ကတော့ ဥပဒေပြုပြီးတော့ ပြင်ဆင်တဲ့သဘော။ ပြီးရင် ဒါက သမ္မတကနေပြီးတော့ ခန့်ထားရွေးချယ်မယ့် သဘောလို့ ကျွန်တော်တို့ နားလည်ရတယ်။ အဲဒီ ကောင်စီလာက နိုင်ငံတော် အတိုင်ပင်ခံ ကောင်စီက နေပြီးတော့ ဒီအာဏာသုံးရပ်စလုံးကို တိုက်ရိုက် ထိတွေ့ပြီးတော့ အကြံပေး လမ်းညွှန်လို့ရမယ့် အနေအထားမျိုးလို့ နားလည်ရတယ်။
အဲတော့ ဒီ Executive Branch ဖြစ်တဲ့ အုပ်ချုပ်ရေးယန္တရား၊ လွှတ်တော် ယန္တရား၊ အဲဒီကနေမှ ဒီဘက် တရားစီရင်ရေးယန္တရား အပါအဝင် အဲဒီသုံးခုစလုံးကို ကိုင်တွယ် ချုပ်ကိုင်လို့ရမယ့် အခြေအနေမျိုးကို သူဖန်တီးတယ်လို့ နားလည်လို့ရပါတယ်။
မေး ။ ။ ၂၀၂၅ ဒီဇင်ဘာလကနေ ၂၀၂၆ ဇန်နဝါရီလ အတွင်းမှာ ပြီးသွားတဲ့ အတုအယောင် ရွေးကောက်ပွဲ၊ အဲ့ဒီကနေ ပေါ်လာတဲ့ အတုအယောင် လွှတ်တော်မှာ ရွေးကောက်တင်မြှောက်မယ့် စစ်ကောင်စီရဲ့ အသွင်ပြောင်း အစိုးရအဖွဲ့ ပုံစံက ၂၀၁၀ ကာလနဲ့ ဘယ်လို ကွာခြားမှု ရှိမလဲ။
ဖြေ ။ ။ ၂၀၁၀ နဲ့က အများကြီး ကွာနိုင်တယ်ပေါ့နော်။ သူတို့ကတော့ အခုလောလောဆယ် လုပ်နေတဲ့ ပုံစံကတော့ အဲဒီ ၂၀၁၀ တုန်းက လုပ်ခဲ့တဲ့ လမ်းကြောင်းပုံစံမျိုးကို ပြန်ပြီး အကောင်အထည်ဖော်နေတဲ့ သဘောရှိတယ်။ သိသာတဲ့ဟာ တစ်ခုက ၂၀၁၀ ဆိုတဲ့ဟာက ပထမဦးဆုံး ပြောင်းလဲမှု ပုံစံမျိုး ဖြစ်တယ်ပေါ့နော်။ နှစ် ၂၀ ကျော် ဦးသန်းရွှေ၊ ဦးနေဝင်း အဲဒီတောက်လျှောက် ပိတ်နေတဲ့ အခြေအနေကနေ ပထမဦးဆုံး လမ်းစအနေနဲ့ ဖြစ်လာတဲ့ဟာမျိုး ဖြစ်တယ်။
အခုကျတော့ ငါးနှစ်တစ်ကြိမ် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေ လုပ်ပြီးတော့ နိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေပြီးတော့ နိုင်ငံတကာကလည်း ဒါက ပြုပြင်ပြောင်းလဲမှု စစ်မှန်တယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်နိုင်တယ်ပေါ့နော်။ မြန်မာနိုင်ငံက တကယ်ပဲ အကောင်းဘက်ကို ရွေ့နေပြီဆိုတဲ့ ပုံစံမျိုးနဲ့ စောင့်ကြည့်နေတဲ့ အချိန်မှာ ရုတ်တရက်ကြီး အာဏာသိမ်းပြီးတော့ အခု ငါးနှစ်အကြာမှာ ပြန်လုပ်ပြတဲ့ ပုံစံမျိုး၊ ၂၀၁၀ တုန်းက ပုံစံမျိုး ပြန်လုပ်ပြတဲ့ ပုံစံမျိုး ဆိုတော့ တူမနေဘူးဆိုတဲ့ ဟာတော့ နိုင်ငံတကာကလည်း နားလည်တယ်။ ရင်လည်း သိပ်မခုန်ကြဘူးပေါ့နော်။
၂၀၁၀ တုန်းကကျတော့ အဲ့လိုဖြစ်လာတဲ့ အချိန်မှာ မြန်မာနိုင်ငံက စစ်တပ်က တကယ်ပဲ ပြောင်းလဲချင်ပြီလား မသိဘူး ဆိုတဲ့ အဲဒီ မသိကိန်းတွေနဲ့ ဝိုင်းပြီး ပူးပေါင်းဖို့အတွက် အားသန်ကြတယ်။ အခုကျတော့ ဒါက လုပ်ဇာတ်ကြီး ဆိုတဲ့ဥစ္စာ လူတိုင်းသိနေတော့ ပူးပေါင်းပါဝင်ဖို့အတွက် မဝံ့မရဲတွေ ဖြစ်နေကြတော့ ဘယ်သူမှ စိတ်မဝင်စားဘူးပေါ့။
အထူးသဖြင့် အရင်တုန်းက ၂၀၁၀ တုန်းက တက်တက်ကြွကြွ ပါခဲ့တဲ့ အမေရိကန် လိုမျိုး နိုင်ငံကလည်း အခု ဒီ ရွေးကောက်ပွဲနဲ့ ပေါ်လာမယ့် အစိုးရအပေါ်မှာ စိတ်ဝင်စားမှု လုံးဝ မရှိဘူး။ နောက် EU နိုင်ငံ ဥရောပနိုင်ငံတွေကလည်း လုံးဝ စိတ်ဝင်စားမှု မရှိဘူး ဆိုတဲ့ဟာ အဲဒီထက် ပိုဆိုးတာကတော့ အသိအမှတ် မပြုဘူး ဆိုတဲ့ ပုံစံမျိုး အထိ ရပ်တည်ကြတယ်ဆိုတာ တွေ့ရတယ်။
နောက်တစ်ခု ကွာတာက စစ်မက်အရေးအခင်းပေါ့။ ၂၀၁၀ တုန်းက စစ်ဖြစ်တယ်၊ ပြည်တွင်းမှာ ဒီ တော်လှန်ရေး အစုအဖွဲ့တွေ ရှိနေတယ် ဆိုပေမဲ့ အခု ဒီ ၂၀၂၆ မှာ ရှိနေတဲ့ စစ်မျက်နှာ အရေးအခင်း ပုံစံနဲ့ အနေအထားချင်း လုံးဝ မတူဘူးဆိုတဲ့ဟာ တွေ့ရလိမ့်မယ်။ အခုက စစ်တပ်အနေနဲ့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေဒေသ ကန့်သတ်မှုက နည်းသွားတယ်။
တစ်ဖက်မှာလည်း လက်နက်ကိုင်တွေက အစုအဖွဲ့ အရေအတွက် အများကြီးနဲ့ ရှိနေသလို ပုံစံမျိုးစုံနဲ့ သူတို့ စုစည်းနိုင်ဖို့ ကြိုးစားနေကြတဲ့ အနေအထားမျိုး ဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ရှိနေတဲ့ အင်အားအခြေအနေ၊ ထိန်းချုပ်နိုင်တဲ့ အခြေအနေက ၂၀၁၀ ပုံစံနဲ့ တူမနေဘူး ဆိုတာမျိုးကို ကျွန်တော်တို့ မြင်ရတယ်။
နောက်တစ်ခု သိသာတဲ့ဟာက အဲလိုမျိုး ၂၀၁၀ တုန်းက ပြောင်းလဲလာတဲ့ အချိန်မှာ မြန်မာ တော်တော်များများပေါ့နော်၊ ဗမာလူမျိုး တော်တော်များများက အခု ၂၀၂၆ မှာလိုမျိုး တော်လှန်ရေး အနေနဲ့ ရှိနေကြတဲ့ ပုံစံမျိုး ဟုတ်မနေသေးဘူးပေါ့နော်။ စစ်တပ်ကို ထောက်ခံမှု များနိုင်တဲ့ လူဦးရေက ၂၀၁၀ နောက်ပိုင်းမှာ အဆင်သင့် ရှိနေတယ်။ အခု ၂၀၂၆ မှာ အခါကျတော့ အရင်တုန်းက စစ်တပ်ကို လွယ်လွယ်ကူကူ ထောက်ခံတဲ့၊ စစ်တပ်ထဲကို လွယ်လွယ်ကူကူ ပူးပေါင်းကြတဲ့ ဗမာလူမျိုး အင်အားစုက အခုချိန်မှာ တော်လှန်ရေးထဲမှာ နက်နက်နဲနဲ ပါဝင်နေကြတဲ့ လူအစုအဖွဲ့ တစ်ခုအနေနဲ့ ဖြစ်နေတယ် အဲဒါတွေက မတူဘူး။
နောက်တစ်ခုကတော့ ၂၀၁၀ မှာ စပြီးတော့ ပြောင်းလဲတဲ့ အချိန်မှာ အရပ်ဘက် လူမှုအဖွဲ့အစည်း အနေနဲ့ စုစည်းနိုင်တဲ့ အချိန်၊ စုစည်းတဲ့ အတွေ့အကြုံက အများကြီး ရှိမနေသေးဘူးပေါ့။ အထူးသဖြင့် အရပ်ဘက် အဖွဲ့အစည်းလို့ ပြောရင် ပေါ်ပေါ်ထင်ထင် စုဖွဲ့ပြီးတော့ လှုပ်ရှားလို့ရတဲ့၊ အဲဒီ အခွင့်အရေးပိုင်းဆိုင်ရာ လှုပ်ရှားလို့ရတယ်ဆိုတာ ၂၀၀၈ နာဂစ် အရေးအခင်းပြီး နောက်ပိုင်းကျမှပဲ အဲလို တဖြည်းဖြည်းနဲ့ ပေါ်လာတာ။ ၂၀၁၀ နောက်ပိုင်းကျမှပဲ တကယ် ပွင့်ပွင့်လင်းလင်း ပေါ်သွားတဲ့ အနေအထားမျိုးပေါ့။ အဲဒီအတွက်ကြောင့်မို့လို့ အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့ စုဖွဲ့မှုဆိုင်ရာ အတွေ့အကြုံ မရှိသေးတဲ့ အချိန်မှာ ၂၀၁၀ ပြောင်းလဲမှု ဆိုတဲ့ဟာ စဖြစ်တယ်။
အခုကျတော့ အဲဒီ ၂၀၁၀ နောက်ပိုင်း စုဖွဲ့မှုအား၊ ပြီးရင် သမဂ္ဂပေါ့နော် ကျောင်းသားသမဂ္ဂ ဘာသမဂ္ဂ အဲဒီသမဂ္ဂတွေ အများကြီး အတွေ့အကြုံ ရှိခဲ့ပြီးပြီ။ ၂၀၁၀ ကနေ ၂၀၂၀ အထိမှာ အဲဒီ လှုပ်ရှားမှု အတွေ့အကြုံ၊ စည်းရုံးမှု၊ စုစည်းမှု အတွေ့အကြုံတွေ ရှိထားပြီ။ ဆိုတော့ အဲလို ရှိထားပြီးတဲ့ အနေအထားနဲ့ အခု ပြန်ပြီးတော့ ရွေးကောက်ပွဲလုပ်တာ ဆိုတော့ ဒီအရပ်ဘက် လူမှုအဖွဲ့အစည်း အနေနဲ့ ရှိနေတဲ့ အသိအမြင်၊ အတွေ့အကြုံက ၂၀၁၀ တုန်းက ပုံစံနဲ့ တူမနေဘူးဆိုတာလည်း တွေ့ရလိမ့်မယ်။
ပြန်ချုပ်ရရင်တော့ မတူဘူးပေါ့နော်၊ အခုချိန်မှာ လူတွေလက်ခံနိုင်ဖို့ တကယ်စစ်မှန်တဲ့ ပူးပေါင်းမှုနဲ့ တကယ် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ရောက်နိုင်ဖို့ကတော့ ၂၀၁၀ တုန်းကလောက် လွယ်မှာ မဟုတ်ဘူးလို့ ပြောလို့ရမယ်။
မေး ။ ။ စစ်ယူနီဖောင်းချွတ် အသွင်ပြောင်း အစိုးရအဖွဲ့က နိုင်ငံတကာ၊ အာဆီယံနဲ့ အိမ်နီးချင်း နိုင်ငံတွေကြားမှာ ပြန်ပြီးတော့ ဝင်ဆံ့လာနိုင်မလား။
ဖြေ ။ ။ နိုင်ငံတကာကလည်း အခု သိတဲ့အတိုင်း စစ်မက်အရေးအခင်းနဲ့ တခြားရှုပ်ထွေးမှုတွေနဲ့ နိုင်ငံကိုယ်စီ သူတို့ရဲ့ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ မူဝါဒတွေ ဗျူဟာတွေပေါ်မှာ ပြန်သုံးသပ်နေကြရတယ်။ အရင်တုန်းက ရှိခဲ့တဲ့ပုံစံက အမေရိကန် ဦးဆောင်တဲ့ ဥပဒေစည်းမျဉ်းနဲ့ စုစည်းကြတဲ့ Rule-Based Order လို့ ခေါ်မှာပေါ့နော်၊ အဲဒီ စည်းမျဉ်းဥပဒေနဲ့ ချိတ်ဆက်ပြီးတော့ အုပ်ချုပ်တဲ့ ကမ္ဘာ့နိုင်ငံရေး ပုံစံမျိုးကို ထူထောင်ထားတယ်။
ဒါပေမဲ့ အဲဒီ Rule-Based Order ကို အဓိက အင်အားကြီးတဲ့ အခု အမေရိကန်က ဖျက်ဆီးလိုက်တဲ့ အနေအထား ပုံစံမျိုး ဖြစ်သွားတယ်ပေါ့နော်။ နိုင်ငံတကာ ပြဋ္ဌာန်း သတ်မှတ်ထားတဲ့ ဥပဒေတွေကို မလေးစားဘဲနဲ့ သူတို့ဘာသူတို့ ဗင်နီဇွဲလားကို ဝင်သိမ်းလိုက်၊ အခု အီရန်ကို အစ္စရေးနဲ့ ပေါင်းတိုက်လိုက်ဆိုတဲ့ ပုံစံမျိုး ဖြစ်လာတော့ နိုင်ငံတကာ စည်းရုံးမှု၊ နားလည်မှု၊ ဆုံးဖြတ်မှုနဲ့ လုပ်တာ မဟုတ်ဘဲနဲ့ ကိုယ့်အင်အားနဲ့ ကိုယ့်ရဲ့ အကျိုးစီးပွား အခြေပြုပြီးတော့ လှုပ်ရှားနေတဲ့ ပုံစံ။
ပြီးတော့ အင်အားကို အခြေပြုပြီးတော့ ဩဇာ တည်ဆောက်နေတဲ့ ပုံစံမျိုး ဖြစ်သွားတဲ့အတွက် ကျန်တဲ့နိုင်ငံတွေ အနေနဲ့လည်း အမေရိကန် အပေါ်မှာ ယုံကြည်မှု ဆက်ပြီးတော့ ခိုင်ခိုင်မာမာ ထားလို့မရတော့ဘူး ဆိုတဲ့ အနေအထားမျိုး ဖြစ်လာတဲ့အတွက် အရင်တုန်းက နိုင်ငံတော်တော်များများ တရုတ်နိုင်ငံလိုမျိုးနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလာကြတာ တွေ့ရတယ်။ အထူးသဖြင့်တော့ ကနေဒါ၊ ဒီ သြစတြေးလျ၊ ဥရောပနိုင်ငံတွေက တရုတ်နဲ့ နီးနီးစပ်စပ် ပေါင်းဖို့ ကြိုးစားလာတယ်။
ကမ္ဘာ့နိုင်ငံရေး ပုံစံထဲမှာ အဲ့လို ပြောင်းလဲ ဖွဲ့စည်းမှု၊ ပြောင်းလဲ ပူးပေါင်းမှုတွေ ဖြစ်နေတဲ့အတွက် ကြောင့်မလို့ အရင်တုန်းက ရှိခဲ့တဲ့ မြန်မာနိုင်ငံ အပေါ်မှာ ချမှတ်ထားတဲ့ ပုံစံ၊ ဆက်ဆံတဲ့ ပုံစံမျိုး ဖြစ်နိုင်မယ်လို့တော့ တပ်အပ် ပြောလို့မရဘူး။ အထူးသဖြင့် မြန်မာ့ နိုင်ငံရေးမှာ ဆိုရင် စစ်တပ် အခြေပြုတဲ့ အစိုးရ၊ စစ်တပ်အစိုးရကို တရုတ်က အဓိက ကျောထောက်နောက်ခံ ပြုထားတယ်။
အဲလိုအချိန်မျိုးမှာ တရုတ်ကလည်း ကမ္ဘာ့နိုင်ငံရေး အခန်းကဏ္ဍမှာ သိသာ ထင်ရှားတဲ့ နိုင်ငံရေးဩဇာရှိတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ရှုမြင်လာကြတယ်။ ကမ္ဘာ့ကုန်သွယ်ရေး စျေးကွက်မှာလည်း တကယ့် အကြီးမားဆုံး ကုန်သွယ်ရေး အမေရိကန်နဲ့ ယှဉ်ပြီးတော့ ပြိုင်နိုင်တဲ့ ပြီးရင် ဆက်ဆံရေး ထိန်းသိမ်းဖို့ လိုအပ်တဲ့ ကုန်သွယ်မှုမိတ်ဖက်အဖြစ် ရှုမြင်လာကြတယ်။
အဲဒီဟာတွေက တနည်းတဖုံတော့ စစ်တပ်အစိုးရကို တိတိကျကျကြီး နိုင်ငံအနေနဲ့ ထောက်ပံ့တာမျိုး မဟုတ်ရင်တောင်မှ စစ်တပ်အစိုးရအနေနဲ့ ဆက်ပြီးရှင်သန်နိုင်ဖို့ အခွင့်အလမ်း ရသွားစရာ ရှိတယ်လို့ မြင်လို့ရတယ်။ စစ်တပ်အစိုးရကို ဆန့်ကျင်နေတဲ့ တော်လှန်ရေး အစုအဖွဲ့တွေဘက်က စုစည်းမှု မကောင်းဘူး၊ ပြီးရင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စတွေမှာ ယုံကြည်စိတ်ချစရာ လျော့နည်းလာတဲ့အချိန်ဆိုရင် စစ်တပ်ဘက်က အားသာသွားစရာ ရှိနိုင်လိမ့်မယ်။
အဲဒီသဘောအတိုင်းပဲ ကျန်တဲ့နိုင်ငံတွေ ကြည့်လိုက်ရင် အနီးကပ်ဆုံးရှိတဲ့ အိမ်နီးချင်းလို့ ပြောရင် တရုတ်က ထင်ရှားတယ်။ ပြီးရင် အိန္ဒိယနဲ့ ထိုင်းတို့ ကျန်တဲ့ နိုင်ငံတွေ ရှိတာပေါ့၊ အကြီးမားဆုံး ကတော့ တရုတ်နဲ့ အိန္ဒိယပေါ့။ အိန္ဒိယကလည်း ဘာပဲပြောပြော အခုအချိန်မှာ စစ်တပ်နဲ့ နီးစပ်တယ်။ အဲ့လိုပဲ ထိုင်းအစိုးရကလည်း မြန်မာနိုင်ငံရေး ဖြစ်စဉ်နဲ့ သူတို့ ထိုင်းနိုင်ငံရေး ဖြစ်စဉ်ကို ဆင်တူတယ်လို့ ရှုမြင်တဲ့ သဘောရှိတယ်။
အဲတာကြောင့်မလို့ စစ်အာဏာသိမ်းယူမှုနဲ့ နိုင်ငံတည်ငြိမ်ရေး လုပ်ဆောင်မှု ကိစ္စတွေမှာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ သဘောထား အခြေခံမျိုး သူတို့ ရှိကြတယ်။ သူတို့ နိုင်ငံလည်း ခဏခဏ အာဏာသိမ်းနေတဲ့ အနေအထား၊ အဲတော့ အာဏာသိမ်းယူမှုဟာ နိုင်ငံရေး အထူးသဖြင့် နိုင်ငံနဲ့ စီးပွားရေး ပြည်သူလူထု အကာအကွယ် ပေးနိုင်ရေးအတွက် လိုအပ်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တစ်ခုအဖြစ် သူတို့ နားလည်ထားကြပုံ ရတယ်။ အခုဖြစ်တဲ့ ပုံစံကိုလည်း အဲ့လိုရှုမြင်တဲ့ အတွက်ကြောင့်မလို့ အခုအချိန်မှာ စစ်တပ်နဲ့ နီးနီးစပ်စပ် ပေါင်းနေတယ် ချိတ်ဆက်နေတယ် ဆိုတာမျိုးကို တွေ့နေရတယ်။
အဲဒီသဘောတွေ ရှိနေတဲ့ အချိန်မှာ အာဆီယံ အခန်းကဏ္ဍပေါ့။ အာဆီယံ လို့ ပြောလိုက်ရင် အာဆီယံက တစ်သံတည်း ထွက်နေတဲ့ Regional Platform တော့ ဟုတ်မနေဘူး။ ဘာလို့လဲ ဆိုတော့ အာဆီယံ Member တွေနဲ့ ဖွဲ့ထားတယ်၊ သူတို့ရဲ့ စုဖွဲ့မှုကလည်း အားလုံး သဘောတူမှ ဆုံးဖြတ်လို့ရတဲ့ အကောင်အထည် ဖော်လို့ရတဲ့ အနေအထားမျိုး ဖြစ်တယ် သူတို့ရဲ့ Charter သဘောအရပေါ့နော်။ အဲလိုဖြစ်တဲ့ အချိန်မှာ အာဆီယံထဲမှာ ရှိနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေက သဘောထားတွေက တူမနေကြဘူး။
အထူးသဖြင့် မြန်မာ့နိုင်ငံရေးဆိုင်ရာ ကိစ္စကို ရှုမြင်တဲ့ပုံစံ၊ နားလည်တဲ့ပုံစံ၊ ချဉ်းကပ်တဲ့ ပုံစံတွေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူဘူး။ စစ်အစိုးရကို ထောက်ခံတဲ့ အဖွဲ့ ရှိတယ်၊ စစ်အစိုးရကို လုံးဝ ဆန့်ကျင်မယ် ဆိုတဲ့ အဖွဲ့ရှိတယ်။ ပြီးသွားရင် ကြားထဲမှာ လိုအပ်တဲ့ကိစ္စ အကြောင်းကိစ္စတွေ ဆိုရင်တော့ ဆက်ဆံမယ်၊ ဒီလိုမျိုး ပြည်တွင်းနိုင်ငံရေး ကိစ္စထဲမှာ လုံးဝ မစွက်ဖက်သင့်ဘူးလို့ ယူဆပြီးတော့ ကြားနေ နေတဲ့ နိုင်ငံတွေလည်း ရှိတယ်။
ပြီးတော့ နှစ်ဖက်စလုံးနဲ့ ထိတွေ့ ဆက်ဆံဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေလည်း ရှိတယ်။ အဲ့လို အနေအထားမျိုး ဆိုတော့ အာဆီယံ အနေနဲ့ကတော့ ဘာမှ ထူးထူးခြားခြားကြီး လုပ်လို့ရမှာ မဟုတ်ဘူး။ အထူးသဖြင့်တော့ Five-Point Consensus ရှိထားတဲ့ အချိန်မှာ အဲ့တာကိုပဲ သူတို့ဆက်ပြီးတော့ အခြေခံပြီးတော့ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားသွားစရာ ရှိတယ်။
အဲလို အနေအထားမျိုးမှာ အစပိုင်းက ပြောတဲ့ တရုတ်ရဲ့ ဩဇာ ကြီးမားလာမှု၊ တရုတ်ရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာမှု အပေါ်မှာ မူတည်ပြီးတော့ အာဆီယံကလည်း တရုတ်နဲ့ ဘာပဲဖြစ်ဖြစ် ချိတ်ဆက်နေရတဲ့ အနေအထား ရှိတယ်။ ပထဝီ သဘောအရရော တခြား လုံခြုံရေး စီးပွားရေး အရရော။ အဲလိုပဲ အာဆီယံ အတွင်းမှာရှိတဲ့ နိုင်ငံ တော်တော်များများကလည်း တရုတ်နဲ့ ရင်းနှီးမြှုပ်နှံမှု ပိုင်းဆိုင်ရာ အကုန်လုံး ချိတ်ဆက်ပြီးတော့ လုပ်ဆောင်ထားတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်။ ဒါကြောင့်မလို့ တရုတ်နဲ့တော့ မြန်မာ့အရေးနဲ့ဆိုင်ရင် သိပ်ပြီး ထိပ်တိုက်တွေ့စရာ၊ ဒါမှမဟုတ် ကတောက်ကဆ ဖြစ်စရာကိစ္စမျိုးတော့ အာဆီယံ နိုင်ငံအတွင်းက ထူးထူးခြားခြား လုပ်ကြမှာတော့ မဟုတ်ဘူး။
အထူးသဖြင့် မြန်မာနိုင်ငံအရေးမှာ စစ်တပ်ကို မထောက်ခံဘူး၊ ဒါမှမဟုတ် စစ်တပ်ကို ဖယ်ချဖို့ ကြိုးစားတယ် ဆိုတဲ့ အနေအထားမျိုးမှာ ဒီဘက်က တခြား ဘာရှိနေလဲ ဆိုတဲ့ Alternative ခိုင်ခိုင်မာမာ မရှိနေဘူး၊ အစားထိုးစရာ ပြစရာ ယုံကြည်စရာ စစ်တပ်ကလွဲလို့ ပြစရာအနေနဲ့ တခြားစုဖွဲ့မှုတွေ ခိုင်ခိုင်မာမာ ရှိမနေတဲ့ အနေအထားမျိုးမှာဆိုရင် ပိုပြီးတော့ဆိုးတဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်။ အထူးသဖြင့် စစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲမှုကို ပိုပြီးတော့ အားပေးကြမယ့် အနေအထားမျိုး ဖြစ်သွားနိုင်တယ်။
မေး ။ ။ NUG ပါဝင်ထားတဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF”နဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစုတွေ စုစည်းထားတဲ့ “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ PCB” ဆိုတာတွေ ပေါ်လာတယ်။ ဒီနှစ်ဖွဲ့အနေနဲ့ စစ်တပ်ရဲ့ အသွင်ပြောင်းမှုကို ဘယ်လို တန်ပြန်နိုင်မလဲ။
ဖြေ ။ ။ တန်ပြန်မှာလား ပူးပေါင်းမှာလား ဆိုတဲ့ဟာတော့ နည်းနည်း စောင့်ကြည့်ရဦးမယ် ထင်တယ်။ အထူးသဖြင့် ပြည်တွင်းဖွဲ့တဲ့ဟာမှာဆိုရင် သူတို့ကတော့ စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကို သွားတယ်။ အခု ဒီဘက်က ထပ်ဖွဲ့လိုက်တဲ့ အဖွဲ့ဆိုတာလည်း KNU ရယ်၊ KIA ရယ်၊ ပြီးတော့ KNPP ရယ်၊ ပြီးသွားရင် NUG ရယ်ပေါ့။ ကြည့်လိုက်ရင်တော့ အဖွဲ့အစည်းက အစုံတောင်မှ မပါသေးဘူး။ ခါတိုင်းလည်း အရင်တုန်းက ပေါင်းဖြစ်နေတဲ့ အဖွဲ့တွေပဲ၊ အခုက နာမည်ပြောင်း ဖွဲ့လိုက်တဲ့ ပုံစံမျိုးလို့ နားလည်ရတယ်။
ပြီးတော့ ရှိနေတဲ့ အစကတည်းက ဖွဲ့ထားခဲ့တဲ့ NUCC တို့ရဲ့ အခန်းကဏ္ဍ တွေလည်း မပါဘူး၊ ဆိုတော့ ဒါက သူတို့ရဲ့ ဖွဲ့စည်းမှု ပုံစံက သူတို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားတဲ့ဟာအပြင် တခြားနောက်ခံ အကြောင်းတရား ဘာတွေရှိလဲ သေသေချာချာ မသိရသေးဘူး။ ပြီးတော့ အခု ပါဝင်ကြတဲ့ စုဖွဲ့မှုတွေကလည်း ဘာကြောင့် ဒီလိုမျိုး Platform အသစ် ဖွင့်ပြီးတော့ စုဖွဲ့ဖို့ လိုအပ်တယ် ယူဆပြီးတော့ ပါဝင်ကြလဲ ဆိုတာ မသိကြဘူး။
ဒါပေမဲ့ တစ်ခုရှိနေတာက KIO မှာ ဗိုလ်ချုပ်ဂွမ်မော် ပြောထားတဲ့ဟာပေါ့။ တကယ်လို့ စစ်တပ်ဘက်က ခေါ်ပြီးတော့ တွေ့ဆုံဆွေးနွေးခဲ့ရင် တဖွဲ့တည်းအနေနဲ့ မဆွေးနွေးနိုင်ဘူး။ NUG ကိုပါ ခေါ်ဆွေးနွေးရင်တော့ သူတို့လည်း ဆွေးနွေးဖို့ စဉ်းစားမယ် ဆိုတဲ့ဟာမျိုး ၆၅ နှစ်ပြည့် တုန်းက ဗီဒီယို မိန့်ခွန်းတစ်ခုမှာ သူပြောထားတဲ့ဟာ ရှိတယ်။
အဲလိုမျိုး သဘောအရ ဆိုရင် အခုဒီလို စုဖွဲ့လိုက်တဲ့ဥစ္စာက ပြည်တွင်းမှာ ဖွဲ့လာတဲ့ Platform ၊ နောက်အခု ပြောင်းလဲလာမယ့်ဟာမှာ အဲလို စေ့စပ်ဆွေးနွေးရေး ဆိုတဲ့ဟာမျိုး ဖြစ်လာခဲ့ရင် NUG ကျန်နေခဲ့မှာစိုးလို့ လုပ်ပေးတဲ့ Platform မျိုး ဖြစ်လား ဆိုတဲ့ဟာကတော့ ကျွန်တော်ထင်တယ် အဲဒါကတော့ နည်းနည်း သံသယထားပြီး စောင့်ကြည့်ရမယ့် ကိစ္စလို့ ထင်တယ်။
အထူးသဖြင့် အခုဖွဲ့လိုက်တဲ့ဟာမှာ သျှမ်း Major Player တွေ မပါသေးဘူး။ အခု ကြည့်လိုက်ရင် ဟိုဟာပေါ့ တရုတ်နဲ့ အနီးစပ်ဆုံး ဖြစ်ပြီးတော့ နယ်မြေရေးရာကိစ္စ၊ ပြီးရင် နိုင်ငံရေးရာ ကိစ္စတွေမှာ လွှမ်းမိုးမှု ရှိနေတဲ့ အထူးသဖြင့် တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ရှိနေတဲ့ TNLA ၊ MNDAA ဒီဘက်က SSPP/SSA ပေါ့နော်။
အဲဒါတွေနဲ့ တကယ့် သျှမ်း Major Player တွေ တကယ် ပူးပေါင်းပါဝင်မှု ရှိမနေဘူး ဆိုတာကလည်း အခုပေါ်လာတဲ့ Platform အသစ်ကို မေးခွန်းထုတ်စရာတော့ ရှိနေတယ်။ ဘာကြောင့်လဲပေါ့နော်၊ ဘာဖြစ်လို့ မပါလဲ၊ သျှမ်းတွေ ဘာဖြစ်လို့ မယုံလဲ ဆိုတဲ့ဟာ မေးခွန်းထုတ်စရာပေါ့။
မေး ။ ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်ထက်မှာ ပြည်တွင်းစစ်က ဘယ်လောက် အခြေအနေထိ ထပ်ပြီး ပြင်းထန်လာနိုင်လဲ။
ဖြေ ။ ။ ပြည်တွင်းစစ် ပြင်းထန်တာထက်စာရင် အခု စဉ်းစားတဲ့ပုံစံက ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ OTS ဆင်း၊ လက်ရှိ ရှိနေတဲ့ ခေါင်းဆောင်တွေနဲ့ စာရင် ဂျူနီယာ လည်း ကျတယ်။ ဒါပေမဲ့ ဒီလိုမျိုး ရွေးလိုက်တယ် ဆိုတဲ့သဘောက မင်းအောင်လှိုင် က သူ့ရဲ့ Selection ပေါ့၊ သူ့ကို ဟို loyal ဖြစ်မယ့်လူ သစ္စာခံတဲ့လူကို အဓိက အနီးကပ်ဆုံး ထားပြီးတော့ ရွေးချယ်တယ်။
အထူးသဖြင့် သူမရှိတော့တဲ့ နောက်ပိုင်းမှာ စစ်တပ်ရဲ့ ပူးပေါင်းမှုကို ခိုင်မာ နေအောင် သူပြင်ဆင်တယ်လို့ နားလည်လို့ ရတယ်။ အဲဒီ အနေအထားမျိုးမှာ အခု ကာချုပ် ဖြစ်သွားတဲ့ လူကလည်း ထောက်လှမ်းရေးပိုင်းက လာတယ်။ နောက် စစ်ရေးပိုင်းဆိုင်ရာမှာလည်း ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင် မျက်စိကျတဲ့လူမျိုးပေါ့။ အထူးသဖြင့် အာဏာသိမ်းကာလ အတွင်းမှာ သူ့ရဲ့ လုပ်ဆောင်မှုတွေကို သဘောကျတဲ့ အတွက်ကြောင့် တင်လိုက်တယ်လို့ နားလည်လို့ ရတယ်။
အဲလိုအနေအထားမျိုး ဆိုတော့ မင်းအောင်လှိုင် စီစဉ်တဲ့ လမ်းစဉ်ကို ဆက်ပြီး အကောင်အထည် ဖော်နိုင်မယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့်မလို့ လွှဲအပ်ခဲ့တယ်လို့ နားလည်လို့ ရတယ်။ အဲတော့ မင်းအောင်လှိုင် စီစဉ်တဲ့ ဇာတ်လမ်းကတော့ ဖြစ်လာနိုင်တာက အခု ဆုံးရှုံးနေတဲ့ နယ်မြေတွေ ရှိတယ်၊ အဲဒီနယ်မြေတွေကို ပြန်လိုချင်တယ် ပြန်ရဖို့လိုအပ်တယ် ဆိုတဲ့ဟာက သေချာတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ သူ့အနေနဲ့ အသစ်ပေါ်လာတဲ့၊ အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရ အနေအထားမျိုးမှာ နယ်မြေဆုံးရှုံးထားတာတွေကို ပြန်ပြီးတော့ စေ့စပ်တဲ့နည်းလမ်း အထူးသဖြင့် အခု တရုတ်နဲ့ MNDAA နဲ့ ဒါမှမဟုတ် TNLA နဲ့ အဲလိုမျိုး ကြားဝင်ပြီးတော့ ပြန်ရအောင် ကြိုးစားတဲ့ နည်းမျိုးစုံနဲ့ သူကြိုးစားလာနိုင်တယ်။
နောက်တဖက်ကလည်း ပြန့်ကျဲပြီးတော့ အချင်းချင်း ကြားထဲမှာ မသင့်မမြတ် ဖြစ်နေတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကိုလည်း အဲလိုမျိုး မသင့်မမြတ် ဖြစ်နေတဲ့ဟာတွေ၊ ပြီးရင် ပိုပြီးတော့ ကွဲပြားပြီးတော့ အချင်းချင်း ပြန်ပြီး တိုက်ကြခိုက်ကြတဲ့ အခြေအနေမျိုး ဖြစ်အောင် ပိုပြီးတော့ လုပ်ဆောင်လာမယ့် ပုံစံမျိုး ရှိတယ်။
အဲလိုမျိုး မတည်မငြိမ် အချင်းချင်း မသင့်မမြတ် ဖြစ်နေတဲ့ အနေအထားမျိုးမှာ အကြမ်းဖက် နှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ သူတို့ Military Operation တွေပေါ့နော်။ အဲလိုဟာမျိုးတွေ ပြန်လုပ်ပြီးတော့ လက်နက်ကိုင် အစုအဖွဲ့ တွေကို ပူးပေါင်းလာဖို့ ဒါမှမဟုတ် ဆွေးနွေးညှိနှိုင်းရေး ဆိုတဲ့ လမ်းကြောင်းရောက်လာဖို့ကို သူ့အနေနဲ့ စစ်ရေးအရ၊ နိုင်ငံရေးအရ ပြီးရင် နိုင်ငံတကာ ဆက်ဆံရေးတွေအရ ဖိအားပေးမယ့် ပုံစံမျိုးလို့ ကျွန်တော်တို့ နားလည်လို့ ရတယ်။
အဲဒီအတွက်ကြောင့်မလို့လည်း အခုပြည်တွင်းမှာ ဒီလိုမျိုး စေ့စပ်ဆွေးနွေး ညှိနှိုင်းရေးဆိုင်ရာ Platform တွေ ရှိနေတယ်။ အဲလိုမျိုး အစုအဖွဲ့တွေနဲ့လည်း စစ်တပ်အနေနဲ့ ချိတ်ဆက်မှုတွေ လုပ်တယ်။ ပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး တည်ငြိမ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေလည်း အခု ငြိမ်းချမ်းရေးဖိုရမ်တွေ လုပ်တဲ့ဟာမျိုးတွေ စလုပ်ထားတယ်။ အဲလိုမျိုး ဟာတွေကိုလည်း တစ်ဖက်က လုပ်သွားမယ့်သဘောလို့ နားလည်လို့ ရတယ်။
အဲတော့ ပြန်ကြည့်လိုက်ရင် တစ်ဖက်က စစ်ရေးအရတော့ လုံးဝကြီး ရပ်သွားမယ့် အနေအထားမျိုးတော့ မမြင်ရသေးဘူး။ ဘာလို့လဲဆိုတော့ ရှိနေတဲ့အဖွဲ့တွေက အခုအချိန်မှာ စစ်ရေးအရ ဆက်ပြီးတော့ လှုပ်ရှားဖို့ အာသီသ ကြီးနေတဲ့ အစုအဖွဲ့တွေ ရှိနေသေးတယ်။
နောက်ပြီး တချို့အစုအဖွဲ့တွေ အနေနဲ့လည်း တကယ်လို့ ငြိမ်းချမ်းရေး ကမ်းလှမ်းလာတယ်၊ ပြုပြင်ပြောင်းလဲရေး ပေါ်လာမယ်ဆိုရင် ပေါင်းမယ် ဆိုတဲ့ အစုအဖွဲ့တွေလည်း ရှိနေတယ်။ အခုချိန်မှာ ဖိနပ်ပြင်၊ ပုဆိုးပြင်နေတဲ့ လူတွေလည်း ရှိကြတယ်။ အဲဒီလို အနေအထားမျိုးကို မင်းအောင်လှိုင်နဲ့ အခု တက်လာမယ့် အစိုးရ အထူးသဖြင့် ကာချုပ်အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ်၊ အဲလိုမျိုး အသုံးချသွားနိုင်မယ်လို့ ကျွန်တော်တို့ မှန်းလို့ရတယ်။
မေး ။ ။ စစ်ယူနီဖောင်းချွတ် အသွင်ပြောင်းတာနဲ့ ပတ်သက်ပြီး မမေးမိတာ၊ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ အခုအချိန်က ရှိနေတဲ့ အနေအထားက တော်လှန်ရေးဘက်နဲ့ ဒီဘက်က စစ်တပ်နဲ့ နှစ်ဘက်ရှိနေတယ်လို့ ပြောနေပေမယ့် စစ်အုပ်စုက အာဏာစသိမ်းကတည်းက ပြောလာခဲ့တာကို တစိုက်မတ်မတ် အကောင်အထည်ဖော်ပြီးတော့ အခု ရုပ်လုံးပေါ်လာတဲ့ အနေအထားမျိုး ကျနော်တို့ မြင်နေရတယ်။
စစ်တပ်ကို ဆန့်ကျင်တဲ့အပိုင်းက အခုချိန်ထိ ရေရေရာရာ ဇာတ်လမ်းမပေါ်လာသေးဘူး၊ Federal Charter ပေါ်လာပေမယ့် အဲ့ဒီ ဖက်ဒရယ်ပဋိညာဉ်နဲ့အတူ နိုင်ငံရေးလမ်းစဉ်၊ နိုင်ငံရေးလမ်းကြောင်း လုပ်ငန်းစဉ်တို့ သူတို့ ပြောခဲ့ပေမယ့် အဲ့တာနဲ့ ပတ်သက်ပြီးတော့ အကောင်အထည် ဖော်တဲ့ဟာတွေ ဘယ်လောက်ထိ ခရီးရောက်ပြီလဲ၊ ဘယ်လောက်ထိ ပြီးမြောက်ပြီလဲဆိုတာ တိတိကျကျ မသိနိုင်ဘူး။ သိလည်း မသိကြဘူး၊ စိတ်ဝင်စားတဲ့ပုံလည်း မပြဘူး။
အခုလောလောဆယ်က အဖွဲ့တစ်ဖွဲ့ စပြီးတော့ တော်လှန်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အာဏာမသိမ်းခင်ကတည်းက တော်လှန်နေကြတဲ့ အဖွဲ့တွေလည်း ရှိတယ်။ အဲ့အဖွဲ့တွေ ပူးပေါင်းမှုနဲ့အတူ အာဏာစသိမ်းလိုက်တဲ့အချိန်မှာ စုဖွဲ့မှုတွေ ပုံစံမျိုးစုံနဲ့ ပေါ်လာတယ်။ ပြီးရင် Federal Charter တို့ ဘာတို့လည်း ပေါ်လာတယ်။ အဲ့ဒီပေါ်လာတဲ့ အဖွဲ့တွေနဲ့ သူတို့အချင်းချင်း ကြားထဲမှာ စုစည်းမှု၊ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ဖို့ကို ပိုပြီးကြိုးစားရမယ့်အစား ယုံကြည်မှု၊ နားလည်မှု မရဘူးဆိုတဲ့ အဖွဲ့တွေကို ဖျက်လိုက်၊ နောက်ထပ်အသစ် ပြန်ထောင်လိုက်နဲ့ အခု အဖွဲ့အသစ် ဖွဲ့တမ်းကစားနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။
အဲ့တော့ တစ်ဖက်ကတော့ တည်တည်တံ့တံ့နဲ့ သူ့ရည်ရွယ်ချက် ဦးတည်ချက်ကို မပြီးပြီးအောင် သူတို့ တစိုက်မတ်မတ် လုပ်နေကြတယ်။ ဒီဖက်ကကျတော့ လုပ်ချင်တာတွေလုပ် ဖြစ်ချင်တာတွေ ဖြစ်ပြီးတော့ အကုန်လုံး ပြန့်ကြဲနေကြတယ်ဆိုတော့ ဒါက အခြေအနေ မကောင်းဘူး ဆိုတဲ့ဟာကို နည်းနည်းနားလည်ကြဖို့ လိုမယ်။ ပြီးရင် စစ်မှန်တဲ့ ရိုးသားတဲ့ သဘောထားတွေနဲ့ အချင်းချင်း ပူးပေါင်းကြဖို့ လိုမယ်လို့ ကျနော်အနေနဲ့ အဲ့တာလေးပဲ ဖြည့်ပြောချင်ပါတယ်။
မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ ဟုတ်ကဲ့ပါ။












Leave a Comments