အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာန MOD လက်အောက်မှ နုတ်ထွက်ပြီး SSRY နှင့် SSPDF တို့က သျှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU နှင့် ပူးပေါင်း၍ သျှမ်းပြည်တောင်ပိုင်း အမျိုးသားကာကွယ်ရေးတပ် SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယမန်နှစ် ၂၀၂၅ ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သျှမ်းပြည်တောင်ပိုင်း အမျိုးသားများကာကွယ်ရေးတပ် SSNDF အနေဖြင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) တွင် SSNDF B-101, B-102, B-103 နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး KNDF ၏စစ်ရေး (COC )ဖြင့် ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထိုသို့ ပြောင်းလဲဖွဲ့စည်းခဲ့သည့် SSNDF ၏ နိုင်ငံရေး စစ်ရေး ရပ်တည်ချက်များ၊ သျှမ်းပြည်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအပေါ် သဘောထား အမြင်များ၊ ပူးပေါင်းဆောင်ရွက်နေမှုများကို သျှမ်းပြည်တောင်ပိုင်း အမျိုးသားများ ကာကွယ်ရေးတပ် (SSNLO/ SSNDF) ၏ နိုင်ငံရေးမှူး စိုင်းပန်ဖ ထံ သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းဆိုင်လျန်က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ ပထမဆုံးအနေနဲ့ အဖွဲ့အစည်း အမည်နဲ့ အရင်မိတ်ဆက်ပေးပါဦး။ အဖွဲ့အစည်းကို ဘယ်ခုနှစ်က စပြီး တည်ထောင်ခဲ့တာလဲ၊ ဘယ်ဒေသတွေမှာ အဓိက လှုပ်ရှားနေလဲ၊
ဖြေ ။ ။ ကျနော်တို့က လက်ရှိမှာ SSNLO၊ SSNDF ဆိုပြီးတော့မှ ဖွဲ့စည်းထားတယ်။ သျှမ်းပြည်တောင်ပိုင်း အမျိုးသားများ လွတ်မြောက်ရေးအဖွဲ့ချုပ်၊ ပြီးတော့ သျှမ်းပြည်တောင်ပိုင်း အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ ဆိုပြီးတော့ နိုင်ငံရေးအဖွဲ့ရယ်၊ စစ်ရေးအဖွဲ့ ဆိုပြီးတော့ နှစ်ခုဖွဲ့ထားပါတယ်။
အဓိကကတော့ SSNDF အနေနဲ့ စစ်ရေးဖြစ်တဲ့အတွက် တိုက်ခိုက်ရေးကိုတော့ လှုပ်ရှားတယ်။ လှုပ်ရှားနယ်မြေကတော့ သျှမ်း-ကရင်နီ နယ်စပ်တစ်ကြော၊ ဖယ်ခုံ အနောက်ဘက်ခြမ်း၊ ဖယ်ခုံ အရှေ့ဘက်ခြမ်း အဲ့ဒီတကြောမှာ ကျွန်တော်တို့ ထိုင်ထားပါတယ်။
၂၀၂၅ ဧပြီ အဲ့ဒီလောက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဓိက ဖွဲ့စည်းရတဲ့ အကြောင်းရင်းကတော့ အစောပိုင်းတုန်းက သျှမ်းတောင်ကနေပြီးတော့ သပိတ် (Strike) ကာလတွေပြီးတော့ ကျနော်တို့ လက်နက်ကိုင်လမ်းစဉ် ရွေးတဲ့အချိန်မှာ သျှမ်းတောင်ထဲမှာ အခြေပြုလို့ မရတဲ့အခါ ကရင်နီဘက်ကို ရွှေ့လာကြပြီး ဖွဲ့ကြတယ်။
အဲ့ဒီမှာ ကိုယ့်အဖွဲ့ သူ့အဖွဲ့ ကွဲနေကြတယ်၊ အဲ့လို တစ်စစီ ဖြစ်နေတယ်။ ဒါပေမဲ့ သုံးနှစ်ကျော်ကျော်လောက် ဖြတ်သန်းတဲ့အခါကျတော့ ဒီအတိုင်း သွားနေလို့တော့ မရတော့ဘူး၊ တစ်စုတည်း သွားမှရမယ် ဆိုတာမျိုးနဲ့ အချင်းချင်း စကားပြောကြတယ် ဆွေးနွေးကြတယ် အဖွဲ့တွေ အကုန်လုံး။ ကျနော်တို့ထဲမှာဆိုရင် တပ်ရင်းအနေနဲ့ (၃) ရင်းပါတယ်၊ ပြီးတော့မှ ကျနော်တို့ ဒရုန်းအဖွဲ့ပါတယ်၊ ဆေးအဖွဲ့ပါတယ်။
ကျနော်တို့ စကားပြောတဲ့ တပ်ရင်းတွေထဲမှာဆိုရင် သျှမ်းတောင်ကနေပြီးတော့ ကရင်နီထဲမှာ လာပြီး အခြေပြုတဲ့ အဖွဲ့တွေ အကုန်လုံး စကားပြောကြည့်ကြတယ်။ ပြောကြည့်တဲ့အခါမှာ MOD တပ်ရင်းနှစ်ရင်း ပါလာတယ် တပ်ရင်း ၁၀၀၈၊ ၁၀၀၅ အဲ့ဒီနှစ်ဖွဲ့ ပါလာတယ်။ ပြီးတော့ Local အနေနဲ့ ဆက်သွားနေတယ်၊ ပြီးတော့ SODF ဆိုတဲ့ ဒရုန်းအဖွဲ့လေးပေါ့ အဲ့ဒီကနေ စုဖွဲ့ဖြစ်ပြီးတော့မှ တစ်စုတစ်ဖွဲ့တည်း သွားမှရမယ်၊ ကျနော်တို့ အိမ်ပြန်ချင်တယ်ဆိုရင် တကွဲတပြားစီ လုပ်နေလို့တော့ မရဘူးဆိုပြီးတော့မှ စုဖွဲ့ဖြစ်ကြတာပါ။
မေး ။ ။ အရင်က SSNDF မဖြစ်လာခင် အဖွဲ့အစည်းအနေနဲ့ ဘယ်လိုမျိုး လှုပ်ရှားခဲ့ဖူးလဲ။
ဖြေ ။ ။ လှုပ်ရှားခဲ့တဲ့ Local အဖွဲ့အစည်းဆိုရင်တော့ ကျွန်တော် SSLRU ပေါ့၊ သျှမ်းပြည်တောင်ပိုင်း ဒေသခံတပ်ပေါင်းစုဆိုပြီးတော့ လှုပ်ရှားခဲ့တယ်။ ပြီးတော့မှ ကျနော်တို့ ဒီ ၁၀၀၈၊ ၁၀၀၅ တပ်ရင်းတို့နဲ့လည်း ပေါင်းပြီး စကားပြော ဆွေးနွေးပြီးမှ စုဖွဲ့ဖြစ်တယ်။ အရင်က လှုပ်ရှားတာတော့ SSLRU အနေနဲ့ လှုပ်ရှားခဲ့တာ။
မေး ။ ။ အခု ပြောင်းလဲဖွဲ့စည်းခဲ့တယ် SSNDF ရဲ့ အဓိက ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ရပ်တည်နေလဲ။
ဖြေ ။ ။ ကျနော်တို့ စပြီး စုဖွဲ့ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ အိမ်ပြန်ချင်တယ်၊ တကယ်ကို သျှမ်းတောင်အတွက် လုပ်ကြမယ်ဟေ့ ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် အခုလို တကွဲတပြားစီ လုပ်နေလို့တော့ မရဘူး၊ စုစည်းပြီး လုပ်မှရမယ်ဆိုတာမျိုးနဲ့ စုဖွဲ့ခဲ့ကြတယ်။ ကျနော်တို့ ဦးတည်ထားတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုစုဖွဲ့မှုမျိုးကို သျှမ်းတောင်ကနေပြီးတော့ အခြေပြုပြီးမှ သျှမ်းပြည် တစ်ပြည်လုံးပေါ့၊ ရှိသမျှ လက်နက်ကိုင်တွေရော အရင့်အရင် ကျနော်တို့ရဲ့ နောင်တော် EAO ERO တော်လှန်ရေးအဖွဲ့တွေရော အကုန်လုံး စုဖွဲ့ပြီးမှ တော်လှန်နိုင်ဖို့ပေါ့။
အဲ့ဒီအတွက် ကျနော်တို့ စုဖွဲ့မယ်၊ လိုက်ပြီး စည်းရုံးမယ်၊ စကားပြောမယ်၊ ထိတွေ့မယ်၊ ဆက်ဆံမယ်၊ သူတို့နဲ့ ပေါင်းပြီး ကျနော်တို့ လုပ်နိုင်တဲ့ဟာတွေ အကုန်လုံး လုပ်မယ် ဆိုတာမျိုးကိုတော့ ကျနော်တို့ အခြေခံထားတယ်။ ဒီဘက် နိုင်ငံရေးအနေနဲ့ကျတော့လည်း ကျနော်တို့ သျှမ်းပြည်ကို ပြန်လည်လွတ်မြောက်ဖို့၊ သျှမ်းပြည်ထဲမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အတတ်နိုင်ဆုံး လျှော့ချပြီးတော့၊ ကျနော်တို့ အခုဆိုရင် ပြည်နယ်သစ် အော်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ ဒါတွေအကုန်လုံးကို တစ်စုတစ်စည်းတည်းနဲ့ ဘယ်လို သွားနိုင်မလဲပေါ့။
ဘာလို့လဲဆိုရင် သျှမ်းပြည်မြေပုံကို အရင်ရှိခဲ့တဲ့ သျှမ်းပြည် နယ်နိမိတ် အကျယ်အဝန်းကိုတော့ ကျနော်တို့ ဖဲ့မထွက်သွားချင်ဘူး၊ အဲ့ဒါလေး မပျက်သွားချင်ဘူး။ နိုင်ငံရေးအရ ဒီသဘောတရားတွေ ကျေလည်မယ်ဆိုရင် ဆက်ပြီး တည်တံ့သွားနိုင်တယ်။ ပြည်ထောင်စုမှာ ဖက်ဒရယ်သုံးသလိုပဲ ပြည်နယ်မှာရော ဖက်ဒရယ်သုံးလို့ ရနိုင်မယ်ပေါ့။
ကျနော်တို့ Federated Shan State ဆိုတဲ့ ဟာမျိုးကို ပြန်ဖော်ဆောင်နိုင်မလား၊ အဲ့ဒါတွေအတွက် လုပ်ကြမလား ဆိုတာမျိုးတွေ စကားပြော ဆွေးနွေးပြီးတော့မှ သျှမ်းပြည်ထဲမှာ ရှိနေသော လူမျိုးစုတွေကြားထဲမှာ ပဋိပက္ခတွေ လျှော့ချပြီး ပြေပြေလည်လည်နဲ့ မတူကွဲပြားတဲ့ ဟာတွေ တစ်စုတစ်စည်းတည်း နေနိုင်ဖို့ နိုင်ငံရေးအရ အဲ့လို လျှောက်တယ်။ စစ်ရေးအရကတော့ ကျနော်တို့ တစ်စုတစ်စည်းတည်း တော်လှန်နိုင်ဖို့ ကြိုးစားနေတယ်။
မေး ။ ။ အခုလက်ရှိ သျှမ်းပြည်မှာလည်း လုပ်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အများကြီး ရှိလာခဲ့တာ နှစ်ပေါင်း ၇၀ လည်း ကျော်နေပြီ။ အဲ့လမ်းကြောင်းပေါ် ရောက်ဖို့အတွက် ဘယ်လို နည်းလမ်း၊ ဘယ်လို Strategy သုံးသွားမလဲ။ အရင်က လုပ်လာခဲ့တဲ့ လူတွေထက် တမူထူးခြားတဲ့ ဘယ်လိုမျိုး Strategy နဲ့ သွားဖို့ ရှိမလဲ။
ဖြေ ။ ။ နိုင်ငံရေး စစ်ရေးမူဝါဒတွေတော့ ထုတ်ထားတာပေါ့နော်။ ဒီမှာလည်း ကျနော်တို့ သေသေချာချာ တိတိပပ ရှင်းရှင်းလင်းလင်း ရေးထားတာတွေ ရှိတယ်၊ ဒါပေမဲ့ ထုတ်ပြန်တော့ မကြေညာရသေးဘူး။ အနှစ်ချုပ်ပြီး ရှင်းပြမယ်ဆိုရင်တော့ ကိုယ့်ပြည်နယ် တိုးတက်ဖို့ ကိုယ့်ဟာကိုယ် လုပ်ရမယ်၊ ကိုယ့်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်သွားမယ်ဆိုရင် ပြည်နယ်ကြီး လွတ်မြောက်ဖို့ လိုအပ်တယ်။
လွတ်မြောက်တယ်လို့ပြောရင် သျှမ်းပြည်နိုင်ငံရေးထဲမှာ ဒါမှမဟုတ် တစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးထဲမှာ စစ်တပ်က ပါနေလို့ မရဘူး၊ စစ်တပ် ပါနေမယ်ဆိုရင် ကျနော်တို့က စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်၊ စစ်မှန်တဲ့ လွတ်လပ်မှုလည်း ရမှာ မဟုတ်ဘူး။ စစ်တပ်ကို နိုင်ငံရေးထဲကနေ အရင် ထုတ်ရမယ်၊ ထွက်အောင် လုပ်ရမယ်။ ပြည်နယ်ထဲမှာ ရှိနေတဲ့ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုတွေကို ဖယ်ရှားရမယ်။ ကျွန်တော်တို့ လွတ်မြောက်အောင် လုပ်ရမယ်၊ Liberation အရင် လုပ်ရမယ်ပေါ့။ Liberation လုပ်ပြီးမှသာလျှင် ကျနော်တို့ တည်ဆောက်ချင်တဲ့ သွားချင်တဲ့ ပန်းတိုင်ကို သွားလို့ရမယ်၊ ဒါ ပထမဆုံး မြင်ရတဲ့ အချက်ပေါ့နော်။
ဘယ်လိုလွတ်မြောက်အောင် လုပ်ကြမလဲ ဆိုတဲ့နေရာမှာ တစ်စုတစ်ဖွဲ့တည်း လုပ်လို့ မရဘူး။ ရှိနေသမျှ အင်အားစုတွေ အကုန်သုံးပြီးတော့မှ စစ်တပ်ကို ကျနော်တို့ တော်လှန်မှရမယ်၊ လွတ်မြောက်အောင် လုပ်မှရမယ်၊ ဖယ်ရှားရမယ်။ ဘာလို့လဲဆိုတော့ သူတို့ တည်ဆောက်ခဲ့တဲ့ Institution ကြီးက တကယ်ကို နှစ်လည်းကြာ၊ တကယ်ကို ခိုင်ခိုင်မာမာနဲ့ တည်ဆောက်ထားတာဆိုတော့ လွယ်လွယ်တော့ ဖျက်လို့ မရဘူး။ စုပေါင်းအားနဲ့ဆိုရင် ရမယ်ဆိုတော့ Union ဖြစ်အောင် လုပ်မှရမယ်၊ သို့မဟုတ် United ဖြစ်အောင် လုပ်မှရမယ်လို့ ဒုတိယအချက်အနေနဲ့ မြင်တယ်။
ကျနော်တို့ Union အနေနဲ့ စုစည်းအားကို လုပ်မယ်ဆိုရင် ဘယ်လို စုစည်းကြမလဲပေါ့၊ တတိယ စဉ်းစားချက်က အရေးကြီးတာ ကျနော်တို့ Changes အပြောင်းအလဲ လုပ်မှရမယ်။ ပြောဖြစ်နေကျ စကားအတိုင်းပဲ ပြန်သုံးရရင် ပုစ္ဆာအဟောင်းပဲ၊ ဒါပေမဲ့ နည်းဟောင်းနဲ့ တွက်နေလို့တော့ မရဘူး။ နည်းသစ်နဲ့ တွက်မှရမယ်၊ Changes လုပ်မှရမယ်၊ တကယ်ကို ပြောင်းလဲမှရမယ်။
Changes ဆိုတာ အမြဲတမ်းလည်း ပြောခဲ့ပေမယ့် တကယ်တော့ Conversation အပြောကတော့ လွယ်တယ်၊ ဒါပေမဲ့ တကယ်လုပ်ဆောင်ချက် တကယ်ကို ပြောင်းလဲဖို့ကျတော့ သတ္တိရှိဖို့ လိုတယ်။ တကယ် အပြောင်းအလဲကို လက်ခံရဲဖို့ လိုတယ်၊ ဒီသုံးခုနဲ့ အခြေခံပြီးတော့မှ ကျနော်တို့ သွားနေတယ်။ ဘယ်လောက်ထိ ကျနော်တို့ စုစည်းနိုင်မလဲ ဆိုတာမျိုးက နောက်ဆုံးပြောသွားသလိုပဲ Changes ဘယ်လောက်လုပ်နိုင်မလဲ။
EAO တွေလည်း ဒီဟာကို လုပ်နေကြတယ်၊ သို့သော် ပုစ္ဆာအဟောင်းကို နည်းဟောင်းနဲ့ ဆက်သွားနေရင်တော့ ရလဒ်အဟောင်းပဲ ထွက်မယ်။ အဲ့တော့ တွက်နည်းအသစ်နဲ့တော့ ကျနော်တို့ တွက်ရလိမ့်မယ်၊ အဲ့ဒါကိုတော့ ဖော်ဆောင်နေတယ် လုပ်နေတယ်။
မေး ။ ။ သျှမ်းပြည်မှာ သိတဲ့အတိုင်း လက်နက်ကိုင်အဖွဲ့အစည်း အများကြီး ရှိတယ်။ ဖက်ဒရယ်သျှမ်းပြည် Federated Shan State ဆိုတဲ့ ပုံစံမျိုး ဖြစ်လာနိုင်ဖို့ ဘယ်လောက် ယုံကြည်မှုရှိလဲ။ အဲ့လို ဖြစ်လာနိုင်ဖို့ ဘယ်လောက် အချိန်ကြာနိုင်မလဲ။
ဖြေ ။ ။ ပြည်နယ်တစ်ခုလုံး ငြိမ်းချမ်းသွားပြီးမှ လွတ်မြောက်ပြီးမှ Develop ဖြစ်တဲ့ အခြေအနေတစ်ခုဆိုရင်တော့ အချိန်ကာလတော့ ကြာလိမ့်မယ်။ ဒါပေမဲ့ နှစ်ပိုင်းကြည့်ရမှာ၊ တော်လှန်ရေးကာလနဲ့ တော်လှန်ရေးအလွန် ကာလဆိုတာ ရှိမယ်။ တော်လှန်ရေး ကာလကတော့ ဘယ်လောက်အထိ စုစည်းနိုင်မလဲ၊ မြန်မြန် စုစည်းနိုင်ရင် မြန်မြန်ပြီးမယ်၊ ဒီဟာက တစ်ချက်။
ကျနော်တို့ မျှော်မှန်းတဲ့ တိုးတက်တဲ့ Develop ဖြစ်တဲ့ သျှမ်းပြည်မျိုးကျတော့ လူငယ်ထုရဲ့ ကြိုးစားမှုအားကို ကြည့်ရမယ်ပေါ့နော်။ တော်လှန်ရေးတလျှောက်မှာ ကျွန်တော်တို့ မြင်နေရတာဆိုရင် လူငယ်တွေရဲ့ ပြောင်းလဲလိုစိတ်၊ ပြောင်းလဲချင်စိတ်က တကယ်ကို အံ့မခန်းကြီးပဲဗျ။
တကယ်ကိုလည်း ပြောင်းလဲချင်တဲ့ လူငယ်တွေ၊ ငါတို့က ပြောင်းလဲချင်နေပြီ ဆိုတာကို အပြောနဲ့တင် မဟုတ်ဘဲ လက်တွေ့နဲ့ လုပ်ကြတယ်။ နိုင်ငံရေး၊ စစ်ရေး၊ ပြီးတော့ နိုင်ငံတည်ဆောက်ရေးထဲမှာ လူငယ်ထုအားကို ဘယ်လောက်အထိ ထည့်သုံးမလဲ၊ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဘယ်လောက်အထိ ချဲ့ထွင်ပေးမလဲ၊ လူငယ်တွေကို ပါဝင်လာအောင် ဘယ်လောက်အထိ လူကြီးတွေအနေနဲ့ နေရာပေးမလဲ၊ ဖယ်ပေးမလဲပေါ့နော်။

အဲ့ဒီထဲမှာ ထည့်လိုက်မယ်ဆိုရင် အချိန်ကာလအားဖြင့်တော့ ပြောရခက်တယ်ဆိုပေမဲ့ ဒီလုပ်ဆောင်ချက်တွေက မြန်မြန်လုပ်ဆောင်လေ မြန်လေပဲ၊ အဲ့လိုဆိုတော့ ပထမတစ်ခုက စုစည်းနိုင်ရင် တော်လှန်ရေးက မြန်မြန်ပြီးမယ်။ ပြည်နယ်တိုးတက်ဖို့၊ နိုင်ငံတိုးတက်ဖို့ဆိုရင် ဒီ လူငယ်ထုကို အစားထိုးပေးဖို့၊ တကယ်ကို မြန်မြန်အစားထိုးနိုင်မယ်ဆိုရင်လည်း မြန်မြန် Develop ဖြစ်လာမယ်ပေါ့ အဲ့လိုပဲ ယုံကြည်ပါတယ်ဗျ။
မေး ။ ။ သျှမ်းပြည်အတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုရော ဘယ်လိုမျိုး နည်းလမ်းနဲ့ ချဉ်းကပ်နေလဲ၊ ချဉ်းကပ်နေတာရော ရှိလား။
ဖြေ ။ ။ ချဉ်းကပ်နေတာတွေ ရှိပါတယ်၊ ဒါက မချဉ်းကပ်လို့လည်း မရဘူး တော်လှန်ရေးက မျိုးဆက်တွေပဲပေါ့နော်။ သူတို့က ကျနော်တို့ရဲ့ စီနီယာတွေ၊ ကျနော်တို့က ဂျူနီယာတွေ ဒါတော့ စီနီယာ ဂျူနီယာ သူတို့ရဲ့ အတွေ့အကြုံတွေကို ကျနော်တို့ ဖလှယ်မယ်။ ကျနော်တို့ရဲ့ အတွေးအခေါ်သစ်တွေ ပြောင်းလဲလိုစိတ် အတွေးသစ်တွေ တွက်နည်းအသစ်တွေပေါ့ အဲ့ဒါတွေကို သူတို့ကို ပြန်ပြီး Sharing လုပ်မယ်၊ ပြန်ပြီးတော့မှ ချိတ်ဆက်ရမယ်ပေါ့။ ဒါကတော့ ကျနော်တို့ လုပ်ရမယ့် အရာတွေပေါ့။
ကျနော်တို့ ချဉ်းကပ်နေလားဆိုရင် ချဉ်းကပ်နေပါတယ်၊ ချဉ်းကပ်ပြီးမှ ထိတွေ့ဆက်ဆံနေတယ်။ ပြီးတော့မှ ကျနော်တို့ ဖြစ်ချင်တဲ့ ဆန္ဒတွေ၊ သွားချင်တဲ့ Goal တွေ၊ ကျနော်တို့ရဲ့ အိပ်မက်တွေ သူတို့ကို ပြောနေတယ်၊ ပြီးတော့ အဲ့ဒီအိပ်မက်တွေ မဟုတ်ဘဲ ကျနော်တို့ သွားချင်တဲ့ လမ်းကိုပါ သူတို့ကို ချပြနေတယ်။ ပြီးတော့ သူတို့ လမ်းဟောင်းက နောက်ပြန်ကြီး လျှောက်နေတာမျိုး မဟုတ်ဘူး၊ တကယ်က ကျနော်တို့က လမ်းတစ်ခုတည်းမှာ လျှောက်နေကြတာ။ သူတို့က ဟိုဘက် Platform ၊ ကျနော်တို့က ဒီဘက် Platform အဲ့လိုမျိုးလေး ဖြစ်နေတယ်။ ဒီဟာကို ပေါင်းစဉ်းပြီးမှ သွားနိုင်ဖို့ ချဉ်းကပ်နေတယ် ညှိနေတယ် စကားလည်း ပြောနေပါတယ်။
ကျနော်တို့ အခု စကားပြောရသလောက်ဆိုရင် သူတို့လည်း ကြိုဆိုပါတယ်၊ သူတို့လည်း ဒီဟာကို ဖြစ်စေချင်တယ်။ သျှမ်းပြည်မှာဆို ဗမာပြည်မကြီးလို မဟုတ်ဘဲ နိုင်ငံရေးမျိုးဆက် နည်းနည်း ပြတ်သွားသလို ဖြစ်နေတယ်။ ဒါကလည်း အကြောင်းကြောင်းတွေ ရှိတာပေါ့၊ မျိုးဆက်အလိုက် ခေတ်အလိုက် နှိမ်ခံရတာ၊ ဖယ်ထုတ်ခံရတာတွေ၊ သမိုင်းဖျောက်ခံရတာတွေကြောင့် ဒီမျိုးဆက်တွေ နိုင်ငံရေးကို စိတ်မဝင်စားတော့ဘူး။
နောက်ပြီး လူထုကို စားဝတ်နေရေး အကြပ်အတည်းထဲပဲ ထိုးထည့်ထားပြီး နိုင်ငံရေးဘက် မလှည့်နိုင်အောင် စစ်တပ်က စနစ်တကျ ဖျက်ဆီးထားတဲ့ Strategy ထဲမှာ ကျနော်တို့မျိုးဆက် သျှမ်းပြည်လူငယ်တွေ ပါသွားတဲ့အခါ မျိုးဆက် နည်းနည်း ပြတ်သွားသလို ဖြစ်လာတယ်။ ဒါပေမဲ့ အခု ပြန်ပြီး ချိတ်ဆက်၊ ထိတွေ့၊ စကားပြောတဲ့အခါ သူတို့လည်း ကြိုဆိုတယ်၊ လက်ခံပါတယ်။
တချို့ဟာတွေဆိုရင် သူတို့ထဲမှာတောင်မှ ပြောင်းလဲချင်နေတဲ့ လူတွေရှိတယ်၊ ပြောင်းလဲရမယ်ဆိုတဲ့ အသိလည်း ရှိတယ်။ ဒါပေမဲ့ မျိုးဆက်ပြတ်သွားတဲ့အတွက် သူတို့ကပဲ ဆက်လုပ်နေတဲ့ ပုံစံ ဖြစ်နေတယ်။ ပြီးတော့ သူတို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ၊ အခက်အခဲတွေ အပေါ် အခြေခံပြီးပဲစဉ်းစားတဲ့အခါ ဒီဘက်ခေတ် လူငယ်တွေ ဖြစ်ချင်တဲ့အရာနဲ့ နည်းနည်း ကွာဟမှုတော့ ရှိတယ်။ ဒါပေမဲ့ အဲ့တာလေးတွေကလည်း အခုလိုမျိုးပေါင်းစပ်ပြီး စကားပြောကြည့်တဲ့အခါမှာ ဖြည်းဖြည်းချင်း အဆင်ပြေလာတယ်။
ဒီဟာလည်း ကျနော်တို့ တကယ်ကြိုးစား ထိတွေ့နေတဲ့ အပိုင်းမှာ မဆိုဘူးဗျာ၊ တော်တော်လေး ခရီးရောက်တယ် ပြောလို့ရမယ်။ ထင်ထားသလို ဒါမှဒါဆိုတာမျိုး မဟုတ်တာလည်း တွေ့ရတယ်၊ ပေါင်းစပ်ချင်တဲ့ စိတ်ရှိတာလည်း တွေ့ရတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတစ်ခု ကာလရှည်ကြာ ဖြတ်သန်းခဲ့ရတဲ့ လက်ခံခဲ့တဲ့ ယုံကြည်ချက်ကို နေ့ချင်းညချင်း ပြောင်းလဲဖို့တော့ ခက်မှာပေါ့။ ဒါပေမဲ့ ကျနော်တို့ ကြိုးစားနေပါတယ်၊ လူငယ်ထုကလည်း ဒါကို တွန်းနေပါတယ်။
မေး ။ ။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တွေ့ဆုံမှုရှိတယ်လို့ သိရပါတယ်။ ရလဒ်အနေနဲ့ ဘယ်လိုရှိလဲ၊ ၁၀၀ ရာခိုင်နှုန်းမှာ အမှတ်ဘယ်လောက် ပေးမလဲ။
ဖြေ ။ ။ အခုအချိန်က စပြီး ထိတွေ့တဲ့ ကာလပဲ ရှိသေးတဲ့အတွက် ၅၀-၅၀ လောက်ပဲ ပြောနိုင်ပါတယ်။ ဒါပေမဲ့ စကားပြောကြည့်တဲ့အခါမှာကြိုဆိုတယ်၊ warmly welcome ဖြစ်တယ်၊ ဒါကို သူတို့လက်ခံတယ်။ ပြောင်းလဲမယ် မပြောင်းလဲဘူးဆိုတာတော့ သူတို့ စဉ်းစားရဦးမယ်၊ ချင့်ချိန်ရဦးမယ်။ ဒါက သူတို့ ဘဝတစ်လျှောက် ဖြတ်သန်းခဲ့တဲ့ အခက်အခဲတွေအပေါ် မူတည်ပြီး စဉ်းစားနေတာမျိုးပါ။

ဥပမာ အသက် ၅၀ ဝန်းကျင် တော်လှန်ရေးနောင်တော်ကြီး တစ်ယောက်ကို အခုမှ အသက် ၂၀၊ ၃၀ ဝန်းကျင် ချာတိတ်တစ်ယောက်ရဲ့ ဖြတ်သန်းမှုနဲ့ သွားပြောလိုက်ရင် သူတလျှောက်လုံး ယုံကြည်ခဲ့တဲ့အရာကို ချက်ချင်း ပြောင်းဖို့ ခက်တယ် စိန်ခေါ်မှုကြီးတယ်၊ risk လည်း များတယ်။ ဟုတ်ပါ့မလား ဆိုတာမျိုးတွေလည်း ရှိတယ်၊ experience ကလည်း အရမ်း ကွာသွားပါပြီ။ ဒါပေမဲ့ ၅၀-၅၀ ဘာလို့ပြောလဲ ဆိုရင်တော့ သူတို့ လက်ခံကြိုဆိုတယ်၊ ကျနော်တို့နဲ့ ဆွေးနွေးတယ် နားထောင်နေတယ် ဆိုတာကတည်းက တိုးတက်မှုရှိတယ်၊ အားရှိတယ် အဲ့လိုတော့ ပြောလို့ ရပါတယ်။
မေး ။ ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ သျှမ်းအမျိုးသားနေ့မှာ RCSS ဌာနချုပ်ကို SSNDF အနေနဲ့ သွားတက်ရောက်ခဲ့တာ ဘယ်လိုဖြစ်လာတာလဲ၊ ဘာတွေ ဆွေးနွေးဖြစ်ခဲ့လဲ။
ဖြေ ။ ။ ဒီနှစ်မှာ “သျှမ်းပြည်အမျိုးသားနေ့” ဆိုပြီး ခေါင်းစဉ် ပြောင်းလာတာကို တွေ့ရတယ်။ အရင်လို လူမျိုးတစ်စုအပေါ် မဟုတ်ဘဲ ပြည်နယ်အခြေပြုတဲ့ အတွေးအခေါ် ဝင်လာတယ်လို့ မြင်တယ်။ ပြည်နယ်ထဲရှိ လူမျိုးအားလုံး ပါဝင်သက်ဆိုင်တယ်ဆိုတဲ့ mindset ဖြစ်လာတယ်။
အဲ့ဒါကြောင့် ရှမ်းပြည်သားတစ်ယောက်၊ တော်လှန်ရေးမျိုးဆက်တစ်ခုအနေနဲ့ တက်ရောက်ခဲ့တာပါ။
ရည်ရွယ်ချက်က ရှမ်းပြည်သားအားလုံးနဲ့ ဆိုင်တဲ့ အခမ်းအနားဖြစ်တဲ့အတွက် ပါဝင်ကြိုဆိုတာ ဖြစ်ပါတယ်။ ကျင်းပတဲ့ အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး တက်ရောက်ခဲ့တာပါ။ အခြားနေရာတွေမှာလည်း ကျင်းပတာတွေ ရှိပေမယ့် လက်ရှိအခြေအနေအရ တော်လှန်ရေးအဖွဲ့တွေကြားမှာ ကျင်းပတဲ့နေရာကို တက်ဖို့ ပိုလွယ်တဲ့အတွက် အဲ့ဒီကို သွားခဲ့တာပါ။
သျှမ်းပြည်အမျိုးသားနေ့ ဖြစ်တဲ့အတွက် သျှမ်းပြည်ထဲမှာ နေတဲ့ ပြည်သူတစ်ယောက်ဖြစ်တယ်၊ တော်လှန်ရေးမျိုးဆက် ဖြစ်တယ်ပေါ့နော် အဲ့တော့ ကျနော်တို့ သွားတက်တယ်။ သွားတက်ရခြင်း ရည်ရွယ်ချက်က ရှင်းပါတယ်၊ သျှမ်းပြည်အမျိုးသားနေ့ ဖြစ်တဲ့အတွက် သျှမ်းပြည်အတွင်းမှာ နေထိုင်တဲ့ ပြည်သူအားလုံးနဲ့ ဆိုင်တဲ့အတွက် ဒီဟာကို သွားတက်ရခြင်းဖြစ်တယ်။
ပြီးတော့ ဒီဟာကို ကျင်းပပေးတဲ့ အဖွဲ့အစည်းတစ်ရပ် ရှိနေတယ်ဆိုတော့ အဲ့နေရာမှာ ကျနော်တို့ ပါဝင်ပြီး တက်ရောက်လိုက်တယ်။ ကျနော်သိသလောက်ဆိုရင် SSPP ဘက်မှာလည်း လုပ်တယ်၊ ရန်ကုန်ဘက်မှာလည်း လုပ်တယ်လို့ သတင်းတွေမှာ တွေ့ရတယ်။ ဒီကာလကြီးမှာ ကျနော်တို့ အဖွဲ့အစည်းတွေ တက်ဖို့လွယ်တာက တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ လုပ်တဲ့ဟာပဲ။
အဲ့မှာ RCSS ဥက္ကဋ္ဌနဲ့ ဝင်ရောက် နှုတ်ဆက်ခဲ့ပါတယ်။ ကျနော်တို့ဟာ သျှမ်းပြည်ရဲ့ မျိုးဆက်သစ် တော်လှန်ရေးသမားတွေ ဖြစ်တယ်ဆိုတာ မိတ်ဆက်ခဲ့ပြီး လှုပ်ရှားနေတဲ့ လမ်းကြောင်းကို အကျဉ်းချုပ် ရှင်းပြခဲ့ပါတယ်။ တော်လှန်ရေးကိစ္စကို အသေးစိတ် ဆွေးနွေးလား ဆိုတာကတော့ အဲ့အဆင့်ထိ မရောက်သေးဘူး။
အဓိကအားဖြင့် ကျနော်တို့ သွားတယ်၊ ဂါရဝပြု နှုတ်ဆက်တယ်။ ကျနော်တို့ လုပ်နေတာလေးတွေ ရှင်းပြတယ်၊ အဲ့ထဲမှာ ပါတာကတော့ ကျနော်တို့ အားမလို အားမရ ဖြစ်တာလေးတွေတော့ ထည့်ပြောခဲ့တာပေါ့။ ဒါပေမယ့် အဲ့တာက ဆွေးနွေးတိုင်ပင်တယ် ဆိုတာမျိုးထက် ကျနော်တို့ အကြောင်းတွေကို သွားပြီးမှ Input လုပ်တာပေါ့နော်၊ ကျနော်တို့ ဆက်ပြီး အတူတူ တော်လှန်နိုင်အောင်လို့ ကျနော်တို့အကြောင်းတွေ သွားပြီး မိတ်ဆက်တယ်။ ကျနော်တို့ ဖြစ်စေချင်တာတွေ သွားပြီး ချပြတယ်၊ ဒီလောက်တော့ ရှိပါတယ်။
အဲ့မှာဆိုရင်လည်း ကျနော်တို့ ပြောတာတွေကို နားထောင်တယ်၊ ကြိုဆိုတယ်၊ လက်ခံတယ်။ သူတို့အနေနဲ့ ကျနော်တို့ကို သေသေချာချာ ပြောလာတာတစ်ခုဆိုရင် ဒီလို မျိုးဆက်သစ်ကို မျှော်လင့်နေတယ်လို့လည်း ပြောတယ်။ ဘာလို့လဲဆိုတော့ ခါးဆက်ပြတ်နေတဲ့ အချိန်မှာ ကျနော်တို့လို မျိုးဆက်သစ်တွေ ဖြစ်လာတော့ warmly welcome ကြိုဆိုတယ်။ ကျနော်တို့ ပြောတာကိုလည်း စိတ်ရှည်လက်ရှည် နားထောင်တယ်၊ ပြီးတော့ ဒါတွေ အပေါ်မှာလည်း ပြန်ပြီး စဉ်းစားမယ် ကျနော်တို့နဲ့လည်း စကားပြန်ပြောမယ် ဒါမျိုးလေးတွေပေါ့။ တိတိပပကြီး အဖြေထွက်လာတာမျိုး အဲ့တာတော့မရှိပါဘူး။
မေး ။ ။ ၂၀၂၁ အာဏာစသိမ်းပြီးနောက် ဗိုလ်ချုပ်ကြီးယွက်စစ် ပြောဖူးတဲ့ “PDF တွေက နောက်တစ်ချိန်မှာ သူပုန်ဖြစ်သွားမယ်” လို့ ပြောဖူးပါတယ်။ အခု နွေဦးတော်လှန်ရေး ၅ နှစ် ရောက်လာတဲ့ အခြေအနေမှာ ဒီအပေါ် ဘယ်လို တုံ့ပြန်ချင်လဲ။
ဖြေ ။ ။ အဲ့တုန်းက အခြေအနေကို ပြောရရင် သပိတ်တွေ၊ Strike တွေဖြစ်ပြီး စစ်သင်တန်းတွေ တက်ပြီး စုဖွဲ့တာ တော်လှန်ရေးရေချိန် အမြင့်ဆုံး ရှိနေတဲ့အချိန်မှာ အဲ့လို ထုတ်ပြောလိုက်တာကို ကြားတော့ တကယ် စိတ်ဆိုးတယ်။ သိရသလောက် သျှမ်းပြည်တောင်မဟုတ်ဘူး တစ်နိုင်ငံလုံးမှာ စစ်အာဏာသိမ်းမှုကို အစောဆုံး ဆန့်ကျင်ခဲ့တဲ့အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တယ်လို့ သိထားတဲ့အတွက် ပိုပြီး မခံချင် ဖြစ်တယ်။ နောက်ပြီး ဒီလိုပြောလာတော့ ဘာလဲပေါ့။
အဲ့နောက်ပိုင်း နေပြည်တော်မှာ ခေါ်တဲ့ အစည်းအဝေးတွေ တက်တဲ့သတင်းတွေ သို့လောသို့လော ကြားထားတဲ့ အခြေအနေမှာ ဒီလို ပြောလာတော့ ပိုပြီး ဒေါသထွက်တယ်၊ ပိုပြီး တင်းတယ်။ ငါတို့ရဲ့နောင်တော် စီနီယာ တော်လှန်ရေးသမားတွေ အားကိုးမယ်ဆိုတဲ့အချိန်မှာ ဒီလိုစကားမျိုး ပြောတဲ့အချိန် တကယ်ကို ဒေါသထွက်တယ်။ ကျနော်တို့ပဲ မဟုတ်ဘူး၊ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တော်လှန်ရေးအင်အားစုတွေ တော်တော် ဒေါသထွက်ကြမှာပါ တော်တော်လေးလည်း ဂယက်ရိုက်သွားတဲ့ ကိစ္စပဲ။
ဒါပေမဲ့ ကာလရှည်ကြာလာတဲ့အခါ နည်းနည်းလေး နားလည်လာတာ သိလာတာ ရှိတယ်။ တော်လှန်ရေး လုပ်တဲ့အခါမှာ သပိတ်တွေ Strike တွေက နည်းနည်း တော်သေးတယ်။ ဒါက အနုနည်းနဲ့ တော်လှန်တဲ့အချိန်မှာ ပြဿနာ သိပ်မကြီးသေးဘူး၊ လက်နက်ကိုင်လိုက်တဲ့အချိန်မှာ သေနတ်ရဲ့ ပါဝါ၊ သေနတ်ရဲ့ အရသာ ဒီဟာတွေ ရှိလာတယ်။ အဲ့ဒါကို သေသေချာချာ မထိန်းထားနိုင်ဘူး ထိန်းချုပ်မှု မရှိရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်။
စတင်ဖွဲ့စည်းချိန်ကတည်းက ဘာကြောင့် သေနတ်ကိုင်တာလဲဆိုတာ မူဝါဒအနေနဲ့ ခိုင်မာမထားဘူးဆိုရင် ဒီပြဿနာတွေ ကြုံလာနိုင်တယ်ဆိုတာကို အခုတော့ နားလည်လာတယ်။ ဒီစကားက အဲ့ကာလတုန်းက မခံချင်စရာ၊ ဒီကာလမှာ စဉ်းစားရင်တော့ ဪ ဟုတ်ပါလား ဆိုတာမျိုး ဖြစ်လာတယ်။ ဒါပေမဲ့လည်း အဲ့လို အကုန်ဖြစ်သွားလားဆိုတာ အဲ့လို မဟုတ်ပါဘူး။ ဦးဆောင်နေတဲ့ လူငယ်တွေထဲမှာ တကယ်ကို ပညာတတ်၊ ရည်ရွယ်ချက် ခိုင်မာတဲ့ လူတွေ အများကြီး ရှိတယ်။
ဖြစ်သွားတဲ့အဖွဲ့ ရှိလားဆိုရင် ရှိတယ်လို့ ကျနော် အမှန်အတိုင်း ဝန်ခံတယ်။ အဲ့လို ဖြစ်သွားတဲ့အဖွဲ့တွေ ရှိတယ်၊ ဒါပေမဲ့ အကုန်လုံး မဟုတ်ဘူး။ ဒါကတော့ သူ့ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးကာလနဲ့ သမိုင်းတလျှောက်အပေါ် အခြေခံပြီး ပြောတာ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးအဖွဲ့တစ်ခုထဲမှာပဲ အတူတူ တော်လှန်နေရင်းနဲ့ BGF ဖြစ်သွားတာ၊ ပြည်သူ့စစ်ဖြစ်သွားတာ ရှိတယ်။
ပြီးရင် ပြည်သူကို ပြန်ပြီး သေနတ်ပြောင်းလှည့်တဲ့ အဖွဲ့တွေ၊ အချင်းချင်း ပြောင်းလှည့်ခဲ့တာတွေ ရှိတယ်။ ဒါမျိုးတွေ ကြုံခဲ့ရတော့ ဒီပေါ်မှာ အခြေခံပြီး ပြောတာဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ စဉ်းစားချက်နဲ့ ဥက္ကဋ္ဌရဲ့ ဖြတ်သန်းမှုနဲ့ ဆိုရင်တော့ ဒါက မှန်တယ်။ ဒီဘက်ခေတ်မှာကော ဒါမျိုး မကြုံရဘူးလားဆိုတော့ ကြုံတယ်၊ ဒါပေမယ့် အကုန်လုံး အဲ့လိုတော့ မဟုတ်ဘူး။ ကျနော်တို့ လူငယ်တွေကို တကယ် ထိတွေ့ပြီး စကားပြောကြည့်ရင် ရည်ရွယ်ချက်ခိုင်မာပြီး မူဝါဒတွေနဲ့ သန္နိဋ္ဌာန်ချပြီး သွားနေတာ ဖြစ်တယ်။
ဘယ်လိုတုံ့ပြန်ချင်လဲဆိုတော့ အဲ့တုန်းက ပြောခဲ့တဲ့ စကားကို တုံးတိမဟုတ်ဘဲနဲ့ အကြောင်းအရာ ခိုင်ခိုင်လုံလုံနဲ့ ရှင်းပြခဲ့ရင် ပိုကောင်းမယ်လို့ ထင်တယ်။ အခုအချိန်မှာတော့ နားလည်လာတယ်၊ ဖြစ်နေတဲ့ ပြဿနာတွေ ရှိတယ်ဆိုတာ လက်ခံတယ် ဒါပေမဲ့ အားလုံး မဟုတ်ဘူး။ လူငယ်တွေက ပြုပြင်လွယ်တဲ့အတွက် အမှားတွေ ဖြစ်လာရင် ပြန်ပြင်နိုင်တယ်၊ ပြောင်းလဲနိုင်တယ်။
မေး ။ ။ မမေးမိဘဲ နောက်ထပ် ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ သျှမ်းပြည်ထဲက ရှိနေတဲ့ ပြည်သူလူထုတွေကော လူငယ်အင်အားစုတွေကော စားဝတ်နေရေး အကြပ်အတည်းဖြစ်နေတဲ့ အချိန်မှာ အဆင်ပြေအောင် ရုန်းကန်နေရတာကို နားလည်ပါတယ်၊ ဒီဟာတွေကို ကျနော်တို့ စာနာပါတယ်။ သို့သော် ကျနော်တို့တွေ လက်ရှိကာလလေးမှာ အဆင်ပြေအောင် နေမလား၊ ဒီကာလဆိုးကြီးကို ဒဏ်ခံပြီး ပိုအဆင်ပြေတဲ့ အချိန်ထိ ကျော်ဖြတ်မလား။
ဒီဟာကို သေချာ စဉ်းစားပြီးမှ သန်းခေါင်ထက်တော့ ညမနက်တော့ဘူးဗျာ၊ ဒီထက်ဆိုးတဲ့ အခြေအနေ မရှိတော့ဘူးလို့ မြင်ပါတယ်။ ဒါကြီးကို အဆင်ပြေအောင် ဆိုပြီးမှ မလူးသာ မလွန့်သာ နေနေမယ့်အစား ကျနော်တို့နဲ့အတူ လာပြီး လက်တွဲပြီး တော်လှန်ရေးကိစ္စတွေကို ပါဝင်အားဖြည့်လိုက်ပါလို့ လူငယ်အင်အားစုကို အဲ့တာလေး ပြောချင်ပါတယ်။












Leave a Comments