သျှမ်းပြည် မြို့နယ်ပေါင်း ၁၅ ခုအပါအဝင် နိုင်ငံတစ်ဝန်းမှ မြို့နယ် ၅၈ ခုတွင် အရေးပေါ်အခြေအနေကို နောက်ထပ် ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးရန် ယနေ့ (ဇူလိုင် ၂၁ ရက်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ သက်တမ်းတိုးရန် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထိန်လင်းဦးက လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်ပြီး ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ သတင်းဌာနများက ဖော်ပြသည်။
စစ်အုပ်ချုပ်ရေး သက်တမ်းတိုးခံရသည့် သျှမ်းပြည်အတွင်းရှိ မြို့နယ်များမှာ နမ္မတူ၊ မဘိမ်း၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ ကွမ်းလုံ၊ နမ့်ဆန်၊ မန်တုံ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါနှင့် မိုင်းလား မြို့နယ်တို့ ဖြစ်သည်။
ယခုစာရင်းတွင် ပါဝင်နေသော သျှမ်းမြောက်ဒေသရှိ မြို့နယ်အများစုမှာ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေသည့် နေရာများ ဖြစ်သည်။

ထူးခြားချက်မှာ စစ်ရေးပဋိပက္ခ ဖြစ်ပွားခြင်းမရှိသည့် သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားမြို့နယ်နှင့် ‘ဝ’ တပ်ဖွဲ့ (UWSA) ထိန်းချုပ်သည့် ဟိုပန်မြို့နယ်တို့ပါ စစ်အုပ်ချုပ်ရေးစာရင်းတွင် ထည့်သွင်းခံထားရခြင်း ဖြစ်သည်။
မိုင်းလားအဖွဲ့ (NDAA) သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ ခွဲထွက်ကာ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ပြီး မိုင်းလား၊ ဆီလူး၊ နမ့်ပန်း ဒေသတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ထားသည့် အဖွဲ့ဖြစ်သည်။
အဆိုပါအဖွဲ့ကို တည်ထောင်ခဲ့သူ ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီးနောက် ၎င်း၏သားဖြစ်သူ ဦးထိန်လင်းက ဥက္ကဋ္ဌအဖြစ် ဆက်ခံခဲ့သည်။
ကွယ်လွန်သူ ဦးစိုင်းလင်းသည် ကိုးကန့်တပ် (MNDAA) တည်ထောင်သူ ဦးဖုန်ကြားရှင်၏ သမက်တော်စပ်သူဖြစ်ပြီး ကိုးကန့်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးရှိသော်လည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း “ဝင်ရောက်ပါဝင်ခြင်းနှင့် စွက်ဖက်ခြင်းပြုမည်မဟုတ်” ဟု NDAA ဘက်က သဘောထားထုတ်ပြန်ခဲ့ဖူးသည်။
သို့သော်လည်း စစ်ကော်မရှင်အနေဖြင့် အဆိုပါနယ်မြေများအပေါ် ၎င်းတို့၏ တရားဝင်အုပ်ချုပ်ပိုင်ခွင့် အာဏာရှိနေဆဲဖြစ်ကြောင်း ပြသရန်နှင့် နယ်မြေစိုးမိုးမှုအခြေအနေများကို စောင့်ကြည့်ရန်အတွက် မိုင်းလားဒေသကိုပါ အရေးပေါ်အခြေအနေစာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
ထို့အပြင် စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသော ချင်းပြည်နယ်မြောက်ပိုင်းမှ ဖလမ်းနှင့် တွန်းဇံမြို့နယ်တို့ကိုမူ အရေးပေါ်အခြေအနေစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
သို့သော်လည်း သျှမ်းပြည်အတွင်းရှိ မြို့နယ်များကိုမူ စစ်ကော်မရှင်ဘက် ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိသေးသဖြင့် စာရင်းမှ ပယ်ဖျက်နိုင်ခြင်း မရှိသေးပေ။












Leave a Comments