တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။

သို့သော်လည်း ၎င်းတို့၏ ဦးတည်ချက်လမ်းကြောင်းသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။ 

ယနေ့တွင် MNDAA အား တရုတ်နိုင်ငံ၏ လက်ဝေခံအဖွဲ့ (Proxy) တစ်ခုအဖြစ် ပိုမိုရှုမြင်လာကြပြီး၊ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အောက်ရှိ တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို မြှင့်တင်ရန်အတွက် ၎င်းအဖွဲ့ကိုယ်တိုင်၊ မြန်မာစစ်ကောင်စီနှင့် ပေကျင်းတို့ ပါဝင်သည့် သုံးပွင့်ဆိုင်အစီအမံတွင် အဓိကပူးပေါင်းဆောင်ရွက်သူအဖြစ် လှုပ်ရှားနေသည်။ 

ဤဆင့်ကဲပြောင်းလဲမှုသည် ၎င်းတို့စတင်တည်ထောင်စဉ်က မျှော်မှန်းချက်များနှင့် သိသိသာသာ သွေဖည်သွားခြင်းကို ပြသနေသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့လည်း ပါဝင်သော်လည်း ၎င်းတို့၏ လမ်းကြောင်းများမှာ ကွဲပြားသွားခဲ့သည်။

 AA သည် စစ်ကော်မရှင်ကို တိုက်ခိုက်နေသည့် အတက်ကြွဆုံးနှင့် အောင်မြင်ဆုံး တိုက်ပွဲဝင်အဖွဲ့အဖြစ် ဆက်ရှိနေဆဲဖြစ်သော်လည်း၊ TNLA မှာမူ ၎င်းတို့ ရေရှည်ရပ်တည်နိုင်ရေးအတွက် စစ်ကော်မရှင်ရော တရုတ်နိုင်ငံနှင့်ပါ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်သည့် လမ်းစဉ်ကို အများစုအားဖြင့် ရွေးချယ်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” အလွန် နယ်မြေချဲ့ထွင်မှုနှင့် ကိုးကန့်ဗဟိုပြု အုပ်ချုပ်ရေး

“၁၀၂၇ စစ်ဆင်ရေး” ပြီးနောက် MNDAA သည် ၎င်းတို့၏ ထိန်းချုပ်မှုကို မူလကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အလွန်အထိ ကျယ်ပြန့်စွာ တိုးချဲ့ခဲ့ပြီး၊ သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံ အပါအဝင် သျှမ်းပြည်မြောက်ပိုင်းရှိ နယ်မြေများနှင့် မူဆယ်၊ လားရှိုး၊ သီပေါမြို့နယ်အချို့ကို သိမ်းပိုက်ခဲ့သည်။

အဆိုပါနယ်မြေများသည် သျှမ်း၊ ကချင်နှင့် အခြားတိုင်းရင်းသားပေါင်းစုံ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့သည့်် မြေများ ဖြစ်ကြသည်။ 

လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့သည် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကသွေးကြောဖြစ်သော လားရှိုး-မူဆယ် လမ်းမကြီးကို အုပ်ချုပ်ကွပ်ကဲနေခြင်း ဖြစ်သည်။

အစပိုင်းတွင် မြန်မာစစ်တပ်ကို တိုက်ထုတ်နိုင်ခဲ့မှုအပေါ် လူထုမှ စိတ်သက်သာရာဖြင့် ကြိုဆိုခဲ့ကြသော်လည်း၊ နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် MNDAA ၏ အုပ်ချုပ်ရေးသည် သိသာထင်ရှားသော လူထုဆန့်ကျင်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

၎င်းတို့၏ အုပ်ချုပ်ရေးပုံစံသည် အာဏာရှင်ဆန်ခြင်း၊ ဗဟိုဦးစီးစနစ်ဖြစ်ခြင်းနှင့် ကိုးကန့်ဗဟိုပြုခြင်းတို့ ပိုမိုထင်ရှားလာနေပြီး၊ စစ်အာဏာရှင်စနစ်ပုံစံသစ်တစ်မျိုး ပေါ်ပေါက်လာမည်ကိုလည်းကောင်း၊ တိုင်းရင်းသားအချင်းချင်းအကြား ပဋိပက္ခများ ဖြစ်ပွားလာမည်ကိုလည်းကောင်း စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

MNDAA သည် အခြေအနေအပေါ် တုံ့ပြန်လှုပ်ရှားရသည့် သူပုန်အဖွဲ့အဆင့်မှသည် “ကိုးကန့်အထူးဒေသ (၁)” ဟု လူသိများသည့် စနစ်ကျသော ပြည်နယ်ပုံစံကဲ့သို့ အုပ်ချုပ်ရေးယန္တရားတစ်ခုအသွင်ဖြင့် ကူးပြောင်းလာခဲ့သည်။

 ထိုသို့ အုပ်ချုပ်ရေး တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲမှုရှိသော်လည်း အာဏာသည် ဗဟိုတွင်သာ အပြင်းအထန် စုစည်းနေဆဲဖြစ်ပြီး၊ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်များတွင် ဒေသခံတို့၏ အကြံပြုချက်များကို လျစ်လျူရှုကာ သျှမ်း၊ တအာင်းနှင့် ကချင်ကဲ့သို့သော ကိုးကန့်မဟုတ်သည့် တိုင်းရင်းသားအုပ်စုများကို ဘေးဖယ်ထားသည်။ 

ထို့ကြောင့် MNDAA ၏ အုပ်ချုပ်မှုပုံစံအား လူထုနှင့်ဒေသခံအသိုက်အဝန်းများက မိမိတို့၏ သမိုင်းနှင့် ယဉ်ကျေးမှုကို ဖျောက်ဖျက်ရန် ကြိုးပမ်းနေသည့် ကျူးကျော်သိမ်းပိုက်သူ အင်အားစုတစ်ခုအဖြစ် ပိုမိုရှုမြင်လာကြသည်။

MNDAA ၏ အုပ်ချုပ်ရေးမော်ဒယ်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်စပ်နေသည့် ကျင့်ထုံးများကို ထင်ဟပ်စေသော “ကေဒါ (Cadre)” စနစ်အပေါ် အပြည့်အဝ မှီခိုနေပြီး၊ အုပ်ချုပ်ရေးဆိုင်ရာ စည်းကမ်းနှင့် တင်းကျပ်သော ထိန်းချုပ်မှုကို အလေးပေးသည်။

 လူထု လိုက်လျောမှုရှိလာစေရန် အတင်းအဓမ္မ ဖိအားပေးကြိုးပမ်းမှုများ ရှိနေကြောင်း အစီရင်ခံစာများက ညွှန်ပြနေပြီး၊ ၎င်းထဲတွင် တအာင်းကျေးရွာအမည်များကို တရုတ်စာလုံးများဖြင့် အစားထိုးခြင်း၊ သျှမ်းအမျိုးသားအလံများကို ပိတ်ပင်ခြင်းနှင့် တရုတ်ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာခိုင်းခြင်းတို့ ပါဝင်သည်။ 

ဒေသခံပြည်သူလူထုများက MNDAA ၏ အုပ်ချုပ်ရေးအဖွဲ့အား အတင်းအဓမ္မ တရုတ်မှုပြုခြင်း (Forced Sinicization)” ဟု စွပ်စွဲနေကြပြီး၊ MNDAA နှင့် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အကာအကွယ်အောက်တွင် ယူနန်ပြည်နယ်မှ တရုတ်လူမျိုးများ သျှမ်းမြောက်ဒေသတွင်းသို့ ရွှေ့ပြောင်းအခြေချလာခြင်းကြောင့် လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲလာနိုင်ခြေကိုလည်း သတိပြုမိနေကြသည်။

တရားမျှတရေး၊ လုံခြုံရေးနှင့် ပြည်သူ့ရှေ့မှောက် ကွပ်မျက်မှုများ၏ ခြောက်လှန့်မှု

တရားမျှတရေးနှင့် လုံခြုံရေးကဏ္ဍတွင် MNDAA သည် မြန်မာနိုင်ငံ၏ ပြဋ္ဌာန်းဥပဒေများကို ဖျက်သိမ်းကာ ကိုးကန့်ရိုးရာဓလေ့ထုံးတမ်းဥပဒေအပေါ် အခြေခံသည့် အပြစ်ပေးအရေးယူမှုစနစ်ဖြင့် အစားထိုးခဲ့သည်။ 

ဤစနစ်သည် ပြင်းထန်သော ရိုက်နှက်အပြစ်ပေးမှုနှင့် သေဒဏ်စီရင်မှုများ၊ တရားမျှတသော စစ်ဆေးမှု လုပ်ထုံးလုပ်နည်း လုံးဝမရှိခြင်းနှင့် အယူခံဝင်ခွင့် လမ်းစမရှိခြင်းစသည့် ပြင်းထန်သည့် စနစ်အသွင်ဖြစ်သည်။ 

အချို့သော မြို့ပြရပ်ကွက်များတွင် လုံခြုံရေး တိုးတက်ကောင်းမွန်လာသော်လည်း၊ ပြည်သူလူထုများမှ ထိုကဲ့သို့သော ကြမ်းတမ်းစွာ ကိုင်တွယ်သည့် နည်းဗျူဟာများကို တရားမျှတမှုထက် ခြိမ်းခြောက်၊ အကြောက်တရားသွင်းမှုအဖြစ်သာ ရှုမြင်ကြသည်။

 အထူးသဖြင့် ကိုးကန့်မဟုတ်သည့် ဒေသခံများသည် မျှတသော ဥပဒေရေးရာဘောင်တစ်ခုအတွင်းမှ ဖယ်ထုတ်ခံထားရသည်ဟု ခံစားနေရသည်။

ထိုစနစ်၏ ပြင်းထန်ပုံကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် လားရှိုး (လောက်ကိုင်) ၌ MNTJP နှင့် အထူးဒေသ (၁) အုပ်ချုပ်ရေးအဖွဲ့တို့က ပြည်သူလူထုရှေ့တွင် ကြီးမားသော တရားစီရင်ရေး အခမ်းအနားတစ်ခု ကျင်းပခဲ့ချိန် ထင်ရှားစွာ တွေ့မြင်ခဲ့ရသည်။

 ဒေသခံ ထောင်ပေါင်းများစွာ၊ ပါတီအရာရှိများနှင့် စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် အဆိုပါ အခမ်းအနားကို နယ်မြေပြန်လည်သိမ်းပိုက်ပြီးနောက် “တရားဥပဒေစိုးမိုးရေး” နှင့် လူမှုဘဝတည်ငြိမ်ရေးကို တည်ဆောက်ရန် ပြတ်ပြတ်သားသား ခြေလှမ်း လှမ်းခြင်းအဖြစ် ပုံဖော်ခဲ့သည်။

ထိုအခမ်းအနားအတွင်း တရားရုံးက ပြင်းထန်သော နာကျင်ဒဏ်ရာရစေမှု ၂ မှုနှင့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ၅ မှုတို့အတွက် စီရင်ချက်များကို ကြေညာခဲ့သည်။ ပြစ်ဒဏ်ကျခံရသူ ၄ ဦးဖြစ်သည့် –

  • ရန်ကျားကျန့် – မိမိဖခင်ကို သတ်သူ
  • ဝမ်အန်ချွမ် – မိမိမိခင်ကို သတ်သူ
  • ကျန်းထောင်ချင်း – အကြွေးတောင်းခံသူ အမျိုးသမီးနှင့် သူမ၏ ခင်ပွန်းကို သေနတ်ဖြင့် ပစ်သတ်သူ
  • မောင်အေး – မူးယစ်ဆေးဝါး သုံးစွဲထားစဉ် မိမိသမီးရင်းကို သတ်ဖြတ်ပြီး ရုပ်အလောင်းအား မဖွယ်မရာပြုသူ

၎င်းတို့ ၄ ဦးအား သေဒဏ် စီရင်ချက်ချမှတ်ခဲ့သည်။ 

စီရင်ချက်များ ဖတ်ကြားပြီးနောက် ပြစ်မှုကျူးလွန်ခဲ့သူ ၄ ဦးအား လမ်းမများပေါ်တွင် လူထုရှေ့မှောက်၌ လှည့်လည်ပြသခဲ့ပြီး၊ သတ်မှတ်ထားသော ကွပ်မျက်ကွင်းသို့ ခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ 

ကျန်ရှိသည့် တရားခံ ၃ ဦးကို ထောင်ဒဏ် ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြသည်။ ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှုအတွက် တုံကွမ်တ (ထောင်ဒဏ် ၇ နှစ်) နှင့် ရန်ရှီချီ (ထောင်ဒဏ် ၁၂ နှစ်)၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုအတွက် မာ့ဒါ (သေဒဏ်အား နှစ်နှစ် ဆိုင်းငံ့) တို့ ဖြစ်ကြသည်။

အုပ်ချုပ်ရေးအဖွဲ့သည် ထိုဖြစ်စဉ်ကို အသုံးပြု၍ လူထုထံ ပြတ်သားသော သတိပေးချက်တစ်ရပ် ပေးခဲ့ပြီး၊ မည်သူမျှ ဥပဒေအထက်တွင် မရှိကြောင်းနှင့် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုတို့ ပါဝင်သည့် ရာဇဝတ်မှုများကို အပြင်းထန်ဆုံး ပြစ်ဒဏ်များဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အာဏာပိုင်များက ပြည်သူ့ရှေ့မှောက်၌ ကွပ်မျက်ခြင်းသည် တရားစီရင်ရေးစနစ်သစ်၏ ကြံ့ခိုင်မှုကို ပြသရန်နှင့် နောင်တွင် ရာဇဝတ်မှုကျူးလွန်မည့်အရေးကို ဟန့်တားရန်အတွက် လိုအပ်ကြောင်း၊ ၎င်းသည် ဥပဒေမဲ့ကာလမှသည် MNTJP ၏ ဦးဆောင်မှုအောက်တွင် တင်းကျပ်သော ဥပဒေစနစ်သို့ ကူးပြောင်းခြင်းကို မှတ်တမ်းတင်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျန်းမာရေးကဏ္ဍမှာမူ တရုတ်နိုင်ငံတွင် လေ့ကျင့်သင်ကြားခဲ့သည့် ဆရာဝန်များနှင့် အဆိုပါဒေသတွင်းသို့ လာရောက်ခိုလှုံခဲ့ကြသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၏ အားထုတ်မှုကြောင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိနေသည်။ 

ဥပမာအားဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ကိုးကန့်အထူးဒေသ (၁) ကျန်းမာရေးဌာနသည် သိန္နီ၊ ကွတ်ခိုင်နှင့် မုန်းကိုးမြို့နယ်များရှိ အသက် ၆၅ နှစ်နှင့်အထက် ရှိသော ဒေသခံများအတွက် အခမဲ့ မျက်စိစောင့်ရှောက်မှု အစီအစဉ်တစ်ခုကို ကြေညာခဲ့သည်။ 

အခမဲ့ မျက်စိစစ်ဆေးပေးခြင်းနှင့် မျက်မှန်များ ပံ့ပိုးထောက်ပံ့ပေးရန် ရည်ရွယ်သည့် ၎င်းအစီအစဉ်ကို သတ်မှတ်ရက်စွဲများအတိုင်း ဒေသတွင်း အထွေထွေရောဂါကု ဆေးရုံကြီးများတွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ လုပ်ဆောင်ခဲ့သည်။ 

ဇွန်လ ၁၁ ရက်တွင် သိန္နီ၊ ဇွန်လ ၁၃ ရက်တွင် ကွတ်ခိုင်နှင့် ဇွန်လ ၁၅ ရက်တွင် မုန်းကိုးမြို့တို့ ဖြစ်ကြသည်။ ဒေသခံအာဏာပိုင်များက အမြင်အာရုံဝေဒနာ ခံစားနေရသည့် အသက်ကြီးရင့်သူ မိသားစုဝင်များကို သတ်မှတ်ထားသော အချိန်ကာလအတွင်း သတ်မှတ်ဆေးရုံများသို့ ခေါ်ဆောင်လာပြီး ကုသမှုခံယူကြရန် တိုက်တွန်းခဲ့သည်။

ပေါင်းစည်းခြင်း၏ စီးပွားရေးဆိုင်ရာ ပေးဆပ်မှု – ငွေကြေး၊ မြေယာနှင့် အသက်မွေးဝမ်းကျောင်းဘဝ

စီးပွားရေးအရ အုပ်ချုပ်ရေးအဖွဲ့သည် တရုတ်ကုန်တင်ကားများမှ ရရှိသည့် ဖြတ်သန်းခနှင့် အကောက်ခွန် ကောက်ခံမှုများအပေါ် အကြီးအကျယ် မှီခိုနေရသည်။ 

ကုန်သွယ်မှုဆိုင်ရာ အကျိုးစီးပွားများ ကာကွယ်ရေးကို ပိုမိုအလေးထားရန် ကျယ်ပြန့်သော မြို့ပြစီမံကိန်း ရေးဆွဲခြင်းထက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးထားသည်။ 

ဒေသခံစီးပွားရေးလုပ်ငန်းများသည် ဈေးနှုန်းချိုသာသော တရုတ်သွင်းကုန်များကြောင့် ဈေးကွက်အတွင်းမှ ဖယ်ထုတ်ခံနေရပြီး၊ မြန်မာကျပ်ငွေနေရာတွင် တရုတ်ယွမ်ငွေသည် အဓိက သုံးစွဲငွေကြေးအဖြစ် သက်ရောက်မှုကြီးမားစွာ အစားထိုးဝင်ရောက်လာခဲ့ရာ ဒေသခံလူထုအတွက် ကြီးမားသော ဘဏ္ဍာရေး အခက်အခဲများကို ဖြစ်ပေါ်စေသည်။

 တင်းကျပ်သော မြေယာစီမံခန့်ခွဲမှု မူဝါဒများသည် အထူးသဖြင့် ငှက်ပျောစိုက်ခင်းများနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများအတွက် တရုတ်ရင်းနှီးမြှုပ်နှံသူများကို မြေယာများ သိမ်းဆည်း ပေးအပ်ခြင်းသို့ ဦးတည်သွားခဲ့သည်။

 ထိုလုပ်ရပ်များသည် ဆန္ဒပြမှုများကို ဖြစ်ပွားစေခဲ့ပြီး၊ ၎င်းဆန္ဒပြမှုများကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများဖြင့် တုံ့ပြန်ခဲ့ရာ ဒေသခံလူထုနှင့် ပိုမိုစိမ်းကားဝေးကွာစေခဲ့သည်။

သျှမ်းသံတော်ဆင့်သတင်းဌာန၏ ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်နေ့ အစီရင်ခံစာ အချက်အလက်တစ်ခုတွင် သိန္နီမြို့နယ်မှ ဒေသခံများသည် ကြီးမားသော ကုန်ဈေးနှုန်းကြီးမြင့်မှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း အသေးစိတ် ဖော်ပြထားသည်။ 

လက်ရှိတွင် ကုန်စုံဆိုင်များမှသည် ဖျော်ဖြေရေးကဏ္ဍများအထိ ဒေသခံစီးပွားရေးလုပ်ငန်းများမှာ ကုန်ပစ္စည်းဈေးနှုန်းများကို ယွမ်ငွေဖြင့်သာ အဓိက သတ်မှတ်ထားကြသဖြင့်၊ ကျပ်ငွေသာ ကိုင်ဆောင်ထားသည့် ဒေသခံများမှာ တရားဝင်မဟုတ်သော ဈေးကြီးသည့် ငွေလဲနှုန်းများဖြင့် အတင်းအကျပ် ပေးချေနေရသည်။ 

ထိုငွေကြေးစနစ် ပြောင်းလဲမှုကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ အဆမတန် မြင့်တက်သွားခဲ့သည်။ ဥပမာအားဖြင့် ကြက်ဥတစ်လုံး ဈေးနှုန်းသည် ခန့်မှန်းခြေ ၁၅၀ ကျပ်ခန့်မှသည် ၄၀၀ ကျပ်ကျော်အဖြစ် လည်းကောင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ၃,၀၀0 ကျပ်အထိလည်းကောင်း ကျသင့်နေပြီ ဖြစ်သည်။

ပဋိပက္ခများကြောင့် လူထု စွန့်ပစ်ထားခဲ့သည့် အိုးအိမ်များနှင့် စိုက်ပျိုးမြေများကို ဒေသခံများ လက်လှမ်းမမီနိုင်သော နှုန်းထားများဖြင့် ငှားရမ်းလုပ်ကိုင်နေကြသည့် တရုတ်ရင်းနှီးမြှုပ်နှံသူများ အများအပြား ဝင်ရောက်လာခြင်းက စီးပွားရေးဆိုင်ရာ ဖိအားကို ပိုမိုဆိုးရွားစေသည်။ 

လမ်းမများပေါ်တွင် တရုတ်လိုင်စင်နံပါတ်ပြားများ သွားလာနေသည်မှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ဖြစ်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြပြီး၊ MNDAA အရာရှိများသည် တစ်ရှူးငှက်ပျောနှင့် ကြံစိုက်ပျိုးခြင်းကဲ့သို့သော အကြီးစား စိုက်ပျိုးရေးစီမံကိန်းများအတွက် တရုတ်ရင်းနှီးမြှုပ်နှံသူများထံ မြေယာများ ငှားရမ်းပေးနေသည်ဟု စွပ်စွဲခံထားရသည်။

 စီးပွားရေးအရ နေရာဖယ်ရှားခံရမှုသည် သာမန်ဒေသခံပြည်သူများကို မြင့်တက်လာသော ကုန်ဈေးနှုန်းများနှင့် မပြောင်းလဲဘဲ ငြိမ်နေသည့် ဒေသတွင်း ဝင်ငွေများကြားတွင် ပိတ်မိနေစေပြီး အကြပ်အတည်းပိုမိုဖြစ်လာခဲ့သည်။

စီးပွားရေးဆိုင်ရာ ဖိအားများအပြင်၊ MNDAA နှင့် မြန်မာစစ်တပ်အကြား နယ်မြေပိုင်းခြား ထိန်းချုပ်ထားမှုသည် အုပ်ချုပ်ရေးဆိုင်ရာ ကြီးမားသော အတားအဆီးများကို ဖြစ်ပေါ်စေသည်။ 

MNDAA ထိန်းချုပ်ထားသော သိန္နီမြို့နှင့် စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသော လားရှိုးမြို့အကြား သွားလာနေကြသည့် ခရီးသွားများသည် ကျပ် ၆ သိန်း အထိ ရှိသော ဒဏ်ငွေများကို ရှောင်ရှားနိုင်ရန်အတွက် မဖြစ်မနေ ယာဉ်လိုင်စင်နံပါတ်ပြားများကို လဲလှယ်အသုံးပြုနေကြရပြီး၊ ထိုလုပ်ရပ်ကို ဒေသခံများက စစ်သားနှင့် ရဲ များ၏ ငွေညှစ်မှုအဖြစ် ဖော်ပြကြသည်။

တစ်ချိန်တည်းမှာပင် MNDAA သည် “ကိုးကန့်မှတ်ပုံတင် (Kokang IDs)” ထုတ်ပေးခြင်းကို အရှိန်မြှင့် လုပ်ဆောင်နေပြီး၊ စာရွက်စာတမ်းတစ်ခုလျှင် ၂၀,၀၀၀ မှ ၂၅,၀၀၀ ကျပ်အထိ ကောက်ခံလျက်ရှိသည်။

 အဆိုပါ ဒေသတွင်း သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူများအား မန်ရှီ (Mangshi) ကဲ့သို့သော တရုတ်နယ်စပ်မြို့များသို့ သွားလာခွင့် အထူးအခွင့်အရေးများ ပေးထားသည်ဟု ဆိုကြပြီး၊ တရုတ်နိုင်ငံနှင့် ဒေသတွင်း ပေါင်းစည်းမှုကို ပိုမိုခိုင်မာစေကာ စာရွက်စာတမ်း မရှိသည့် ဒေသခံများအတွက် ဗျူရိုကရက်တစ်ဆန်ဆန် (ရုံးလုပ်ထုံးလုပ်နည်းဆိုင်ရာ အဆင့်ဆင့်) နှင့် ဘဏ္ဍာရေးဆိုင်ရာ အတားအဆီးအသစ်တစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

လူမှုရေးဆိုင်ရာ ပွတ်တိုက်မှု – ယုံကြည်မှု ပျက်ပြားခြင်းနှင့် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း

အုပ်ချုပ်ရေးအဖွဲ့အပေါ် ပြည်သူလူထု၏ ထောက်ခံမှုမှာ ပြိုလဲသွားခဲ့ပြီဟု သတင်းနှင့် အစီရင်ခံစာများတွင် ဖော်ပြနေပြီး၊ ခန့်မှန်းချက်များအရ ဒေသခံ ၃၀ ရာခိုင်နှုန်းခန့်သာ ခေါင်းဆောင်မှုကို ထောက်ခံတော့ကာ ၇၀ ရာခိုင်နှုန်းမှာ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

 ခေါင်းဆောင်ပိုင်းသည် လူထု၏ အကြံပြုချက်များကို လျစ်လျူရှုပြီး ပြည်သူလူထုအပေါ် လေးစားမှု လုံးဝကင်းမဲ့စွာ တုံ့ပြန်ဆက်ဆံသည်။ 

ဒေသခံများသည် အုပ်ချုပ်ရေးအဖွဲ့အား ဝေဖန်ရန် ကြောက်ရွံ့မှုဖြင့် နေထိုင်နေကြရပြီး၊ မြေယာသိမ်းဆည်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့နှင့် ရင်ဆိုင်ရသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) သည် ပြင်းထန်သော ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသော်လည်း၊ သျှမ်းအရပ်ဘက်လူမှုအဖွဲ့အစည်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ရန်အတွက် အင်တိုက်အားတိုက် လှုပ်ရှားနေဆဲဖြစ်သည်။

 ထို့အပြင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းသည် လူမှုရေးဆိုင်ရာ ပွတ်တိုက်မှုများကို နက်နက်ရှိုင်းရှိုင်း ဖြစ်စေသည့် အရင်းအမြစ်တစ်ခု ဖြစ်လာပြီး၊ လက်နက်ကိုင်တပ်ဖွဲ့များသည် အခြားမတူညီသောအဖွဲ့များတွင် တာဝန်ထမ်းဆောင်နေပြီးသော အဖွဲ့ဝင်များ၏ မိသားစုများကို မကြာခဏ ပစ်မှတ်ထားလာကြသည်။

သျှမ်းသံတော်ဆင့်၏ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက် အစီရင်ခံစာတွင် MNDAA က အိမ်ထောင်စုလူဦးရေစာရင်း အချက်အလက်များကို အခြေခံ၍ ရွာသားများကို ပစ်မှတ်ထားကာ အတင်းအဓမ္မ စစ်သားစုဆောင်းရေး စတင်ခဲ့ပြီးနောက်ပိုင်း၊ မိုင်းရယ်မြို့နယ်မှ ဒေသခံများသည် ကြောက်ရွံ့ထိတ်လန့်ကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း အလေးပေးဖော်ပြထားသည်။ 

မေလ ၂၃ ရက်တွင် MNDAA အရာရှိများသည် သတ်မှတ်ထားသော ကျေးရွာအုပ်စု ၄ စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ၁၀ ရက်အတွင်း စစ်သားအသစ် ၁ ဦးစီ ပံ့ပိုးပေးရန် အမိန့်ထုတ်ခဲ့သည်။ 

ဇွန်လ ၃ ရက်တွင် ဒေသခံခေါင်းဆောင်များက အဆိုပါအမိန့်ကို ရုပ်သိမ်းပေးရန် အယူခံဝင်ခဲ့သော်လည်း ၎င်းတို့၏ တောင်းဆိုချက်များကို ပယ်ချခဲ့သည်။

ရလဒ်အနေဖြင့် ကျေးရွာလူကြီးများသည် သတ်မှတ်ဦးရေ မပြည့်မီပါက ဖမ်းဆီးခံရခြင်းနှင့် ရိုက်နှက်ညှဉ်းပန်းခြင်းတို့နှင့် ရင်ဆိုင်ရပြီး၊ အမည်စာရင်း အသတ်မှတ်ခံရသူများ၏ မိသားစုများသည် စစ်မှုထမ်းရခြင်းမှ ရှောင်ရှားရန်အတွက် မိမိတို့၏ အိုးအိမ်များကို စွန့်ပစ်ထွက်ပြေးခဲ့ကြသည်။

MNDAA သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့သည့် မှတ်ပုံတင်ခြင်း၊ အချက်အလက်ကောက်ခံခြင်းတို့မှ စုဆောင်းထားသော ဒေတာအချက်အလက်များကို အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။

 ထိုစဉ်က ဒေသခံများအား မှတ်ပုံတင်ရန် ပျက်ကွက်လျှင် “ပြင်ပလူ” အဖြစ် သတ်မှတ်ခံရမည်ဟု သတိပေးခဲ့သည်။ 

ဒေသခံများသည် အုပ်ချုပ်ရေးဆိုင်ရာ စာရွက်စာတမ်းများ အရပ်ဘက်အုပ်ချုပ်ရေးအတွက် ကိရိယာတစ်ခုအဖြစ် မဟုတ်ဘဲ၊ စစ်သားစုဆောင်းရန်အတွက် အချက်အလက်ရင်းမြစ် (Database) တစ်ခုအဖြစ် ရှုမြင်လာကြသည်။ 

ရွေးချယ်ခံရသည့် စစ်သားသစ်များကို (အမျိုးသမီးများ အပါအဝင်) ဟိုပန်နှင့် ကွမ်းလုံမြို့များသို့ စစ်သင်တန်းတက်ရန် စေလွှတ်လျက်ရှိသည်။

ထိုနယ်မြေများ အတွင်း TNLA၊ UWSA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (SSPP/SSA) ကဲ့သို့သော လက်နက်ကိုင်အဖွဲ့များ ရှိနေသော်လည်း၊ ထိခိုက်ခံစားနေရသည့် လူထုအား MNDAA မတရားပြုကျင့်မှုများမှ အကာအကွယ်ပေးရန် မည်သည့်အဖွဲ့ကမျှ ကြားဝင်ဖြေရှင်းပေးခြင်း မရှိဘဲ ဒေသခံများမှာ အကာအကွယ်မဲ့စွာ ရင်ဆိုင်နေရသည်။

မဟာဗျူဟာမြောက် ပြောင်းလဲမှုနှင့် အနာဂတ်အလားအလာ

တရုတ်နိုင်ငံ၏ လက်ဝေခံအဖွဲ့အဖြစ်သို့ မဟာဗျူဟာမြောက် ပြောင်းလဲသွားမှုသည် ယခုအခါ ထင်ထင်ရှားရှား မြင်နေရပြီဖြစ်သည်။

 MNDAA ၏ နယ်မြေသည် ၎င်းတို့၏ မူလမျှော်မှန်းချက်ထက် ကျော်လွန်ကျယ်ပြန့်လာခဲ့ရာ၊ ၎င်းနယ်မြေကို ထိန်းချုပ်ထားနိုင်ရန်အတွက် ပြင်ပထောက်ပံ့မှု လိုအပ်ကြောင်း သဘောပေါက်ခံယူထားပုံရသည်။

 ရလဒ်အနေဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေးသည် ယခုအခါ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို လုံခြုံစေခြင်းနှင့် ပိုက်လိုင်းများနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူချောမွေ့စေခြင်းဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွားများကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။

ထိုအစီအမံသည် MNDAA အား စစ်ရေးအရ အကာအကွယ်နှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စများ တည်ငြိမ်စေသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုမူ တင်းကြပ်စွာ ကန့်သတ်ပိတ်ပင်ထားသည်။ 

ပေကျင်းသည် ၎င်း၏ အကျိုးစီးပွားအတွက် ပြိုင်ဘက်အဖွဲ့ဖြစ်သော PSLF/TNLA ကဲ့သို့သော အဖွဲ့များကို ထိန်းချုပ်ခိုင်းခြင်း အပါအဝင် ဖိအားများ သက်ရောက်စေသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံပိုင်နက်အတွင်း နယ်စပ်တစ်လျှောက်တွင် ခြံစည်းရိုးများ တည်ဆောက်ခြင်းဖြင့် နယ်မြေများကို သိသိသာသာ သိမ်းပိုက်လာကြောင်း သတင်းများလည်း ထွက်ပေါ်နေပြီး၊ ထိုလုပ်ရပ်အပေါ် MNDAA ဘက်က မည်သည့် ကန့်ကွက်မှုကိုမျှ မလုပ်ခဲ့ပေ။

ရှေ့သို့ မျှော်ကြည့်လျှင် ဒေသတွင်းနယ်မြေသည် မရေရာသော အနာဂတ်နှင့် ရင်ဆိုင်လာနေရသည်။ တိုင်းရင်းသားပေါင်းစုံ ပါဝင်နေသည့် သျှမ်းမြောက်ဒေသ၏ မြေပြင်လက်တွေ့အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် အုပ်ချုပ်ရန် ပျက်ကွက်ခြင်းဖြင့်၊ MNDAA အုပ်ချုပ်ရေးအဖွဲ့သည် နောင်တွင် ဖြစ်ပွားလာမည့် တိုင်းရင်းသားပဋိပက္ခများအတွက် အန္တရာယ်ရှိသော မီးပွားတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံသားများ အများအပြား ဝင်ရောက်လာခြင်းနှင့် လူဦးရေအခြေအနေကို ပြောင်းလဲပစ်ရန် ကြိုးပမ်းနေမှုအဖြစ် ရှုမြင်ခံလာရခြင်းတို့က အလွန်အရေးကြီးသော ပဋိပက္ခဗဟိုချက်များ ဖြစ်လာနေသည်။

တစ်ချိန်တည်းမှာပင် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံတစ်ဝှမ်းတွင် တိုက်ပွဲဖော်ဆောင်နေရခြင်းကြောင့် သျှမ်းပြည်မြောက်ပိုင်းတွင် ထိုးစစ်ဆင်နွှဲခြင်းထက် ဝန်းရံပိတ်ဆို့ထိန်းချုပ်ထားသည့် မူဝါဒ (Containment policy) ကိုသာ ဆက်လက်ကျင့်သုံးရန် လိုလားပုံရသည်။

 ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ဆက်လက်ရပ်တန့်နေဆဲဖြစ်ပြီး၊ TNLA နှင့်မတူသည့်အချက်မှာ MNDAA သည် လက်ရှိသဘောတူညီချက်များတွင် ၎င်း၏ မူလကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နယ်နိမိတ်များအတွင်းသို့ ပြန်လည်ဆုတ်ခွာရန်  မည်သည့်ဖိအားမှ မရှိနေခြင်းက ဒေသခံတို့၏ ဆန္ဒထက် စစ်ရေးအာဏာအပေါ်တွင်သာ အခြေခံထားကြောင်း ညွှန်ပြနေသည်။

လေ့လာစောင့်ကြည့်သူများက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) အနေဖြင့် အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းနှင့် ဒေသခံလူထု၏ အသံများကို လျစ်လျူရှုခြင်းတို့ကို ဆက်လက်ဆောင်ရွက်နေပါက၊ အုပ်ချုပ်ရေးကဏ္ဍတွင် ထိရောက်စွာ အုပ်ချုပ်ရန် ပျက်ကွက်နိုင်ပြီး တော်လှန်ရေးလှုပ်ရှားမှုတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားစေနိုင်သည့် “နိုင်ငံခြားကျူးကျော်မှု” ဟုဆိုလာနိုင်သည့် ဇာတ်ကြောင်းမျိုးကို မရည်ရွယ်ဘဲ ဖြစ်ပေါ်လာစေရန် တွန်းပို့ရာ ရောက်လိမ့်မည်ဟု သတိပေးထားကြသည်။

ဆောင်းပါးသုံးသပ်ချက်နှင့် အနာဂတ်အကျိုးဆက်

MNDAA ၏ အုပ်ချုပ်ရေးသည် နယ်မြေခိုင်မာအောင် တည်ဆောက်ခြင်းနှင့် ဝင်ငွေရှာဖွေခြင်းတို့တွင် ထိရောက်မှုရှိကြောင်း သက်သေပြနေသော်လည်း၊ ၎င်းတို့အုပ်ချုပ်နေသည့် ကိုးကန့်မဟုတ်သော လူဦးရေအကြားတွင် အခြေခံအားဖြင့် တရားဝင်မှု (Legitimacy) လုံးဝကင်းမဲ့လျက်ရှိသည်။ 

လွတ်မြောက်ရေးလှုပ်ရှားမှုအဆင့်မှသည် တရုတ်အလိုတော်ရိ လက်ဝေခံအဖွဲ့အဖြစ်သို့ ကူးပြောင်းသွားခြင်းသည် ၎င်းတို့၏ မူလ ဖက်ဒရယ်စနစ် မျှော်မှန်းချက်များနှင့် သျှမ်းပြည်မြောက်ပိုင်းရှိ မတူကွဲပြားသော တိုင်းရင်းသားအုပ်စုများနှင့် ရှိခဲ့သည့် ဆက်ဆံရေးများကို စွန့်လွှတ်လိုက်ခြင်းနှင့်အတူ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဒေသခံတို့၏ ဖြစ်တည်မှု ယဉ်ကျေးမှုများကို လေးစားပြီး စီးပွားရေးအရ မျှတသော ခွဲဝေမှုကို သေချာစေသည့် အားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေးစနစ်သို့ သိသာထင်ရှားစွာ ပြောင်းလဲခြင်းမရှိဘဲ၊ သျှမ်းမြောက်ဒေသသည် ရေရှည်မတည်ငြိမ်မှု၊ တိုင်းရင်းသားအစုအဖွဲ့များ ပြိုကွဲမှုနှင့် မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် ကျယ်ပြန့်သော တော်လှန်ရေးကို ထိခိုက်စေနိုင်သည့် ပြည်တွင်းပဋိပက္ခသစ်များ ဖြစ်ပွားလာနိုင်ခြေ မြင့်မားသော အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ 

လက်ရှိသွားနေသည့် လမ်းကြောင်းအရ MNDAA ၏ အာဏာနှင့် လုံခြုံရေးဆိုင်ရာ ရေတိုအကျိုးအမြတ်များမှ ဖြစ်တည်လာသော မိမိတို့ပြည်သူလူထု၏ နက်ရှိုင်းသော မကျေနပ်ချက်များကို မဖြေရှင်းနိုင်ပါက ရေရှည်တွင် မဟာဗျူဟာမြောက် ကျရှုံးမှုသို့ ဦးတည်သွားနိုင်ကြောင်း ညွှန်ပြနေသည်။

အချုပ်အားဖြင့်ဆိုရသော် ကိုးကန့်ဗဟိုပြုတွန်းအားပေးမှုနှင့်အတူ ပေါ်ပေါက်လာသည့် “တရုတ်မှုပြုခြင်း (Sinicization)” ၏ အဓိကစိုးရိမ်ပူပန်မှုများကို မဖြစ်မနေ ဖြေရှင်းရမည်ဖြစ်သည်။ 

မိမိတို့၏ ကိုယ်ပိုင်နေရပ် ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်လာကြသောမြေတွင် ရေရှည်တည်တံ့မည့် အသက်မွေး ဝမ်းကျောင်းဘဝများ ပျက်စီးလာမှုနှင့် ယူနန်ပြည်နယ်မှ တရုတ်လူဦးရေ ရွှေ့ပြောင်းဝင်ရောက်လာမည်ကို စိုးရိမ်ရသည့် ကြောက်ရွံ့မှုများ ပေါင်းစပ်ကာ၊ ကိုးကန့်မဟုတ်သည့် တိုင်းရင်းသားအုပ်စုများအား ရိုးရာ၊ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ်သွားနိုင်သည်အထိ လုံခြုံမှုကင်းမဲ့စေသည်။ 

ပြည်သူလူထု၏ ကြောက်ရွံ့မှုများကို လျှော့ချပေးနိုင်ခြင်း မရှိပါက၊ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး မျှော်လင့်ချက်သည် ဆက်လက်ဝေးကွာနေဦးမည်ဖြစ်ပြီး၊ တည်ငြိမ်ပြီး စည်းလုံးသော တော်လှန်ရေးကို အားကောင်းစေမည့် တွန်းလှန်မှုထက် အဆုံးမရှိသော တိုင်းရင်းသားအချင်းချင်းကြား ပဋိပက္ခများကိုသာ ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ 

ဤဆောင်းပါးပါ အချက်အလက်နှင့် သုံးသပ်ချက်များသည် စာရေးသူ စိုင်းဝမ်းဆိုင်၏ အာဘော်နှင့် ရှုမြင်ချက်သာဖြစ်သည်။ 

*အထက်ပါဆောင်းပါးမှာ စိုင်းဝမ်းဆိုင် ရေးသားထားသော KOKANG SPECIAL REGION 1: The Rise of an Authoritarian Enclave in Northern Shan State ၏ အင်္ဂလိပ်ဘာသာဆောင်းပါးအား ယူဂျင်းမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...