“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။

ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး အပိုင်းလိုက် ခွဲပြီးကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ တဖက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်တို့တွင်သာမက တိုင်းရင်းသားလက်နက်ကိုင်များနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်နေတာကို တွေ့နေရပါတယ်။

အခုလို နိုင်ငံတဝှမ်းလုံး စစ်ရေးမငြိမ်မသက် ဖြစ်တဲ့အခြေနေမှာ ပြည်တွင်းပြည်ပက အဖွဲ့ပေါင်းစုံ ကန့်ကွက်သည့်ကြား စစ်ကော်မရှင်မှ တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းထားတဲ့မြို့တွေမှာပါ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်အဖြစ် သတ်မှတ်ထားတာ တွေ့ရပါတယ်။ တဖက်မှာလည်း ဒေသခံလူထုက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသလို စီးပွားရေးတွေပါ ကျဆင်းကာ ရှာဖွေလုပ်ကိုင် စားသောက်ဖို့ အခက်အခဲတွေ ကြုံနေရပါတယ်။

စစ်ကော်မရှင် ကျင်းပမယ့် အပိုင်း(၁) ရွေးကောက်ပွဲမှာ မြို့နယ် (၁၀၂)မြို့နယ်ကို ကြေညာခဲ့တဲ့ထဲမှာ သျှမ်းပြည်က (၁၂)မြို့နယ် ပါဝင်ပြီး စစ်ရေးပြင်းထန်မှု ဖြစ်ပွားခဲ့တဲ့ နယ်မြေတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

လက်ရှိ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးအပေါ် ဘယ်လောက်ထိ လွှမ်းမိုးနိုင်လဲ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အနေနဲ့ ရွေးကောက်ပွဲမှာ မပါဝင်တဲ့အတွက် ရှေ့ဆက် ဘာတွေလုပ်ဆောင်သွားမှာလဲ ဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဖွေးနွမ် က SNLD ဥက္ကဌ ဦးစိုင်းညွန့်လွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲ မဲဆန္ဒနယ်တွေကို ကြေညာတဲ့အထဲမှာ သျှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းထားတဲ့မြို့တွေ တော်တော်များများ ပါနေတာကို တွေ့ရတယ်။ အခုလို ဒေသခံလူထု စစ်ဘေးတိမ်းရှောင်နေကြချိန် ရွေးကောက်ပွဲကျင်းပတာ အထမြောက်ပါ့မလားဆိုတာ ဘယ်လိုမြင်ပါသလဲ။


ဖြေ ။ ။ သျှမ်းပြည်မြောက်ပိုင်းက သျှမ်းမြို့တွေ အတော်များများကို TNLA နဲ့ MNDAA တပ်တွေက သိမ်းပိုက်ထားပါတယ်။ အဲ့ဒီ နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မယ့်စာရင်းထဲ ထည့်ထားတာက ရွေးကောက်ပွဲမတိုင်မီမှာ စစ်တပ်အနေနဲ့ အဲ့ဒီမြို့တွေကို ပြန်ပြီး ရယူနိုင်လိမ့်မယ်လို့ ယူဆထားလို့ပဲ ဖြစ်တယ်။ ဒါမှမဟုတ် အဲ့ဒီမြို့တွေကို ရွေးကောက်ပွဲ မတိုင်မီမှာ အပြီးသတ် ပြန်သိမ်းပိုက်နိုင်ဖို့ စီမံချက် ချထားတာလဲ ဖြစ်နိုင်ပါတယ်။ ကြားဝင်စေ့စပ်ပေးနေတဲ့ တရုတ်နိုင်ငံနဲ့လည်း ပြောထားဆိုထားတာတွေ ရှိကောင်းရှိနိုင်ပါတယ်။

စစ်ဘေးစစ်ဒဏ်ကြောင့် လူတွေ ဘေးဒုက္ခ ရောက်နေကြတဲ့ ကာလမှာ ရွေးကောက်ပွဲ လာလုပ်တာဟာ ပြည်သူလူထုရဲ့ စိတ်ဆန္ဒ အမှန်အကန်ကို ရရှိဖို့ ခက်ခဲပါတယ်။ ရွေးကောက်ပွဲ အထမြောက်တယ် မမြောက်ဘူးဆိုတာ သူတို့ကော်မရှင်က သတ်မှတ်ထားတဲ့ ဥပဒေနဲ့ အတော်ဆိုင်ပါတယ်။ အခုကျင်းပမယ့် ရွေးကောက်ပွဲဥပဒေက လူတစ်ဦးထဲ မဲလာပေးရုံနဲ့ ရွေးကောက်ပွဲ အထမြောက်တာမို့လို့ ရွေးကောက်ပွဲတော့ ဖြစ်မြောက်ချင် ဖြစ်မြောက်သွားပါလိမ့်မယ်။ သေချာတာကတော့ ပြည်သူလူထုရဲ့ အမှန်အကန် စိတ်ဆန္ဒကိုတော့ ရလိမ့်မယ် မဟုတ်ပါဘူး။

မေး ။ ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောတဲ့ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဖြစ်အောင်လုပ်မယ် ဆိုတော့ ဒီရွေးကောက်ပွဲက သျှမ်းပြည်နိုင်ငံရေး စစ်ရေးအပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်မလဲ။

ဖြေ ။ ။ သျှမ်းပြည်မှာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေကြတဲ့ အဖွဲ့အစည်းတွေ အရမ်းများပါတယ်။ အထက်မှာ ဖြေခဲ့သလိုပဲ ရွေးကောက်ပွဲကို ဖြစ်ရုံလေးနဲ့ လုပ်လို့ရပါတယ်။ ဥပဒေနဲ့ အဲ့ဒီလို လုပ်နိုင်အောင် ပြဋ္ဌာန်းထားတာ ဖြစ်တယ်။ ရွေးကောက်ပွဲပြီးသွားရင် သျှမ်းပြည်မှာ အရပ်သား အစိုးရတစ်ရပ်ပေါ်လာမှာ ဖြစ်ပါတယ်။

အဲ့ဒီအရပ်သား အစိုးရအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို ဘယ်လိုလုပ်ပြီး ဆက်ဆံမလဲ ဆိုတာ အရေးကြီးပါတယ်။ စစ်တပ် ကျောထောက်နောက်ခံ မပါဘဲနဲ့ ဆက်ဆံဖို့ မလွယ်ကူပါဘူး။ အဓိက ကတော့ သျှမ်းပြည်မှာ အေးချမ်းသာယာပြီး တရားဥပဒေ စိုးမိုးဖို့က အရမ်းအရေးကြီးပါတယ်။ “သျှမ်းပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းတွေအပေါ်မှာ အတော်ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်။”

မေး ။ ။ အခု စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲက တစ်နိုင်ငံလုံး လူထုအပေါ် ဘယ်လောက်ထိ လွှမ်းမိုးမှု ရှိနိုင်ပြီးတော့ ဘယ်အဆင့်ထိ အရေးပါနိုင်သလဲ။

ဖြေ ။ ။ လွှမ်းမိုးမှု သိပ်မရှိနိုင်ဘူးလို့ ယူဆပါတယ်။ မြန်မာနိုင်ငံ နေရာအတော်များများက တရားဥပဒေစိုးမိုးမှု အရမ်းအားနည်းနေတဲ့ အခြေအနေပါ။ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အရပ်သားအစိုးရအတွက် တရားဥပဒေစိုးမိုးရေး ပြန်တည်ဆောက်ဖို့ အကြိတ်အနယ် ကြိုးစားရပါလိမ့်မယ်။ တရားဥပဒေ မစိုးမိုးနိုင်သေးသရွေ့ အရပ်သားအစိုးရ တစ်ရပ်အနေနဲ့ စီမံခန့်ခွဲမှုတွေ၊ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မှုတွေဟာ အခက်အခဲကြီးတွေနဲ့ ရင်ဆိုင်နေရဦးမှာပါပဲ။ ကျန်းမာရေး၊ ပညာရေး စသဖြင့် အများကြီး ပြုပြင်တည်ဆောက်ဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ကုန်စျေးနှုန်းတွေ မြှင့်တက်နေတာကို ရင်ဆိုင်ကြရပါလိမ့်မယ်။ ကျနော်ပြောနေတာက လူထုအကျိုးကို ဆောင်ရွက်ချင်ကြတဲ့ အရပ်သား၊ စစ်တပ်ထွက် စသဖြင့် လူပုဂ္ဂိုလ်တွေကို ပြောတာပါ။ ကိုယ်ကျိုးစီးပွါးအတွက် အစိုးရထဲပါဖို့ ကြိုးပမ်းပြီး ရောက်လာတဲ့ လူတွေအတွက်ကတော့ ဥပဒေ မစိုးမိုးလေ သူတို့အကျိုးစီးပွါးအတွက် ကိုယ်ကျိုးရှာနေကြမှာပဲ ဖြစ်တယ်။ အဲ့လိုလူတွေသာ အစိုးရအဖွဲ့ထဲမှာ ပါနေမယ်။ ပါလာမယ်ဆိုရင်တော့ သျှမ်းပြည် အတွက် အခု ခံနေရတဲ့ ဒုက္ခတွေထက် ပိုပြီး ခံကြရဦးမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီတစ်ခါ ရွေးကောက်ပွဲမှာ SNLD အနေနဲ့ မပါဝင်ဘူးဆိုတော့ ရှေ့ဆက်ဘာတွေ လုပ်ဆောင်သွားဖို့ ရှိပါသလဲ။ အခု လူထုမျှော်မှန်းပြီး ဖြစ်ချင်တဲ့အရာတွေကို အမှန်တကယ် ဖြစ်လာနိုင်အောင် SNLD အနေနဲ့ ကူညီနိုင်ဖို့ ဘယ်လိုပြင်ဆင်ထားပါသလဲ။

ဖြေ ။ ။ ကျနော်တို့အနေနဲ့ မှန်မှန်ကန်ကန်ပဲ နိုင်ငံရေး လုပ်ချင်ပါတယ်။ ပြည်သူလူထု အကျိုးကိုလည်း မှန်မှန်ကန်ကန်ပဲ အကျိုးပြုချင်ပါတယ်။ ပြည်သူလူထုအကျိုးကို သယ်ပိုးရာမှာ ရွေးကောက်ပွဲနည်းလမ်းက တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ အခြားနည်းလမ်းတွေလည်း အများကြီး ရှိပါသေးတယ်။

EORE 2

တချို့ကတော့ အာဏာရမှ အာဏာရှိမှ လူထုအကျိုး သယ်ပိုးနိုင်မယ်လို့ ထင်ကြတယ်။ တကယ် အာဏာရလာတဲ့အခါ ကိုယ်ကျိုးစီးပွါး တစ်ခုထဲကိုပဲ ကြည့်သွားကြတဲ့ ဖြစ်ရပ်တွေက ပြီးခဲ့တဲ့ နှစ်ကာလတွေမှာ မြင်တွေ့နေကြရဖူးတယ် မဟုတ်လား။ အဓိကကတော့ ပြည်သူ့အကျိုးကို သယ်ပိုးချင်တဲ့ စိတ်ဆန္ဒတွေ မပျောက်မပျက်သွားဖို့ပါဘဲ ။ အလျဉ်းသင့်တဲ့ အချိန်မှာ ပြည်သူ့အကျိုးကို ထမ်းဆောင်နိုင်မှာပါ။ အခုအချိန်မှာ ပြည်သူတွေရဲ့ အကျိုးစီးပွား ထိခိုက်ပျက်စီးမှုတွေ အရမ်းများနေတာမလို့ တစ်နေရာရာမှာတော့ မလွဲမသွေ ဝင်ပြီးထမ်းရွက်ရမှာပါ။

မေး ။ ။ မြန်မာနိုင်ငံထဲမှာဆိုရင် တိုင်းရင်းသားပေါင်းစုံ ရှိနေတယ်။ ဒီနောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်းဘက်မှာ စစ်ရေးကြောင့် လူမျိုးရေးပြဿနာတွေ တော်တော်လေး ဖြစ်လာတာ တွေ့ရတယ်။ ရှေ့လျှောက် ဒီလို လူမျိုးရေးပြဿနာတွေ ဆက်မဖြစ်ပွားအောင် ဘယ်လို ဖြေရှင်းသင့်လဲဆိုတာကို ဘယ်လို အကြံပြုချင်ပါသလဲ။


ဖြေ ။ ။ မြန်မာနိုင်ငံမှာ မိမိလူမျိုးတစ်ခုတည်း ကောင်းစားရေး လုပ်မယ်ဆိုရင် ဘယ်လိုမှ အောင်မြင်မှု မရနိုင်ပါဘူး။ မိမိလူမျိုး တစ်ခုထဲကိုပဲ ချစ်ခင်မြတ်နိုးနေပြီး ပြည်ထောင်စု တဝှမ်းလုံးက အခြားလူမျိုးတွေကို ပစ်ပယ်ထားမယ်ဆိုရင်လည်း ကောင်းနိုင်စရာ မရှိပါဘူး။ ပြည်ထောင်စုကြီး ကောင်းမှ မိမိလူမျိုးအတွက်လည်း ကောင်းမှာ ဖြစ်ပါတယ်။

ဘယ်လူမျိုးပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတစ်ခုတည်း ကောင်းနေအောင် လုပ်နိုင်မယ်ဆိုရင်တောင် ပြည်ထောင်စုကြီးထဲက ကျန်လူမျိုးတွေ မကောင်းသရွေ့ ခဏတာပဲ ကောင်းနိုင်ပါလိမ့်မယ်။ ကိုယ့်လူမျိုး ကောင်းစားရေးကို မလုပ်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး၊ လုပ်ရပါမယ်။ သို့သော်လည်းပဲ ပြည်ထောင်စုတစ်ဝှမ်းလုံးရဲ့ အကျိုးကိုလည်း ထည့်မစဉ်းစားလို့ မရပါဘူး။ အများအကျိုးဆောင်မှ ကိုယ်ကျိုးအောင်မှာ ဖြစ်ပါတယ်။

ကျနော်တို့ SNLD ပါဝင်ခဲ့တဲ့ CSSU အဖွဲ့တုန်းက ထုတ်ပြန်ချက်တစ်ခု ရှိပါတယ်၊ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး”ဆိုတဲ့မူ ဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးဟာ တစ်မျိုးနဲ့တစ်မျိုး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်တတ်မှသာ ပြည်ထောင်စုကြီးဟာ သာယာဝပြောတဲ့ ပြည်ထောင်စုကြီး ဖြစ်လာမှာပါ။ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး တိုက်ခိုက်မုန်းတီးနေကြမယ်ဆိုရင် ငြိမ်းချမ်းသာယာရေး မရှိတော့ဘဲ အားလုံးဟာ အတူတကွ ဒုက္ခဆင်းရဲ ရောက်ကြရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ပါ၊ အခုလို တန်ဖိုးရှိတဲ့အချိန်ကို မျှပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...