Saturday, April 27, 2024

အမျိုးသမီးတွေကို ယုံကြည်စွာနဲ့ နိုင်ငံရေးတာဝန်ပေးအပ်လိုက်ပါ

Must read

အိမ်ထောင်ရှင် အမျိုးသမီးတဦးဖြစ်ပေမယ့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး နဲ့ ငြိမ်းချမ်းရေး ကဏ္ဍတွေမှာ ဘက်စုံ ထောင့်စုံ မျှအောင် လုပ်ဆောင်နိုင်တဲ့သူ။

ထိုသူကတော့ လာမယ့် နိုဝင်ဘာမှာကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) လူသိများတဲ့ ကျားဖြူပါတီ ကနေပြီးတော့ နမ့်စန်မြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းဆွေနွယ်ဝင်း ဖြစ်ပါတယ်။

သူမဟာ ခိုလမ်မြို့ ရှိ သျှမ်းစာပေနဲ့ ယဉ်းကျေးမှု အသင်းမှာ အတွင်းရေးမှူး အဖြစ် ၂၀၁၅ ခုနစ်အထိ တာဝန်ထမ်းဆောင် ခဲ့သူတဦးဖြစ်ပြီး၊ ၂၀၁၆ ခုနစ်မှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်တဲ့ Joint Ceasefire Monitoring Committee မှာ အရပ်သား ကိုယ်စားလှယ်တယောက်အနေနဲ့ ပါဝင်ခဲ့သူ တဦးလည်းဖြစ်ပါတယ်။

နန်းဆွေနွယ်ဝင်းကို အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး အခန်းကဏ္ဍ ၊ လက်ရှိ ခိုလမ် -နမ့်စန်မြို့နယ် အတွင်း ကြုံတွေ့နေရတဲ့ မြေယာကိစ္စတွေကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ နန်းဆွေနွယ်ဝင်းအနေနဲ့ နိုင်ငံရေး လောကထဲကို ဘယ်အချိန်ကနေစပြီး ဝင်ရောက်လာ ခဲ့ ပါ သလဲ။ နိုင်ငံရေး လောကထဲကို ဘာကြောင့် ဝင်ခဲ့ပါသလဲ။

ဖြေ။ ။ ကျမ အနေနဲ့ နိုင်ငံရေး ကို ၂၀၁၅ ခုနှစ် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေ NCA လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းကစပြီး ဝင်လာခဲ့ပါတယ်။

ကျမ ကို RCSS( သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်) အဖွဲ့ကနေပြီးမှ အရပ်သား ကိုယ်စားလှယ် အနေနဲ့ ရပ်တည်ပေးဖို့အတွက် ကမ်းလှမ်းလာခဲ့ပါတယ်။

ကျမကလည်း ခိုလမ်မြို့မှာ သျှမ်းစာပေ နဲ့ ယဉ်ကျေးမှု အသင်းမှာ တက်တက်ကြွကြွ နဲ့ ပါဝင်လုပ်ဆောင်နေတဲ့သူ ဖြစ်တဲ့အတွက်ကြောင့်မလို့ လားတော့မသိဘူး သူတို့အမြင်မှာ လုပ်ဆောင်နိုင်တယ်လို့ ထင်ပြီး ကမ်းလှမ်းလာတယ်။

ကျမအနေနဲ့လည်းပဲ ပထမတော့ ငြင်းခဲ့ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမက အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်နေတဲ့အတွက်ကြောင့် အိမ်မှု ကိစ္စတွေလည်း ရှိတယ်။

ကလေးတွေလည်း အများကြီး ရှိတဲ့အတွက်ကြောင့် တာဝန်တွေ လှစ်ဟင်းသွား မှာကြောက်လို့ ပထမ တော့ လက်မခံ ခဲ့ပါဘူး။ နောက်ပြီးတော့မှပဲ ကိုယ့်ဒေသအတွက်မှာ မရှိမဖြစ် ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တစ်ဖက်တစ်လမ်းကနေပြီးတော့မှ ကူညီဆောင်ရွက်ပေးနိုင်မယ်ဆိုလို့ရှိရင် အမျိုးသမီး အနေနဲ့ကော ဒီကလေးငယ်တွေ အနေနဲ့ကော ပြီးတော့ ဒီလူငယ်တွေအတွက် အခွင့်အလမ်း ပိုပြီးတော့ ရနိုင်မလား ဆိုပြီးတော့ စိတ်ကူးလေးနဲ့ ရပ်ရွာပြည်သူလူထုတွေလည်း ကူညီချင်တဲ့ စိတ်နဲ့ အဲ့ဒါ စပြီးတော့ ဝင်ရောက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။

မေး။ ။ အိမ်ရှင်မ တစ်ယောက်လည်းဖြစ် ငြိမ်းချမ်းရေးမှာလည်း ပါဝင်သလို လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်မှာပေါ့နော် တစ်ပြိုင်တည်း အလုပ် ၃ ခုလောက် လုပ်နေရတာ ဘယ်လို စိန်ခေါ်မှုတွေရှိလဲ။

ဖြေ ။ ။ စိန်ခေါ်မှုတွေကတော့ တော်တော်များတယ်ရှင့်။ ဘာဖြစ်လဲဆိုတော့ ကလေးက သူများလိုမျိုး ၁ ယောက် ၂ ယောက်ရှိတာမဟုတ်ဘူး။ ကျမ မှာ က ခလေး ၄ ယောက်ရှိပါတယ်။ တော်တော်တော့ အခက်ခဲတော့ ရှိပါတယ်။ ပထမကတော့ ကျမလည်းပဲ ဒီ JMC လုပ်ငန်းထဲမှာပဲနေပြီးတော့ ကိုယ့် ဒီရပ်ရွာအတွက်ပဲ ကူမယ်လို့ ဆုံးဖြတ်ထားတယ်။

အိမ်မှာလည်း ကိုယ်ပိုင် စီးပွားရေး အိမ်ဆိုင်ဖွင့်ထားတယ် ဆိုတော့ အဲ့ဒီ JMC လုပ်ငန်းဝင်ပြီး သွားတဲ့နောက်ပိုင်း အိမ်မှာကလည်း ဗမာ စကားတတ်တဲ့သူလည်း မရှိတဲ့အတွက်ကြောင့်မို့ အခက်ခဲလည်းရှိတယ်။

အိမ်မှာကျတော့လည်း ကူမယ့်သူလည်း သိပ်မရှိဘူး။ မိသားစုဝင် ကလည်း နည်းတယ်။ ကိုယ့်က စိတ်အား တအားထက်သန်လို့သာ လုပ်နေတာ။ ပြီးတော့ ဒီမှာရှိတဲ့ အဖေ အမေ မျက်နှာတွေ ကိုယ့်အမျိုးသား မျက်နှာတွေလည်း ထောက်ရတယ်ဆိုတော့ တကယ်ကို စိန်ခေါ်မှု အကြီးကြီးတော့ ဖြစ်တယ်ရှင့်။

ကိုယ်က အိမ်ထောင်မှု တာဝန်လည်း ကျေပွန်ချင်တယ်။ ရပ်ရွာ လုပ်ငန်းကိုလည်း ကူညီပြီး လုပ်ဆောင်ချင်တယ် ဆိုတော့ ဖိအားတော့ တော်တော်ကိုများတယ်ရှင့်။

အခု ဒီတစ်နှစ် ပါတီထဲကနေဝင်ပြီးတော့ နိုင်ငံရေး အလုပ်ကို ပိုပြီး လုပ်ရတော့မယ်ဆိုလို့ ပိုပြီးတော့တောင်မှ စိန်ခေါ်မှုက အရင်ကထက် JMS လုပ်ငန်းထဲ လုပ်တာထက် ၂ ဆ ပိုပြီးများသွားပါတယ်။

အခု စည်းရုံးရေး ဆင်းတဲ့ချိန် အရမ်းခက်ခဲပါတယ်ရှင့်။ ဒါပေမယ့်လည်း အမျိုးသမီး တစ်ယောက် အနေနဲ့ အားနွဲ့တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ မရပ်တည်ချင်တဲ့ အတွက်ကြောင့်မို့ စည်းရုံးရေး မဆင်းခင်ဆိုလို့ရှိရင် အိမ်ထောင်မှု တာဝန်ကို အစောထပြီး လုပ်ဆောင်ခဲ့ရတယ်။

ကလေး အတွက် မိသားစုအတွက် အဲ့လိုပေါ့ ပြီးမှ ကိုယ့်ရဲ့ လုပ်စရာရှိတာ လုပ်ရပါတယ်ရှင့်။ တော်တော်တော့ အရမ်းခက်ခဲပါတယ်ရှင့်။

မေး။ ။ နိုင်ငံရေးလောကထဲကို ထဲထဲဝင်ဝင် ဝင်ရောက်လာချိန်မှာ အမ အမျိုးသားကကော ထောက်ပံ့ ပေးလာ။ ပံ့ပိုးပေးပါသလားရှင့်။

ဖြေ။ ။ ဟုတ်ကဲ့ရှင့်။ ပထမကတော့ ကျမ ဒီ ပါတီထဲ မဝင်ခင်ကတော့ သူ့ကိုတော့ အရင်ဆုံး တိုင်ပင်ရတာပေါ့နော်။ ကျမ လုပ်ချင်ပါတယ်။ ကျမကိုပံ့ပိုးပေးနိုင်မလား နားလည်ပေးနိုင်မလားလို့ ပြီးတော့ အမျိုးသားကိုမဟုတ်ဘူး အဖေ အမေ ကိုလည်းပဲ မေးကြည့်ရပါတယ်ရှင့်။

သူတို့ သဘောမတူနိုင်ဘူးဆိုရင် ကျမ ရှေ့ဆက် သွားဖို့ အတွက်က တော်တော်ကြီးကို ခက်ခဲတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ဆီက နားလည်မှုက အရင်ယူရပါတယ်ရှင့်။

သူတို့ကလည်းပြောတယ် အေးပေါ့လေ ကံတရားကလည်း ပါလာတယ် သူများအမြင်မှာလည်းပဲ အမြဲတမ်းပဲ ဒီ JMC လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ရပ်ရွာထဲမှာ တိုင်ပင်စရာရှိတာ အမြဲတမ်း အိမ်မှာ လာတာတွေ့တယ်။ သူများ အားကိုးစရာလည်း ဖြစ်နေတဲ့အတွက်ကြောင့်မလို့ ရပ်ရေးရွာရေးလည်း တစ်ဖက်တစ်လှမ်း ကနေ ကူညီ လုပ်ဆောင်ပေးရမယ်ဆိုတော့ သူတို့ အမြင်မှာ ကျမအနေနဲ့ တာဝန်လုပ်ငန်း ကိုလည်း မလှစ်ဟင်းစေဘူး ၊ အများအတွက် ဦးဆောင်နိုင်မယ်လို့ သူတို့ ယုံကြည်တဲ့အတွက်ကြောင့်ထင်တယ် ကျမကို ဒီအလုပ်တွေ ခွင့်ပြုပေးပါတယ်။

ခွင့်ပြုပေးတဲ့တွက်ကြောင့်မလို့ပဲ ကျမ ဆက်ပြီးတော့ လုပ်ဆောင်နေရခြင်းပဲ ဖြစ်ပါတယ်။

ကျမ အနေနဲ့လည်း သူတို့အပေါ် တာဝန်ဝတ္တရား လှစ်ဟင်းသွားမှာကိုလည်း အရမ်းလည်း စိုးရိမ်ပါတယ်။ စည်းရုံးရေး ကာလဆို သွားတယ်ဆိုလို့ရှိရင် မနက်အစောကြီးထသွားတယ် ညနေမှ ပြန်ရောက်တာ လည်းရှိတယ်။

အိမ်က ကလေးငယ်လည်း အများကြီးရှိတယ် တာဝန်မကျေဘူးဆိုလို့ရှိရင် သူတို့ မျက်နှာ မပွင့်မှာလည်း ကြောက်တာပေါ့နော်။ အခုတလော တော်တော်လေးကို ဂရုစိုက် သွားလာပြီးတော့ လှုပ်ရှားနေရပါတယ်။

မေး ။ ။ ရှေ့ဆက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး တွေကို ဘယ်လို စီမံသွားဖို့ရှိပါသလဲ။

ဖြေ ။ ။ ဒီလိုပဲပေါ့။ နားလည်မှု များများယူပြီး အိမ်က ကိစ္စလည်း မလှစ်ဟင်းစေချင်ဘူး။ လုပ်နေတဲ့ နိုင်ငံရေး ကိစ္စကိုလည်း မလှစ်ဟင်းစေချင်ဘူး။ ဆိုတော့ တော်တော်လေးကို ဖိအားများပြီး လုပ်ဆောင်နေရပါတယ်။

မေး။ ။ နန်းဆွေနွယ်ဝင်း ဝင်ရောက် ယှဉ်ပြိုင်မယ့် နေရာက ဘယ်လို အခြေအနေတွေရှိပါသလဲရှင့်။

ဖြေ။ ။ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဒေသက အများဆုံးလာပြီး ကျမကို တင်ပြတာကတော့ မြေသိမ်းတဲ့ ကိစ္စတွေပါ။

နောက်ပြီး အမျိုးသမီးတွေ အတွက်ဆိုရင်လည်း ဘယ်လိုပြောရမှာလဲ ကျမကိုယ်တိုင်ကလည်း သျှမ်းစာပေ ယဉ်ကျေးမှု ထဲမှာ ဦးဆောင်ပြီးတော့ လုပ်နေတယ်။လူငယ်တွေ အတွက်လည်း တကယ်ကို လမ်းဖွင့်ပေးမယ့်လူ လိုတယ်။ လူငယ်အတွက်ကိုလည်း လက်တွဲခေါ်ပြီးတော့ လမ်းဖွင့်ပေးမယ့်သူအတွက်လည်း အရမ်းလိုတယ်။

နောက်ပြီးကျတော့ အမျိုးသမီး တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ ကိုယ်ကလည်းပဲ ဒီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ပါပြီးတော့ လုပ်ဆောင်လာရတဲ့သူဆိုတော့ ကိုယ့်ဒေသတွင်း ငြိမ်းချမ်းရေးကိုလည်း ပိုပြီးတော့လည်း ဖြစ်ထွန်းစေချင်တယ်။

တကယ်လို့ ငြိမ်းချမ်းရေးမရနိုင်ဘူးဆိုရင် အရမ်းခက်ခဲတာကတော့ ကိုယ့်ဒေသ အမျိုးသမီးတွေ ကလေးငယ်တွေ အတွက်ပဲ။

အဲ့ဒီအတွက်ကိုလည်း ပိုပြီးတော့ ကူချင်တယ်။ ကိုယ့်ဒေသအတွင်းမှာ ဖွံ့ဖြိုးရေးပိုင်းလည်း တကယ် အရမ်းနောက်ကျပါတယ်ရှင့်။ ဒီ ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာလည်းပဲ ဦးဆောင်ပြီးတော့ ထဲထဲဝင်ဝင် လုပ်ချင်လို့ပါ။

မေး။ ။ တကယ်လို့ ရွေးကောက်ပွဲ အနိုင်ရမယ်ဆိုရင် ပြည်သူအတွက် ဘယ်အရာကို ဖြေရှင်းပေး ချင်ပါသလဲရှင့်။

ဖြေ။ ။ ကျမ လွှတ်တော်ထဲ ရောက်သွားမယ်ဆိုလို့ရှိရင်တော့ အရင်ဆုံး ဖြေရှင်းပေးရမှာကတော့ အများဆုံး လာပြီး တိုင်ပင်တဲ့ မြေယာ ပြဿနာတွေ အမျိုးသမီး နဲ့ ကလေးငယ် ကိစ္စ အတွက် လုပ်ဆောင်ပေးချင်တယ်။

အမျိုးသမီး တစ်ယောက်အနေနဲ့ လွှတ်တော်ထဲ ရောက်သွားမယ်ဆိုရင် အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေ ကျမတို့ ဒီ Gender (ကျား၊မ တန်းတူရေး ) ကိစ္စတွေမှာ အမျိုးသမီးလူငယ်တွေပေါ့နော်။

မေး။ ။ အမျိုးသမီး နဲ့ ကလေးတွေကို လုပ်ဆောင်ပေးချင်တယ်ဆိုတာ ဘယ်လို လုပ်ဆောင် ပေးချင် ပါသလဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့။ အမျိုးသမီး လူငယ်လေးတွေက စိတ်အားထက်သန်တာတွေလည်း အများကြီး ရှိတယ်။ဒါပေမယ့် အတွေ့အကြုံ မရှိသေးတာ၊ တွဲခေါ်မယ့်သူ မရှိသေးတာ ကိုယ့်ကိုယ် ယုံကြည်မှု မရှိသေးတာ အဲ့လိုမျိုးတွေရှိတယ်။

နောက်ပြီး ကျမတို့ ရွာတွေမှာဆိုရင် ကလေးငယ်တွေရဲ့ ပညာရေးပိုင်းကို သိပ်ပြီး အားမပေးကြဘူး။ အားမပေးကြတော့ ကျောင်းတက်ရတဲ့ ကလေးငယ်တွေ အရမ်းနည်းနေသေးတယ်။ ဒီပညာရေးပိုင်း မှာလည်း ပိုပြီး အထောက်အပံ့ဖြစ်စေချင်တယ်။

မေး ။ ။ ခေတ်အဆက်ဆက်က လွှတ်တော်ကို ကြည့်မယ်ဆိုရင် အမျိုးသမီးအရေး ကိစ္စတွေ လုပ်ဆောင်မှု အားနည်းနေတာ တွေ့ရပါတယ်။ ဒါကြောင့် လွှတ်တော်မှာ အမျိုးသမီးတွေ ပါဝင်လာရင် ဘာတွေ အားသာနိုင်ပါသလဲ။

ဖြေ ။ ။ ခေတ်အဆက်ဆက်က အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် အင်အားနည်းတာတွေလည်းပဲ သူ့ခေတ်အခြေနေအရ ခုလောလောဆယ်မှာ နိုင်ငံရေး တံခါးလည်း အမျိုးသမီးဘက်ကို အခွင့်အလမ်းပေးလာပြီ။

နိုင်ငံရေး တံခါးလည်း ဖွင့်လာပြီဆိုတော့ ဒီ အမျိုးသမီးတွေ အနေနဲ့လည်းပဲ ဒီတိုင်း ရပ်တန့်မနေဘဲနဲ့ ရနိုင်တဲ့ အခွင့်အရေးကို ယုယုယယ ဆုတ်ကိုင်ပြီးတော့ ဒီ အမျိုးသမီးတွေအတွက် အခွင့်အရေး တွေကို ကိုယ်က အမိအရ ယူရမယ်။

နောက်ပြီး ဒီအမျိုးသမီးတွေအတွက် နိုင်ငံရေး ခေါင်းဆောင်မှုပိုင်းမှာဆိုရင် ပါရုံသက်သက် မဟုတ်ဘဲနဲ့ စိတ်ချနိုင်တဲ့အခြေနေမှာ အဲ့အဆင့်ရောက်ရှိနိုင်ရေး ပါနိုင်ဖို့ဆိုလို့ရှိရင်တော့ မူဘောင်တစ်ခုတော့ ထားသင့်တယ်လို့ ကျမ ထင်တယ်။

တချို့နေရာတွေက အမျိုးသမီးက ၃၀ ရာခိုင်နှုန်းပါရမယ်လို့သာ ပြောတယ် ပါသွား သလောက် ပဲ ရှိ တယ်။ဒါပေမယ့် အရေးကြီးတဲ့အဆင့် ဆုံးဖြတ်ချက် ချနိုင်တဲ့အဆင့် မှာတော့ မပါနိုင်သေးတာ ရှိနေတဲ့အတွက် အဲ့ဒီအဆင့်တွေ ပါဝင်လာအောင် လုပ်ဆောင်ချင်ပါတယ်။

အမျိုးသမီး တစ်ယောက် အနေနဲ့ သူက အမျိုးသားလောက် လုပ်နိုင်ပါ့မလား ဆိုတဲ့ အထင်မြင်ပေးတာတွေလည်း မဖြစ်စေချင်ဘူး။အမျိုးသမီးတွေကလည်းပဲ အမျိုးသားနဲ့ တန်းတူ လုပ်နိုင်တယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြချင်ပါတယ်။

မေး ။ ။ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင်လာဖို့က ဘယ်လောက်ထိ အရေးကြီးပါသလဲရှင့်။

ဖြေ။ ။ အမျိုးသမီးတွေက ဒီငြိမ်းချမ်းရေးထဲမှာ ဘယ်လောက်ထိ ပါဝင်လာနိုင်မလဲဆိုလို့ရှိရင် ဥပမာ ကျမတို့ ဒီ JMC ထဲမှာလည်းပဲ အမျိုးသမီးက ၃၀ ရာခိုင်နှုန်းပါရမယ်။ တခြား ပြည်နယ် နဲ့ တိုင်းတော့ မပြောတတ်ဘူး။ ကျမတို့ သျှမ်းပြည်အခြေနေဆိုလို့ရှိရင်တော့ ရှိပါတယ်။ အမျိုးသမီးက ၃၀ ရာခိုင်နှုန်းထိပါတယ်။

ဒါမယ့် ကျမတို့ ဒီ JMC လုပ်ငန်း လည်ပတ်ဖို့အတွက် ဆိုလို့ရှိရင် ကျမတို့ အခု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးက ခနတဖြုတ်ရပ်နားနေသလို ဖြစ်နေတဲ့ အချိန်မှာ ပြန်ပြီးတော့ အားယူနေတဲ့အချိန်မှာ အမျိုးသမီးငယ်တွေ၊ အသက်ကြီးတဲ့ အမျိုးသမီးတွေ သူ့ကို ဒေသဆိုင်ရာ အဆင့် အခြေခံသော ရွာတွေမှာပဲ ဖြစ်ဖြစ်အနည်းဆုံး စိတ်ဝင်တစားနဲ့ ကူပေးနိုင်မယ် ဆိုရင် ပိုပြီးကောင်းတာပေါ့။

ဘယ်ဘက်မှာ ကူခိုင်းစေချင်လဲဆိုလို့ရှိရင် အခုလောလောဆယ် NCA အဖွဲ့ အားယူနေတဲ့ချိန်မှာ အခုလဲ ကျမလဲပဲ ကြိုးစားပြီးတော့ လုပ်ဆောင်နေပါတယ်။ မိန်းကလေးငယ်တွေ အများကြီး ပါဝင်လာဖို့အတွက်ပေါ့နော်။

မေး ။ ။နောက်ဆုံး အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲရှင့်။

ဖြေ။ ။ နောက်ဆုံးအနေနဲ့ကတော့ ရွေးကောက်ပွဲ နဲ့ အမျိုးသမီး ကိစ္စမှာပေါ့နော်။ ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ် အများကြီး ပါဝင်လာဖို့ အခြေနေကလည်းပဲ အခုဆိုလို့ရှိရင် လမ်းဖွင့်ပေးတဲ့ အခြေအနေ မှာဖြစ်တဲ့အတွက်ကြောင့်မလို့ ကျမတို့ ဒီလိုမျိုး အမျိုးသမီးငယ်တွေလည်းပဲ နိုင်ငံရေး တက်ကြွတဲ့ အမျိုးသမီးငယ် အများကြီးပါဝင်လာတဲ့အတွက်ကြောင့်မလို့ ကျမလည်းပဲ အရမ်းကို အားရမိပါတယ်။ အရမ်းကို ကျေနပ်မိပါတယ်ရှင့်။

ကိုယ်စားပြုခဲ့တဲ့ ကျားဖြူပါတီ မှ မဟုတ်ပါဘူး ကျားခေါင်း ပါတီမှာလည်းပဲ အမျိုးသမီးတွေ အများကြီး ပါဝင်လာတဲ့အတွက်ကြောင့် ကျမ အရမ်းလည်း ဝမ်းသာပါတယ်ရှင့်။

ကျမတို့ အမျိုးသမီးတွေက သူ့ပါတီ ကိုယ့်ပါတီ မခွဲခြားဘူး။ အကုန်လုံး စုပေါင်းပြီး ပိုပြီး လုပ်ဆောင်နိုင်မယ်လို့ ကျမ ထင်ပါတယ်ရှင့်။

တကယ်လို့ ကျမ လွှတ်တော်ထဲ မရောက်သွားဘူးဆိုလို့ရှိရင်လည်း ကျမ ကတော့ အပြင်ကနေ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အမြဲတမ်း ပံ့ပိုးကူညီပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ပြောချင်ပါတယ်ရှင့်။

Leave a Comments

- Advertisement -spot_img

Latest article