Tuesday, January 27, 2026

ဟိုင်းပါအလှကို အမှိုက်များဖုံးလွှမ်း

(သတင်းဆောင်းပါး)

သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုင်းပါ ကျေးရွာမှာ တည်ရှိတဲ့ ရေတံခွန် ဟာ အရှေ့တောင် အာရှမှာ အလှဆုံးရေတံခွန်လို့ ပြောဆိုကြပါတယ်။

ဟိုင်းပါရေတံခွန်ရဲ့အလှ

မိုင်းရှူးမြို့နယ် အတွင်းမှာ ယခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွါးမှုမရှိတော့တဲ့အတွက် ဟိုင်းပါ ရေတံခွန် ကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေ ပိုများလာတယ်လို့ ဟိုင်းပါ ကျေးရွာမှ ဥက္ကဌ လုံးဖိုးအောင် ကပြောပါတယ်။

ခရီးသွားဧည့်သည်တွေ များလာတဲ့အလျောက် ဟိုင်းပါရေတံခွန်မှာ အမှိုက်တွေ၊ ပုလင်းခွံတွေကို စည်းကမ်းမဲ့ စွန့်ပစ်လာတယ်လို့ လုံးဖိုးအောင် က ပြောပါတယ်။

ဟိုင်းပါရေတံခွန်မှာ လည်ပတ်သူတွေက စွန့်ပစ်ထားတဲ့ ဖန်ပုလင်းများ နဲ့အမှိုက်သရိုက်များ

“ ပုလင်းခွံတွေ၊ အမှိုက်တွေကို ရေထဲ ၊လယ်ထဲ တွေမှာ မပစ်ဖို့ပြောတယ်။ ဆိုင်းဘုတ်တွေ ကပ်ထားပေမယ့် ဧည့်သည်တွေများတော့ ကျနော်တို့လိုက်မကြည့်နိုင်ဘူး။ ပစ်ကြတာပဲ။ နည်းတဲ့ အမှိုက်တွေမဟုတ်ဘူး” လို့ သူက ဆိုပါတယ်။

ခရီးသွားဧည့်သည်တွေ ဟိုင်းပါရေတံခွန်ကို လာရောက်လည်ပတ်တဲ့အခါ စည်းကမ်းရှိကြဖို့ လိုအပ်ကြောင်း၊ ဒေသခံ ပြည်သူတွေကိုလည်း စာနာပေးဖို့လိုအပ်ကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။

ယခုနှစ် သင်္ကြန်အတွင်း ဟိုင်းပါရေတံခွန်ရဲ့အလှကို လာရောက်ခံစားရင်း ရေဆော့ကစားကြတဲ့့ ကား အစီးရေ ထောင်ကျော်ရှိပြီး၊ သင်္ကြန်နောက်ပိုင်းမှာလည်း တရက်တရက် လာရောက်လည်ပတ်တဲ့ ကား အစီးရေ ၂၀ ကျော် ရှိတယ်လို့ဒေသခံတွေပြောချက်အရ သိရပါတယ်။

ဟိုင်းပါရေတံခွန်ရဲ့အလှ

ဟိုင်းပါရေတံခွန်ဟာ ပြည်သူအများလာရောက်လည်ပတ်တဲ့နေရာ တခုဖြစ်တဲ့အတွက် ခရီးသွားများအနေနဲ့ အုပ်စု ဖွဲ့ ဘီယာသောက်စားခြင်း၊ အရက်သေစာတွေ စုပေါင်းသောက်စားခြင်းတွေကို မပြုလုပ်ကြရန်လည်း လုံးဖိုးအောင်က သတိပေးပြောဆိုပါတယ်။

ဟိုင်းပါရေတံခွန်မှာ လည်ပတ်သူတွေက စွန့်ပစ်ထားတဲ့ ဖန်ပုလင်းများ နဲ့အမှိုက်သရိုက်များ

ဟိုင်းပါ ရေတံခွန် အနီးတဝိုက်မှာ ဒေသခံလူထုတွေအနေနဲ့ သစ်ပင်တွေ မခုတ်ကြဖို့၊ ခရီးသွားဧည့်သည်တွေ အနေနဲ့လည်း ပျော်ပွဲစား စားပြီးသောက်ပြီး အကြွင်းအကျန်တွေ အမှိုက်သရိုက်တွေ ပလပ်စတစ်တွေ ရေထဲ ပစ်မချဖို့အတွက် ပညာပေးမှုတွေ အများကြီးလိုအပ်ကြောင်း မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နန်းကောင်ခမ်းက ပြောပါတယ်။

“ အမှိုက်တွေကို စနစ်တကျပစ်ဖို့ ၊ အမှိုက်အိတ်တွေကို ထားပေးဖို့ လိုအပ်သလို၊ အိမ်သာဆောက်ပေးဖို့ လိုအပ်ပါတယ်။ နောက် သဘာဝ ပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ဖို့ အတွက်လည်း လိုအပ်ပါတယ်။ လိုအပ်မှုတွေ ကတော့ အများကြီးပါပဲ” လို့ နန်းကောင်ခမ်း ကဆိုပါတယ်။

လက်ရှိမှာတော့ ဒေသခံ ရွာသားတွေ အနေနဲ့ ကျေးရွာ ကို ပြန်လည် ပြုပြင်ရန်နှင့် ဟိုင်းပါရေတံခွန် ကို သဘာဝ အတိုင်း မပျက်စီးအောင် ထိန်းသိမ်းရန် အတွက် ဟိုင်းပါ ရေတံခွန် ကိုလာရောက်လည်ပတ်တဲ့ ခရီးသွားတွေဆီကနေ ကားတစီး ၂ထောင်ကျပ်၊ ဆိုင်ကယ်တစီး ၅၀၀ ကျပ်ကောက်ခံနေကြောင်းသိရပါတယ်။

နန်းကောင်ခမ်းက “ သဘာဝအလှတရားကိုကြည့်ချင်လို့လာကြတယ်။ ဒါပေမယ့် အမှိုက်တွေ ၊ အညစ်အကြေးတွေကျတော့ ပစ်ချထားပြီးပြန်သွားတယ်။ ဒီလိုဆိုရင်သဘာဝအလှက ကြာရှည်ဘယ်ခံ တော့မလဲနော်။ တဖက်ကလည်း ဒေသခံတွေက ဆိုးကျိုးတွေခံထားရတာပေါ့။ ဒါ့ကြောင့် ဧည့်သည်တွေ လာလည်ရင် စည်းကမ်းရှိကြပါလို့ပြောချင်ပါတယ်” လို့ ထပ်ပြောပါတယ်။

အမှိုက်ပစ်သူတွေ ရဲ့ စည်းကမ်းမဲ့မှု၊ ဒေသခံတွေရဲ့ အသိအမြင် အားနည်းမှုတွေကြောင့် အမှိုက်ရဲ့ဆိုးကျိုး တွေကို မသိကြကြောင်း သျှမ်းလူငယ် တဦးဖြစ်တဲ့ လွိုင်ခမ်းပန် ကပြောပါတယ်။

“ စနစ်တကျ ဖွဲ့စည်း ထားတဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေ မရှိသလို အခကြေးငွေ ယူပြီး လည်ပတ်ခွင့်ပေးတဲ့ စနစ် တွေလည်း မရှိတော့ အားလုံးက ကိုယ်နဲ့ မဆိုင်သလို အမှိုက်ကို ပစ်ချင်သလို စွန့်ပစ်ကြတာတွေလည်းပါတယ်” လို့ လွိုင်ခမ်းပန် က ဆိုပါတယ်။

မိုင်းရှူး သျှမ်းလူငယ် အဖွဲ့အနေနဲ့ ဟိုင်းပါ ရေတံခွန် ပတ်ဝန်းကျင်တွင် စည်းကမ်းမဲ့ စွန့်ပစ်ထားတဲ့ အမှိုက်တွေကို သိမ်းကြပေမယ့် အမှိုက်ပစ်သူတွေ က ပိုများနေတာကြောင့် အဆင်မပြေကြောင်း၊ ဒေသခံတွေအနေနဲ့ အခကြေးငွေ သတ်မှတ်ကောက်ခံပြီး ထိန်းသိမ်း ကာကွယ်မှုတွေ စနစ်တကျ လုပ်ဆောင်ရန် လိုအပ်ကြောင်း လည်း လွိုင်ခမ်းပန် က ပြောပါတယ်။

ပညာပေး အစီအစဉ် အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်အဖွဲ့အစည်းတွေ နဲ့ ဒေသခံတွေ ပူးပေါင်းပြီး ပညာပေးလုပ်ငန်းတွေ ဟောပြောပွဲ တွေ မကြာခဏ ပြုလုပ်သင့်သလို ကျေးရွာတွေထဲမှာလည်း ကြော်ငြာပိုစတာတွေ ပါကပ်သင့်ကြောင်း သျှမ်း လူငယ် တွေက ပြောကြပါတယ်။

“ သတိပေးဆိုင်းဘုတ်တွေကပ်မယ်။ အမှိုက်ကန်တွေစနစ်တကျထားရမယ် ။ စည်းကမ်းတင်းကျပ်ထားပြီး ထိရောက်တဲ့ အရေးယူမှုတွေလုပ်ရမယ်။ ရေတံခွန်အဝင်ဧရိယာထဲကိုပုလင်းတွေ ပလပ်စတစ်တွေကိုယူသွားခွင့် ရောင်းချခွင့်မပေးရင်ပိုကောင်းမယ်” လို့ သျှမ်း လူငယ် တဦးကပြောပါတယ်။

ဒါ့အပြင် ဟိုင်းပါ ကျေးရွာ မှ ဒေသခံများအတွက် ဝင်ငွေ ရရှိရန် ဒေသထွက်ကုန် နဲ့ရိုးရာ အစားအစာ၊ လက်ဆောင် ပစ္စည်းတွေ ကို သေချာ ပြင်ဆင်ပြီး ရောင်းချရင်လည်း ဒေသခံ အလုပ်အကိုင် အခွင့်အလမ်း ဖြစ်လာနိုင်ကြောင်း လည်း သျှမ်းလူငယ်တွေက မှတ်ချက်ပြုပါတယ်။

“ ဟိုင်းပါ ရေတံခွန်က ကျမ ရောက်ဖူးတဲ့ရေတံခွန်ထဲက အလှဆုံးပဲ။ ဒီရေတံခွန်နဲ့ခရီးသွားလုပ်ငန်းတွေ ဆွဲဆောင်နိုင်တဲ့နေရာတခုပါ။ ခရီးသွားဧည့်သည်တွေ အနေနဲ့အမှိုက်တွေကို စည်းစနစ်တကျစွန့်ပစ်ဖို့အဓိက တိုက်တွန်းချင်ပါတယ်” လို့လည်း ဟိုင်းပါ ရေတံခွန် သွားရောက်လည်ပတ်တဲ့ နန်းကိန်ကလည်းပြောပါတယ်။

ဌာနေ တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်း ကိုယ့်ဒေသအတွင်းမှာ ရှိတဲ့ သဘာဝ အလှတရားကို တန်ဖိုး ထားထိန်းသိမ်းရမယ်ဆိုတဲ့ အသိခံယူချက်တွေ ရှိကြဖို့လိုအပ်ကြောင်း၊ ထိုသို့မဟုတ်ပါက သဘာဝ အလှတရား ရေရှည် တည်တံ့မှာ မဟုတ်ဘဲ ဆိုးကျိုးတွေကို ပဲ ဒေသခံတွေ ခံစားရမှာဖြစ်ကြောင်း သျှမ်းလူငယ်တွေက ဝေဖန် ထောက်ပြကြပါတယ်။

ဟိုင်းပါရေတံခွန်တည်ရှိရာ ဟိုင်းပါကျေးရွာဟာ မိုင်းရှူးမြို့နယ်ထဲမှာပါ၀င်ပြီး မိုင်းရှူးမြို့ရဲ့အနောက်တောင်ဘက်အရပ်မှာတည်ရှိပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုင်းပါရေတံခွန်အနီး စေတီ တည်ဆောက်မှုပြောဆိုမှုနေသည့်အပေါ် ဒေသခံများဘာပြောဆိုလဲ

0
အရှေ့တောင် အာရှမှာ အလှဆုံးရေတံခွန် အဖြစ် တင်စားထားသည့် သျှမ်းပြည် မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာရှိ ဟိုင်းပါရေတံခွန်အနီးတွင် စေတီ တစ်ဆူ တည်ဆောက်နေသည့် သတင်းသည် လူမှုကွန်ရက်စာမျက်နှာမှာ အငြင်းပွားမှုတွေ မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စေတီတည်ဖို့ရန်အတွက် မြေနေရာကို ဟိုင်းပါဒေသခံများက မိုင်းရှူးမြို့ သံဃာတော်များ ထံသို့ မြေဧက...

ပြည်သူကို ငဲ့ညှာသည့်အနေဖြင့် SSPP မှ စစ်ကောင်စီကို ဆွေးနွေးရန် နေပြည်တော်ရောက်ရှိ

0
အာဏာသိမ်း စစ်ကောင်စီ နှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ပြည်သူကို ငဲ့ညှာပြီး တိုက်ပွဲရှောင်သည့်အနေဖြင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကိုယ်စားလှယ်များ နေပြည်တော်သို့ ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ သွားရောက်တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး တိုက်ပွဲကြောင့် ပြည်သူများ ခက်ခဲမည့်ဖြစ်စဥ်ကို ရှောင်ရှားပြီး...

စစ်ကောင်စီတိုင်းမှူးများ မိုင်းရှူးမြို့နယ်အတွင်းမှ ဆုတ်ခွာပြီး စစ်ရေးတင်းမာမှုဖြေလျှော့

0
သျှမ်းပြည်တောင်ပိုင်း မိုင်းရူးမြို့နယ်အတွင်း စစ်ရေးကွပ်ကဲသည့် စစ်ကောင်စီတိုင်းမှူးများသည် လက်ရှိတွင် မိုင်းရှူးမြို့နယ်အတွင်းမှ ဆုတ်ခွာပြီး SSPP/SSA နှင့် စစ်ရေးတင်းမာမှုကို ဖြေလျှော့နေကြောင်း သတင်းသိရသည်။ အဆိုပါ စစ်ကောင်စီ တိုင်းမှူးများသည် ဇူလိုင် ၂၅ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်...

သျှမ်းပြည် တိုက်ပွဲကြား ကလေးငယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရ

0
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများအကြား တစ်လအတွင်း အပြစ်မဲ့ ကလေးငယ် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင် မိုင်းရှူးမြို့နယ်မှ အရပ်သား မောင်းနှင်လာသည့် ကားကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်လိုက်သဖြင့် ကားပေါ်ပါလာသည့် အသက် ၃ နှစ်...

မိုင်းရှူးဘက် စစ်ကောင်စီတိုင်းမှူးကိုယ်တိုင် စစ်ကြောင်း ဦးစီးနေ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ တိုင်းမှူးကိုယ်တိုင် စစ်ကြောင်းများကို ဦးစီးနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၂၅ ) ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) တို့မှ တိုင်းမှူးများသည် ကား ၆...