Friday, April 26, 2024

အကြေးခွံကအစ တန်ဖိုးကြီးသည့် သင်းခွေချပ် သျှမ်းပြည်တွင် မျိုးသုဉ်းလုနီး

Must read

သင်းခွေချပ် အကြေးခွံ ပြားလေးကို အပေါက်ဖောက်ပြီး၊ ကြိုးဖြင့်ချည်ကာ ကလေးငယ်များ ၏ လည်ပင်းတွင် လည်ဆွဲ အဆောင်အနေဖြင့် အသုံးပြုကြပါသည်။

Photo SHAN- သျှမ်းလူမျိုးတို့ရိုးရာ ကလေးလည်ပင်းတွင်ဆွဲပေးသည့် သင်းခွေချပ်ကြေးခွံပါလည်ဆွဲ

ထို သင်းခွေချပ်ပြား လည်ပင်းတွင်ဆွဲထားပါက နတ်ဆိုးများ ကင်းစင်ပြီး ကလေးကောင်းမွန်စွာ အိပ်ပျော်ခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်းတိုဖြင့်ပြည့်စုံသည်ဟု သျှမ်းလူမျိုးများတွင် ရှေးရိုး အယူရှိကြသည်။

“ ကလေးတွေ ရဲ့ လည်ပင်းမှာ သင်းခွေချပ်အကြေးခွံ ဆွဲရင် ဘယ်နတ်ဆိုးမှ ကပ်လို့မရတော့ဘူး” ဟု စိုက်ပျိုးရေးအလုပ်လုပ်ကိုင်နေသည့် အသက် ၅၀ အရွယ်ခန့်ရှိ သျှမ်းအမျိုးသား စိုင်းပွန့်က ပြောသည်။

လသားကလေးငယ်များအား သင်းခွေချပ် အကြေးခွံ ဆွဲပေးသည့် ဓလေ့သည် သျှမ်းလူမျိုးများတွင် ယနေ့တိုင် ရှိနေသေးသည်။

သင်းခွေချပ် ၏ ခန္ဓာကိုယ် တခုလုံးရှိ အစိတ်အပိုင်းများဖြစ်သည့် အကြေးခွံ က အစ လူသားအတွက် အကျိုးပြုကြောင်း၊ ကျန်းမာရေး အတွက် ဆေးဖော်စပ်ရာတွင် အသုံးပြုကြကြောင်း စိုင်းပွန့် က ရှင်းပြသည်။

“ ကျန်းမာရေး အတွက် လည်း ကောင်းတယ်ဆိုပေမယ့် ကျနော်တို့ သျှမ်းမှာတော့ ဖမ်းစားကြတယ် ဆိုတာမရှိသလောက်ဘဲ ။ ” ဟု စိုင်းပွန့် ကပြောသည်။

လွန်ခဲ့သည့် ၁၅ နှစ်ကျော်က သင်းခွေချပ်များ ကျေးရွာ အနီးတဝိုက် လူသူနှင့် နီးကပ်စွာ ကျင်လည် ကျက်စား ကြသော်လည်း ဒေသခံ ပြည်သူများက ရန်ပြုမှု မရှိခဲ့ပေ။

ဆက်လက်ပြီး စိုင်းပွန့် က “ အရင်က ကျေးရွာက လူတွေကဖမ်းတယ်ဆိုတာက အကြေးခွံလိုလို့ အဲလောက်ပါဘဲ။ အကြေးခွံကလည်း တကောင်ဆိုရင် အများကြီးရတော့ အကောင်ကို ခနခန မဖမ်းရဘူးလေ။ အဲတာကြောင့် သင်းခွေချပ်က ရှိနေသေးတယ်။ တရုတ်တွေ ထိုင်းတွေ ဝယ်လိုအားကောင်းလာတော့မှ တွင်တွင်ကျယ်ကျယ် ဖမ်းလာကြတာ။ အခုနောက်ပိုင်းတော့ ရှားသွားပြီလေ” ဟု ဆိုသည်။

သင်းခွေချပ် အကြေးခွံ ကို ဇိမ်ခံပစ္စည်း၊ အသုံးအဆောင် များ နှင့် တိုင်းရင်းသား ဆေးဝါး ဖော်စပ်ရာတွင် အသုံးပြု လေ့ရှိပြီး အသားကို စားသုံးရန် အဓိက ရောင်းဝယ်ဖောက်ကားကြသည် ဟု ယခုနှစ် ဇူလိုင် လပိုင်းတွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာ (UNODC) အစီရင်ခံစာတွင် ရေးသားထားသည်။

သင်းခွေချပ် အများစုသည် အေးသည့် အရပ်ဒေသ (တောင်ပေါ်)တွင် တွင်းအောင်းနေထိုင်သည့် သတ္တဝါ တမျိုးဖြစ်သည်။

သျှမ်းတောင်တန်းသည် ယခင်က သင်းခွေချပ်ပေါများမှုကြောင့် တရုတ်နိုင်ငံ မှ မျက်စိကျခဲ့ကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ သင်းခွေချပ် အများစုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့အဓိက ပို့ဆောင်နေသည်။

အိမ်နီးချင်းနိုင်ငံတွင် သင်းခွေချပ်စျေးကွက်ကောင်းလာသည့်အတွက် သျှမ်းပြည်နယ် အတွင်း သင်းခွေချပ် ၉၉ ရာခိုင်နှုန်း ပျောက်ကွယ်နေပြီဖြစ်ကြောင်း၊ သင်းခွေချပ်သည် ရှားပါးသည့် တိရိစ္ဆာန်ဖြစ်နေပြီး သစ်တောဌာနမှ လည်းတားမြစ်ထားသည့်စာရင်းတွင်ပါ၀င်နေပြီဖြစ်ကြောင်း သိရသည်။

ယခင်က မိုင်းယောင်းမြို့နယ်ရှိ မုဆိုးများသည် သင်းခွေချပ်ကို တောခေါင်တောင်ကြားသို့ သွားရှာစရာမလို့ဘဲ ကျေးရွာ ပတ်ဝန်းကျင်တွင်သာရနိုင်ပြီး သင်းခွေချပ်များကို နေ့တိုင်းလိုလိုတွေ့ရှိနိုင်ကြောင်း သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်း ဒေသခံ စိုင်းနောင့် က ပြောသည်။

“ အရင်ကတော့ လိုက်ရင် အဝေးမသွားရဘူး။ အခုတော့ အဝေးသွားတာတောင် သင်းခွေချပ်က ကံကောင်းမှရတာ။ တလ တကောင်တောင် မရတော့ဘူး” ဟု စိုင်းနောင့်က ပြောသည်။

မိုင်းယောင်းမြို့နယ် အတွင်း လတိုင်းနီးပါး သင်းခွေချပ် အကောင် ကို ရှာဖွေ ခဲ့သော်လည်း လွန်ခဲ့သည့် နှစ်များကဲ့သို့ မရတော့ပေ။

မိုင်းယောင်းမြို့မှ ဖမ်းမိသည့် သင်းခွေချပ်များသည် မိုင်းလား အထူးဒေသ(၄) မှ တဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင် သည်။

“ စက်တင်ဘာ ၉ ရက်နေ့တုန်းက သင်းခွေချပ် အရင်တကောင်ဖမ်းမိတယ်။ တပိဿာ ကျော်ကျော်ရှိမယ်။ တပိဿာကိုကျပ် ၂ သိန်းစျေးပေါက်တယ်။ ဖမ်းမိတာနဲ့ ပွဲစားတွေဆီ ဖုန်းဆက်တာနဲ့ သူတို့ချက်ချင်းလာယူတယ်” ဟု စိုင်းနောင့် က ပြောပြသည်။

သင်းခွေချပ် ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဒေသခံ များက ဥပဒေ ကို နားလည်မှု မရှိသလို သက်ဆိုင်ရာ ကလည်း သင်းခွေချပ် ရောင်းဝယ် ဖောက်ကားမှုကို ထိရောက်စွာ အရေးမယူကြောင်း လည်း စိုင်းနောင့် က ပြောသည်။

“ သင်းခွေချပ် ဖမ်းတဲ့သူကတော့ ဖမ်းနေတာပဲ။ သစ်တောက တွေ့ရင်တော့ ပိုက်ဆံပေးရတယ်။ ဒီဘက်မှာ အရေးယူတာတော့ သိပ်မရှိဘူး” ဟု စိုင်းနောင့် က ပြောသည်။

မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိသည့် သင်းခွေချပ် တရားမဝင် ရောင်းဝယ်ဖောက်ကားမှု များ မှာ ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အမှုပေါင်း ၃၂ ခု ခန့်ရှိပြီး၊ သင်းခွေချပ် အကြေးခွံနှင့် အခြား အစိတ်အပိုင်း အပါအဝင် တန်ချိန်ပေါင်း ၁ ဒသမ ၂ တန် ဖမ်းဆီးရမိခဲ့သည် ဟု UNODC ၏အစီရင်ခံစာ အရ သိရှိရသည်။

Photo Credit to Wild Aid- တရုတ်စျေးကွက်တွင်တွေ့ရသော သင်းခွေချပ်ကြေးခွံ

ယခုနှစ် အတွင်း သင်းခွေချပ် အကြေးခွံ ဖမ်းဆီးရရှိမှုမှာ ၄ ကြိမ် ရှိပြီး၊ သျှမ်းပြည်နယ် လားရှိုးခရိုင်၊ ကချင်ပြည်နယ် တနိုင်း နှင့် မန္တလေးတိုင်းဒေသကြီးတွင် ၉၃ ဒသမ ၃ကီလို ဂရမ် အထိ ဖမ်းဆီးရရှိခဲ့သည်ဟု  ၂၀၁၆ မှ ၂၀၁၉ ခုနှစ်ဇူလိုင်လအထိ သစ်တောဦးစီးဌာန ဖမ်းဆီးရရှိသည့် အချက်အလက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ တွင် တရုတ်သင်းခွေချပ်( The Chinese Pangolin-Manis Pentadectyla) နှင့် ပသျှူး သင်းခွေချပ်( The Malayan Pangolin Manis Javanica) နှစ်မျိုးတွေ့ရှိရပြီး၊ လုံးဝ ကာကွယ်ထားသော တိရိစ္ဆာန် များ စာရင်းဝင် ဖြစ်ကြကြောင်း သျှမ်းပြည်နယ် သစ်တောဦးစီးဌာန၊ သဘာဝ ဝန်းကျင် နှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေး ဌာန လက်ထောက် ညွှန်မှူး ဦးအမ်ခေါဆောဝ် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

သျှမ်းပြည်နယ် အတွင်း ရှားပါး တိရစ္ဆာန် ဖြစ်သည့် သင်းခွေချပ် သည် ပြည်ထောင်စု မြန်မာနိုင်ငံ တော် အတွင်း မျိုးသုဉ်းမည့် အန္တရာယ် မှ ကာကွယ်ရမည့် တောရိုင်းတိရိစ္တာန်များ ဆိုင်ရာ အမိန့်ကြေညာ အမှတ် ၅၈၃/၁၉၉ ၄ အရ လုံးဝ ကာကွယ် ထားသော တိရိစ္ဆာန် များ CITES စာရင်းဝင်နို့တိုက်သတ္တဝါ ဖြစ်သည်။

ထို့ကြောင့် သျှမ်းပြည်နယ် အတွင်း ရှားပါး တိရိစ္ဆာန် ဖြစ်သည့် သင်းခွေချပ် အား ရှာဖွေ ဖမ်းဆီးသူများ ရောင်းဝယ်မှောင်ခို တင်သွင်းမှုများ တွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဦးအမ်ခေါဆောဝ် က ပြောသည်။

သင်းခွေချပ် များကို တရားမဝင် ရောင်းဝယ်ဖောက်ကာ မှု ကို ဖမ်းဆီးတွေ့ရှိပါက တရားခံများကို တောရိုင်း တိရိစ္ဆာန် နှင့် သဘာဝ အပင်များ ကာကွယ်ရေး နှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ၃၇(က) ဖြင့် တရားစွဲဆိုခြင်းပြုလုပ်ကြောင်း သိရသည်။

Photo Credit to Canadian Museum- မြန်မာနိုင်ငံတွင်တွေ့ရှိရသော တရုတ်သင်းခွေချပ်မျိုးစိပ်

ဖမ်းဆီး ထိန်းသိမ်းရမိသည့် သင်းခွေချပ် အရှင်များအား လူသူကင်းဝေး ဘေးကင်းရာ တောအတွင်း သို့ပြန်လည် စေလွှတ်ပြီး အကြေးခွံ နှင့် အသေများကို မြုပ်နှံ မီးရှို့ဖျက်ဆီး ဆောင်ရွက်ခဲ့သည် ဟု သျှမ်းပြည်နယ် သစ်တော ဦးစီးဌာန မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင်သင်းခွေချပ် ကို စားသုံးခြင်းနှင့် တရားဝင် ရောင်းဝယ်ခြင်းကို ခွင့်ပြုထားခြင်းမရှိပေ။ ကျူးလွန်မှုများအား အနည်းဆုံး ၃ နှစ်မှ အများဆုံး ဆယ်နှစ် အထိ ထောင်ဒဏ်ချမှတ်နိုင်သည့်အပြင် ဒဏ်ငွေလည်း ပြဌာန်းထားသည်။

သတ္တဝါတိုင်းတွင် သူ့တာဝန် နှင့် သူ ဂေဟ စနစ်ထိန်းသိမ်း နိုင်စွမ်းရှိကြသည်။ သင်းခွေချပ်တွင်လည်း သဘာဝ ပတ်ဝန်းကျင် သစ်တောကို ကာကွယ်နိုင်သည့် စွမ်းအားရှိသည်။

“ သင်းခွေချပ်တွေက ဝါးပိုးတွေ စားတယ်၊ တောထဲက ခြတွေ အင်းဆက်စားတယ်။ သူမရှိရင် ခြတွေ အင်းဆက်တွေများလာမယ်” ဟု စိုင်းနောင့် ကဆိုသည်။

ရှားပါး တိရိစ္ဆာန် သင်းခွေချပ် အပါအဝင် အခြား မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် တောရိုင်း တိရိစ္ဆာန် များ အား မျိုးသုဉ်း ပျောက်ကွယ် ခြင်းမှ ကာကွယ်ထိန်းသိမ်းရန် အတွက် တာဝန်ရှိ ပုဂ္ဂိုလ် ဌာနများသာ မက အများ ပြည်သူလူထု ပူးပေါင်း ပါဝင်ရန်လိုအပ်ကြောင်းလည်း သစ်တော ဦးစီးဌာန၊ သဘာဝ ဝန်းကျင် နှင့် သားငှက် တိရိစ္ဆာန် ထိန်းသိမ်းရေး ဌာနက က ပြောဆိုလိုက်သည်။

သင်းခွေချပ် ရောင်းဝယ်ဖောက်ကားမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ သစ်တော မှ ထုတ်ပြန်ချက်များ၊ ဥပဒေများ ထုတ်ပြန်သော်လည်း လက်ရှိ အချိန်ထိ သျှမ်းပြည်နယ် အတွင်း မှောင်ခိုဖမ်းဆီးရောင်းဝယ်နေသေးသည်မှာ မည်သည့်ကြောင်းဆိုတာ အဖြေထုတ်စရာဖြစ်နေသည်။

နောင်တချိန်တွင် သင်းခွေချပ် ပျောက်ကွယ်သွားမည်ဆိုပါက သျှမ်းလူမျိုးတို့အယူဖြစ်သည့် သင်းခွေချပ် အကြေးခွံ လည်ပင်းဆွဲသည့် အဆောင်တခုလည်း ပျောက်ကွယ်သွားနိုင်ပေသည်။

Leave a Comments

- Advertisement -spot_img

Latest article