Friday, April 26, 2024

သျှမ်းပြည် မူးယစ်ဆေးဝါး ပြသနာ ဘာကြောင့် မချုပ်ငြိမ်းနိုင်သေးတာလဲ

Must read

ယခု လ သျှမ်းပြည်နယ် အတွင်း ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ ၊ လက်နက်ခဲယမ်းများ နှင့် မူယစ်ဆေးဝါး သယ်ဆောင်သူများ ကို နေ့စဉ် ဆက်တိုက် ဖမ်းဆီးရမိသည်။

Photo by SHAN-ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပ

ထိုဖမ်းဆီးမှုကိုပြန်လည် ကြည့်လိုက်ပါက မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်များ နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ ဖမ်းဆီးမရသေးတာကို တွေ့မြင်ရသည်။

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန် ၂၆ က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် သည် နေပြည်တော် ၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစား မှု နှင့် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့တွင် “ မူးယစ် ဆေးဝါး အထူးသတင်း တိုင်ကြားရေး ဌာန” ကို နိုင်ငံတော် သမ္မတရုံးတွင် ဖွဲ့စည်းထားသည် ဟု ကြေညာခဲ့သည်။

ထို “ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန” သည် တနှစ် တိတိပြည့် လာသော်လည်း ထူးခြားသည့် မူးယစ်ရာဇာများ၊ မူးယစ် ဆေးဝါး ဂိုဏ်းခေါင်းဆောင်များ နှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများ ဖမ်းဆီးရမိသည့် သတင်း မတွေ့ရပေ။

ယခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှု နှင့် ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့တွင် လည်း သမ္မတကြီး ဦးဝင်းမြင့် က “ မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေး ဌာန” နှင့်ပတ်သက်ပြီးပြည်သူများ ပူးပေါင်း ပါဝင်ဖို့ထပ်မံ တိုက်တွန်းထားပြန်သည်။

မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားရန် ပြည်သူများ အတွက် အဖက်ဖက် က စိုးရိမ်မှုများ ရှိနေသဖြင့် တိုင်ကြားမှု မှာ ထိရောက်မှု မရှိကြောင်း သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အမျိုးသားလွှတ်တော် စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

သမ္မတ ကိုယ်တိုင်က တိုင်ကြားစာ ဖွင့်သော်လည်း တိုင်းရင်းသားနယ်များမှာ တရားဥပဒေ စိုးမိုးမှု ပညာရေး ဖွံ့ဖြိုးရေးနည်းပါးသည့်အတွက် တိုင်ကြားရန် ခက်ခဲကြောင်း စိုင်းဝမ်းလျန်းခမ်း က ဆိုသည်။

“ သမ္မတရဲ့ မူးယစ်ဆေးဝါး အထူးသတင်းပေး တိုင်ကြားဌာန က ထိရောက်မှု မရှိဘူး” ဟု စိုင်းဝမ်းလျန်းခမ်း က မှတ်ချက်ပြုလိုက်သည်။

နိုင်ငံတော် သမ္မတ ဖွဲ့့စည်းထားသည့် “ မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားဌာန” တွင် ပြည်သူ လူထုများ ပူးပေါင်းပါဝင်မှု အားနည်းနေသည့် အချက်ကို အစိုးရ အနေဖြင့် ပြန်သုံးသပ်ရန် လိုအပ်သည် ဟု လည်း စိုင်းဝမ်းလျန်းခမ်း ထောက်ပြ ပြောဆိုလိုက်သည်။

“ တိုင်မယ်ဆိုတာ တိုင်းရင်းသားဒေသတွေမှာ လုပ်တတ်မှာ မဟုတ်ဘူး။ ပညာရေး နိမ့်ပါးမှု တွေ ပါမယ်။ နောက် အကြောက် တရားတွေလည်း ပါတယ်” ဟု စိုင်းဝမ်းလျန်းခမ်းက သူ၏ အမြင်ကို ပြောသည်။

တိုင်းရင်းသားနယ်မြေဒေသရှိ ပြည်သူများသည် အကြောက်တရားလွှမ်းမိုးခံရခြင်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်သူ ဂိုဏ်းရာဇာများတွင် လက်နက်များ ရှိခြင်းကြောင်း နိုင်ငံတော် ကို သတင်းပေးရန် ခက်ခဲ နေအုံးမည် ဟု သျှမ်းပြည်မြောက်ပိုင်းသား စိုင်းမိန်း က ပြောသည်။

“ တိုင်းရင်းသားတွေက ကြောက်ကြတယ်။ အဖက်ဖက်ကို စိုးရိမ်နေရတယ်။ တိုင်ရင် နောက်ဆက်တွဲ ဖြစ်မယ့် ပြသနာအတွက် စိုးရိမ်ကြတယ်။ ပြည်သူတွေ ပါဝင်မှု နည်းတာကလည်း ပြည်သူကို လုံခြုံမှု မပေးနိုင်ဘူးလို့ထင်လို့ မတိုင်ကြတာ” ဟု စိုင်းမိန်း ကဆိုသည်။

၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့၌ မီးရှို့ ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။

Photo by SHAN-ဇွန်လ ၂၆ ရက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် သျှမ်း+ကယား ပြည်နယ်ရှိ ဖမ်းဆိးရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့် အခမ်းအနားတရပ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင်ကျင်းပ

မီးရှို့ ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး စုစုပေါင်းကာလတန်ဖိုးမှာ ငွေကျပ် ၄၅၁၇၄၆ ဒသမ ၃၇၇၄၂ သန်း(အမေရိကန်ဒေါ်လာ ၃၀၁ ဒသမ ၁၆၄၂၅၁၇ သန်း)ဖြစ်သည်။

ထိုမီးရှို့ ဖျက်ဆီးသည့် မူးယစ်ဆေးဝါး အများဆုံးသည် သျှမ်းပြည်နယ် နှင့် ကယားပြည်နယ် တွင် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများဖြစ်သည်။

ယခုနောက်ပိုင်း မူးယစ်ဆေးဝါး ဖမ်းဆီးမှု များလာသည်မှာ တဖက်မှာလည်း ထုတ်လုပ်မှု များလာ ကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု က ခေတ်နဲ့့အညီ တိုးတက်လာသည့် အတွက် အစိုးရ အနေဖြင့် နည်းပညာ အများကြီး ထောက်ပံ့ရန်လိုအပ် ပြီး တရားဥပဒေ စိုးမိုးမှု အတွက် လည်း အများကြီး လုပ်ရမည် ဟု စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

“ မူးယစ်ဆေးဝါး ထုတ်လုပ်သူကလည်း ခေတ်ရှေ့ပြေးနေသလို့ အစိုးရ အနေနဲ့့ ခေတ်နောက်ကျလို့့ မရဘူး။ မူးယစ်ဆေးဝါး ပြသနာက ဒီနိုင်ငံတခုတည်း မဟုတ်တဲ့အတွက် နိုင်ငံတကာနဲ့ဘယ်လို ပူးပေါင်း ဆောင်ရွက်ရမယ်ဆိုတာ တော့ လုပ်ရမယ်” ဟု စိုင်းဝမ်းလျန်းခမ်းက မှတ်ချက်ပြုလိုက်သည်။

ထို့ပြင် လက်ရှိ သျှမ်းပြည်နယ် အရှေ့ပိုင်း တွင် ဖမ်းဆီးရမိတဲ့ ကျပ်သန်း ပေါင်းများစွာ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးများသည် ပိုင်ရှင်မဲ့ ဖြစ်နေရခြင်းမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် များနှင့် ဆက်နွယ်မှု ရှိနေသည်ဟုလည်း ပြည်သူများက ဝေဖန်နေကြသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ၊ ထုတ်လုပ်မှုများကို ပြည်သူများအနေဖြင့် တိုင်ကြားပါက ထူးခြား လာမည် မဟုတ်ကြောင်း၊ ထို့အပြင် တိုင်ကြားသည့် အခါ ဘဝ လုံခြံုမှု အတွက်လည်း စိုးရိမ်နေရသည် ဟု သျှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မှ အမျိုးသမီး နန်းဝိုးတစ် က ပြောပြသည်။

“ မူးယစ်ဆေးဝါး လုပ်နေတဲ့သူတွေ အများစုက သက်ဆိုင်ရာနဲ့ပတ်သက်ရာ ပတ်သက်ကြောင်းတွေပဲ။ အထူးသဖြင့် ဒီလို လုပ်တဲ့နေရာ မှာ သက်ဆိုင်ရာက ပါဝင်ပတ်သတ်တာတွေ ရှိနေသလို့ တိုင်ရင်လည်း ထူးလာမှာ မဟုတ်ဘူး” ဟု နန်းဝိုးတစ် က ဆိုသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်မှု သည် သက်ဆိုင်ရာ အာဏာပိုင်များ၊ လက်နက်ကိုင် အဖွဲ့များ၊ ဌာနေ ပြည်သူ့စစ်များ နှင့် ချိတ်ဆက် မှု ရှိနေသဖြင့် ပြည်သူ တရပ်အနေဖြင့် တိုင်ကြားရန် ခက်ခဲနေသည်ဟု တာချီလိတ် ဒေသခံ စိုင်းဖ က ပြောသည်။

“ မူးယစ်ဆေး တွေ ပိုင်ရှင်မဲ့ အနေနဲ့က ဘာလို့လဲဆိုတော့ သူတို့လည်း ပါဝင်ပတ်သက်နေလို့ပါ။ ဖော်ရင်လည်း သူတို့ပါနေတာဆိုတာ သိသွားမှာ ကြောက်လို့ပါ” ဟု စိုင်းဖ က ဆိုသည်။

သျှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု နှင့် ထုတ်လုပ်မှုသည် ကိန်းဂဏန်း အရ လျော့နည်း ကျဆင်း သော် လည်း ဓာတုပစ္စည်းနှင့် ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမှုသည် ပိုမိုများပြားလာကာ မူးယစ်မှု နှင့် တရားခံ ဖမ်းဆီးရမှုလည်း ပိုမိုများလာသည်ဟု သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ရဲမှူးချုပ် ဇော်ခင်အောင် ပြောသည်။

သျှမ်းပြည်နယ် ထိုင်း – မြန်မာ နယ်စပ်တွင် ထုတ်လုပ်သည့် မူးယစ်ဆေးဝါး၏ ဆေးပညာရှင် အများစု သည် တရုတ်လူမျိုးများ ဖြစ်ကြောင်း၊ တာချီလိတ်ဒေသခံ စိုင်းဖ က ပြောပြသည်။

“အဓိက ဆေးပညာရှင်က တရုတ်တွေများတယ်။ တရုတ်ပြည်က လူတွေက တိုင်းရင်းသားနယ်မြေ မှာ အခြေခံပြီး ထုတ်တာများတယ်။ လိုက်ဖမ်းတဲ့အခါ တရုတ် တချို့က ထွက်ပြေးတယ်။ တချို့ က ဖမ်းမိတယ်” ဟု စိုင်းဖ က ဆိုသည်။

ထို့ကြောင့် နိုင်ငံခြားသားများ သည် ထိုင်း- မြန်မာ နယ်စပ် တွင် လာရောက် အိမ်ခန်းငှားနေထိုင်မည် ဆိုပါက သေချာ စိစစ်သင့်ကြောင်း၊ ယခုရက်ပိုင်း မြန်မာနိုင်ငံသို့ တရားမဝင် လာရောက်နေထိုင်ပြီး မူးယစ်ဆေးဝါး လုပ်ကိုင်သူများ ရှိနေကြောင်းလည်း စိုင်းဖ က ထပ်လောင်းပြောသည်။

“လူတယောက် မှာ အခန်းငှားနေရင် ဘာအလုပ်အကိုင် လုပ်လဲဆိုတာ သိရမယ်။ အလုပ်အကိုင် မရှိရင်တော့ တရားမဝင် နည်းလမ်းနဲ့ လုပ်စားနေတယ်ဆိုတာ သိနေတာပဲလေ။ တာချီလိတ်မှာ တလ ၂လ ၃လ နေရင် လူတယောက် ဘယ်ကုမ္ပဏီ ဘယ်ဆိုင်မှာလုပ်နေလဲဆိုတာ စစ်ဆေးနိုင်ရင် ပိုကောင်းတယ်” ဟု စိုင်းဖ က ထောက်ပြ ပြောဆိုလိုက်သည်။

ယခုနောက်ပိုင်း တိုင်းရင်းသားဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ ပြည်တွင်း စစ် ပဋိပက္ခများ ဖြစ်ပွားခြင်းကြောင်း တိုင်းရင်းသား ပြည်သူများ နယ်စပ်ကို ဖြတ်ကျော် အလုပ်အကိုင် လုပ်ကြသကဲ့သို့ ပြည်တွင်းတွင်လည်း ရရာအလုပ်ကို ရှာဖွေ လုပ်နေသည်။

ထို အလုပ်အကိုင် ရှားပါးမှုသည်လည်း လူငယ်များကြား မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းကို တွန်းအားပေးနေသည့် အရာတခု ဖြစ်သည် ဟု သျှမ်းပြည် ဒေသခံများက ပြောဆိုကြသည်။

“ လူငယ်ကြားမှာ မူးယစ်ဆေးဝါး မသုံးစွဲအောင် အလုပ်အကိုင် အခွင့်အလမ်း ဖွင့်ပေးဖို့့လိုတယ်။ အလုပ်အကိုင် အခွင့်အလမ်းမရှိရင် မူးယစ်ဆေးဝါး ဘက်ရောက်သွားနိုင်တယ်” ဟု စိုင်းဖ က ပြောဆိုလိုက်သည်။

သျှမ်းပြည်နယ် အတွင်း ရှိ လူငယ်များသည် မူးယစ်ဆေးဝါး သုံးစွဲမှု များလာသဖြင့် လူငယ်များ၏ အနာဂတ်မှာ မတွေးဝ့ံစရာဖြစ်နေသည်။

လူငယ်များသည် မူးယစ်ဆေးဝါးကျေးကျွန်ဖြစ်ပြီး အရွယ်မတိုင်မီ ကြွေလွှင့်နေကြသည်။

မြန်မာ နိုင်ငံ အစိုးရ အနေဖြင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး နှင့် ပတ်သတ်ပြီး ပညာပေး ဟောပြောပွဲ များပေးသည့်အခါ မိခင်ဘာသာစကားမဟုတ်သည့် အတွက် တိုင်းရင်းသား များက နားမလည်ကာ ထိရောက်မှု မရှိကြောင်းလည်း လားရှိုးမြို့နယ် အမျိုးသား လွှတ်တော် အမတ် စိုင်းဝမ်းလျန်းခမ်း က ထပ်မံ ထောက်ပြ ဝေဖန်လိုက်သည်။

“ ပြည်နယ်သား တိုင်းရင်းသားတွေ ရဲ့ စာပေ ကို စာသင်ကျောင်းတွေမှာ အသုံးပြုခွင့်ရမယ်ဆိုရင် ရုံးလုပ်ထုံးလုပ်နည်းတွေလည်း နားလည်လာမယ်။ မူးယစ်ဆေးဝါး တိုင်ကြားတာတွေလည်း လုပ်တက်လာမယ်” ဟု စိုင်းဝမ်းလျန်းခမ်း က ထောက်ပြလိုက်သည်။

တိုင်းရင်းသားဒေသရှိ ပြည်သူများ ပူးပေါင်း ပါဝင်လာရန် အတွက် မူးယစ်ဆေးဝါး ဆန့့်ကျင် တိုက်ဖျက်ရေးများ သာမက တခြား ကိစ္စ အဝဝများမှာလည်း အကြောက်တရားများကင်းရန် နှင့် တရားဥပဒေ စိုးမိုးမှုရန် ဆောင်ရွက်ပေးရမည်ဟု စိုင်းဝမ်းလျန်းခမ်း က ဆက်လက်ပြီး ထောက်ပြ ပြောဆိုသည်။

မူးယစ်ဆေးဝါး ပြသနာသည် ငြိမ်းချမ်းရေး ၊ နိုင်ငံရေးနှင့် ဖက်ဒရယ်ရေး အားလုံးချိတ်ဆက် သက်ဆိုင်နေသည်။

တိုင်းရင်းသားများ “ကိုယ့် ကံကြမ္မာ ကိုယ်ဖန်တီးခွင့်” “ ကိုယ်ပိုင်ပြဌာန်းခွင့်” “ ကိုယ်ပိုင် အုပ်ချုပ် ခွင့်” ရှိသည့် ဖက်ဒရယ်ကို ကိုယ်တိုင်လုပ်နိုင်မှသာ မူးယစ်ဆေးဝါး ပြသနာ ဖြေလျော့သွားမည်ဟု စိုင်းဝမ်းလျန်းခမ်း က ပြောသည်။

တိုင်းရင်းသားများ အနေဖြင့် ကိုယ့်ဒေသ ပြသနာကို သိကြပြီး၊ မူးယစ်ဆေးဝါး ပြသာနာကို ကိုယ်တိုင် ဖြေရှင်းလိုသော်လည်း လုပ်ပိုင်ခွင့်မရကြပေ။

ထို့ကြောင့် အမျိုးသားလွှတ်တော် အမတ် စိုင်းဝမ်းလျန်းခမ်း က “ ဗဟိုချုပ်ကိုင်မှုတွေ ရှိလို့မူးယစ်ဆေးဝါး ပြသနာက ခက်နေတာပါ” ဟု ထောက်ပြ လိုက်ပြန်သည်။

Leave a Comments

- Advertisement -spot_img

Latest article