Tuesday, January 27, 2026

ကြီးကြပ် ကန့်သတ်ပစ္စည်းတွေဖြစ်လို့ ပစ္စည်းလုံခြုံရေးအတွက် ယာယီထိန်းသိမ်းထားပေးရတာပါ (RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းနှင့် တွေ့ဆုံခြင်း (အပိုင်း -၁))

ဖေဖော်ဝါရီလ ၁၂ ရက် ညနေပိုင်းက ကျိုင်းတုံ-မိုင်းပျဉ်းကားလမ်းမပေါ်တွင် တပ်မတော်၏ တပ်ရင်းနှစ်ရင်းမှ ယာယီ တာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံသို့ ပြန်လာသည့် တပ်ရင်းမှူး နှစ်ဦး စီးနင်းလာသော စစ်ယာဉ် တစ်စီး အား RCSS တပ်ဖွဲ့ဝင်များမှ တားဆီးရပ်တန့်၍ ယာဉ်ပေါ်ပါသွားသည့်ကြီးကြပ် ကန့်သတ်ပစ္စည်း အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းယူသွားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

Photo by RCSS/SSA – ပြည်ထောင်စုနေ့ညစာစားပွဲတက်ရောက်ခဲ့သည့် RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း

ထို့အပြင် ထုတ်ပြန်ချက်တွင် တပ်မတော်အရာရှိများထံမှ ယူဆောင်သွားသော ကြီးကြပ်ကန့်သတ်သည့် ပစ္စည်းများအားလုံးကို RCSS/SSAအနေဖြင့် တပ်မတော်သို့ အမြန်ဆုံးပြန်လည်ပေးအပ်ရန် အကြောင်းကြား ထားပြီးဖြစ်ကြောင်း ပြန်လည်ပေးအပ်ခြင်းမရှိပါက လိုအပ်သလို အရေးယူမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း ပါရှိသည်။

တစ်ဖက်တွင်လည်း ဖေဖော်ဝါရီလ (၁၃)ရက်၌ နေပြည်တော်တွင် NRPC နှင့် NCA-S EAO တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲအစည်းများ အလွတ်သဘောတွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်နေကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၁၃)ရက်နေ့လယ် ၂ နာရီ မိနစ် (၃၀) ခန့်တွင် တပ်မတော်မှ RCSS ဗဟိုဌာချုပ် ရှေ့တန်း စခန်းများကို ၁၂၀ မမ အမြောက်ဖြင့် စတင်ပစ်ခတ်ကြောင်းနှင့် ညနေ ၆နာရီခန့်တွင် အမှတ် (၃) စစ်ဒေသ ဌာနချုပ်ကို ဒုံးကျည်များဖြင့် အတွဲလိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်းအား သျှမ်းသံတော်ဆင့်မှ မေးမြန်းထားပါသည်။

Photo by RCSS/SSA – ပြည်ထောင်စုနေ့ညစာစားပွဲတက်ရောက်ခဲ့သည့် RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းငင်း

မေး။ ။ ဗိုလ်မှူးကြီး ခင်ဗျ။ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတိပေးထုတ်ပြန်ချက်မှာပါတဲ့ ဖေဖော်ဝါရီလ (၁၂)ရက် ညနေပိုင်း အဖြစ်အပျက်အပေါ် ဗိုလ်မှူးကြီးတို့ရဲ့ သဘောထားနဲ့ အဲဒီ ဖြစ်စဉ်ကို ပြောပြ နိုင်မလားခင်ဗျ။

ဖြေ။ ။ ဟုတ်ကဲ့ပါ ပြောပြနိုင်ပါတယ်။ အဲဒီအဖြစ်အပျက်ဖြစ်နေချိန်မှာ ကျနော်က နေပြည်တော် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစားပွဲ တက်ရောက်နေတာပါ။ ၁၃ ရက်မနက်ပိုင်းလောက်မှ ဒီကိစ္စကို ကျနော်တို့ သိရတာပါ။ ဖြစ်စဉ်အမှန်က တပ်မတော် ထုတ်ပြန်ထားသလို မဟုတ်ပါဘူး။ အမှန်က အဲဒီနေ့ညဦး ပိုင်းမှာ ကျနော်တို့တပ်ဖွဲ့ဝင်တွေက လမ်းဖြတ်ကူးနေတုန်း တပ်မတော်အရာရှိတွေပါတဲ့ ကားနဲ့ ပက်ပင်း တိုးမိ ခြင်းဖြစ်တယ်။ သူတို့ ပြောသလို ကျနော်တို့ အခွန်ကောက်တယ်ဆိုတာ မဟုတ်ပါဘူးဗျာ။ လမ်းမပေါ်မှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ဖြတ်ကူးနေချိန်ဆိုတော့ လုံခြုံရေးအရ အဲဒီကားကို တားပြီး ကားပေါ်ပါ လူတွေကို စစ်ဆေးကြည့်တယ်။ တပ်မတော်အရာရှိ(၂)ဦးနဲ့ ယာဉ်မောင်းကို တွေ့တယ်။ ကားပေါ်မှာ ဆက်ရှာကြည့် တော့ တပ်မတော်အတွက် အလွန်အရေးကြီးတဲ့ ပစ္စည်းအသုံးအဆာင်တွေကို လုံခြုံမှု မရှိတဲ့ ကားပေါ်မှာ တွေ့တယ်။ ဒီတော့ ကျနော်တို့ တပ်မှူးက စဉ်းစားတယ်၊ ဒီလိုအရေးပါတဲ့ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေနဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေအောက်မှာ ဒီတပ်မတော်အရာရှိတွေကို ဒီအတိုင်းသွားခိုင်းရင် ဘေးဖြစ်နိုင်တယ်၊ အသက် အန္တရာယ်ရှိနိုင်တယ်၊ နောက်ပြီး ဒီကားလမ်းနဲ့ ဒီဒေသတစ်ဝိုက်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်းများတယ်။ မတော်လို့ တခြားလက်နက်အဖွဲ့တွေနဲ့ တွေ့သွားမိရင် အသက်အန္တရယ်ရှိနိုင်တယ်၊ အရေးကြီးတဲ့ တပ်မ တော် ပစ္စည်းလည်း မဆိုင်တဲ့သူတွေ လက်ထဲပါသွားရင် တပ်မတော်အတွက်ရော တိုင်းပြည်အတွက်ပါ ထိခိုက် နစ်နာ စေနိုင်တယ်။ အဲဒီလို ကျနော်တို့ တပ်မှူးက စဉ်းစားလို့ ဆုံးဖြတ်ချက်ကို ခပ်ပြတ်ပြတ်ချပြီး။ ကားပေါ်မှာ ပါလာတဲ့ တပ်မတော် အရာရှိ နှစ်ဦးကို ကောင်းကောင်းမွန်မွန်ရှင်းပြတယ်။ ပြီးတော့ ပစ္စည်းတွေကို စာရင်းအတိအကျလုပ်ပြီး ကျနော်တို့ တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းလိုက်တယ်။ ပစ္စည်းနဲ့ အရာရှိတွေရဲ့ လုံခြုံရေးအတွက် ပစ္စည်း ကျနော်တို့ ခေတ္တထိန်းသိမ်းပေးပြီး သင့်တော်တဲ့အချိ်န်ကျရင် အထက်အဆင့်ကတပ်မတော် အရာရှိတွေထံ တရားဝင် ပြန်လည်လွှဲအပ်ပေးမယ်ဆိုတာ အရာရှိနှစ်ဦးကိုတော့ နားလည်အောင် ပြောဆိုပြီး ကျိုင်းတုံဆီ ပြန်လွှတ်ပေးလိုက်တယ်။ ဖြစ်စဉ်အမှန်ကတော့ ဒါပါပဲဗျ။ အမှန်က ကျနော်တို့ တပ်မှူးက စေတနာနဲ့ ပစ္စည်းတွေကို ယာယီ ထိန်းသိမ်းပေးလိုက်ရတာပါဗျာ။ အခုတော့ စေတနာက ဝေဒနာ ဖြစ်တာပေါ့။ ခြေနှစ်ချောင်းကို မကယ်ကောင်းဘူးဆိုတာ ဒီတခါတော့ မှန်သွားတယ်ဗျာ။

မေး။ ။ တပ်မတော်သတင်းအမှန်ထုတ်ပြန်ရေးအဖွဲ့ရဲ့ ဖေဖော်ဝါရီလ (၁၃)ရက် သတိပေးထုတ်ပြန် ချက် အပေါ်မှာရော ဘယ်လို မှတ်ချက်ပြုမလဲခင်ဗျ။

ဖြေ။ ။ သတိိပေး ထုတ်ပြန်ချက် မထွက်ခင်ကတည်းက တပ်မတော်ဖက်က ငြိမ်းချမ်းရေးအတွက် တာဝန်ရှိတဲ့ ဗိုလ်ချုပ်တွေနဲ့ ကျနော်တို့ဖက် ညှိနှိုင်းထားပြီးသားဖြစ်တယ်။ ခုဏက ပြောတဲ့ ပစ္စည်းတွေကို အမြန်ဆုံး သက်ဆိုင်တဲ့ နယ်မြေခံ တပ်မတော်အရာရှိတွေကို လွှဲအပ်ပေးမယ်။ အောက်ခြေက ကျနော်တို့ ဆက်ဆံရေး ရုံး တာဝန်ခံတွေနဲ့ နယ်မြေခံ တပ်မတော်အရာရှိတွေ ပူးတွဲပြီး ပစ္စည်း ပြန်လွှဲပေးဖို့ လုပ်ငန်းစဉ်က မနက် (၈) နာရီကတည်း စလုပ်နေပါပြီ၊ ကကကြီးရုံးကိုရော၊ နေပြည်တော် စရဖရုံးကိုရော၊ သက်ဆိုင်တဲ့ NRPC၊  PC ၊ နိုင်ငံ တော်သမ္မတရုံး၊ နိုင်ငံတော်၏အတိုင်ပင်ခံရုံးတွေရဲ့ တာဝန်ရှိသူတွေကို အကြောင်းကြား ထားပြီးဖြစ်တယ်။ သူတို့ဖက်ကလည်း ဒီ(၁၃)ရက်နေ့အတွင်း ပစ္စည်းတွေ ပြန်ရရင် အဆင်ပြေပါတယ် ဆုုိတာ ပြန်အကြောင်းကြား လာတယ်။

ဒါပေမယ့် ခက်တာကဲ တဖက်မှာ အဆင်ပြေချောမွေ့အောင် သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်နေချိန်မှာ တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ခြိမ်းခြောက်သလိုလို သဘောဆန်တဲ့ ထုတ်ပြန်ချက်တွေ မလိုအပ်ဘဲ ထုတ်လိုက်တော့ ပစ္စည်းပြန်လွှဲပေးရေး ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်ကို ဖင့်နှေးစေတယ်။ ကျနော်တို့ဖက်က လူကြီးတွေလည်း ပြန်လွှဲပေးဖို့ လုပ်နေတာကိုတောင် လျစ်လျူရှုပြီး ထုံးစံအတိုင်း တပ်မတော်က ထစ်ကနဲ Statement ထုတ်လိုက်တော့ ကျနော်မှာလည်း တွန်းအားပေးဖို့ နည်းနည်း အခက်အခဲရှိတယ်။ အမှန်က ပစ္စည်းတွေ ပြန်လွှဲပြောင်းပေးဖို့ ညနေ (၃)နာရီကို သတ်မှတ်ထားတယ်။ မိုင်းပျဉ်းမှာ ပြန်လွှဲပေးဖို့။ ညနေ (၃)နာရီတောင် မထိုးသေးဘူး တပ်မတော်က ကျနော်တို့ ဌာနချုပ်ကို ၁၂၀ မမ အမြောက်ကြီးတွေနဲ့ စပြီး ပစ်လိုက်တော့ အခြေအနေက နည်းနည်းရှုပ်ထွေးသွားတယ်။ ဒါပေမယ့် ဘာပဲပြောပြော ညနေ ၄း၃၀ နာရီမှာ ကြီးကြပ် ကန့်သတ်တဲ့ ပစ္စည်း တွေကို မပျောက်မရှ မယိုမယွင်း နဂိုအတိုင်းပဲ သက်ဆိုင်တဲ့ တပ်မတော် အရာရှိကို မိုင်းပျဉ်းမှာ စာရင်းနဲ့အတူ တရားဝင် ပြန်လည်လွှဲပြောင်းနိုင်ခဲ့တယ်။ လွှဲပြောင်းပေးလို့ မကြာပါဘူး၊ ညနေ (၅)နာရီမှာ လွယ်တိုင်းလျဲန်း ရှေ့တန်း ကင်းစခန်းတွေကို တပ်မတော်က ၁၂၀ မမ အမြောက် (၄)လုံးနဲ့ ပစ်ခတ်ပြီး ပစ္စည်း လက်ခံရရှိကြောင်း တုံ့ပြန်ခဲ့တယ်ဗျာ။ (ပြုံးလျှက်)

ကျနော်တို့ ဖြစ်စေချင်တာက ဘာပြဿနာတွေပဲဖြစ်နေဖြစ်နေ အကောင်းဆုံးကတော့ ကျနော်တို့ကြားမှာ ရှိနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကနေ ပြဿနာကို ဖြေရှင်းကြပါ၊ နည်းလမ်းရှာကြပါ။ နိုင်ငံရေး၊ စစ်ရေး အမြတ်ထုတ်ရေး ဦးတည်တဲ့ ထုတ်ပြန်ချက်တွေဟာ ပြဿနာကို မဖြေရှင်းနိုင်ရုံသာမက ပြဿနာတွေကို မီးလောင်ရာလေပင့် ဖြစ်စေပါတယ်။ NCA အခြေခံမူ အပိုဒ် ၁ (ခ)မှာပါတဲ့ မြန်မာနိုင်ငံတွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာ ကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နုုိင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် ယဉ်ကျေးမှုတစ်ရပ်ထူထောင်ပြီး လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်နိုင်ရန် ဆိုတဲ့အတိုင်းပဲ ကျနော်တို့ကတော့ ရည်ရွယ်တယ်။ ပြဿနာ တွေကို ဆွေးနွေးခြင်းနည်းလမ်းနဲ့ ရိုးသားဖြူစင်စွာ ညှိနှိုင်းဆွေးနွေးရင် အဖြေကို မလွှဲမသွေ တွေ့မှာပါဗျာ။

မေး။ ။ လွယ်တိုင်းလျဲန်း ဗဟိုဌာနချုပ် ရှေ့တန်းကင်းစခန်းတွေကို တပ်မတော်က အမြောက်ကြီးတွေနဲ့ လှမ်း ပစ်ချိန်က နေပြည်တော်NRCPမှာ NRPC နဲ့ NCA-S EAO ကိုးဖွဲ့တို့ အလွတ်သဘော တွေ့ဆုံခြင်း လုပ်နေတာနဲ့ တချိန်တည်းဖြစ်တယ်လို့ကြားတယ် ဟုတ်ပါသလား ခင်ဗျား။ အဲဒီ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ အလွတ်သဘော တွေ့ဆုံပွဲမှာ တပ်မတော်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်လည်း ပါတယ်လို့ သိရတယ်။ ဒီလိုတစ်ဖက်က ဆွေးနွေးနေချိန်မှာ တစ်ဖက်ကလည်း အမြောက်နဲ့ လှမ်းထု ခြိမ်းခြောက် တယ်ဆိုတော့ အစည်းအဝေးတွင်းမှာ ဒီကိစ္စကို ဘယ်လို ဖြေရှင်းခဲ့ကြလဲ ခင်ဗျ။

ဖြေ။ ။ ဟုတ်ပါတယ်ဗျ။ အလွတ်သဘော တွေ့ဆုံပွဲက မွန်းလွဲ (၂) နာရီမှာ စတာကိုး၊ ညနေ (၃)နာရီ လောက်မှာ တပ်မတော်ဖက်က ဖုန်းကနေတဆင့် ကျနော့်ဆီ အကြောင်းကြားလားတယ်၊ ကျနော်တို့ ဖက်က လွယ်တိုင်းလျဲန်းကို ၂ နာရီ ၃၀ မိနစ်မှာ အမြောက်နဲ့ လှမ်းပစ်ပြီပေါ့၊ ကျနော်လည်းကိုယ့် နောက်တန်းဆီကို ဒီကိစ္စ ဟုတ် လားလို့ မေးတော့ ဟုတ်တယ်လို့ Comfirm လုပ်ပါတယ်။ ကျနော်လည်း တွေ့ဆုံပွဲမှာ ရှိနေတဲ့ တပ်မတော် ညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင်ကို ပြောပြတယ်။ ပစ်နေကြပြီပေါ့။ ဘယ်လိုရှင်းကြမလဲမေးလို့ ကျနော် ကသူ့ကိုမေးပါတယ်။ သူကလည်း ဖုန်းဆက်ပြီး မေးမြန်းနေတာကို တွေ့လိုက်တယ်။

မေး။ ။ အဲဒီအခြေအနေ အခင်းအကျဉ်းအောက်မှာ အလွတ် သဘော တွေ့ဆုံ ဆွေးနွေးပွဲက ရုပ်ပျက်ဆင်း ပျက် အဆုံးသတ်လိုက်ရသလားခင်ဗျ။

ဖြေ။ ။ အဲဒီအချိန်ဟာ ကျနော်အတွက်တော့ တကယ့် ကျဉ်းထဲကြပ်ထဲ ရောက်နေတယ်ဗျ။ ဆွေးနွေးနေတုန်း နောက်ကနေ အမြောက်နဲ့ လှမ်းပစ်တယ်ဆိုတော့ ဆွေးနွေးပွဲကနေ တခါတည်း Walk Out လုပ်ရင်လည်း ရတယ်။ ကိုယ့်အမှားမဟုတ်ဘူး။ ကျနော့်နည်းတူ တပ်မတော်ဖက်က ဆွေးနွေးဖော်ဆွေနွေးဖက်ကလည်း အနေရအထိုင်ရ ခက်တဲ့ သဘောရှိတယ်။ အဲဒီမှာတင် ကျနော်ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်ရတယ်။ ဘယ်သူဖျက်ဖျက် ဒီဆွေးနွေးတွေ့ဆုံပွဲကိုတော့ အပျက်လုုိ့မရဘူး။ ဒီပွဲဖြစ်ဖို့ အစိုးရ၊ တပ်မတော်၊ EAOတွေ မနည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရတယ်။ မတွေ့ကြတာလည်း လေးလနီးပါးရှိလို့ ငြိမ်းချမ်းရေးအပေါ် လူထုရဲ့ မျှော်လင့် ချက်ကလည်း ဝေဝါးလာတယ်။ ဒီလိုအခြေအနေအောက်မှာ RCSS ကိုယ်စားလှယ်ကို အလွတ်သဘောဆွေးနွေးပွဲကနေ ထွက်လိုက်တယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ ၁၂ ရက် ပြည်ထောင်စုညစာ စားပွဲအခမ်းအနားမှာ RCSS ကိုယ်စားလှယ်နဲ့ အစိုးရခေါင်းဆောင်တွေ၊ တပ်မတော်အကြီးအကဲတွေနဲ့ ရင်းရင်းနှီးနှီး ပြုံးပြုံးရွှင်ရွှင် လက်ဆွဲ နှုတ်ဆက်နေကြတဲ့ ပုံရိပ်တွေကို မညှိုးနွမ်းစေချင်ဘူး။ ရှိနေတဲ့ ယုံကြည်မှုတွေကို မပျက်ပြားစေလိုဘူး။ ဒါကြောင့် ဆွေးနွေးပွဲကို အောင်မြင်ပြီးဆုံးတဲ့အထိ ကျနော်တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

ဒီနေရာမှာ ကျနော်မြင်တာက သက်ဆိုင်တဲ့ အစုအဖွဲ့တွေဟာ ကိုယ်တာဝန်ပေးလိုက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲအတွက် Chief Negotiators တွေကို ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်တွေ၊ Mandate တွေ၊ ဆုံးဖြတ်ခွင့်တွေကို ခန့်အပ်တာဝန်ပေးလိုက်ပြီဆိုတာနဲ့ တပါတည်း ပေးအပ်သင့်တယ်လို့ မြင်ပါတယ်။ သူတို့တွေရဲ့ တင်ပြချက်၊ အကြံပြုချက်တွေကိုလည်း သက်ဆိုင်တဲ့ ခေါင်းဆောင်ကြီးတွေက အရေးတယူပြုသင့်ပါတယ်။ အလေးထား သင့်ပါတယ်။ သူတို့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုကိုလည်း ယူပေးရမှာဖြစ်တယ်လို့ ထင်ပါတယ်ဗျာ။

ဒုတိယပိုင်း ကို ဆက်လက် ဖတ်ရှုရန်…..

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

0
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...