Wednesday, January 28, 2026

အပစ်ရပ် ၊ အပစ်မရပ် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးအပါအဝင် RCSS/SSA ကို အစိုးရတပ်မတော်အထူးသတိပေး

(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ၀က်ပ်ဆိုက်မှကူးယူဖော်ပြထားသည်)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ် သတိပေးသတင်း ထုတ်ပြန်ခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်ရွယ်၍ “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်” အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့၌ ထုတ်ပြန်ကြေညာပြီး ဖြစ်ပါသည်။

၂။ ကြေညာချက်၌ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းရန် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခု၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပေးခဲ့ပါသည်။ ထိုသို့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းထားသည့် ကာလအတွင်း စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် ဆွေးနွေးသွားရန်ဖြစ်ပြီး လိုအပ်လာပါက တပ်မတော်မှ ဖွဲ့စည်းပေးထားသည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ဖြင့် ညှိနှိုင်းဆွေးနွေးရန် လမ်းဖွင့်ပေးခဲ့ပါသည်။

၃။ ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးသည့်နည်းတူ တစ်ဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ် အနက်မှ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်ဆိုသည့် အချက် ၄ ချက်အား အလေးထားလိုက်နာရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းတိုက်ခိုက်ခြင်း၊ ဒေသခံ တိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်း၊ အစိုးရ၏အုပ်ချုပ်မှုယန္တရား အဆင့်ဆင့်အားနှောင့်ယှက်ခြင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် အကျိုးစီးပွားများ ထိခိုက်မှုမရှိစေရေး သတိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၄။ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိစဉ်ကာလအတွင်း ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များအား စိတ်အေးချမ်းသာစွာ အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးရေးနှင့် ဒေသတွင်း တိုင်းရင်းသားပြည်သူများအနေဖြင့်လည်း အဆိုပါကာလများ၌ တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်နေထိုင် နိုင်ရေးရည်ရွယ်လျက် ယခုကဲ့သို့ တစ်ဖက်သတ် အပစ်အခတ် ရပ်စဲရေးအား ထုတ်ပြန်ကြေညာခဲ့သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနှင့် ရေးထိုးနိုင်ရေးဆွေးနွေးလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့အနေဖြင့် တပ်မတော်စစ်ကြောင်းများအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ရန်လိုတိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများအားနှိပ်စက်ခြင်း၊ သတ်မှတ်နယ်မြေကျော်လွန် လှုပ်ရှားခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် လူသစ်စုဆောင်းခြင်းတို့အား အောက်ပါအတိုင်း ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်-

(က) မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ။ မိုးညှင်း၊ တနိုင်းနယ်မြေအတွင်း KIA အဖွဲ့မှ လူသစ်စုဆောင်းခြင်း ၄ ကြိမ်။

( ခ) အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ

(၁) အချင်းချင်းတိုက်ပွဲဖြစ်ပွားမှု။ သီပေါ၊ နမ်ဆန်၊ နမ့်လန်-နောင်ကော်ကြီးနှင့် နမ္မတူနယ်မြေအတွင်း RCSS/SSA အဖွဲ့နှင့် TNLAနှင့်SSA(ဝမ်ဟိုင်း)ပူးပေါင်း အဖွဲ့တို့မှ ၁၀ ကြိမ်။

(၂) နယ်မြေကျော်လွန်လှုပ်ရှားမှု။ ကွတ်ခိုင်၊ နမ့်ဖတ်ကာ နယ်မြေအတွင်းKIA အဖွဲ့မှ ၁၀ ကြိမ်၊ နမ်ဆန်၊ နမ္မတူ၊ နမ့်ဖတ်ကာ၊ မိုင်းငေါ့၊ ကျောက်မဲ၊ မုန်းဝီး ဒေသတို့တွင် TNLA အဖွဲ့မှ ၆၅ ကြိမ်၊ ကွမ်းလုံနှင့် နမ့်စလပ်ဒေသတွင် MNDAA အဖွဲ့မှ ၃ ကြိမ်၊ နောင်ကော်ကြီး၊ ကျောက်မဲနှင်မုန်းစီးဒေသတို့တွင် SSA(ဝမ်ဟိုင်း) အဖွဲ့မှ ၃၄ ကြိမ်၊ သီပေါ၊ ကျောက်မဲနှင့် နမ္မတူဒေသတို့တွင် RCSS/SSA အဖွဲ့မှ ၁၇ ကြိမ်၊ မုန်းယော်နှင့် ကွမ်းလုံဒေသတို့တွင် MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့မှ ၁၀ ကြိမ်၊ နမ်ဆန်၊ နမ္မတူနှင့် မုံးရင်ဒေသတို့တွင် TNLA နှင့် SSA(ဝမ်ဟိုင်း) ပူးပေါင်းအဖွဲ့မှ ရ ကြိမ်။

(၃) ဆက်ကြေးကောက်ခံမှု။ ကျောက်မဲမြို့နယ်၊ ဟူးစွန်ကျေးရွာ၊ သီပေါမြို့နယ်၊ မန်ကျန်းကျေးရွာ နှင့် နမ္မတူမြို့နယ်၊ ပန်ကွန်ကျေးရွာတို့တွင် RCSS/ SSA အဖွဲ့မှ ၃ ကြိမ်။

(၄) လူသစ်စုဆောင်းမှု။ နမ့်ခမ်းမြို့နယ်၊ စိုင်းနောင်ကျေးရွာ၊ တာကွန့်ကျေးရွာတို့တွင်TNLA အဖွဲ့မှ ၂ ကြိမ်၊ ကွမ်းလုံမြို့နယ်၊ ပန်ဟုန်း၊ တာရှောက်တီး၊ ဖတ်တူကျေးရွာ၊ မန်ပန်ကျေးရွာ တို့တွင် MNDAA အဖွဲ့မှ ရ ကြိမ်၊ နားမခေါ်ကျေးရွာတွင် SSA(ဝမ်ဟိုင်း)အဖွဲ့မှ ၁ ကြိမ်၊ နမ္မတူမြို့နယ်၊ မန်စံ ကျေးရွာတွင် RCSS/SSA အဖွဲ့မှ ၁ ကြိမ်။

(ဂ) အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ

(၁) အချင်းချင်းတိုက်ပွဲဖြစ်ပွားမှု။ ကဒူးကြီးဒေသတွင် RCSS/SSA နှင့် PNLO အဖွဲ့ ၁ ကြိမ်။

(၂) နယ်မြေကျော်လွန်လှုပ်ရှားမှု။ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဒေသတွင် RCSS/SSA အဖွဲ့မှ ၁ ကြိမ်။

(၃) လူသစ်စုဆောင်းမှု။ အင်တော-ကျောက်ဂူဒေသတွင် RCSS/SSA အဖွဲ့မှ ၁ ကြိမ်။

(ဃ) အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ

(၁) အချင်းချင်းတိုက်ပွဲဖြစ်ပွားမှု။ ပန်ပိ၊ ပန်တဝိဒေသတွင် RCSS/ SSA နှင့် PNLO အဖွဲ့ ၁ ကြိမ်၊ တပ်မောက်၊နောင်လျှော်ဒေသတွင် RCSS/SSA နှင့် SSA(ဝမ်ဟိုင်း)အဖွဲ့ ၁ ကြိမ်။

(၂) နယ်မြေကျော်လွန်လှုပ်ရှားမှု။ တုံလော၊ ပန်ပိ၊ ပန်တဝိ၊ မိုင်းပွန်တောင်ခြမ်း၊ မိုးနဲ အနောက်ခြမ်းဒေသများတွင် RCSS/ SSA မှ ၁၃ ကြိမ်၊ တပ်မောက်၊ နောင်လျှော် ဒေသတွင် SSA(ဝမ်ဟိုင်း) အဖွဲ့ ၁ ကြိမ်။

(၃) ဆက်ကြေးကောက်ခံမှု။ မိုးနဲအနောက်ခြမ်းဒေသတွင် RCSS/SSA အဖွဲ့မှ ၅ ကြိမ်။

(၄) လူသစ်စုဆောင်းမှု။ မိုင်းပွန်တောင်ခြမ်းဒေသတွင် RCSS/SSA အဖွဲ့မှ ၂ ကြိမ်၊ မိုင်းရှူးဒေသ တွင် SSA(ဝမ်ဟိုင်း)အဖွဲ့မှ ၁ ကြိမ်။

(၅) တပ်မတော်အားချောင်းမြောင်းပစ်ခတ်မှု။ ပန်ပိ၊ ပန်တဝိ ဒေသတွင် RCSS/SSA အဖွဲ့မှ ၁ ကြိမ်။

(င) တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ

(၁) နယ်မြေကျော်လွန်လှုပ်ရှားမှု။ တုံတာ၊ မိုင်းတုံ၊ မိုင်းပုကြီးနယ်မြေတို့တွင် RCSS/ SSA မှ ရ ကြိမ်။

(၂) လူသစ်စုဆောင်းမှု။ မိုင်းတုံမြို့နယ်၊ နားကောင်းမူ ရွာတွင် RCSS/SSA အဖွဲ့မှ ၁ ကြိမ်။

( စ) အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ။ လှိုင်းဘွဲ့နယ်မြေအတွင်း KNU အဖွဲ့မှ ဆက်ကြေး ကောက်ခံမှု၁ ကြိမ်။

(ဆ) ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေ။ မြိတ်ဒေသအတွင်း KNU အဖွဲ့မှ ဆက်ကြေး ကောက်ခံမှု၁ ကြိမ်။

( ဇ) တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ

(၁) တပ်မတော်အားချောင်းမြောင်းပစ်ခတ်မှု။ ဗျက္ကောပု၊ ယွန်းစလင်းလမ်း၊ ဘော်စဲခို၊ လွယ်မူပလော လမ်းတွင် KNU တပ်မဟာ(၅)အဖွဲ့မှ ၉ ကြိမ်။

(၂) ကားမိုင်းဖြစ်စဉ်ဖြစ်ပွားမှု။ ဗျက္ကောပု၊ ယွန်းစလင်း ဒေသတွင်KNU တပ်မဟာ(၅) အဖွဲ့မှ၂ ကြိမ်။

၅။ ၎င်းအပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ ပန်ပိဒေသအတွင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှစ၍ RCSS/SSA အဖွဲ့နှင့် PNLO အဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းနှင့် ဒေသခံတိုင်းရင်းသားများအပေါ် အဓမ္မဆက်ကြေးကောက်ခံခြင်း၊ လူသစ်စုဆောင်းခြင်းနှင့် ခြိမ်းခြောက် မတရား ပြုလုပ်မှုအပေါ် ဒေသခံပြည်သူများမှ စိုးရိမ်ကြောက်ရွံ့ ထိတ်လန့်လျက် ဇန်နဝါရီလ ၆ ရက်နေ့တွင် လင်းခေးမြို့သို့လည်းကောင်း၊ ဇန်နဝါရီလ ၃ ရက်နေ့နှင့် ၉ ရက်နေ့တွင် မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာနှင့် မိုင်းပန်မြို့နယ်၊ နောင်ပါလျန်ကျေးရွာသို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်ကြသဖြင့်လည်း တပ်မတော်နှင့် သက်ဆိုင်ရာဒေသခံ အစိုးရအဖွဲ့အစည်းများမှ ပြန်လည်စည်းရုံးခေါ်ဆောင်၍ မူလနေရပ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ရသည့်အပြင် အဆိုပါထွက်ပြေးတိမ်းရှောင် ပြည်သူများ၏ အသက်အန္တရာယ်လုံခြုံရေး အတွက်လည်း တပ်မတော်စစ်ကြောင်းဖြင့် အနီးကပ် လုံခြုံရေးဆောင်ရွက်ပေးရလျက်ရှိသည်။

၆။ သို့ဖြစ်၍ တပ်မတော်မှ အပစ်အခတ်ရပ်စဲထားသည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် အချင်းချင်းတိုက်ပွဲ ဖြစ်ပွားမှု ၁၃ ကြိမ်၊ နယ်မြေကျော်လွန်လှုပ်ရှားမှု ၁၆၈ ကြိမ်၊ ဆက်ကြေးကောက်ခံမှု ၁၀ ကြိမ်၊ လူသစ်စုဆောင်းမှု ၂၀ ကြိမ်၊ တပ်မတော်အားချောင်းမြောင်းပစ်ခတ်မှု ၁၀ ကြိမ် နှင့် ကားမိုင်းဖြစ်စဉ်ဖြစ်ပွားမှု ၂ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး “ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက် ” ပါ အပိုဒ်(၅)၊ (၆)နှင့် (၇)တို့အား အကြိမ်ကြိမ် ဖောက်ဖျက်လျက်ရှိကြောင်း တွေ့ရှိရသည်။

၇။ တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားသည့် ၁ လကျော်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား သဘောထားမှန်ကန်စွာဖြင့် အဆင့်လိုက်အမြန်ဆုံး ဆွေးနွေးဆောင်ရွက်မှု ပြုလုပ်သင့်သော်လည်း အင်အားတည်ဆောက်ခြင်း၊ နယ်မြေတည်ဆောက်ခြင်းတို့ကို ဦးတည်သည့် လုပ်ဆောင်မှုများကြောင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်အကျိုးစီးပွားများကို ထိခိုက်ခဲ့ရပြီး စစ်ဘေးရှောင်ဒုက္ခသည်များ များပြားလာခြင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ရေးကို ထိခိုက်လာခြင်း၊ ပြည်သူများလိုလား တောင့်တလျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။

၈။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ် ဆန္ဒရှိပါလျှင် ကတိကဝတ်များအပေါ် လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သော်လည်း ၂၀၁၂ ခုနှစ်၊ မေလ ၁၉ ရက်တွင် ကျိုင်းတုံမြို့၌ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးခဲ့သည့် RCSS/ SSA အနေဖြင့် မြေပုံညွှန်း အတိအကျဖြင့် သတ်မှတ်ထားသည့် စာချုပ်ပါ နယ်မြေအတွင်းမှလည်းကောင်း၊ SSPP(ဝမ်ဟိုင်း)အဖွဲ့အနေဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နေပြည်တော်၊ ရတနာသိင်္ဃဟိုတယ်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေး မှတ်တမ်းအပိုဒ်(၂)ပါ တပ်မတော်၏လျာထားမြေပုံပါအတိုင်း လိုက်နာရန်လည်းကောင်း၊ TNLA၊ AA နှင့် MNDAA တို့အနေဖြင့်လည်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည့် လက်နက်ကိုင်လမ်းစဉ်နှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက် အပေါ်၌လည်းကောင်း၊ KNU နှင့် KNLA(PC) အဖွဲ့တို့အနေဖြင့် NCA စာချုပ်ပါအချက်များအားလည်းကောင်း တိကျစွာလိုက်နာကြရန် လိုအပ် မည်ဖြစ်ပါသည်။ ထိုသို့ကတိကဝတ်အတိုင်း လိုက်နာမှသာလျှင် ထာဝရငြိမ်းချမ်းရေးအပေါ် ဆိုးကျိုး သက်ရောက်မှု လျော့နည်းစေပြီး အပြန်အလှန် ယုံကြည်မှုကိုလည်း တိုးတက်ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။

၉။ သို့ပါ၍ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်စေသည့် လုပ်ရပ်များမလုပ်ကြရန်နှင့် နယ်မြေကျော်လွန်လှုပ်ရှားလျက် နယ်မြေလုတိုက်ပွဲများဖြစ်နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးသည် ကတိကဝတ်ပါ သတ်မှတ်နယ်မြေအတွင်းသို့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ဆုတ်ခွာကြရန် သတိပေးကြောင်းနှင့် တပ်မတော်၏ “ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက်ထုတ်ပြန်ချက်” ပါအတိုင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် သော်လည်းကောင်း၊ တပ်မတော်၏ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ နှင့်သော်လည်းကောင်း၊ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို အမြန်ဆုံးပြုလုပ်သွားရန် တိုက်တွန်း ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Credit to : http://cincds.gov.mm/node/1581

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အိမ်စောင့်တပ်နှင့်ကိုးကန့်တပ် တိုက်ပွဲကြောင့် မူဆယ်ခရိုင်ကျေးလက်လူထုအခက်တွေ့

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ် - ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ကျေးရွာအချို့အတွင်း အိမ်စောင့် တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် တောတောင်အတွင်းသို့တိမ်းရှောင်နေရသည့် ကျေးလက်ဒေသခံများ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရသည်ဟုသတင်းရရှိသည်။ သြဂုတ်လဆန်းပိုင်းမှယနေ့အထိ စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် မူဆယ်ခရိုင် ကြူကုတ် - ပန်ဆိုင်း မြို့နယ်ခွဲ ဖေါင်းဆိုင် ကျေးရွာအုပ်စု ဖိုင်ကောင်းကျေးရွာအတွင်း...

အာဏာသိမ်းတပ် နှင့် သျှမ်းပြည်တပ်မတော် RCSS တို့ ယနေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်

0
အာဏာသိမ်းတပ် နှင့် သျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ သျှမ်းပြည်တောင်ပိုင်းအတွင်း ယနေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ၂၀၂၁ ခု ဧပြီလ ၂၂ ရက် နံနက်ပိုင်း တွင် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း တွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်းနှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ...

သီပေါမြို့နယ် RCSS နှင့် အစိုးရတပ် ရက်ဆက်တိုက်ပွဲဖြစ်

0
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်မှုဖြစ်ပွားနေကြောင်းစုံစမ်းသိရသည်။ သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စု ပန်ခါးကျေးရွာ အနီးတွင် RCSS/SSA နှင့် အစိုးရတပ် တို့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၁)ရက်တွင် တိုက်ပွဲပြင်းထန်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ တပ်သား ၂ဦး...

SSPP/SSA နှင့် တပ်မတော် ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် မြန်မာ့တပ်မတော်တို့သည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် မနက်ပိုင်းတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ SSPP/SSA နှင့် မြန်မာ့တပ်မတော်သည် ကွတ်ခိုင်-နမ့်ဖက်ကာကြား နမ့်အုမ်ကျေးရွာ အနီးတဝှိက်တွင် ယနေ့ မနက် ၈နာရီ မှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်...

RCSS/SSA နှင့် တပ်မတော် သီပေါမြို့နယ် တွင် ၂ရက် တိုက်ပွဲဖြစ်

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် တပ်မတော်တို့သည် ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ RCSS/SSA နှင့် တပ်မတော်သည် ဖေဖော်ဝါရီ (၉ )ရက် နေ့လည်ပိုင်း တွင် သီပေါမြို့နယ် မိုင်းတုံကျေးရွာ အုပ်စု ခိုင်းဆင်ကျေးရွာ တွင် တကြိမ်၊ ယနေ့ ဖေဖော်ဝါရီ (၁၀)ရက်...