Sunday, April 28, 2024

သျှမ်းပြည်အတွင်း ကိုဗစ် – ၁၉ တစ်ကျော့ပြန်ထ

Must read

ယခုလ စက်တင်ဘာလအတွင်းတွင် သျှမ်းပြည်ရှိ ပြည်သူများ ကိုဗစ် – ၁၉ ကူးစက်မှု တစ်ကျော့ပြန်ဖြစ်လာပြီး မြို့နယ်တစ်ချို့တွင် သေဆုံးမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

ယခု စက်တင်ဘာလ တတိယအပတ်ထဲတွင်လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ထဲတွင် ကိုဗစ် -၁၉ ကူးစက်မှုကြောင့် တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဟိုအရင်တစ်ပတ်လောက်ကတော့ ကိုဗစ်ကြောင့် တစ်ယောက်သေသွားတယ်လို့ကြားတယ်။ အခု တကျော့ပြန်ထတဲ့ အချိန်တော့ ကျနော်တို့ သိသလောက်တော့ ဒါပထမဆုံးပဲပေါ့။ တောင်ကြီးမှာတော့ အရမ်းကို ဆိုးတဲ့အခြေနေမရောက်သေးပါဘူး။ ကျနော်တို့လည်း ပြင်ဆင်စရာရှိတာတွေ ပြင်ထားတယ်” ဟု တောင်ကြီးမြို့ ပရဟိတအဖွဲ့ မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Positive

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

သျှမ်းပြည်အတွင်းတွင် ကိုဗစ် -၁၉ ရောဂါတစ်ကျော့ပြန်ထလာသော်လည်း ပြည်သူများက မိမိအိမ်တွင်းသာ ကုသနေကြကြောင်း သိရသည်။

“အရင်တစ်ခေါက်လိုပဲ ကိုယ့်ကိုယ် ကုသနေကြရတာ။ နေအိမ်မှာပဲနေပြီးတော့ ကုသကြတာပေါ့။ အခုဖြစ်နေတဲ့ သူတွေကလည်း အိမ်မှာပဲ ကိုယ့်ကိုယ်ကုနေကြတာ။ အရမ်းဆိုးတဲ့ အခြေနေမရှိသေးပါဘူး” ဟု အထက်ပါ တောင်ကြီး မြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် နိုင်ငံရေးအခြေအနေ နှင့် ကိုဗစ်ကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး ကိုဗစ် – ၁၉ တစ်ကျော့ ပြန်ပြင်းထန်လာပါက အခြေခံ လူတန်းစားများက ဆေးကုသရန်ခက်ခဲပြီး စားဝတ်နေရေးအတွက် စိုးရိမ်နေကြကြောင်း လဲချားမြို့က ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျမတို့ မြို့မှာတော့ ကိုဗစ်တော့ အရမ်းကြီးမဆိုးလာသေးဘူး။ ဒါမဲ့တော့ စိတ်ပူထားရတယ်။ အခုက စားဖို့လည်း ရှာရခက်တယ်။ ပြီးတော့ အကုန်လုံးက ဈေးကြီးနေတယ်။ တကယ်လို့ ကိုဗစ် တစ်ခါပြန်ဖြစ်ရင်တော့ ဘယ်လိုဆေးကုရမလဲမသိဘူး။ စိုးရိမ်နေရတယ်” ဟု ၎င်းက ပြောသည်။

အလားတူ တာချီလိတ်တွင် အလုပ်လာရောက်လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးကလည်း “ကျမတို့ကတော့ ကိုယ့်ကိုယ်အရင်ကာကွယ်ထားတယ်။ အခုက ကုန်ဈေးနှုန်းတက်တော့ တတ်နိုင်သလောက်တော့ မဖြစ်အောင် နေရတယ်။ ဖြစ်လာရင်တော့ စိတ်ပူရတာပေါ့” ဟု ပြောသည်။

ကိုဗစ် – ၁၉ အခြေနေအရမ်းကြီးမဆိုးဝါးခင်တွင် ပြည်သူများအနေဖြင့်လည်း မိမိကိုယ်ကိုယ် ဂရုစိုက်နေထိုင်သင့်ကြောင်း ပရဟိတ အဖွဲ့ဝင်များက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article